Wednesday, October 8, 2008

လူတိုင်းအတွက် E ခေတ်ဖြစ်စေချင်

လူတိုင်းအတွက် E ခေတ်ဖြစ်စေချင်

ကျွန်တော်တို့နိုင်ငံမှာ အီလက်ထရွန်နစ်ကမ္ဘာ e-World အဖြစ် အသွင်ကူးပြောင်း နေပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးတော့လည်း e-International , e-Society တစ်နိုင်ငံ ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီမတိုင်ခင် ကတည်းက E အက္ခရာကို ရှေ့တန်းတင်ပြီး သုံးနှုန်း ပြောဆိုလာတာတွေ အများကြီးပါ။ ဒီကနေ့ e-Mail, e-Education, e-Learning, e-Health, e-Banking, e-Music, e-Cinema, e-Books, e-Product, e-Goods, e-Industry, e-Economics, e-Mart စတဲ့ အသုံးအနှုန်းတွေ ကမ္ဘာနဲ့ချီပြီး နေရာတိုင်းမှာ မြင်တွေ့ သုံးစွဲနေကြပါပြီ။ အချုပ်ဆိုလိုက်ရင်ဖြင့် e-Age လို့ခေါ်နိုင်တဲ့ E ခေတ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ကွန်ပျူတာ ကွန်ယက်ကြီးဖြစ်တဲ့ အင်တာနက် ဆက်သွယ်မှုကို ၁၉၆၉ ဝန်းကျင်လောက်မှာ အမေရိကန် စစ်တပ်အတွက် စတင်အသုံးပြုခဲ့တာဖြစ်ပြီး ကနေ့ဆိုရင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ကွန်ပျူတာ ကွန်ယက်အချင်းချင်း ချိတ်ဆက်ပြီး သုံးစွဲလာကြတဲ့ အထိ အရှိန်အဟုန်မြှင့် အသုံးပြုမှု တွင်ကျယ်လာခဲ့ပြီ ဖြစ်ပါတယ်။ အီးမေးလ် ဆက်သွယ်မှုဆိုရင် အင်တာနက်ထဲမှာ လူသုံးအများဆုံး ၀န်ဆောင်မှုတစ်ခု အဖြစ် ကျယ်ကျယ် ပြန့်ပြန့် နေရာယူလာခဲ့ပါတယ်။ ကိုယ်ပြောချင်တာတွေကို စာနဲ့ စာတိုက်က တစ်ဆင့်ပို့ရတာ၊ တယ်လီဖုန်းနဲ့ဆက်ရတာ၊ ဖက်စ်နဲ့ ပို့ရတာနဲ့ ယှဉ်လိုက်ရင် e-Mail အသုံးပြု တာက ချက်ချင်းအကောင်အထည် ပေါ်ပါတယ်။ e-Mail ကြောင့် ကျွန်တော်တို့ လူ၊ ငွေကြေး၊ အချိန်တွေ အများကြီး သက်သာစေတဲ့အပြင် တစ်ခြား အကျိုးတရားတွေကိုလည်း ထပ်ဆင့် ရနိုင်ပါတယ်။ အဲဒါကတော့ Google ကနေ အခမဲ့ ၀န်ဆောင်မှု ပေးနေတဲ့ g-Talk , g-Mail တို့ပဲဖြစ်ပါတယ်။ စက္ကန့်မလပ် တစ်ဖက်ကွန်ယက်မှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်း တွေကို စာနဲ့ဖြစ်စေ စကားနဲ့ဖြစ်စေ တိုက်ရိုက် ပြောဆို ဆက်သွယ်နိုင်တဲ့ အကျိုးထူးတွေ ချက်ချင်းလက်ငင်း ကျေနပ်စွာ ခံစားစေနိုင်ခဲ့တာ အသုံးပြုသူတိုင်း သိရှိပါတယ်။

အင်တာနက်ချိတ်ဆက်မှု ကနေတစ်ဆင့် "ဘာသိချင်လဲ၊ ဘာကြည့်ချင်လဲ၊ ဘာပြောချင်လဲ၊ ဘာလုပ်ချင်လဲ၊ ဘာလိုချင်လဲ၊ ဘာလေ့လာချင်လဲ ... အင်တာနက်နဲ့သာ ချိတ်ဆက်လိုက်ပါ " လို့ ပြောဆို နေကြတဲ့ခေတ်ကို ရောက်ရှိလို့နေပါပြီ။ နိုင်ငံတကာမှာ အင်တာနက်လို့ ပြောလိုက်တာနဲ့ ဆက်သွယ်မှုနှုန်း မြန်ဆန်မှုနဲ့အတူ လျှောကနဲ လျှောကနဲ လုပ်ငန်းကို ထိရောက်လွယ်ကူစွာနဲ့ နေရာဒေသမရွေး၊ အချိန်မရွေး အလုပ်လုပ် နိုင်ကြတာကြောင့် တိုးတက်ပြီးရင်း တိုးတက်နေတဲ့ တိုင်းပြည်တွေ ဒုနဲ့ဒေးပါ။

ဒီနှစ်နွေရာသီတုန်းက ရတဲ့အချိန်လေးမှာ ဘလောဂ့်ငယ်လေး တစ်ခုဖန်တီးပြီး စာလေး၊ ကဗျာလေး ရေးပြီး အချိန်ဖြုန်းနေမိပါတယ်။ ဘလောဂ့်ရေးစကတော့ သိပ်အလေးမထား မိပေမယ့် ပို့စ်တစ်ခုရေးပြီးတိုင်း ကိုယ့်စာကို လာဖတ်တဲ့ reader တွေအတွက် တတ်နိုင်သရွေ့ တစ်ခုခုလေးတော့ ပါသွားစေချင်တဲ့ စေတနာကြောင့် စာတွေ အများကြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီဘလောဂ့်လေးကြောင့်လည်း မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးမိတ်ဖွဲ့နိုင်ခဲ့ပြီး သူတို့တွေရဲ့ ဘလောဂ့်ကနေတစ်ဆင့်လည်း အသိပညာတွေ၊ ဗဟုသုတတွေ၊ လေ့လာမှတ်သားစရာတွေ၊ အတွေ့အကြုံသစ်တွေ၊ ကွန်ပျူတာ နည်းပညာတွေ တစ်ပုံ တစ်ပင်ကြီးကို ရလိုက်တဲ့အတွက် ကျေးဇူးတင်မဆုံး၊ ၀မ်းသာမဆုံး ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွယ်မိပြီး ဘလောဂ့်မှ ဘလောဂ့်ဖြစ်ခဲ့ပါတယ်။ အိပ်ချိန်ကလွဲရင် အင်တာနက်ထဲက ဘလောဂ့်တွေကိုပဲ လည်ပတ်နေမိပါတယ်။

အားလပ်ရက်ကုန်လို့ လုပ်ငန်းခွင်ပြန်ဝင်တော့ သံယောဇဉ်ရှိတဲ့ ဘလောဂ့်ကို ပစ်ထားလိုက်သလို ဖြစ်သွားတယ်။ နယ်ရောက်ရင် ရောက်ရာမြို့မှာ လက်လှမ်းမီတဲ့ နက်ကဖီးကနေတစ်ဆင့် ပို့စ်တင်မယ်စိတ်ကူးနဲ့ သွားလေရာ Laptop တစ်လုံးနဲ့ ရသမျှ အချိန်လေးကို ပို့စ်ရေးနေမိပါတယ်။ နယ်လည်းရောက်ရော အထင်နဲ့ အမြင်လွဲခဲ့ရပါတယ်။ နယ်မှာ လျှပ်စစ်မီးက နှပ်မမှန်ပါဘူး၊ လျှပ်စစ်မီးရပြန်တော့လည်း ကွန်နက်ရှင်းက မကောင်း ပြန်ဘူး။ ကွန်နက်ရှင်း ရပြန်တော့လည်း ကိုယ်သွားချင်တဲ့ ဘလောဂ့်ကို မရောက်နိုင်ပြန်ဘူး။ blogspot တို့၊ co.cc တို့၊ f1.cc တို့၊ iblogger တို့ ဆိုတာတွေ ကွန်ပျူတာနဲ့ နက်ကြိုးကို နားမလည်အောင် လုပ်ထားတယ်။ သိပ်သံယောဇဉ်ရှိတဲ့ ကိုယ့်ဘလောဂ့်နဲ့ မိတ်ဆွေတွေရဲ့ ဘလောဂ့်တွေကို မသွားနိုင်ခဲ့တဲ့အတွက် ကြီးစွာစိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေရာမှာ E ခေတ်ကို ဘယ်လိုပဲ သွားနေ သွားနေ၊ ဘယ်လိုပဲ ရောက်နေ ရောက်နေ ဒီလို အသေးအဖွဲလေးကအစ အဆင်မပြေမှုတွေ၊ အတားအဆီးတွေ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ ချီတက်နေတဲ့ e-World ဆိုတာရောက်နိုင်ပါ့မလား၊ ရောက်နိုင်ခဲ့ရင်လည်း လူတိုင်းအတွက် ဖြစ်ချင်မှ ဖြစ်မယ်လို့ ယူဆမိပါတယ်။ ဒီလူကိုတော့ အင်တာနက် သုံးခွင့်ပေးမယ်၊ ဒီလူကိုတော့ အင်တာနက် သုံးခွင့်မပေးဘူး ဆိုပြီး အကန့်ကလေးတွေနဲ့ ကန့်ထားမယ် ဆိုရင်တော့ e-World ကနေသွေဖီပြီး e-Personal ကိုပဲရောက်နေမှာ ဧကန်မလွဲပါပဲ။ E ခေတ်ကြီးမှာ ကျွန်တော်တို့ နောက်ကျ မကျန်ရစ်ရအောင် ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။ နယ်ပယ် ကဏ္ဍအသီးသီးက E ပညာရှင်တွေ အားနဲ့အင်နဲ့ မြန်မြန်ဆန်ဆန် ပံ့ပိုး မြှင့်တင်ပေးကြဖို့ နှိုးဆော်ရင်း E ခေတ်ကို လွတ်လပ် ညင်သာစွာ ရောက်ရှိနိုင်ပါစေလို့ ငြိုးငယ်တဲ့စိတ်နဲ့ ရေရွတ်မိပါတော့တယ်။

4 comments:

လင်းဦး(စိတ်ပညာ) said...

ဟုတ်ပါတယ်။ မီးပျက်၊ ကွန်မရတာတွေနဲ့ လည်ပတ်နေတဲ့ ဒီနိုင်ငံမှာ ........ နောက်ကျနေပြီပေါ့ ။

Nge Naing said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါ။ ဒီလိုဖြစ်တာ တခြား ဘယ်နေရာမှာမှ မကြားဖူးဘူး မြန်မာနိုင်ငံတနိုင်ငံတည်းမှာပဲ ဖြစ်မယ်ထင်တယ်။

တားမြစ် ထားသော... said...

ကိုဝင်းဇော်။ မရောက်တာလည်း ကြာသွားပြီ။ လင့်ခ်တွေ့တာနဲ့ လိုက်လာတာ။ ပိုစ့်အကောင်းလေးနဲ့ တိုးနေတယ်။
ပြောရရင်တော့ ဂျာအေးသူ့အမေရိုက်နေမဲ့ အခြေအနေဗျာ။ ဆိုးတယ်လို့ပဲ စကားလုံးတိုတိုနဲ့ ပြောလိုက်တော့မယ်။

ပျော်ရွှင်အဆင်ပြေပါစေ။
အော်.. ကျွန်တော်တို့ကလည်း E ခေတ်ကို တိုးတက်စေချင်တယ်။ ဘလော့ဂ်နာမည်လေးကိုလည်း ဒီအဓိပ္ပါယ်နဲ့ ရွေးခဲ့တာဗျ။

သုခမိန်(E-Journal)

ကိုတိုး said...

ကိုဝင်းဇော်ရေ လာလည်သွားတယ်ဗျာ။ ကျွန်တော်တို့လည်း E ခေတ်ကိုလိုလားနေတာပါခင်ဗျာ
အခုလိုဖြစ်လာတော့လည်းဝမ်းသာစရာကောင်းတာပေါ့နော် အဆင်ပြေပါစေဗျာ။