Wednesday, October 22, 2008

အပြစ်သား

အပြစ်သား

ကိုယ့်ရဲ့ တစ်သီးပုဂ္ဂလ ပျော်ရွှင်မှု၊ လွတ်လပ်မှုနဲ့ လုပ်ဆောင်မှုတွေဟာ တစ်ဖက်သူကို ထိခိုက်စေမယ်၊ နစ်နာစေမယ်၊ အထူးသဖြင့် ဝမ်းနည်းစေမယ်၊ သံသယတွေ ဖြစ်စေခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေ မှန်သမျှကို ပြန်သုံးသပ် ပြုပြင်သွားဖို့ ဝန်မလေးပါဘူး။ အဆုံးစွန်အထိ ကျေနပ်မှုရအောင် အပြုအမူတွေ ပြောင်းလဲပစ်ဖို့ အပြစ်ကို မြင်ပြီးကတည်းက လုပ်ဆောင်မယ်လို့ ကတိအထပ်ထပ် ပေးပါတယ်။ နစ်နာသူလေးရဲ့ " ကျေနပ်တယ် " ဆိုတဲ့ စကားသက်သေ မရရှိသေးသရွေ့တော့ ကိုယ်က အပြစ်ရှိသူ တစ်ယောက် အနေနဲ့ပဲ ဆက်လက်ရှင်သန် နေသွားရမယ့် အပြစ်သား တစ်ယောက်ဆိုတာ နားလည်ပြီးသားပါ။

မမှီနိုင်တဲ့ ပင်မြင့်ပန်းတစ်ပွင့်မို့ ဆွတ်ယူနိုင်ဖို့ အလှမ်းဝေးတာကို နားလည်ပါတယ်။ ချူယူသူမရှိခင်တော့ မလှမ်းမကမ်းကနေ ကိုယ်က ပင်မြင့်ပန်းပိုင်ရှင် ဖြစ်ချင်ပါသေးတယ်။ ဒီအခိုက်အတန့်မှာ ဝတ်ရည်စုပ်တဲ့ ပိတုန်းကိုလည်း ကြည်ဖြူပါတယ်။ ဝတ်ရည်နမ်းမယ့် ပျားကိုလည်း မငြူစူရဲပါဘူး။ နေရောင်အောက်မှာ အဆုံးစွန်ထိ ဖူးပွင့်နေမယ့် မင်းလေးရဲ့ အလှကို တရှိုက်မက်မက်နဲ့ ကြည်နူးစွာ ကြည့်ချင်ပါသေးတယ်။ နားလည် ခံစားခွင့်ပြုပေးပါလို့ တောင်းဆိုပါရစေ။

အချိန်ယူ အရောင်ဆိုးထားတဲ့ ခင်မင်မှုအတွက် အလေးအနက် တန်ဖိုးထားပါတယ်။ ခက်ခဲပေမယ့် လေဟာနယ်ကတစ်ဆင့် ရရှိခဲ့တဲ့ တုံ့ပြန်မှုတွေ အားလုံးအတွက် ရင်နဲ့အမျှ အလေးထားပါတယ်။ မင်းလေးရင်ထဲက အနုတ်လက္ခဏာဆောင်တဲ့ စကားခွန်းတိုင်း အတွက်လည်း ဗွေမယူပါဘဲ ခံယူလိုဆဲပဲ ဖြစ်ပါတယ်။ မှားယွင်းစွာ သာယာခဲ့တဲ့ တဒင်္ဂ ပျော်ရွှင်မှုတွေ အားလုံးအတွက် နားလည်ခွင့်လွှတ်ပေးမယ့် အပြစ်တင် စကားလေးတစ်ခွန်းကို မမှိတ်မသုန် ခံယူဖို့ စောင့်မျှော်နေမယ့် အပြစ်သား ကိုယ်ရယ်ပါ။

စာမဖွဲ့လောက်တဲ့ ကိုယ့်ဘဝ မှိန်မှိန်လေးမှာ တန်ဖိုးအထားရဆုံးအရာ ဆိုလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်တယ်။ ဒီအထဲမှာမှ မင်းလေးသာမရှိတော့ရင် ပျော်ရွှင်မှုဆိုတာလည်း ဆိတ်သုန်းသွားပါမယ်။ မျှော်လင့်ချက်နဲ့ ဆက်လက် အသက်ရှင်ဖို့ဆိုတာလည်း ဖြစ်နိုင်ခြေ နည်းပါမယ်။ မင်းလေးနဲ့အတူ ဘဝတိုက်ပွဲဝင်မယ် ဆိုတဲ့ အတွေးစိတ်ကူးတွေ ဟာလည်း လေထဲမှာပဲ လွှင့်ပျောက်သွားမှာစိုးတယ်။ မင်းလေးသာမရှိတော့ရင် အဓိပ္ပာယ်လည်း မဲ့သွားမှာမို့ ကိုယ့်ဘဝမှာ မင်းလေးရှိမှ ဖြစ်ပါမယ်။ မင်းလေးကို အချိန်တိုင်း လိုအပ်နေတယ်ဆိုတာ ဝန်ခံပါရစေ။ ထောက်ထားစာနာလို့ နှစ်လိုဖွယ်စိတ်ထားနဲ့ အပြစ်က လွတ်မြောက်ခွင့်ပြုပါလို့ .. ..


5 comments:

မြတ်သွယ် said...

ဒီအထဲမှာမှ မင်းလေးသာမရှိတော့ရင် ပျော်ရွှင်မှုဆိုတာလည်း ဆိတ်သုန်းသွားပါမယ်
အရေးအသားလေး ကောင်းတယ် ကိုဝင်းဇော်
ဒါနဲ့ ချစ်မိမှတော့ အပြစ်လို့မယူနဲ့နော်
ထင်တာလေးပြောသွားတာပါ
ပုလဲရေးမယ်ဆိုလဲရေးမိမှာပါ ( ရေးမိနေပါပြီလေ )ဟီးးးး
အမှားပါရင်ခွင့်လွှတ်ပါနော်
အားပေးသွားပါတယ် ကိုဝင်းဇော်

Dr Phyo Wai Kyaw said...

ကိုဝင်းဇော်
Feeling တွေ
copy လုပ်သွားတယ်
pasteလုပ်ရမဲ့လူမရှိဘူး(သနားဖွယ်)
စိတ်မဆိုးနဲ့နော်

ခင်မင်လျက်

ကဗျာမလေး said...

တစ်ခါဖတ်ရုံနဲ့ အားမရလို့ နှစ်ခါပြန်ဖတ်မိတယ်.... ရင်တွင်းခံစားချက် အစစ်အမှန်တွေလား ကိုဝင်းဇော် ....
ရင်ထဲကိုထိတယ် ....။
"စာမဖွဲ့လောက်တဲ့ ကိုယ့်ဘဝ မှိန်မှိန်လေးမှာ" ဆိုတဲ့ စာသား အားငယ်သွားရလောက်အောင် ဆွဲဆောင်တယ်နော်။ :)

ကိုစွမ်း said...

တစ်စုံ တစ်ယောက် အတွက် ရေးပေးထားတာလေး ပေါ်လွင်နေတယ်နော် အကိုကြီး ။ ချစ်အယူခံလေးဆိုပါတော့ ...ကြင်သူရေ..ကိုယ်တစ်ယောက်တည်းဆွေးပြီ ဟဲဟဲ။
အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျာ

တက်လူငယ် said...

အကုန်လုံးကြိုက်တယ်။ ခိုက်တယ်။ အရေးအားကောင်းတယ်။ ကာရံနဲ့စွဲဆောင်တယ်။ အရှိန်လေးတက်သွားတယ်။ ခြုံငုံသုံးသပ်ကြည့်တော့ အားလုံးကောင်းတယ်ဆိုတာလေး...။