Monday, January 8, 2018

အမျိုးသမီးတိုင်း စားသင့်သည့် အစားအစာများ


အမျိုးသမီးတိုင်း စားသင့်သည့် အစားအစာများ

အက်စထရိုဂျင် (Oestrogen) ဆိုတာ စတီးရွိုက် ဓာတ်ပေါင်းစု တစ်ခုဖြစ်ပြီး အမျိုးသမီး (မ-ဟော်မုန်း) အတွက် မရှိမဖြစ်တဲ့ အရာပါ။ တစ်နည်း ပြောရရင် Oestrogen ဟော်မုန်းက သားဥအိမ်များမှ သားဥများ ထုတ်လုပ်ရန် အကူအညီပေးပြီး လစဉ်ပုံမှန် ဓမ္မတာ လာစေပါတယ်။ ဒါ့အပြင် ၄င်း ဟော်မုန်းက အရိုးသိပ်သည်းဆ ၊ အရေပြား အပူချိန်နဲ့ မ-အင်္ဂါစိုစွတ်မှုတို့ အတွက် အပါအ၀င် အခြား လုပ်ဆောင်ချက် များကို ထိန်းချုပ်ရာတွင်လည်း ပါဝင်သော ဟော်မုန်း ဖြစ်သည်။ အရွယ်ရောက်ပြီးသူ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးအတွက် တစ်နေ့တာ လိုအပ်ချက် အက်စထရိုဂျင် ပမာဏမှာ ၅ မီလီဂရမ် ဖြစ်ပြီး ရာသီသွေးဆင်းပြီးချိန် ၊ သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစ ကာလတွေမှာတော့ ထိုပမာဏထက် ပို၍ လိုအပ်ပါသည်။


အမျိုးသမီး ခန္ဓာကိုယ်ထဲမှာ လိုအပ်ချက် ပမာဏထက် အက်စထရိုဂျင် ပိုလျှံနေခြင်း သို့မဟုတ် လျော့နည်းနေခြင်း ကို ဆေးသိပ္ပံနည်းအရ ဟော်မုန်း မညီမျှခြင်းလို့ ခေါ်သည်။ အက်စထရိုဂျင် လိုအပ်ပါက စိတ်ကယောက်ကယက် ဖြစ်ခြင်း ၊ ညအချိန် ချွေးပြန်ခြင်း ၊ မ-အင်္ဂါ ခြောက်သွေ့ခြင်း ၊ လိင်စိတ် နည်းပါးခြင်း ၊ ချောင်းဆိုးချိန် ၊ နှာချေချိန်များတွင် ဆီးထွက်ကျခြင်း ၊ အရိုးပါးခြင်း ၊ နေလို့ထိုင်လို့ မကောင်းတော့ဘဲ စိတ်မကြည်လင်ခြင်း ၊ အသားအရေ ပေါ်မှာ အနီအစင်းကြောင်း တွေ ပေါ်လာခြင်း ၊ ကိုယ်သားကိုယ်ရေ ပူစပ်ပူလောင် ဖြစ်ခြင်း ၊ မ-ဟော်မုန်း စွမ်းဆောင်ရည် ကျဆင်းကာ အိမ်ထောင်ရေးသုခ အပြည့်အ၀ မရခြင်း ၊ သားသမီး ရနိုင်ဖို့ ခဲယဉ်းခြင်း စတာတွေ ဖြစ်လာပါတယ်။ အကယ်၍ ကိုယ်ခန္ဓာထဲမှာ အက်စထရိုဂျင် ပမာဏ လိုအပ်သည်ထက် ပိုလျှံနေပါက ရင်သားကင်ဆာ ရောဂါ နှင့် ဆက်စပ်မှု ရှိနေတာမို့ အထူးသတိပြုသင့် ပါတယ်။

