Monday, April 2, 2018

လူ့အချင်း က ဆေးဝါးထုတ်ခြင်း


လူ့အချင်း က ဆေးဝါးထုတ်ခြင်း

လူ့အချင်းဟာ လက်တစ်ဖ၀ါးစာ ပမာဏလောက် ရှိတယ်လို့ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာ လက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ သိလာရတယ်။ အလျား ကိုးလက်မ၊ အထူ တစ်လက်မ လောက်ရှိတဲ့ ပျော့ဖပ်ဖပ် အစိုင်ခဲကြီးက အလေးချိန် တစ်ပေါင်မက လေးလံသတဲ့။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာထူပြီး ဘေးဘက်ရောက်လေ ပါးလေဖြစ်တယ်။ တကယ်တော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို အပြန်အလှန် တွယ်ဆက်ထားတဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့ အာဟာရဓာတ်ဟာ အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ရသလို သန္ဓေသားရဲ့သွေးက တစ်ဆင့် စွန့်ပစ်ပစ္စည်း မှန်သမျှဟာ အချင်းကို ဖြတ်ပြီး အမေဆီပြန်ရောက် လာတယ်။


အချင်းဆိုတာ ပင်မ Stem Cell ထဲမှာ ပါဝင်တယ်။ ပင်မဆဲလ် Stem Cell ထဲမှာ Adult Stem Cell နဲ့ Embryonic Stem Cell ဆိုပြီးနှစ်မျိုးရှိတယ်။ လူ့အချင်းနဲ့ သန္ဓေသားရဲ့ ပင်စည်ကလာပ်စည်း ဆဲလ်ထဲမှာ Pluripotent Stem Cell တွေ ပါတယ်။ Pluripotent Stem Cell ဆိုတာ ပင်မဆဲလ်ကနေ ဆဲလ်ပေါင်းစုံ ကွဲပွားနိုင်တဲ့ ပင်စည်ကလာပ်စည်း ဆဲလ်တစ်ခုဖြစ်တယ်။ ဆဲလ်ပေါင်း ထရီလီယံချီပြီး ကွဲပွားတဲ့အခါ သန္ဓေသား ဖြစ်လာပါတယ်။ သန္ဓေသား ဘ၀ကနေ မွေးကင်းစကလေး အဖြစ် ကြီးထွား လာတဲ့အခါ Multipotent Stem Cell တွေအဖြစ် ပြောင်းလဲသွားတယ်။ Multipotent Stem Cell ဆိုတာ ချက်ကြိုးမှာပါတဲ့ ကလာပ်စည်းဆဲလ် ဖြစ်ပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းမှာ လိုအပ်တဲ့ ဆဲလ်သစ်တွေ ထုတ်လုပ်ပေးနိုင်တဲ့ ပင်မဆဲလ် သဘောမျိုးပါ။

လူ့အချင်း မှန်သမျှ အခြေခံဇီဝ ပစ္စည်းတွေ ပြည့်နှက်နေတယ်။ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက် ရာမှာ အရေးပါတဲ့ RNA, DNA သာမက Peptides, Aminoacids, Proteins, Lipids, Enzymes ဓာတ်တွေနဲ့ ဖွဲ့စည်းထားတယ်။ 

အချင်းမှာ ဆဲလ်ကွဲပွားမှုကို ဖြစ်စေတဲ့ Cell Growth Factor ဆိုတာပါတယ်။ မျိုးဥအောင်တဲ့ ဆဲလ်ဘ၀ကနေ ၄၀-၆၀ ထရီလီယံ လောက်ရှိတဲ့ သန္ဓေသား ဆဲလ်တွေဖြစ်ဖို့ အချင်းကထုတ်တဲ့ Cell Growth Factor က လုပ်ဆောင်ပေးရတယ်။

အချင်းဟာ ဆဲလ်ကွဲပွားမှုကို ဖြစ်စေရုံသာမက ဆဲလ်သစ် ပြန်လည် တည်ဆောက်ရာမှာလဲ အရေးပါတယ်လို့ ယူဆကြတယ်။ ဒါကြောင့် အရှေ့တိုင်း ဆေးပညာမှာ အချင်းကို ထည့်သွင်းဖော်စပ် ခဲ့ကြတာပါ။ တိရစ္ဆာန် အချင်း သာမက လူအချင်းကိုပါ စမ်းသပ် သုံးစွဲခဲ့ကြတယ်။ ဂျပန်မှာ လူ့အချင်းက ထုတ်ယူထားတဲ့ ဆေးဝါးများစွာ ရှိပါတယ်။ အချင်းကနေ ထုတ်ယူတဲ့ ဆေးတွေကို Human Placental Extract (HPE) လို့ခေါ်ပါတယ်။ ကိုရီးယားမှာ ၂၀၀၃ ခုနှစ်ကစပြီး အသည်းရောဂါနဲ့ အမျိုးသမီးသွေးဆုံး ကိုင်ရောဂါတွေ ကုသဖို့ခွင့်ပြုခဲ့တယ်။ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ အသားဖြူဖို့ ၊ အသားအရေ တင်းရင်းစေဖို့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြု လာကြတယ်။ ဆေးဝါးနဲ့ အလှကုန်ပစ္စည်း တွေမှာလဲ အချင်းဆဲလ်တွေကို ထည့်သွင်း လာကြတယ်။

ကိုရီးယားမှာ ခေတ်စားတဲ့ အသားအရေနုပျိုမှု ကုထုံးတွေမှာ အချင်းကထုတ်တဲ့ Human Placental Extract (HPE) တွေ တရားဝင် သုံးစွဲလာပါတယ်။ အရေပြားဆဲလ် တွေကို နုပျိုစေတဲ့အပြင် အသစ်ဖြစ်စေလို့ မီးလောင်ဒဏ်ရာ၊ အမာရွတ်မှာလဲ အကျိုးရှိတာ တွေ့ရတယ်။ လူ့အချင်းမှာ ကိုယ်ဝန်ဆောင်ချိန် ထွက်တဲ့ hCG  ဟော်မုန်းပါတယ်။ ဒီဟော်မုန်းကို အ၀လွန်ရောဂါ၊ ပန်းနာရင်ကျပ်၊ အစာအိမ်နာ၊ နှလုံးရောဂါ၊ အဆီအအိမ့် များတဲ့ရောဂါ၊ နှင်းခူနာ၊ ရေတိမ် နဲ့ Kaposi Sarcoma ရောဂါတွေမှာ သုံးကြတယ်။ အရိုးအဆစ်ရောင် ရောဂါ ကာကွယ်ကုသ ရာမှာလဲ သုံးနိုင်တယ်။

အချင်းကနေ ဆေးထုတ်ယူခြင်း

နေ့စေ့ လစေ့မွေးတဲ့ မိခင်ကရတဲ့ အချင်းကိုယူပြီး ရေခဲနဲ့ အေးခဲစေပြီး သိမ်းထားရတယ်။ အသုံးပြုမယ့် အချင်းဟာ ရောဂါပိုး (အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ ဘီပိုး၊ စီပိုး) ကင်းစင်ဖို့ ကြိုတင်စစ်ဆေး ထားရတယ်။ ဆေးထုတ်ဖို့ သိမ်းထားတဲ့ အချင်းကို အပိုင်းပိုင်းဖြစ် အောင်လုပ်ပြီး ရေနဲ့ရောရတယ်။ ရောပြီးတဲ့အခါ Enzymatic Molecular Separation နည်းနဲ့  Chemical Hydrolysis နည်းတွေသုံးပြီး ထုတ်ယူရတယ်။ Hydrolysis လုပ်တဲ့အခါ Hydrochloric Acid ကိုသုံးပြီး ၁၅-၁၇ နာရီကြာ အပူပေးရတယ်။ နောက်ဆုံးအဆင့် မှာတော့ ပိုးသန့်အောင် အပူချိန် ၁၂၁ ဒီဂရီရှိတဲ့ ရေနွေးငွေ့နဲ့ နာရီဝက်ကြာအောင် အပူပေး သန့်စင်ရတယ်။ သန့်စင်ပြီး အရည်ကို ထိုးဆေး လေလုံပုလင်းထဲ ထည့်ပြီး ထုပ်ပိုးမှ အာနိသင် မပျက်ပြယ်မှာ ဖြစ်တယ်။

စမ်းသပ်ခြင်း

အချင်းနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အများဆုံး လေ့လာမှု ပြုခဲ့ပါတယ်။ ရက်သတ္တ ရှစ်ပတ်အတွင်း အချင်းဆေး ၁၂ ကြိမ်ထိုးပြီး စမ်းသပ်တဲ့အခါ ဆဲလ်သစ်တွေ ဖြစ်စေရုံမက အရေပြားကို နုပျိုစေတာ တွေ့ရတယ်။ အချင်းက ထုတ်တဲ့ဆေးတွေကို တိရစ္ဆာန် တွေမှာ စမ်းသပ်ကြည့်တဲ့ အခါ အသည်း လုပ်ဆောင်မှု ပြန်လည် ကောင်းမွန်လာတယ်။ မျက်နှာ အရေးအကြောင်း တွေမှာ အချင်းက ထုတ်တဲ့ဆေးကို ထိုးကြတယ်။

ဂျပန်နိုင်ငံမှာ အချင်းကထုတ်တဲ့ Placenta Drink တွေရှိတယ်။ သက်လုံ ကောင်းစေတယ်။ အမော ခံနိုင်တယ်။ Melsmon Pharmaceutical Company က လူ့အချင်းက ထုတ်တဲ့ဆေးတွေ ထုတ်တယ်။ မြန်မာနိုင်ငံမှာ Laennec  ထိုးဆေးတွေက ခေတ်စားလှတယ်။ အသည်းခြောက် ရောဂါတွေမှာ ထိုးလေ့ရှိတယ်။ ဈေးလဲ မသေးလှပါ။ ရောဂါပျောက်စေဖို့ မဟုတ်ဘဲ အသည်း လုပ်ဆောင်မှု ကောင်းစေဖို့ ဖြစ်တယ်။

လူ့အချင်းကို စားသုံးပေးသင့် တယ်ဆိုတဲ့ သီအိုရီ တွေလဲရှိပါတယ်။ Placentophagy Enthusiasts အချင်းစားသုံးမှုကို ထောက်ခံသူတွေ ကတော့ အချင်းမှာ အာဟာရဓာတ်နဲ့ ဟော်မုန်းဓာတ်တွေ  ကြွယ်ဝလို့ စားသင့်တယ်လို့ ဆိုတယ်။ နို့တိုက်သတ္တ၀ါ တွေထဲမှာ ကိုယ့်အချင်း ကိုယ်ပြန်စားတာတွေ ကတော့ မရှားလှပါ။

အချင်းဆေးတွေ အရှေတိုင်းမှာ ခေတ်စားပေမယ့် အနောက်တိုင်းက လက်ခံနိုင်ဦးမယ် မထင်ပါ။ ဘာကြောင့်လဲ ဆိုတော့ လုံလောက်တဲ့ လေ့လာမှု ရလဒ်တွေ မရှိသေးလို့ ဖြစ်တယ်။ လတ်တလော ရေတို လေ့လာမှုမှာ အကျိုးရလဒ်က အံ့မခန်း ဆိုပေမယ့် ရေရှည်အကျိုး သက်ရောက်မှုနဲ့ လူ့ကျင့်ဝတ်ပိုင်း မှာတော့ မေးခွန်း ထုတ်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဂျပန်၊ ကိုရီးယားမှာ တရားဝင် ရောင်းချခွင့် ရှိပေမယ့် အနောက်နိုင်ငံ တွေကတော့ ဆက်လက် စိစစ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်တယ်။ အသားအရေနဲ့ပတ်သက်လို့ အချင်းဆေး တွေရဲ့ အသုံးဝင် လာပုံကတော့ ရှေ့တန်းရောက်လာ ဖို့ပဲရှိပါတယ်။

ဒေါက်တာ အေးမင်းထူး
ရတနာပုံနေ့စဉ်

No comments: