Monday, March 26, 2018

ကင်ဆာကင်းဝေးနေထိုင်ရေး


ကင်ဆာကင်းဝေးနေထိုင်ရေး

ကင်ဆာရောဂါလို့ ခြုံငုံပြောဆိုနေကြ ပေမယ့် အမှန်တော့ လူသားတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါပေါင်း နှစ်ရာကျော်ရှိပါတယ်။ အကြမ်းဖျင်း အရတော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် အခြေတည်ပြီး ကင်ဆာရောဂါ များကို အမည်ပေး ကြတာပါ။ အဆုတ်မှာဖြစ်တော့ အဆုတ်ကင်ဆာ၊ ရင်သားမှာဖြစ်လို့ ရင်သားကင်ဆာ ပေါ့။ တစ်ကိုယ်လုံးကို ပျံ့နှံ့ ဖြစ်ပွားတတ်တဲ့ သွေးကင်ဆာလို၊ ပြန်ရည်ကျိတ် ကင်ဆာတွေ ကျပြန်တော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ အမည်ပေးလို့ မရပါ။


ကင်ဆာ အမျိုးအစားတွေ များသလို ကင်ဆာရောဂါ တစ်ခုချင်းစီရဲ့ သဘော သဘာဝများဟာလည်း မတူညီကြပါဘူး။ ကင်ဆာရောဂါ ရယ်လို့ဖြစ်လာရင် သက်ဆိုင်ရာ ကင်ဆာရောဂါရဲ့ ဖြစ်ပွားမှု သမိုင်းစဉ်ဆိုတာ ရှိတတ်ကြ ပါတယ်။ ဥပမာ သားအိမ်ခေါင်းကင်ဆာ ဆိုရင် CIN I, CIN II  အစရှိသဖြင့် ကင်ဆာအကြို အဆင့်တွေ ရှိပါတယ်။ အစာအိမ်ကင်ဆာ ဆိုရင်လည်း H Pylori ပိုးကြောင့် နာတာရှည် အစာအိမ် ရောင်ရမ်းခြင်း ကနေ ဖြည်းဖြည်းချင်း အစာအိမ်ကင်ဆာ အဆင့်ကို ပြောင်းသွားကြတာ ရှိတယ်။ မျိုးရိုးလိုက်တဲ့ အစာအိမ်ကင်ဆာ လူနာများကတော့ အသက်၂၀ ကျော် အရွယ်မှာကိုပဲ ရုတ်တရက် ကင်ဆာဖြစ်သွား ကြ ပြန်ပါရော။

ဒါ့ကြောင့် ကင်ဆာအမျိုးးအစားချင်း တူရင်တောင်မှ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ မတူညီကြပါဘူး။ သည်တော့ ကင်ဆာရောဂါ အမျိုးပေါင်း ၂၀၀ ကျော်ကို ကာကွယ်နိုင်မယ့် နည်းလမ်းများကို တစုတစည်းတည်း ဖော်ပြနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ သို့ပေမယ့် သုတေသနခိုင်မာပြီး အချက်အလက် အပြည့်အစုံနဲ့ ကင်ဆာကင်းဝေး နေနိုင်ရေး အမူအကျင့် တွေတော့ ရှိနေပါတယ်။ အဲဒီ အမူအကျင့်များ အတိုင်းနေထိုင်ရင် ကြိုတင် ရှောင်လွှဲလို့ ရမယ့် ကင်ဆာရောဂါတွေ ကနေ ကာကွယ်နိုင်မှာ သေချာပါတယ်။

ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အမူအကျင့် များကို လိုက်နာကျင့်ကြံ ခြင်းဖြင့် ကင်ဆာရောဂါများမှ ကင်းဝေးစေဖို့ စုစည်းဖော်ပြ လိုက်ရပါတယ်။

(၁) ကိုယ်အလေးချိန်ကို ထိန်းပါ။

သည်ဘက်ခေတ် မှာတော့ လူအတော်များများဟာ အ၀မလွန်အောင် နေကြရမယ် ဆိုတာ သဘောပေါက် လာကြပါပြီ။ NCDs လို့ အတိုကောက် ခေါ်ကြတဲ့ ဆီးချို ၊ သွေးတိုး၊ နှလုံးနဲ့ ကင်ဆာရောဂါများ အတွက် ကိုယ်အလေးချိန် ထိန်းခြင်းဟာ အလွန်အရေးပါတဲ့ ဘ၀နေနည်း တစ်ခုဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ အတွက် ကိုယ်လက် လှုပ်ရှားမှုကို သတိထားပြီး ပြုလုပ်ကြဖို့ အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက် များကိုပိုမိုစားသုံးပြီး အစားအစာကို နည်းနည်းနဲ့ အချိန်ကြာကြာ စားသောက်တဲ့ အကျင့်ကို  မွေးမြူကြရပါမယ်။ ကလေးငယ်များ အတွက်လည်း အ၀မလွန်စေဖို့ တီဗွီ၊ ကွန်ပျူတာနဲ့ ဖုန်းကြည့်ချိန် တွေကို ကန့်သတ် ထိန်းချုပ်ထားပါ။ ကလေးငယ်တွေ မှာလည်း ကိုယ်လက်လှုပ်ရှား ဆော့ကစားမှုကို အားပေးကြရပါမယ်။

(၂) လေ့ကျင့်ခန်းပုံမှန် လုပ်ပါ။

ကိုယ်အလေးချိန် မတက်အောင် လေ့ကျင့်ခန်း လုပ်ကြတဲ့နေရာမှာ စနစ်တကျနဲ့ ပုံမှန်လုပ်ဖို့ လိုပါတယ်။ ပုံမှန်လုပ်ကြဖို့ ဆိုရာမှာ အားလပ်ချိန်ရှာဖို့ ခက်ခဲတတ်ကြတယ်။ အနည်းဆုံးတော့ တစ်နေ့တာ အားလပ်ချိန် လေးမှာ အနည်းဆုံး နာရီဝက်ကြာ လှုပ်ရှားမှု ပြုဖို့ ပညာရှင်တွေ အကြံပြုထား ကြပါတယ်။ ညစာစားပြီးတိုင်း ပုံမှန်လမ်းလျှောက် ခြင်းနဲ့ ယနေ့ခေတ်မှာ Gym လို့ခေါ်တဲ့ အားကစားရုံသွားပြီး လေ့ကျင့်ခန်း လုပ်ခြင်း၊ ညနေဘက် ၀ါသနာပါရာ အားကစား တစ်ခုခု လုပ်ခြင်း၊ ဂေါက်သီးကစားခြင်း တို့သည်လည်း လေ့ကျင့်ခန်းပုံမှန် လုပ်ဖြစ်ဖို့ ကောင်းတဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။ ကလေးငယ်တွေကို ငယ်ငယ်ကတည်းက အိမ်ပြင်ထွက်ပြီး ပြေးလွှား ကစားတတ်တဲ့ အကျင့်လေးတွေ ရှိလာအောင် အားပေးပျိုးထောင် ပေးကြရပါမယ်။

(၃) ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးဟာ ကျန်းမာရေး အတွက် ကောင်းကွက်တစ်ခုမှ မရှိဘူးဆိုတာ လူတိုင်း သိကြပါတယ်။ သို့ပေမယ့် ဖြတ်ဖို့လည်း အတော်ခက်ခဲတယ်။ ဆေးလိပ်ကို ဖြတ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားပါ။ တစ်နေ့မှာ ဖြတ်နိုင် ရမယ်ဆိုတဲ့ မလျှော့သောဇွဲနဲ့ ကြိုးစားရမယ်။ မိဘတွေ ဆေးလိပ်သောက်ရင် သားသမီး တွေလည်းလိုက်ပြီး သောက်တတ်ကြတာမို့ မိဘများကိုယ်တိုင် ဆေးလိပ် သောက်တတ်ရင် ဖြတ်ကြဖို့ ဖြစ်ပါတယ်။ မဖြတ်နိုင်လို့ သောက်ကြမယ် ဆိုရင်လည်း အိမ်မှာ မသောက်ပါနဲ့ ၊ ကားထဲမှာ မသောက်ကြပါနဲ့။ အပြစ်မရှိတဲ့ ရင်သွေးငယ်များနဲ့ မိသားစုဝင်များ အတွက်ပါ အဆုတ်ကင်ဆာ အပါအ၀င် အခြားသော ကင်ဆာရောဂါများနဲ့ အသက်ရှူ လမ်းကြောင်းရောဂါတွေ အဖြစ်များစေလို့ ဖြစ်ပါတယ်။

(၄) ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို စားသုံးပါ။

လတ်ဆတ်သော ဟင်းသီးဟင်းရွက်နဲ့ သစ်သီးသစ်ဥ တွေကို အဓိက စားသုံးပါ။ အသား ကြိုက်တတ်ရင်လည်း ကြက်သား၊ ငါးနဲ့ ပဲမျိုးစုံကို အသားဓာတ်အတွက် စားသုံးသင့်ပါတယ်။ အနီရောင်ရှိသော အသားကြီး (အမဲသား၊ ဆိတ်သား) စသည်တို့ကို ပုံမှန် မစားသင့်ပါ။ အဆီစားသုံး ရာမှာလည်း ပြန်ကြော်ဆီတွေ၊ စားအုန်းဆီ တွေလို ကျန်းမာရေး အတွက် မသင့်လျော်တဲ့ ဆီများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ 

သကြား အစားများလို့ ကင်ဆာဖြစ်တယ် ဆိုတာမဟုတ်ပါ။ ကင်ဆာ ဖြစ်နေရင်လည်း သကြားမစားရ ဆိုတာ မဟုတ်ပါ။ စားသင့် စားထိုက်တဲ့ သကြား (အချိုဓာတ်) ကိုတော့ ပုံမှန်အတိုင်း စားသုံးရမှာ ဖြစ်ပါတယ်။ ပါးစပ်ထဲမှာ မချိုပေမယ့် ကစီဓာတ် ပေါကြွယ်ဝတဲ့ ထမင်းလို အစားအသောက် မျိုးဟာလည်း အချိုဓာတ်ပဲ ဖြစ်တာမို့ သင့်တင့်မျှတစွာ ပုံမှန် စားသောက်လို့ ရပါတယ်။

(၅) အရက်ကို သင့်တင့်မျှတစွာသောက်ပါ။

အရက်နဲ့ ပတ်သက်လာရင်တော့ ဆေးလိပ်ကို လုံးဝ မသောက်သုံးရလို့ တားမြစ်ကြတာ မရှိပါဘူး။ သို့ပေမယ့် တန်ဆေးလွန်ဘေး ဆိုသလို သင့်တင့်မျှတစွာ သောက်သုံးရမယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သို့ပေမယ့် အရက်လုံးဝ မသောက်တတ်သူ တစ်ဦးအနေနဲ့ အရက်ကို အစ မလုပ်သင့်ဘူးလို့ တားမြစ်ပါရစေ။ အရက်နဲ့ ဆက်နွှယ်နေတဲ့ ကင်ဆာရောဂါ တွေရှိနေပါတယ်။ အရက်နဲ့ ကင်းဝေးစေဖို့ မိတ်ဆွေ အပေါင်းအသင်း တွေနဲ့  စားသောက်ကြတဲ့ အခါ အရက်မပါတဲ့ ဖျော်ရည်တွေကိုသာ သောက်သုံးပါ။ အရက်ရောင်းတဲ့ ဆိုင်တွေမှာ သူငယ်ချင်းတွေ မဆုံကြပါနဲ့။ သားသမီးတွေကို အရက်ကြောင့် ဖြစ်ရတဲ့ ဆိုးကကျိုးတွေကို အမြဲသတိပေးပါ။

သင့်တင့်မျှတတဲ့ အရက်ပမာဏဟာ ကျန်းမာရေးအတွက် သင့်လျော်တယ် ဆိုတဲ့တွေ့ရှိချက် တွေရှိပေမယ့် ကျန်းမာရေး ကောင်းဖို့အတွက် အရက်ကို အစလုပ်ပြီး သောက်သုံးတာမျိုး မလုပ်သင့်ဘူးလို့ အကြံပြု ရမှာပါ။

(၆) လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှရှောင်ကြဉ်ပါ။

ကင်ဆာရောဂါများနဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဆက်စပ်မှု အများကြီး ရှိပါတယ်။ သားအိမ်ခေါင်း ကင်ဆာကို ဖြစ်စေတဲ့ လိင်အင်္ဂါကြွက်နို့ ရောဂါပိုးဟာ လိင်ဆက်ဆံဖော် အမျိုးသားဆီက ကူးစက်တာ ဖြစ်ပါတယ်။ 

အသည်းကင်ဆာ ဖြစ်စေတတ်တဲ့ အသည်းရောင် အသားဝါ ဘီပိုးနဲ့  စီပိုးတို့ဟာလည်း လိင်ဆက်ဆံရာမှ ကူးစက် နိုင်ပါတယ်။ ဒါကြောင့်မို့ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများမှ ဖြစ်သော ကင်ဆာများကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

သားသမီးတွေကို အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးနဲ့ သမီးငယ်တွေကို လိင်အင်္ဂါ ကြွက်နို့ ကာကွယ်ဆေး ထိုးပေးခြင်းကလည်း သက်ဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်စေမှာပါ။ ကမ္ဘာ့ပထမဆုံး အသည်းကင်ဆာ ကာကွယ်ဆေးဟာ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး ဖြစ်တယ်ဆိုတာ သတိပြု ကြရမှာပါ။

(၇) ပုံမှန်ဆေးစစ်မှုပြုလုပ်ပါ။

ကင်ဆာရောဂါ တိုင်းကို ကြိုတင်စစ်ဆေးလို့ မရနိုင်ပေမယ့် ကြိုတင်စစ်ဆေး ထားသင့်တဲ့ ကင်ဆာရောဂါတွေ ရှိပါတယ်။ အမျိုးသမီး များအတွက် ရင်သားကင်ဆာ ရောဂါများနဲ့ သားအိမ်ခေါင်း ကင်ဆာရောဂါ၊ အမျိုးသား ၊  အမျိုးသမီး အားလုံးအတွက် အူမကြီးကင်ဆာ ရောဂါများဟာ ကြိုတင်စစ်ဆေး ထားခြင်းဖြင့် အကျိုးကျေးဇူး ရှိကြောင်း လက်ခံထားကြတဲ့ ကင်ဆာ အမျိုးအစားများ ဖြစ်ပါတယ်။

အသက် ၄၀ ကျော်အမျိုးသမီး များအတွက် တစ်နှစ်တစ်ကြိမ် ရင်သား ဓာတ်မှန်ရိုက်ခြင်း၊ သားအိမ်ခေါင်း ချွဲမြှေးအသားစ ယူခြင်းစသဖြင့် လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက် ကြရမှာဖြစ်ကြောင်း ကင်ဆာကင်းဝေး နေထိုင်နိုင်ရေး အတွက် တင်ပြလိုက်ပါတယ်။

ဒေါက်တာ လွှမ်းမိုးဟန်
မြ၀တီနေ့စဉ်

No comments: