Thursday, October 9, 2008

ပေးဆပ်ခွင့်ပြုပါ... ချစ်သူ


ဥတု ရာသီတွေ အလီလီ ပြောင်းခဲ့တော့
ကိုယ့်နှလုံးသားမှာ
ဖုန်ထူလိုက် ...
မိုးရွာလိုက် ...
နှင်းခလိုက် ... နဲ့မို့
အသက်ရှင်ခွင့် ရခိုက်မှာ
တိုက်ဆိုင်မှုတွေ ရှိတိုင်း
မင်းလေးကို သတိရ တမ်းတမိတယ်
ညီမလေးရယ် .. .. ။

ကောင်းကင်မှာ တိမ်ညိုတွေ ငိုရလွန်းလို့
ငွေ့ရည်တောင် မဖွဲ့နိုင်တော့ဘူး...
အရာခပ်သိမ်း ပြီးဆုံးပါစေ
ဒဏ်ရာတွေလည်း ပြေပါစေတော့
ရည်ရွယ်ချက်တွေနဲ့ အတိတ်စာမျက်နှာတွေကို
တစ်ရွက်ချင်းစီ ဆွဲဖြုတ် မီးရှို့ခဲ့ပေမယ့်
အငွေ့တစ်လူလူတက်နေတဲ့
မီးခိုးငွေ့တွေကြားမှာ
မင်းမျက်နှာကို မြင်နေရတယ် ညီမလေး .. .. ။

တိုက်ခတ်နေတဲ့ လေပြေအေးမှာ
မင်းကိုယ်သင်းရနံ့တွေ ပျော်ဝင်နေတယ်လို့ ထင်မိတယ်
အမှောင်ခွင်းလို့
ပိုးစုန်းကြူးလေးက မီးရောင်တလက်လက်နဲ့
ချစ်သူပျောက်ကို လိုက်ရှာနေသလားပဲ
နတ်ညှင်းကောင်လေးတွေရဲ့ ကွဲရှရှ သီချင်းသံကို
သစ်ရွက်လေးတွေ လက်ခုပ်တီးတဲ့ အားပေးသံကြားမှာ
ကြင်နာစိတ်လွန်ကဲစွာနဲ့
မင်းရင်ခွင်ထဲ ခိုလှုံခွင့်ပြုပါ ညီမလေးရယ် .. .. ။

တိမ်စိုင် တိမ်လိပ်လေးတွေ
အဆုတ်လိုက် အခိုင်လိုက်
ဖူးပွင့်ရာ ကောင်ကင်းထက်မှာ
ကြယ်လေးတွေက မျက်တောင်တဖျတ်ဖျတ်ခတ်လို့
ကိုယ့်ကိုများ လှောင်ရယ်နေသလား ထင်မိတယ်
ကိုယ့်ရင်မှာ တွယ်ငြိနေတဲ့
မွန်းကျပ်မှုတွေ
သတိရမှုတွေ
တမ်းတမှုတွေ
လွမ်းဆွတ်မှုတွေကို
နူးညံ့တဲ့ အကြင်နာအသွင်နဲ့
မင်းလေးကို ပေးဆပ်ခွင့်ပြုပါတော့ ညီမလေးရယ် .. .. ။


6 comments:

Anonymous said...

ကဗျာလေးက ခံစားချက်ကို ပေါ်လွင်စေပါတယ်ဗျာ
ချစ်သော ညီမလေးနဲ့ အမြန်ဆုံးစည်းပါစေလို့
ဆုတောင်းပေးပါတယ်ခင်ဗျ :P ပျော်ရွှင်ပါစေဗျာ :)

Nge Naing said...

ဟိုတလောကပဲ ညီမလေးတွေအကြောင်း ကိုကိုတွေသိထားဖို့ ဆိုတဲ့ ပို့စ်တခုတင်ပြီး ပျော်ရွှင်မြူးကြွနေတဲ့ လေသံနဲ့ သူများကိုတောင် အကြံအဥာဏ်တွေ ပေးနေတာတွေ့သေးတယ်။ အခုတော့ ညီမလေးနဲ့ အဆင်မပြေပြန်တော့ဘူးလား၊ ဘာတွေပြဿနာ ဖြစ်ပြန်ပြီလဲ။ အပေါ်က မှတ်ချက်ကို ထောက်ခံပြီး ချစ်သောညီမလေးနဲ့ အမြန်ဆုံးဆုံစည်းနိုင်ပါစေလို့ ဆုတောင်းရင်း ၀င်းဇော်တယောက် အလွမ်းတွေ မြန်မြန် နိဂုံးချုပ်ပါစေလို့ ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်။

Anonymous said...

မင်္ဂလာပါ ကိုဝင်းဇော်

နှလုံးသားက ကော်ဖီတခွက်ရဲ့ အရသာဆိုတော့
အနုအရွလေးတွေ သိပ်မထွက်ဘူး။ တောသားအထာပေါ့

I like u ဆိုသလိုပေါ့ ဗျ။

ဒါဗေမဲ့ ခံစားတတ်ပါတယ်။
ဖတ်နေပါတယ် ခင်ဗျား..

ရွှင်လန်းချမ်းမြေ့ပါစေ...

အရုပ်ကလေး said...

ကဗျာလေးကို ကြိုက်တယ်
စာသားတွေက အနှစ်သာရ ရှိတယ်
ကောင်းကင်မှာ တိမ်ညိုတွေ ငိုရလွန်းလို့..
အပိုဒ် တစ်ပိုဒ်လုံးကို ပိုကြိုက်တယ်..
ချစ်သော ညီမလေးနဲ့ အဆင်ပြေပါစေ..

ကဗျာမလေး said...

ပေးဆပ်ချစ်ဟာ မြင့်မြတ်ပါတယ် ..... ခံစားရလွန်းလို့ ဘာရေးရမှန်းတောင် မသိတော့ပါဘူး ...။

မြတ်သွယ် said...

ရည်ရွယ်ချက်တွေနဲ့ အတိတ်စာမျက်နှာတွေကို
တစ်ရွက်ချင်းစီ ဆွဲဖြုတ် မီးရှို့ခဲ့ပေမယ့်
အငွေ့တစ်လူလူတက်နေတဲ့
မီးခိုးငွေ့တွေကြားမှာ
မင်းမျက်နှာကို မြင်နေရတယ်

ခံစားလို့ကောင်းတဲ့ ကဗျာလေးပါ
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်