Thursday, October 23, 2008

ကျေနပ်ပါတယ်

ကျေနပ်ပါတယ်

တိကျပြတ်သားတဲ့ အဖြေတစ်ခုအတွက် နောင်တဆိုတာ မရချင်တော့ပါဘူး။ သူလေးရဲ့ ခွင့်မလွတ်နိုင်လောက်တဲ့ အပြစ်တွေအတွက် ပေးဆပ်တယ်လို့ပဲ မှတ်ယူပါတယ်။ နောက်ထပ် အဆက်အသွယ် မလုပ်ဖို့ ကျေးဇူးတင်ခံ ပြောလာတဲ့စကား အတွက် ရင်နင့်စွာနဲ့ပဲ ကျေနပ်လိုက်ပါတယ်။ ကိုယ့်ရဲ့ အတွန့်တက်မှုအတွက်နဲ့ သူလေးကို ဆက်ပြီး နာကျင်စေလိုတဲ့ ဆန္ဒအလျဉ်း မရှိတော့ပါဘူး။ ဖြစ်သမျှ ရင်စည်းခံဖို့ ပြင်ဆင်ပြီးသားမို့ ကျေနပ်ပါတယ်လို့ပဲ ပြောပါရစေ။

ချစ်သူတိုင်း ကိုယ့်ချစ်သူဆီကနေ သန့်စင်တဲ့အချစ်၊ ဖြူစင်တဲ့အချစ်၊ အေးမြတဲ့အချစ်၊ စစ်မှန်တဲ့အချစ်ကို ပဲ လိုလားကြတာ သဘာဝပါ။ တောင့်တကြမှာ အမှန်တရားပါ။ ကိုယ်ကသာ ရှုပ်ဗွေချင် ရှုပ်ဗွေလီနေမယ်၊ ကိုယ့်ချစ်သူကိုကျတော့ သန့်ရှင်းစင်ကြယ် နေတာကိုပဲဖြစ်စေချင်တဲ့ လောကကြီးမှာ ကျွန်တော်လဲ အစတေးခံလိုက်ရပါတယ်။ ဒါပေမယ့် ဆုတောင်းလိုက်ပါတယ်။ သူလေးရဲ့ဘဝ ထာဝရလှပလို့ သန့်ရှင်းစင်ကြယ် နိုင်ပါစေလို့ရယ်ပါ။

မျှော်လင့်စရာ မရှိတော့တဲ့ အပြစ်သား တစ်ယောက်အဖြစ်နဲ့ ပတ်ဝန်းကျင်ရဲ့ ခနဲ့သဲ့သဲ့ စကားလုံးတွေကိုလည်း နဝင်ချိုအောင် နားထောင်နေရပါတယ်။ ရွှဲ့စောင်းစောင်း အပြောအဆို တွေကိုလည်း တေးသွားတစ်ပုဒ်လို ခံယူနေရပါတယ်။ ပြစ်တင်ပုတ်ခတ်တဲ့ ကြိမ်းမောင်းမှုတွေကိုလည်း တုံ့ပြန်မှုကင်းစွာနဲ့ နာယူနေရပါတယ်။ လေးတွဲ့တဲ့ မျက်ရည်စတွေ၊ ဒယိမ်းဒယိုင် အပြုံးတွေနဲ့ ချိုမြတဲ့ ရှက်ရွံ့နာကျင်မှုတွေ ကြားကနေ မင်းနှလုံးသားရဲ့ ပျော့ပျောင်းမှုကို ရှာဖွေနေဆဲပဲဆိုတာ ဝန်ခံပါတယ်။ ငြိမ်သက် တိတ်ဆိတ်နေတဲ့ အတွေးရိပ်အောက်မှာ မင်းနာမည်ကို တရမ်းရော်ရော် ခေါ်နေမယ်ဆိုတာ သိစေချင်ပါတယ် .. .. ။


4 comments:

Anonymous said...

အကိုဝင်းဇော် ...

တကယ်ချစ်မိခဲ့တဲ့ အချစ်တစ်ခုအတွက်နဲ့ ဖြစ်တည်လာတဲ့ နောင်တတရားဆိုတာဟာ မရှိဘူးလို ကျွန်တော်မြင်မိတယ်၊ အချစ်ဆိုတာကို ကျွန်တော်လည်း တကယ်တမ်းနားမလည်ပါဘူး၊ တကယ်တမ်းနားလည်နေခဲ့တာက အချစ်နဲ့ ပတ်သက်ပြီးရလာတဲ့ ခံစားမှုတွေပါပဲ။ ဒါဟာ တကယ်ပါပဲ။ တကယ်ချစ်မိတဲ့အခါ နောက်ဆက်တွဲ ခါးသီးမှုတွေ၊ ချိုမြိန်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ရယူမှုတွေကို ကျော်လွန်ပြီး၊ သူတို့ရဲ့ သက်ရောက်မှုတွေကို ကျော်လွန်ပြီး ခံစားရတဲ့ ခံစားချက်ကသာ ပိုပြီးတန်ဖိုးရှိပါတယ်၊ မြင့်မြတ်ပါတယ်၊ သန့်စင်ပါတယ်... ကျွန်တော် အဲလိုမြင်မိတယ်။ အယူခံဆိုတဲ့ အခုပိုစ့်ကလေးက အချစ်ကို မြတ်နိုးတန်ဖိုးထားသူတစ်ယောက်ရဲ့ ပုံရိပ်ကို ကြည်လင်ပြတ်သားစွာ ထင်ဟပ်နေတာကို ကျွန်တော် မြင်နေရပါတယ် ... သိပ်ကို ကောင်းမွန်တဲ့ ပိုစ့်လေးတစ်ခုအဖြစ် နှစ်ခြိုက်မိသလို ... ဦးစွာ Comments ပွတ်ခွင့်ရလို့ အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

လေးစားစွာဖြင့်

Anonymous said...

လာဖတ်တယ်ခင်ဗျ .. ဘာတွေဖြစ်မှန်း မသိပေမယ့်
တော်တော်လေးကို စိတ်ထိခိုက် ကြေကွဲပြီး ရေးနေတာကို ခံစားမိတယ်ဗျာ
ပေးဆပ်သူရဲ့ မြင့်မြတ်တဲ့ နှလုံးသားကိုလည်း မြင်ရတယ် ..
ဒီလိုပါပဲဗျာ ..
ကျနော်ကတော့ အဲ့လို ဒီလိုပါပဲ လို့ တွေးလိုက်ရင်တော်တော်သက်သာ သွားတတ်တယ်ဗျ ..
ဒီလိုပါပဲဗျာ အရမ်းကြီးလည်း ခံစားမနေပါနဲ့ ..
အချစ်ဆိုတာ လွတ်လိုက်သူက မပူလောင်ဘူး ဆက်လက် ဆုပ်ကိုင်ထားသူသာ ပူလောင်မှုကို သေချာ ခံစားရတာဗျ ..
အမြန်ဆုံး ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

ကဗျာမလေး said...

ကိုဝင်းဇော်
အချစ်ကို ကိုးကွယ်တာ တကယ်ချစ်တတ်သူတွေအတွက်လို့ ကဗျာ တော့ ယူဆတယ် အချစ်နဲ့ပတ်သက်ပြီး ကဗျာလည်း တော်တော်ခံစားခဲ့ရဖူးပါတယ်...။
မိတ်ဆွေသူငယ်ချင်းတွေကလည်း ပြောကြ အားပေးနှစ်သိမ့်ကြတာကတော့ အချိန်ကကုစားပေးပါလိမ့်မယ်တဲ့.....။ ကိုဝင်းဇော်ရေ ကိုယ်ချင်းစာ နားလည်ပေမယ့် အရမ်းမခံစားပါနဲ့ ပူလောင်မှု သောကတွေထဲ မှာ စိတ်ကိုနှစ်မပစ်လိုက်ပါနဲ့လို့ အကြံပြုချင်ပါတယ်....။ ကိုဝင်းဇော် စိတ်ချမ်းသာပျော်ရွှင်နိုင်ပါစေ လို့ ဆုမွန်ခြွေလျက်.....
ခင်မင်ရတဲ့
နှင်းဇော်

Anonymous said...

ချစ်သူတိုင်း ကိုယ့်ချစ်သူဆီကနေ သန့်စင်တဲ့အချစ်၊ ဖြူစင်တဲ့အချစ်၊ အေးမြတဲ့အချစ်၊ စစ်မှန်တဲ့အချစ်ကို ပဲ လိုလားကြတာ သဘာဝပါ။ တောင့်တကြမှာ အမှန်တရားပါ။ ...စာသားတွေ အရမ်းကောင်းပါတယ် အချိန်က ကုစားသွားမှာပါ...အရေးအသားကောင်းမွန်လို့ အားပေးလျှက်ပါ