လေးညှင့်ပွင့် ၊ ပဲပိစပ် ခေါ် ပဲပုပ် ၊ ပဲကတ္တီပါ ၊ ပဲထောပတ် ၊ ပဲငါးပိ ၊ ပဲငံပြာရည် (အကြည်) ၊ ပဲငံပြာရည် (အနောက်) စတာတွေဟာ အက်စထရိုဂျင် ရရှိနိုင်တဲ့ အရင်းအမြစ် ဖြစ်ကြသလို ပဲပိစစ် ခေါ် ပဲပုပ် ဖြင့် ပြုလုပ်ထားတဲ့ ပဲဒိန်ချဉ် ၊ ပဲခေါက်ဆွဲ တို့ဟာလည်း အက်စထရိုဂျင် ပြည့်စွက်စာအဖြစ် အားကိုးလောက် ပါတယ်။ Phytoestrogen ခေါ် အပင်မှရရှိတဲ့ သဘာဝ အက်စထရိုဂျင် များကို အောက်ပါ အစားအစာလေးတွေ စားသောက်ရင်းခြင်းဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

သကြားမုန်လာ ခေါ် မုန်လာဥနီ အလုံး ။ ။ Beet Roots လို့ခေါ်တဲ့ သကြားမုန်လာ ခေါ် မုန်လာဥနီ အလုံးတွေထဲမှာ Phytoestrogen ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ၄င်းကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း မညီမျှခြင်းကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့ပြင် သကြားမုန်လာက အသားအရေ လှပမှုအတွက်ပါ ကောင်းကျိုးပြုပေး နိုင်ပါတယ်။ ( ဒေသထွက် သကြားမုန်လာဥ ခေါ် မုန်လာဥနီ အလုံးတွေကို ရှမ်းပြည်တောင်ပိုင်း မှာ ရရှိနိုင် သလို City Mark ဆိုင်ကြီးများရဲ့ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် အရောင်းကောင်တာ များမှလည်း ၀ယ်ယူရရှိနိုင် ပါတယ်။ )

မုန်လာဥနီ ။  ။ မုန်လာဥနီအရှည် ခေါ် ဥနီလေးတွေကို ရှမ်းပြည်မှာတော့ ခါကြက်ဥ လို့ခေါ်ဆိုကြ ပါတယ်။ မုန်လာဥနီထဲမှာ အက်စထရိုဂျင်ဓာတ် များအပြင် လူသားတို့ ကျန်းမာရေး အတွက် ကောင်းကျိုးပြု စေတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း များလည်း အမြောက်အမြား ပါရှိနေတာကြောင့် မ-ဟော်မုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ပါတယ်။ ဒါ့အပြင် အသားအရေပေါ် အနီစင်းကြောင်း ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင် ပါတယ်။

သခွားသီး ။   ။ ရေဓာတ်ကြွယ်ဝတဲ့ သခွားသီး တွေထဲမှာ Phytoestrogen ဓာတ်တွေ အလုံအလောက် ရရှိနိုင်ပါတယ်။ ဒါကြောင့် တန်ဖိုးနည်း စိမ်းရောက်ခြယ် သခွားသီးလေး တွေကို နွေရာသီမှာသာမက ဥတုရာသီမရွေး တစ်နှစ်ပတ်လုံး စားသုံးပေးသင့် ပါတယ်။

ထိုဟူး ။   ။ ပဲပိစပ် ခေါ် ပဲပုပ်ဖြင့် ပြုလုပ်ထားတဲ့ ထိုဟူးထဲမှာ အဆီဓာတ် ပါဝင်မှုနည်းပါးတဲ့ အပြင် Phytoestrogen ဓာတ်တွေ ပြည့်ဝစွာ ပါရှိနေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းပမာဏ ကို ထိန်းညှိပေးတဲ့ ထိုဟူး ဖြူဖြူလေးတွေကို လျစ်လျူမရှုသင့် ပါဘူး။

ပဲနို့ရည် ။   ။ ပဲပိစပ် ခေါ် ပဲပုပ်ဖြင့် ပြုလုပ်ထားတဲ့ ပဲနို့ရည် လေးတွေဟာ အက်စထရိုဂျင် များစွာပါရှိတဲ့ အပြင် သံဓာတ် ၊ ကယ်လ်စီယမ်ဓာတ် တွေလည်း ပါရှိတာကြောင့် အထူးသဖြင့် သွေးအားနည်း သူများ ၊ သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစ အမျိုးသမီးများ နေ့စဉ် သောက်သုံးပေးသင့် ပါတယ်။ ( အသင့်ဖျော် ပဲနို့ရည်တွေမှာ အရသာကောင်းအောင် ပြုပြင် ထားတာကြောင့် သကြားမပါသော သို့မဟုတ် သကြား ပါဝင်မှုနည်းသော ပဲနို့ရည်မျိုးကို ရွေးချယ် သောက်သုံးပါ။ )

နှမ်းစေ့ ၊ ဘိန်းစေ့ ။   ။ Phytoestrogen အမျိုးအစား တစ်ခုဖြစ်တဲ့ ရှားရှားပါးပါး Lignans ဓာတ်ကို နှမ်းစေ့ ၊ ဘိန်းစေ့ တွေမှာ ရရှိနိုင်ပါတယ်။ ဒါကြောင့် အက်စထရိုဂျင် ဟော်မုန်းကို ဖြည့်စွမ်းပေးနိုင်တဲ့ ထိုအစေ့လေး တွေကို စားသုံးပေးသင့် ပါတယ်။

ဂုန်လျှော်စေ့ ။   ။ အ၀ါရောင် အစေ့အဆန် တစ်မျိုးဖြစ်တဲ့ ဂုန်လျှော်စေ့လေး တွေမှာလည်း Phytoestrogen မျိုးနွယ်ဝင်  Lignans ဓာတ်တွေ ပြည့်ဝစွာ ပါရှိနေတာကြောင့် ဟော်မုန်း မညီမျှခြင်းကို အထောက်အကူ ပေးနိုင်တဲ့ အပြင် အသားအရေပေါ် အနီးစင်းကြောင်း တွေပေါ်ခြင်းကို လျော့ပါး သက်သာစေပါတယ်။

မြေပဲ ။   ။ မြေပဲ ခေါ် မြေထောက်ပဲ တွေထဲမှာ အပင်မှရရှိတဲ့ သဘာဝ အက်စထရိုဂျင် များအပြင် ၄င်းမျိုးနွယ်ဝင် Lignans ဓာတ်တွေလည်း ပါရှိနေပါတယ်။ ထိုပြင် မြေပဲက လူကို အားဖြစ်စေ တာကြောင့်လည်း နေ့စဉ်သုံး သရေစာ အဖြစ် စားပေးသင့် ပါတယ်။

ပဲလွမ်းဖြူ ။   ။ သဘာဝ အက်စထရိုဂျင် တစ်မျိုးဖြစ်တဲ့ Coumestans ကို ပဲလွမ်းဖြူ မှာ ရှားပါးစွာ ပါဝင်နေပါတယ်။ ၄င်းက ဟော်မုန်းတွေ ညီညွတ် မျှတအောင် ထိန်းညှိပေးနိုင် ရုံသာမက အစာကြေစေနိုင် တာကြောင့် ကျန်းမာရေး ကို တိုးတက် ကောင်းမွန်စေပါတယ်။

မှတ်ချက်
  • ယခုအခါ ဆေးသိပ္ပံနည်းများ ထွန်းကားလာပြီ ဖြစ်ရာ အမျိုးသမီးများ သွေးဆုံးချိန် နီးကပ်လာစဉ် ခန္ဓာကိုယ်ထဲတွင် လျော့ပါးသွားသော Oestrogen နှင့် Progesterone ဟော်မုန်းများကို HRT နည်းဖြင့် ဟော်မုန်း အစားထိုး ကုသနိုင်ပါပြီ။
  • အကယ်၍ သွေးဆုံးခြင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသနေပါက ဆေးပြားများ ၊ ကပ်ခွာများ နှင့် ခန္ဓာကိုယ်ထဲ ထည့်သွင်းရသော ပစ္စည်းများဖြင့် ကုသရန် လိုအပ်ပါသည်။
  • မ-အင်္ဂါ ခြောက်သွေ့မှုကို မကုသဘဲ ထားပါက ပိုဆိုးလာနိုင် သော်လည်း ၄င်းရောဂါ လက္ခဏာအများစု သည် နှစ်နှစ်မှ ငါးနှစ်အတွင်း ပျောက်ကင်းသွားနိုင် ပါသည်။


ပေါက်ပေါက်
မြ၀တီနေ့စဉ်

No comments: