Thursday, December 28, 2017

သီရိဂေဟာ


သီရိဂေဟာ

"အိမ်" ဟု ပြောလိုက်လျှင် လူတိုင်း မိမိနေထိုင်သည့် အိမ်ကို မျက်စိထဲ မြင်ကြပေလိမ့်မည်။ အမိုးအကာ လုံလုံခြုံခြုံ နှင့် နေရာလေးတစ်ခုကို အိမ် ဟု ခေါ်ခြင်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ပိုင်ဆိုင်သည့် အိမ်များမှာ မတူညီပေ။ တိုက်အိမ် ပိုင်ဆိုင်သူများ ရှိသည်။ တိုက်ခန်းလေး ပိုင်ဆိုင်သူများ ရှိသည်။ ၀ါးထရံ မလုံတလုံ ကာထားသည့်အိမ် ပိုင်ဆိုင်သူများ ရှိသည်။ အိမ်အမျိုးမျိုး ရှိလေသည်။ မိမိနှင့်ထိုက်တန်သည့် အိမ်ကို မိမိတို့ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။


အိမ်အမျိုးမျိုးရှိရာ အိမ်၏ အမည်များမှာလည်း ကွဲပြားသည်။  တဲနှင့် တိုက်ကဲ့သို့ ကွဲပြားခြင်း မဟုတ်။ တန်ဖိုးကြီးခြင်း နှင့် တန်ဖိုးနည်းခြင်း ကို ခွဲခြားထားခြင်းလည်း မဟုတ်ပေ။ "ရတနာစံအိမ်" ၊ "ကျောက်စိမ်းစံအိမ်" ။ ထိုကဲ့သို့ ကွဲပြားခြင်းလည်း မဟုတ်ပေ။ အိမ်၏ အမည် အမျိုးမျိုး ကွဲပြားကြပုံမှာ " သာယာသည့်အိမ် ၊ မသာယာသည့်အိမ် " ၊ "ငြိမ်းချမ်းသည့်အိမ် ၊ မငြိမ်းချမ်းသည့်အိမ် " စသည်ဖြင့် အမျိုးမျိုး ရှိလေသည်။

အိမ်၏ အသွင်အပြင်ကြောင့် အမည်ကွဲပြားခြင်း မဟုတ်၊ အိမ်၏ သွင်ပြင်သည်လည်း အိမ်၏အမည်ကို ပေးနိုင်စွမ်းမရှိပေ။ တိုက်ကြီး ဖြစ်နေပေမယ့် မိသားစု နည်းပါးခြင်း ၊ လူနေထိုင်မှု နည်းပါးခြင်း တို့ကြောင့် အိမ်နံရံတွင် ရေညှိတက် နေခြင်း ၊ နွယ်ပင် တက်နေခြင်းများ ရှိနေတတ်သည်။ ထိုကဲ့သို့သော အိမ်များသည် မည်သို့ သာယာသည့်အိမ် ဖြစ်နိုင်ပါမည်နည်း။ ဆေးရောင် လွင်လွင်နှင့် နေ့ည အမြဲတံခါးပေါက်များ ပိတ်ထားတတ်သည့် အိမ် ၊ သစ်ပင် ပန်းပင်များ စိမ်လန်းမှု မရှိဘဲ ခြောက်သွေ့ ညှိုးနွမ်းနေသည့်အိမ်။ ထိုကဲ့သို့သော အိမ်များသည်လည်း မည်ကဲ့သို့ သာယာသည့်အိမ် ဖြစ်နိုင် ပါမည်နည်း။

အိမ်တစ်လုံး၏ သာယာခြင်း ၊ မသာယာခြင်းသည် အိမ်၏ အသွင်ပြင်နှင့် မဆိုင်ပါ။ အိမ်တွင်ရှိသည့် မိသားစုနှင့်သာ သက်ဆိုင်လေသည်။ တဲကုပ်လေးတွင် နေထိုင်ရစေ ကာမူ ပျော်စရာ ကောင်းသည့် အိမ်လေး ဖြစ်နိုင်သည်။ တဲကုပ်လေးတွင် နေထိုင်ရစေကာမူ ပျော်စရာကောင်းသည့် အိမ်လေး ဖြစ်နိုင်သည်။ မိသားစု အချင်းချင်း သွေးမကွဲဘဲ ချစ်ချစ်ခင်ခင် နေထိုင်ကြလျှင် ထိုအိမ်လေးသည် သာယာလှသည့် အိမ်လေးပင် ဖြစ်သည်။ ရှိသည့်ငွေနှင့် ချွေတာသုံးစွဲပြီး ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှား နေကြသည့် မိသားစုများ သည်လည်း သူတို့ဘ၀လေးကို ပျော်မွေ့စွာ ဖြတ်သန်းနေကြသည်။ အိမ်တွင် နေထိုင်ကြသည့် မိသားစုများသည် တစ်ဦးအပေါ်တစ်ဦး ချစ်ခင် ကြင်နာသည့် မိသားစုများ ဖြစ်နေလျှင် ထိုအိမ်လေးသည်လည်း ပျော်စရာကောင်းသည့် အိမ်လေးပင် ဖြစ်သည်။ 

ပျော်စရာ မကောင်းသည့် အိမ်တစ်အိမ်ကို မှတ်မှတ်ရရ တွေ့ရဖူးသည်။ ကျွန်တော့်၏ သူငယ်ချင်းအိမ် ဖြစ်လို့လည်း မှတ်မိနေခြင်း ဖြစ်သည်။ သူငယ်ချင်း၏ အဖေသည် ရွှေလုပ်ငန်း လုပ်ကိုင်သည်။ ရွှေတူးဖော်ရေး အသေးစား လုပ်ငန်းရှင်တစ်ဦး ဖြစ်၍ တောင်သူများထက် ၀င်ငွေကောင်းသည်။ စီးပွားရေး ဖြစ်ထွန်းသည်။ ၀င်ငွေကောင်းသဖြင့် နှစ်ထပ်တိုက်ကြီးကို ဆောက်နိုင်ခဲ့သည်။ ကျွန်တော့် သူငယ်ချင်း သည်လည်း မုန့်ဖိုးများစွာ ရသည်။ ကျောင်းသား အားလုံး သူကဲ့သို့ မုန့်ဝယ်စားနိုင်သူ မရှိ။ ကစားစရာ အရုပ်များလည်း သူ အများဆုံးဖြစ်သည်။ ကျွန်တော်သည်လည်း သူ့ဆီငှားပြီး ကစားခဲ့ရသည်။ အရာရာ ပြည့်စုံသည့် သူ့ဘ၀ကို အားကျမိသည်။ သူကဲ့သို့ တိုက်ကြီးပေါ် နေချင်မိခဲ့သည်။

တစ်နေ့ ကျွန်တော့် သူငယ်ချင်း၏ ရင်ဖွင့်ချက်များကြောင့် ကျွန်တော့်ဆန္ဒများ ပျက်စီးခဲ့ရသည်။ သူ၏အဖေ လုပ်ငန်းထဲ အရှုံးပေါ်၍ အကြွေးပတ်လည် ၀ိုင်းနေသည့် အကြောင်း ၊ သူ၏အစ်ကို အိမ်ထောင်သည် စုံတွဲများ အချင်းချင်း ပြဿနာ ဖြစ်နေကြသည့် အကြောင်း ၊ အမျိုးမျိုး ပူပန်သောက ရောက်နေသည့် သူ၏မိသားစု အကြောင်းတွေးကာ ကျွန်တော့်စိတ်ထဲ ထိုတိုက်ကြီးကို ပျော်စရာ မကောင်းသည့် တိုက်ကြီး ဟု မှတ်ချက်ချလိုက်သည်။ တစ်ဆက်တည်းမှာ သူငယ်ချင်းတိုက် နှင့် ကျွန်တော်၏အိမ်ကို နှိုင်းယှဉ်မိသည်။

ကျွန်တော်၏အိမ်သည် တိုက်မဟုတ်။ သက်ငယ်မိုး အိမ်အနိမ့်လေး ဖြစ်သည်။ ကာထားသည့် ၀ါးထရံမှာလည်း လုံလုံခြုံခြုံ မဟုတ်။ လေပြင်း ခပ်ကြမ်းကြမ်း တိုက်လျှင် ယိမ်းသွားတတ်သည်။ ထိုကဲ့သို့ ယိုင်နဲ့နဲ့ အိမ်လေးတွင် အမိုးမလုံ ၊ အကာမလုံဘဲ ကျွန်တော့် ငယ်ဘ၀ကို ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ကျွန်တော် ပျော်ခဲ့သည်။ ကျွန်တော် နေခဲ့သည့်အိမ်သည် တိုက်ကြီးမဟုတ်။ တိုက်ခန်းလေး မဟုတ်။ ပျဉ်ထောင်အိမ်ကြီး မဟုတ်။ တဲလေးသာ ဖြစ်သည်။ ကျွန်တော် ပျော်ခဲ့ခြင်း သည်လည်း အိမ်၏ ပြည့်စုံမှုကြောင့် မဟုတ်။ ပျော်စရာကောင်းသည့် မိသားစုကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် အိမ်တစ်အိမ်၏ သာယာခြင်း ၊ မသာယာခြင်း သည် အိမ်နှင့် မဆိုင်ပါ။ ထိုအိမ်တွင် နေထိုင်ကြသည့် မိသားစုနှင့်သာ သက်ဆိုင်လေသည်။

ကြက်များသည် အစာစားလျှင်လည်း ဆူညံနေသည်။ ဥဥရန်အတွက် နေရာ ရှာဖွေရာတွင်လည်း ဆူညံနေသည်။ ဥဥပြီးချိန်မှ ဆင်းသည့် အခါတွင်လည်း ဆူညံနေသည်။ အိပ်တန်းတက်သည့် အချိန်တွင်လည်း တစ်ကောင်နှင့် တစ်ကောင် ထိုးဆိတ်ကာ ဆူညံနေတတ်သည်။ ထိုကဲ့သို့ အချင်းချင်း သဘောထား ကွဲလွဲပြီး ဆူညံနေသည့် အိမ်ကို "ကြက်မိသားစုအိမ်" ဟု ခေါ်ကြသည်။ ထိုမိသားစုလေး ပျော်ရွှင်နေခြင်းသည် သာယာသည့် အိမ်တစ်အိမ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ တိုက်ကြီးများတွင် နေထိုင်ခွင့်ရမှ မဟုတ်။ တဲကုပ်လေးတွင် နေထိုင်ရသော်လည်း သာယာသည့် မိသားစုလေး ဖြစ်နိုင်သည်။ သာယာသည့် အိမ်လေး ပိုင်ဆိုင်နိုင်ရန် အတွက် မိသားစုအချင်းချင်း ချစ်ချစ်ခင်ခင် နေထိုင်ကြရန် လိုအပ်ပါလိမ့်မည်။ သို့မှသာ ပျော်ရွှက်စရာ ကောင်းသည့် သီရိဂေဟာ ဘ၀အိမ်လေး ရရှိနိုင်ပါလိမ့်မည် ။  ။ 

မင်းမြတ်သွေး (ဖောင်းပြင်)
မြ၀တီနေ့စဉ်

No comments: