Monday, October 20, 2008

အဆင်မပြေတဲ့နေ့လေးများ

အဆင်မပြေတဲ့နေ့လေးများ

ညညဆိုအိပ်မပျော်ဘူး။ အိပ်မပျော်တာ ဆိုတာထက် အိပ်မရဘူးလို့ပြောရင် ပိုမှန်ပါမယ်။ တိကျအောင်ပြောရရင် အိပ်ချင်တဲ့ ဆန္ဒ ပျောက်ဆုံးသွားတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်လတ်တလော ခံစားနေရတဲ့ ဝေဒနာဆိုးကတော့ အိပ်ကို မအိပ်ချင်တာပဲဖြစ်ပါတယ်။

စာဖတ်စားပွဲထိပ်မှာတင်ထားတဲ့ နိုးစက်နာရီလေးရဲ့ အနီရောင်စက္ကန့်လက်တံက မနားတမ်း လှုပ်ရှားနေတယ်။ အနုမြူသုတ်လိမ်းထားတဲ့ အစိမ်းရောင် မိနစ်လက်တံက ရှစ်ဂဏန်းကို ကျော်နေပြီး၊ နာရီလက်တံက သုံးဂဏန်းကို ခါနီးနေပြီးဖြစ်တယ်။ ကျွန်တော့် အခန်းမီးကတော့ ထိန်ထိန်လင်းနေဆဲပါပဲ။ အရင်လို ညမျိုးဆိုရင်တော့ ခေါင်းရင်းက စိမ်းဖန့်ဖန့် ညအိပ်မီးအလင်းတစ်ခုနဲ့ပဲ ကျော်ဖြတ်ခဲ့တာပါ။ ဒီလို အပ်မပျော်တဲ့ညတွေ များလာတော့ မျက်နှာကြက်က မီးချောင်းကိုပါ အဖော်လုပ်ဖို့ ဖွင့်ထားမိပါတယ်။

နွေရာသီမကုန်သေးတာမို့ လေအေးပေးစက်ကြောင့် အေးစိမ့်တဲ့လေအေး အထိအတွေ့ကြောင့် မအိပ်သေးပါလားလို့ ကိုယ့်ကိုယ်ကိုယ် သိနေပြီး အကြောင်းမဲ့ မျက်နှာကျက်ကို ကြည့်နေမိပါတယ်။ ဒီလိုကြည့်နေရင်းနဲ့ မျက်နှာကြက်က ပိုပြီးမြင့်သွားတယ်လို့ထင်မိတယ်။ အိပ်ခန်းကလည်း ကျယ်သွားသလို ထင်နေမိပြန်တယ်။ အဲဒီလိုပဲ ကျွန်တော့်မျက်စေ့ လည်းကျယ်သွားသလို ထင်မိတယ်။ ထိုထို အရာအားလုံးဟာ မကြာမတင်ပဲ ဆန့်ကျင်ပြီး ပိုမိုကျဉ်းမြောင်းသွားတယ်၊ ကျုံ့ရုံ့သွားတယ်လို့ ထင်ရတာ ကျွန်တော်တစ်ယောက် ထဲရတာပါ။

စွဲကပ်လာတဲ့ အိပ်မရတဲ့ ဝေဒနာဆိုးကို ကုစားဖို့ အိပ်ဆေးကို အဖော်ပြုရင်းနဲ့ပဲ အတွေးစတွေ ပြတ်တောက်သွားတယ်။ ခြေကားယား လက်ကားယားနဲ့ လေထဲ လမ်းလျှောက်သလို လွှင့်မျောနေတဲ့ စိတ်အာရုံကို စုစည်းနေပေမယ့် အလုံးစုံ မှုန်ဝါးဝါးဖြစ်လို့ပါ။ အရင်က ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်တွေးကြည့်တော့လည်း ဘာမှထူးမလာဘူး။ ခဏကြာတော့ စဉ်းစားစရာတွေ ကုန်ခမ်းလာတယ်။ ခေါင်းထဲမှာလည်း ဘာမှပေါ်မလာတော့။ စိတ်ထဲမှာလည်း ဘာမှ မရှိတာ့ဘူး။ ဗလာနိတ္ထိကြီး ဖြစ်သွားတယ်။ နေ့လည်းမရှိ၊ ညလည်းမရှိ။ အမှောင်လည်းမရှိ၊ အလင်းလည်းမရှိ။ ၀မ်းနည်းခြင်းလည်းမရှိ၊ ၀မ်းသာခြင်းလည်း မရှိ။ အမှားလည်းမရှိ၊ အမှန်လည်းမရှိ။ ရှိခြင်းလည်း မရှိ၊ မရှိခြင်းလည်း မရှိ။ ပြာလဲ့လဲ့ ကောင်းကင်ကြီးလည်းမရှိ။ ပင်လယ်ကြီးလည်းမရှိ။ မြေကြီးလည်းမရှိ။ အသံလည်းမရှိ။ တိတ်ဆိတ်ခြင်းလည်းမရှိ။ ကျွန်တော်ပြောချင်တဲ့ မရှိခြင်းများစွာ တွေလည်း ရှိနေပါအုန်းမယ်။ ဘာကိုမှ ကိုင်တွယ်ပြောပြလို့ မရနိုင်တဲ့ အခြေအနေကို ရောက်ရောက်သွားနေမိတယ်။

တစ်ခါတစ်လေလည်း ကျွန်တော့်စိတ်ထဲမှာ ထွင်းဖောက်လို့မပေါက်နိုင်တဲ့ တံတိုင်းကြီးကို မြင်နေရသလို ခံစားရပါတယ်။ အုတ်ထူထူကြီးနဲ့ စီထားပြီး၊ ကျွန်တော်ရဲ့ စိတ်အစဉ်က အဲဒီ တံတိုင်းကြီးကို ထွင်းဖောက်ထွက်ဖို့ ကြိုးစားလေတိုင်း မရနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ တိုးဝင်ကြည့်ဖို့ ကြိုးစားလိုက်၊ အချည်းအနှီးဖြစ်ပြီး ရပ်ကြည့်နေလိုက်နဲ့ ကြိမ်ဖန်များစွာ အမှတ်မရှိ လုပ်ဆောင်နေမိပါတယ်။ ၀မ်းနည်းနေပေမယ့် ကျွန်တော် မငိုပါဘူး။ စိတ်မကောင်းလည်း မဖြစ်ခဲ့ပါဘူး။ လိုချင်တပ်မက်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ မရောက်အရောက် ကြိုးစားပြီး တိုးထွက် နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းစွာ ငိုချင်လာမိပါတယ်။ ကြောက်ရွံ့လာတယ်။

ဆို့နင့်လာတယ်။ ဒီလို ဖြစ်ပျက်နေတာကို လွန်မြောက်လွတ်ကင်းဖို့ ထွက်ပြေးချင်လာမိတယ်။ ဒီလိုနဲ့ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အိပ်ခန်းထဲ ပြန်ရောက်နေတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ခဏလောက်တော့ အိပ်ပျော်သွားတယ်လို့ ထင်မိတယ်။ ဒီလို အိပ်မက်လို့ ထင်ပြီး ဖြစ်ပျက်ခဲ့သမျှကို တွေးကြည့်ရင် ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးတွေနဲ့ အေးစက်နေတတ်ပါတယ်။

အခုလည်း အုတ်တံတိုင်းကြီးကို တိုးထွက်မရလို့ ပြန်နိုးလာတဲ့ပုံပါပဲ။ အရာရာက ကြည်လင်နေသလို အဲဒီအရာရာကပဲ မူးနောက်နောက် ဖြစ်နေပြန်ပါတယ်။ အိပ်မပျော်တဲ့ ရက်တွေက များပြီမဟုတ်လား။ အချိန်နည်းနည်း အားသွားတာနဲ့ အုတ်တံတိုင်းကြီးကို ပြန်မြင်လာတယ်။ ညက အဖြစ်အပျက်တွေလို ပြန်ဖြစ်လာတယ်။ မှေးကနဲ အိပ်ပျော်သလို ဖြစ်သွားပေမယ့် အကြောင်းမဲ့ လန့်လန့်နိုးလာပြန်တယ်။ ဒါကကျွန်တော့်ရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အဆင်မပြေမှုလေးတွေပါ။ မျှဝေခံစားပေးပါအုန်း။ အမှားအယွင်း ပါရှိခဲ့ရင် နားလည် ခွင့်လွှတ်နိုင်ပါစေလို့ ... ....



12 comments:

Ni Ni Win said...

ဖန်တီးသက်ဝင်ထားတဲ့ရသကိုအလေးအနက်ခံစားသွားပါတယ်။
တချိန်မှာတော့ တံတိုင်းမကတဲ့ အရာအားလုံးကို ဖြတ်ကျော်
ထိုးဖောက်နိုင်တဲ့အင်အားတစ်စုံတစ်ရာကို တစ်နေရာရာက
တွေ့ရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်လို့ယုံကြည်ထားပါနော်။
အိပ်ပျက်ညတွေပျောက်ဆုံးသွားလိမ့်မယ်။
ဆက်လက်ရှင်သန်ပါစေလို့

အလှတရား said...

သိုသို ၀ှက်ဝှက်ရေးထားပေမဲ့
ဝင်ကြည့်ခဲ့တယ်ဗျား
မသိသလိုလိုပေမဲ့
သိသလိုလိုပါပဲ
စာနာပါတယ်ခင်ဗျား...

masumon said...

ထပ်တူခံစားဖူးတယ် သူငယ်ချင်းရေ..
ဘ၀မှာ ဘာဆို ဘာမှ ခံစားမူမရှိတော့အောင် အပြင်းထန်ဆုံးခံစားဘူးတယ်..
အဲ့တုန်းကဆို အနာဂတ်မရှိ မျော်လင့်ချက်မရှိ မိုးလင်းမိုးချူပ် နဖူးပေါ်လက်တင်ပြီး ဗလာဖြစ်နေတဲ့ ရင်ဘတ်ကို ခဏခဏ ငုံကြည့်မိတယ်..
မှေးကနဲ အိပ်ပျော်သလို ဖြစ်သွားပေမယ့် အကြောင်းမဲ့ လန့်လန့်နိုးလာပြန်တယ်။။။အဲ့တုန်းကဆို တကယ့်ကို ဟာလာ ဟင်းလင်းပဲ..(ဒါတောင် လေးဘက်နံရံတွေကြားထဲ ညှပ်နေခဲ့တာနော်.).ထပ်တူခံစားပေးနိုင်ပါတယ်။ သူငယ်ချင်း သုံးထားတာ သိပ်ုကိုက်တယ် လတ်တလော အဆင်မပြေမူလေးတွေဆိုတာလေ ဟုတ်တယ် အဲ့တာ အမှန်ပဲ နောက်ထပ် ပိုဆိုးတာတွေ ရှိလာဦးမှာပဲ လူ့လောကထဲမှာ နေရေရသေးသရွေ့ အသက်ရှင်နေရသေးသရွေ့ ပေါ့...ငြိမ်းချမ်းပါစေနော်...

mgngal said...

ဘယ်အကြောင်းအရာကိုပဲရေးရေး ဖတ်လိုကောင်းတာတော့
အမှန်ပဲဗျ။ အရေးအသားတွေန ညက်ညောပါတယ် ။
အစဉ်အားပေးလျက်ပါဗျာ ။ ခံစားနေရတာတွေ အမြန်ပြီးဆုံး
ပါစေလို ဆုတောင်းပေးပါတယ် ။

pandora said...

ဒီလိုပါပဲ အဆင်မပြေတာတွေလည်းရှိ အဆင်ပြေတဲ့နေ့တွေလည်း ရှိမှာပေါ့..
ရေးထားပုံက အတူတောင် လိုက်ပြီးဆို့နင့်နင့်ဖြစ်သွားတယ်

လူလ said...

မင်္ဂလာပါ ကိုဝင်းဇော်

လာဖတ်တယ်။ အိပ်မပျော်တာက အချစ်ကြောင့်လား၊ အကြွေးကြောင့်လား။ ဟ ဟ .. စ တယ်ဗျာ။

နောက်တခုရှိသေးတယ်၊ ကိုယ့် ကွန်ပြူတာက အင်တာနက်လိုင်းပေါ် မတက်နိုင်ရင်၊ ဒီလိုပဲ ဖြစ်တတ်တယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

megumi said...
This comment has been removed by the author.
မသက်ဇင် said...

ကိုဝင်းဇော်ရေ---
အိပ်မပျော်တဲ့နေ့တွေမှာ အိပ်ပျော်နိုင်ဖို့--
အကြံဥာဏ်တွေပေးတဲ့ ပိုစ့်ကို တင်ခဲ့တာ
မို့လား---ကျမ တောင် ကိုဝင်းဇော်ဆီက
နည်းနာတွေနဲ့ အတော်ဟုတ်နေပြီလေ---
ဘယ်လိုလဲရှင်---- ကိုယ်နည်းကိုယ် မလုပ်
ကြည့်ဘူးလား---
ခင်မင်လျက်

ရှင်ရဲထွတ် said...

အမောင် ၀င်းဇော် ဘောက်မဲ့ကြောင့် အနှီ အုတ်တံတိုင်းကို
အပင်ပန်းခံ တိုးဝှေ့ နေဘိသနည်း? အမောင့်ခေါင်းသာ နောက်ဆုံး ကွဲဖို့တာ များတော့သည်။ စဉ်းစားပါဦးတော့လား
အုတ်တံတိုင်းကို မတိုးလေနှင့် ခုန်ပျံ ကျော်လွှားဖို့ စဉ်းစားပါ
တော့လား။ အမောင် အိပ်မရလျင်ဖြင့် လူပျံတော် လှမ်းလျှောက်ကိုတာ အဖော်ပြု၍ အိပ်ပါလေ။

ပန်းခရေ said...

စာရေးကောင်းလိုက်တာ....အရေးအသားကို အားကျတယ် ကိုဝင်းဇော်ရေ...အချစ်အတွက် အိပ်ပျက်မခံပါနဲ့....း)

Han Thit Nyeim said...

အင်း... ဖတ်ပြီး ခင်ဗျား အိပ်မက်ထဲရောက်သလိုတောင် ခံစားသွားရတယ်။

အမြန်ဆုံး အဆင်ပြေပါစေဗျာ။

ဂျဲဂျယ် said...

ယခုကဲ့ သို.အဖော်ရှိသည့်အတွက် ၀မ်းသာပါကြောင်း အတင်းအိပ်ရန်ကြိုးစားပမ်းစား ဆောင်ရွက်နေပါတယ်ဗျို.။