Friday, October 17, 2008

အိမ်တွင်းခင်းကျင်းမှုအနုပညာ

အိမ်တွင်းခင်းကျင်းမှုအနုပညာ

ခရီးသွားရာကနေ ပြန်ရောက်ပြီး ကတည်းက ကွန်နက်ရှင်းက ကောင်းခဏ မရတာကခပ်ကြာကြာ မို့လို့ စိတ်လေစရာ ဝယ်ယူဒုက္ခလိုပါပဲ။ ရတဲ့အချိန် အခိုက်အတန့်လေးမှာ လည်ဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ဘလောဂ့်တော်တော် များများမှာ ဟင်းလေးတွေချက်ပြီး ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားပုံကို ရှုမငြီးစွာနဲ့ စားချင့်စဖွယ် အမယ်စုံစုံကို တွေ့ခဲ့ ပါတယ်။ ဖြစ်သလို စားသောက်တတ်တဲ့ သူတွေဆိုပေမယ့်လည်း တစ်ကယ့်ကို အဟာရပြည့်အောင်နဲ့ အချိန်ယူ ချက်ပြုတ်ခဲ့ကြတာကိုလည်း စိတ်ဝင်စားစွာနဲ့ လေ့လာခဲ့ရ ပါတယ်။ တစ်ယောက်ကို တစ်ယောက်က အကြောင်းအရာတစ်ခုကို အခြေခံပြီး Tag ကြတဲ့အတွက် အေးစက်စက်ဖြစ်နေတဲ့ ဘလောဂ့်ရပ်ဝန်းလေးဟာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ချစ်ကြည်မှုကို ဖော်ဆောင်နေသလို ဘေးကကြည့်ရင်းနဲ့တင် အပျော်တွေ ကူးစက်ခဲ့ရပါတယ်။

ငယ်ငယ်က အမေချက်ကျွေးတဲ့ ဟင်းများကြိုက်လို့ကတော့ ခူးခပ်တာတောင် မစောင့်နိုင်တော့ဘဲ လက်နဲ့ နှိုက်စားတတ်ခဲ့တာမို့ လူကြီးတွေမာန်မဲ ခဲ့တာတွေကို မမေ့ခဲ့ပါဘူး။ ကျွန်တော်တင်ပြချင်တာက ဒီခေတ်မှာ ချက်ပြီး၊ ပြုတ်ပြီးသား ဟင်းလျာတွေကို လှပအောင် ပြင်ဆင် ခင်းကျင်းတာတွေရှိလာတော့ အနုပညာသဘော ဆန်လာတယ်လို့ ပြောချင်တာပါ။ ခင်းကျင်းထားတဲ့ စားပွဲပေါ်မှာ ကြည့်ရ မြင်ရတာတွေကို ရှုချင်စဖွယ်၊ စားချင့်စဖွယ် ဖြစ်အောင် စီမံလာကြတယ်။ အမြင်ဆန်းဆန်း လည်းဖြစ်၊ အရသာလည်း ထူးကဲစေတာမျိုးနဲ့ တည်ခင်းလာကြတယ်။ များသောအားဖြင့် ဧည့်ခံပွဲကြီးတွေ၊ အခမ်းအနားကြီးတွေနဲ့ ဟိုတယ်စားသောက်ဆိုင်တွေမှာ ဖြစ်ပေမယ့် သည်လို တည်ခင်းတဲ့ ယဉ်ကျေးမှုဟာ ကျွန်တော်တို့ရဲ့ အိမ်တွင်း ထမင်းစားခန်းကို ရောက်လို့လာပါပြီလို့ ဆိုချင်ပါတယ်။

ကိုယ့်မိသားစုလေး အားရ၀မ်းသာ စားကြ၊ သောက်ကြဖို့နဲ့ အဟာရဖြစ်စေဖို့အတွက် စီမံကြမယ့် အိမ်တွင်း စားဖိုမှူးရဲ့ အောင်မြင်တဲ့ ဟင်းလျာတစ်ပွဲ စားပွဲပေါ်တင်ပေးနိုင်ဖို့ ဟင်းလျာရဲ့အရောင်၊ ဟင်းလျာရဲ့ အပျော့အမာ၊ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အနံ့အရသာနဲ့ အပူချိန်တို့ကို အထူးအလေးထား စဉ်းစား ပြင်ဆင်လာကြပါတယ်။ မျက်စေ့ထဲ မြင်အောင်ပြောရရင် ကင်ထားတဲ့ ငါးကညိုညို၊ အားလူး ပြုတ်ထောင်းလေးက မဖြူမ၀ါ၊ နို့ရည်ဆမ်းထားတဲ့ ပြောင်းဖူကြော်လေးက အဖြူရောင်နဲ့ ပယင်းရောင်။ နံနံပင်လေးတွေ၊ ဂျူးမြစ်ချောင်းလေးတွေ၊ ကြက်သွန်မြိတ်ကလေးတွေနဲ့ ဖြူးထားတာမို့ ဖြူ၊ ၀ါ၊ စိမ်းနဲ့ မျက်စိပသာဒ ကျစရာ။ ငရုတ်သီးတောင့် ရဲရဲကလေးတွေက တစ်တောင့်နှစ်တောင့် ဒီလိုနဲ့ပဲ စားသောက်သူတွေရဲ့စိတ်ကို ညွှတ်နူးစေတာ အမှန်ပါပဲ။ အံမခန်းလက်ရာနဲ့ ဂုဏ်ယူစရာ စိတ်ကူးစိတ်သန်းလေးတွေပါ။

Texture လို့ခေါ်တဲ့ လျှာပေါ်ထိတွေ့ခံစားမယ့် အရသာကိုလည်း စီမံတတ်ရပါတယ်။ ရှမ်းဆန် ဒါမှမဟုတ် ပေါ်ဆန်းနဲ့ ချက်ထားတဲ့ ထမင်းက ရနံ့ကြိုင်ကြိုင်နဲ့ နူးနူးညံ့ညံ့၊ ကိုက်လန်ရွက် ကြော်ကလေးက ဂျိုးဂျိုးဂျွမ်းဂျွမ်း၊ ဟင်းချိုကလေးက လျှောခနဲ လျှောခနဲ၊ တညင်းသီး အတို့ကလေးက ဖန့်ဖန့်မာမာ ဆိုတာမျိုးက texture ကစားထားတဲ့ အစားအစာ ပြင်ဆင်မှုပါ။ အရွယ်အစားနဲ့ ပုံပန်းသွင်ပြင်ကို လှပအောင်၊ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်တာကိုလည်း ကြည့်ပါ ငါးကင်က ရှည်ရှည်မျောမျော၊ အာလူးချောင်း ကြော်က တစ်ညှိုတစ်ဆစ်၊ ခရမ်းချဉ်သီးလုံး ကလေးတွေက စီစီပုံ့ပုံ့၊ မုန်လာဥနီ၊ မုန်လာဥဖြူချောင်း ကလေးတွေက တိုတစ်ချောင်း ရှည်တစ်ချောင်း။ အနံ့အရသာဆိုလည်း အသားဟင်းကို မဆလာ နိုင်နိုင်နဲ့ နှပ်ထားတဲ့ဟင်းလျာ၊ မျှစ်နဲ့ ပဲပြုတ်ကျော်၊ ရွှေပဲသီးအစိမ်း မကျက်တကျက်ကြော်၊ ကန်စွန်းရွက် ကော်ရည်ကျော်၊ ပဲပင်ပေါက်နဲ့ ပဲပြားကျော်သုပ်၊ ငပိရည်ကျိုငရုတ်သီး လှော်မှုန့်ခပ်၊ ဘူးရွက်ဟင်းချို အငွေ့တထောင်းထောင်းနဲ့ ငြုတ်ကောင်းမှုန့်ခပ်လို့ ပြင်ဆင်ထားလိုက်မယ်ဆိုရင် အနံ့အမျိုးမျိုး အရသာအထွေထွေနဲ့ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင် တည်ခင်းတဲ့ သဘောဆောင်ပြီပေါ့။ အပူချိန်ကလည်း အရေးပါပါတယ်။ ဟင်းချိုရည် ပူပူလေးနဲ့ ရေခဲသေတ္တာထဲက ထုတ်ယူခါစ တို့စရာ ရှောက်ရွက်ကိုပဲ စဉ်းစားကြည့်ပါ။ အေးခြင်းရော ပူခြင်းပါ ထမင်းစားပွဲပေါ် အတူယှဉ်တွဲရှိနေတာ မတူဘူးလား။ ထမင်းစားပွဲလေးမှာ မိသားစု စုံစုံလင်လင် ရှိတယ်၊ ဟင်းအမယ်စုံစုံတွေက အရောင်လည်း ရှိတယ်။ ပျော့ခြင်း မာခြင်းလည်းရှိတယ်။ အရွယ်အစား အတို အရှည်၊ အကြီး အသေး လည်းရှိတယ်။ ပုံသဏ္ဍာန်ကလည်း အမျိုးမျိုးနဲ့ အနံ့တွေကလည်း စုံလို့၊ အရသာကလည်း စုံလို့ပါ။ ဒါဟာ ကျွန်တော်တင်ပြချင်တဲ့ ထမင်းစားပွဲလေးဟာ အနုပညာဆန်တဲ့ ခင်းကျင်းမှု လို့ ပြောချင်ပါတယ်။

လူတိုင်းကျန်းမာပျော်ရွှင်လို့ အဟာရပြည့်ဝတဲ့ အစားအသောက်ကို အိမ်တွင်း ခင်းကျင်းမှုအနုပညာဖန်တီးရင်း နှစ်လိုဖွယ် မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်နဲ့ ဆန္ဒပြုလိုက်ပါတယ်။ အမှားမကင်းခဲ့ရင် ခွင့်လွှတ်နိုင်ပါစေလို့ မျှော်လင့်ရင်း အားလုံးကို လေးစားလျက်ပါ။

5 comments:

မသက်ဇင် said...

လူတိုင်းကျန်းမာပျော်ရွှင်လို့ အဟာရပြည့်ဝတဲ့ အစားအသောက်ကို အိမ်တွင်း ခင်းကျင်းမှုအနုပညာဖန်တီးရင်း

ကိုဝင်းဇော်ရေ---
ရေးထားတာလေးသဘောကျလို့ပါ--
ကျမကတော့လေ---စာဖတ်တာ ထမင်းမေ့
ဟင်းမေ့ပေါ့---
ဟင်းကို အလှပြင်စားတာလည်းတခါမှမရှိဘူး--
ဟင်းဆိုပြီးရော ဗိုက်ပြည့်ရင်ပြီးပြီ---
စာတွေနဲ့ လုံးခြာလိုက်နေတာလေ---
ခင်မင်လျက်

သက်တန့် said...

အကိုတည်ခင်းထားတဲ့ ထမင်းဝိုင်းကို မျက်စိထဲမှာ ပုံဖော်ကြည့်လိုက်တာ..........
ဂလု ဂလု ဖြစ်သွားတာပဲ... :D
ဖွဲ့နွဲ့တင်ပြပုံတွေက ပီပြင်ပါတယ် အကိုရေ...

ပန်းခရမ်းပြာ said...

စားစရာတွေ... ဖတ်ရင်းနဲ့ သွားရည်ကျလာပြီ။ ဒီမှာတော့ ဟင်းနဲ့ ထမင်းကို ပန်းကန်ထဲပုံ ဇွန်းတပ်။ ရေခွက် တစ်ခွက်နဲ့ TV ရှေ့မှာ ထိုင်လိုက်တာပဲ။

tututha said...

အမှားကတော့ တော်တော်မကင်းတာ။ ဒီပို့စ်ကိုဖတ်ပြီး သွားရေတွေ တမြားမြားဖြစ်လာပြီဗျိုး ...။

mgngal said...

ထမင်းက ရနံ့ကြိုင်ကြိုင်နဲ့ နူးနူးညံ့ညံ့၊ ကိုက်လန်ရွက် ကြော်ကလေးက ဂျိုးဂျိုးဂျွမ်းဂျွမ်း၊ ဟင်းချိုကလေးက လျှောခနဲ လျှောခနဲ၊ တညင်းသီး အတို့ကလေးက ဖန့်ဖန့်မာမာ
ဘယ်လိုရေးလိုက်တာလဲဗျာ ထမင်းစားပြီးသားတောင်
ထပ်စားချင်လာတယ် ။ အရေးအသားကတော့ ကောင်းတယ်ဗျာ။ အားပေးနေပါတယ် ။ :)