Monday, December 11, 2017

နေ့စဉ်လမ်းလျှောက်ခြင်းရဲ့ အားသာချက်များ


နေ့စဉ်လမ်းလျှောက်ခြင်းရဲ့ အားသာချက်များ

လူသားနဲ့ အခြား တိရစ္ဆာန်တွေ မတူညီတဲ့အထဲမှာ ခြေထောက်နှစ်ဖက်ပေါ် လျှောက်လှမ်းနိုင်ခြင်းပဲ ဖြစ်တယ်။ ဒါကို အခွင့်ကောင်းယူကာ လူတွေ ကျန်းမာရေး ပိုမိုကောင်းမွန်စေဖို့ ဆောင်ရွက်သင့် ပါတယ်။

လူအိုရင် ခြေထောက်ကစလို့ အိုလာတယ်လို့ ဆိုကြတယ်။ လူ့ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံ ရှိတဲ့ ကြွက်သားတွေဟာ ခန္ဓာကိုယ် အောက်ပိုင်းခြေထောက်မှာ စုစည်းနေတယ်။ အသက် ၆၀ ကျော်သူတွေက လူငယ်ရဲ့ ဆုပ်ကိုင်အား လက်မောင်းအားရဲ့ ၇၀ ရာခိုင်နှုန်းခန့် ရျိပြီး အောက်ပိုင်းအင်အားမှာ လူငယ်ရဲ့ ၄၀ ရာခိုင်နှုန်းသား ကျန်ရှိနိုင်တယ်။


နေ့စဉ် လမ်းလျှောက်ခြင်းဟာ အသက်အရွယ်ကြောင့် အိုခြင်း ၊ နာခြင်းတို့ကို ထူးခြားစွာ ကာကွယ်နိုင်ပါတယ်။ သုတေသီတို့ရဲ့ တွေ့ရှိချက်အရ လမ်းလျှောက်ခြင်းဟာ-
  • - နှလုံးအင်အားကို တိုးမြှင့်စေပြီး နှလုံးခုန်ခြင်းကို နှေးတာအားရှိ စေနိုင်ပါတယ်။
  • - သွေးကြောတွေကို ရုန်းပြန်အား ပိုကောင်းစေတယ်။ သွေးကြောပေါက်ကွဲအက် ခြင်းက ကာကွယ်နိုင်တယ်။
  • - လူ့ခန္ဓာကိုယ်ရဲ့ ၀မ်းဗိုက်မှာ အဆီတွေစုဝေးကာ ခန္ဓာကိုယ်မလှမပ ဖြစ်ခြင်းက ကာကွယ်ပေးနိုင် ပါတယ်။
  • - သွေးခဲဖြစ်ပေါ်ကာ နှလုံးသွေးကြောပိတ် ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင် ပါတယ်။
  • - ကိုလက်စထရော နှင့် ထရိုင်ဂလစ်ဆလိုက် တို့ သွေးကြောနံရံမှာ စုဝေးတွယ်ကပ်မှု လျော့နည်းစေတယ်။ သွေးတွင်းက သကြားဓာတ်ကို ထရိုင်ဂလစ်ဆလိုက် အဖြစ် ပြောင်းလဲသွား စေခြင်းကိုလည်း လျော့နည်းစေနိုင် ပါတယ်။
  • - ဟော်မုန်းဓာတ် ဖြစ်ပေါ်ခြင်းကို လျော့နည်းစေ နိုင်တယ်။ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အက်ဒရီနယ်လင် များများဖြစ်ပေါ်ခြင်း က သွေးလွှတ်ကြောရောဂါ ဖြစ်စေတတ်တယ်။
  • - ကြွက်သားအင်အားကို ပိုကောင်းလာနိုင် စေတယ်။ ပေါင်တံ အရိုးအကြောတွေ သန်စွမ်းစေကာ အဆစ်အမျက် တွေလည်း သွက်လက် စေနိုင်တယ်။ ကိုယ်ခန္ဓာ သွေးလှည့်ပတ်မှုကို ချောမွေ့စေပြီး ဇီဝဖြစ်စဉ်ကို အားပေးတယ်။
  • - အစာခြေရည် ထုတ်လွှတ်မှုကို အားပေးပြီး အစာအိမ်နှင့် သူတို့ရဲ့ ပုံမှန်လှုပ်ရှားမှုကို အားပေးကာ စားချင် ၊ သောက်ချင်စိတ် ဖြစ်ပေါ်စေတယ်။ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင် သလို သွေးချို ၊ ဆီးချို ၊ အ၀လွန်ရောဂါ တို့ ကာကွယ်နိုင်တယ်။
  • - အသက်ကြီးပြီး သတိမေ့တဲ့ အယ်ဇိုင်းမား ရောဂါ ၊ ပါကင်ဆန် ရောဂါတို့မှလည်း ကာကွယ်ပေးနိုင်တယ်။

နေ့စဉ်လမ်းလျှောက်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ အသက်ငယ်ရွယ်ချိန် စတင်နိုင်လေ ကောင်းလေပဲ ဖြစ်ပါတယ်။ မိုးမလင်းမီ လမ်းလျှောက်ထွက် ခြင်းထက် မိုးလင်းကာ နေထွက်မှ လမ်းလျှောက် ထွက်ခြင်းက အောက်ဆီဂျင် ဓာတ်ငွေ့ ပိုမို ရရှိနိုင်ပြီး လတ်ဆတ်တဲ့ လေကောင်းလေသန့် ကို ရရှိစေနိုင် ပါတယ်။ နေရောင်နဲ့ ထိတွေ့ခွင့်လည်း ရရှိလို့ ဗီတာမင်ဒီဓာတ် ရရှိကာ အရိုးပွ ၊ အရိုးပါး ရောဂါကို ကာကွယ်ပေး နိုင်တယ်။

လူတွေရဲ့ အသက်မွေးဝမ်းကျောင်းပုံစံ စနစ်က "အထိုင်" စနစ်ပိုများလာလို့ အ၀လွန်ခြင်း ၊ ဆီးချို ၊ နှလုံး ၊ သွေးတိုးရောဂါ တို့ အဖြစ်များ လာကြတယ်။ လူတိုင်း နေ့စဉ်နာရီဝက် မှ တစ်နာရီ လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း တို့ ပြုလုပ်သင့်တယ်။

လမ်းလျှောက်ခြင်းသည် ကိုယ်လက် အညောင်းအညာ ပြေစေရုံသာမက ပင်ပန်းနွမ်းနယ်ခြင်း များကို အများဆုံး ပြေလျော့ပေးနိုင်သော ကိုယ်လက် လှုပ်ရှားမှု တစ်ခုဖြစ်သဖြင့် ကမ္ဘာတစ်ဝန်းက လမ်းလျှောက်ရန် လှိုက်လှိုက်လှဲလှဲ ထောက်ခံ ထားကြသည်။

ခြေလှမ်းကျဲကျဲနှင့် သွက်သွက်လက်လက် လျှောက်နိုင်သလောက် လျှောက်ခြင်းမှာ အကောင်းဆုံး ဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင် ခြေလှမ်းကျဲကျဲ လှမ်း၍ လမ်းလျှောက်ခြင်းသည် အလွယ်ဆုံးနှင့် အကောင်းမွန်ဆုံး ဖြစ်ပေသည်။ 

မည်သည့် အားကစားပစ္စည်းမျှမလို ၊ မည်သည့်နေရာ ၊ မည်သည့် ရာသီဥတု ၊ မည်သည့် အသက်အရွယ် မဆို ပါဝင်ကစားနိုင် သဖြင့် အထူးသင့်လျှော်သော အားကစားနည်း တစ်ရပ်လည်း ဖြစ်သည်။

လမ်းလျှောက်သော အခါတွင် မိမိတို့၏အသက်နှင့် ကျန်းမာရေးအပေါ် မူတည်ပြီး အကွာအဝေး သတ်မှတ် လျှောက်သင့်သည်။ တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အလွန်အကျွံ မဖြစ်ဖို့ သတိပြုရန် လိုအပ်ပေသည်။ 

ကိုယ်အနေအထား ဟန်ပန်နှင့်လျှောက်ရန် အရေးကြီးပေသည်။ အသက်မှန်မှန်ရှူပြီး လက်လွဲ လမ်းလျှောက်ရမည့် အပြင် ခြေထောက်ကိုလည်း လွှဲပြီး လျှောက်ရန် လိုသည်။ လမ်းလျှောက်သည့် အခါ အောက်ပါ အချက်များနှင့် အညီ ကြိုးစား လျှောက်သင့်ပေသည်။
  • - ခါးနှင့်ကိုယ် ကို ဖြောင့်ဖြောင့်မတ်မတ် ထားပါ။
  • - ရင်ကို တန်ရုံမြှင့်ပါ။
  • - လက်ချောင်းများ ပူးကပ်ထားသင့်သည်။ တင်းကျပ်စွာ လက်သီးဆုပ် မထားသင့်။
  • - ခြေဖျားများကို ရှေ့တည့်တည့်သို့သာ လှမ်း၍ လျှောက်ရမည်။
  • - လမ်းမြန်မြန် လျှောက်တတ်အောင် လေ့ကျင့်ရမည်။ ယင်းတို့ မြန်မြန်လျှောက်ရာတွင် မောကြီးပန်းကြီး မဖြစ်စေရန် သတိပြုရမည်။
  • - ဖနောင့်ကို ပထမချပြီးမှ ခြေဖျားချရမည်။
  • - လက်ကိုလည်း သွက်သွက် ခပ်မြင့်မြင့် လွှဲပေးရမည်။
  • - အသက်ရှူရာတွင်လည်း အားပါးတရ ရှူရှိုက်ပါ။
  • - ရာသီဥတုနှင့် ညီညွတ်စေမည့် အ၀တ်အစားကို ၀တ်ပါ။ ချမ်းသည့်အခါ အအေးလုံသော အ၀တ်ထူထူကို ၀တ်ဆင်ရန် လိုသော်လည်း ကျပ်တည်း လေးပင်သော အ၀တ်ကို အထူး ရှောင်ကြဉ်ပါ။

လမ်းလျှောက်ပြီးလျှင် ၁၀ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ကို ပြုလုပ်ပေး သင့်ပေသည်။ ရေကိုလည်း အ၀သောက် ရမည်။ လမ်းလျှောက်ပြီး ရေနှစ်ခွက်ခန့် အ၀ သောက်ခြင်းဖြင့် ဆီးမှန် ၊ ၀မ်းမှန် စေကာ ခန္ဓာကိုယ် အညစ်အကြေးများ ကင်းစင်စေနိုင် ပါသည်။ ထို့ပြင် တစ်နေ့တာ လုပ်ငန်း ဆောင်ရွက်မှုများကို တက်တက်ကြွကြွ နှင့် စိတ်ပါဝင်စားစွာ လုပ်ကိုင်လာနိုင် ကြောင်း လက်တွေ့ သုတေသနပြုချက် များအရ တွေ့ရှိရပေသည်။

လမ်းလျှောက်ခြင်း၏ အကျိုးအာနိသင်ကို လက်တွေ့ လမ်းလျှောက်ကြည့်မှ ပို၍ သိနိုင်ပေသည်။ အသက်ရှူမ၀ခြင်း ၊ ကိုယ်အလေးချိန် လွန်ကဲခြင်း ၊ နှလုံးရောဂါ ဖြစ်ခြင်း ၊ လေဖြတ်ရောဂါ ဖြစ်ခြင်းတို့ကို ကြိုတင်ကာကွယ် နိုင်ပေသည်။ သွေးတိုးရောဂါ ရှိသူများလည်း သွေးတိုးလျော့စေနိုင်သည်။ နာတာရှည်ရောဂါများ ၊ ဆီးရောဂါနှင့် ညောင်းညာကိုက်ခဲ ထုံကျဉ်ရောဂါများ ပျောက်ကင်းနိုင်ကြောင်း ဆရာဝန်များက ထောက်ခံထားကြသည်။

ဒေါက်တာ လွင်သန့် ၏ " နေ့စဉ်လမ်းလျှောက်ခြင်းရဲ့ အားသာချက်များ " နှင့် ကျော်ကျော် (စက်မှုတက္ကသိုလ်) ၏ "လမ်းလျှောက်ခြင်း၏ အကျိုးတရားများ" ဆောင်းပါးတို့ကို ကောက်နုတ်ဖော်ပြ ပါသည်။
မြ၀တီနေ့စဉ်

No comments: