Friday, October 31, 2008

ရင်မှပန်းနုရောင်အလွမ်းနေ့များ

ရင်မှပန်းနုရောင်အလွမ်းနေ့များ

အချစ်ဆိုတဲ့အရာနဲ့ ကင်းလွတ်တဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်
တစ်ဘ၀မှာ တစ်ချစ်တည်းနဲ့ အပြီးပြတ်သွားတယ်ဆိုတာလည်း တော်တော်ရှားပါမယ်
ကိုယ့်အချစ်ဦးနဲ့ ဘ၀လမ်းအတူလျှောက်လှမ်းနိုင်သူတွေ အတော်ကလေးရှားတဲ့ အချိန်မှာလည်း
ကိုယ်သိပ်မြတ်နိုးမိတဲ့ သိပ်ချစ်နေမိတဲ့ အချစ်ဦးနဲ့ ကွဲကွာခဲ့ရာတာ စူးနင့်ထူးဆန်းသလို ဖြစ်သွားပေမယ့်
ရင်ထဲကြွင်းကျန်ရစ်တဲ့ သောကအပူကတော့ဖြင့် တငွေ့ငွေ့နဲ့ ဆက်လက်တောက်လောင်နေမှာပါ
ဖြစ်ခဲ့သမျှ ပြုမိခဲ့သမျှ အမှားတွေအတွက် သူလေးကျေနပ်အောင် နှစ်သိမ့်နိုင်ရန် မစွမ်းသာတော့တာမို့
သူလေးအပ်နှင်းတဲ့ပြစ်ဒဏ်နဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက်တွေကို
ကျေကျေနပ်နပ် ခံယူနိုင်အောင် တိတ်တိတ်လေးလွမ်းကျန်ရစ်ဖို့ ဆုံးဖြတ်ခဲ့ပါပြီ .. ..

လူတိုင်းမှာ ချစ်တတ်တဲ့အသည်းနှလုံးကိုယ်စီနဲ့မို့
သူလေးကို အရမ်းကာရော ချစ်ပါတယ်ဆိုတဲ့အချိန်လေးမှာ သတိမမူမိပေမယ့်
ခုလိုတကယ်တမ်း အထီးကျန်ရတဲ့အချိန်မှာ သူလေးကို တိုးလို့ ပိုတမ်းတမိတာ အကြိမ်ကြိမ်ပါ
သူလေးကို အမှတ်ရနေပါတယ် ဆိုတဲ့ သံယောဇဉ် စကားလေးတစ်ခွန်း ကြားသိစေဖို့အတွက်
မိုင်ပေါင်းများစွာဝေးတဲ့ ခရီးလမ်းကြမ်းကိုလည်း နေ့ည မဟူ မတွန့်မိဘဲ အရောက်လာခဲ့ပါတယ်
အေးခဲတဲ့ မိုးရေအောက်ကိုလည်း သတိမမူနိုင်ဘဲ သူလေးအတွက် အရောက်လာခဲ့ပါတယ်
မျှင်းမျှင်းမျှတဲ့ ချစ်ခြင်းနှောင်ကြိုးလေး ပြတ်တောက်သွားမှာစိုးလို့ရယ်ပါ
ခုတော့ လူမသိ သူမသိ ခပ်မှိန်မှိန် လွမ်းပုံပြင်တစ်ပိုင်းတစ်စ ဖြစ်တည်ခဲ့ရပါပြီ .. ..

ကောင်းကင်မှာ ကြယ်စင်များနဲ့ လင်းလက်နေတဲ့ ညများစွာကို မြင်ဖူးကြမှာပါ
ကြယ်တွေစုံတဲ့ညတွေမှာ အဓိပ္ပာယ်ရှိတဲ့ လူတိုင်းရဲ့ဘ၀ကို အတိုင်းအတာတစ်ခုထိ ကြည်နူးမှုကို ပေးနိုင်စွမ်းပါတယ်
တစ်ခါတစ်လေများ
မိုးသားတိမ်လိပ်တွေရဲ့ ဖုံးကွယ်မှုကြောင့် ညချမ်းဟာ အကျည်းတန်ကောင်း အကျည်းတန်နေပေမယ့်
ကြယ်စင်လေးတွေကတော့ သူ့သဘာဝအတိုင်း တောက်ပမြဲ လင်းလက်မြဲ ရှိနေမှာပါ
မည်းညစ်ညစ် မိုးသားတိမ်လိပ် ဘ၀နဲ့တူတဲ့ ကိုယ်နဲ့
ကြယ်စင်လေးလို လင်းလက်တောက်ပနေတဲ့ သူလေးရဲ့ဘ၀ကို အစွန်းထင်းမတင်ရစ်စေဖို့
အဝေးဆုံး တစ်နေရာကို တရွေ့ရွေ့လှမ်းထွက် နေမယ့် သူစိမ်းတစ်ယောက်လို နေနေပါပြီ .. ..


( မမြင် မတွေ့ချင်တော့တဲ့ သူတစ်ယောက်ရဲ့ မေတ္တာရပ်မှုကို အလေးထားလို့ အဝေးတစ်နေရာကို ရှောင်ပုန်းဖို့အတွက် မစွမ်းသာပေမယ့် သံယောဇဉ်ရှိတဲ့ ဘလောဂ့်၊ ဘလောဂ့်မိတ်ဆွေ သူငယ်ချင်းတွေကို ဒီနေရာကနေ နှုတ်ဆက်ပါတယ်။ ခဏလည်းဖြစ်နိုင်သလို၊ ထာဝရလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ )

19 comments:

ကဗျာမလေး said...

ဘာလို့ အဲဒီလို လုပ်ရမှာလည်း ...
ကိုဝင်းဇော်ရေ ဖြစ်နိုင်ရင် တွေ့ချင်ပါသေးတယ် .... မေးလ်ပို့လို့ရမလား?

sait phay yar said...

ေ၇းတော့ဘူးလား
အခုမှသိလို့လာတာပါ

သက်တန့် said...

ထာဝရတော့ မလုပ်ပါနဲ့ အကိုဝင်းဇော်ရေ...
ခဏလောက် စိတ်အနားပေးလိုက်...
ပြီးရင် ပြန်ရေးပေါ့...
အကို ပြန်ရေးမယ့်အချိန်ကို အားလုံးက မျှော်လင့်နေကြမှာပါ...
အကိုသယ်ရင်း အဆင်ပြေပါစေနော်... :)

pethein said...

အရာရာပြောင်းလဲနေပါတယ် ကိုဝင်းဇော်
ကျနော်တို့အားလုံးလည်း အဲဒီမတည်မြဲခြင်းထဲမှာရပ်တည်နေရတယ်
ခဏနတာလောက်သာဖြစ်ပါစေလို့ ချစ်မိတ်ဆွေသူငယ်ချင်းအတွက် ဆန္ဒပြုလိုက်ပါတယ်။
(ဖေသိန်း)

မဆုမွန် said...

သူငယ်ချင်းရေ ဘာကြောင့်များ ကိုယ့်လက်တွဲဖော်လေးကို အင်တာနက်ကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့ချင်တာလဲကွာ မင်းပြောသမျ မင်းခံစားသမျ မင်းနဲ့အနီးကပ်ဆုံး နားလည်ပေးခဲ့တဲ့ မင်းရဲ့ရဲဘော်လေးကို အဲ့လို ပစ်မထားခဲ့ချင်ပါနဲ့

ကိုတိုး said...

အကိုရေ ထာဝရတော့မလုပ်ပါနဲ့ဗျာ ခဏတာလေးတော့ စိတ်အပန်းဖြေပြီးတော့ပြန်လာခဲ့ပါနော်အကို အကိုပြန်လာမဲ့ကိုစောင့်မျှော်နေကျမှာပါအကို။

သစ်နက်ဆူး said...

ကိုဝင်းဇော်...
ဒီနေ့ စီးဆင်းနေတဲ့ မြစ်ရေဟာ....
မနေ့ က မြစ်ရေ မဟုတ်ပါဘူး....
ဒီနေ့ စီးဆင်းသော မြစ်ရေကလဲ....
မနက်ဖြန်မှာ မရှိတော့ဘဲ...အသစ်တွေနဲ့ အစားထိုးပြောင်းလဲနေပါတယ်..။
ဝေဒနာဆိုတာတော့ ခံစားရသူဘဲ နင့်နေအောင်ခံစားရတာပါ...
ဘေးကအားပေးသူကတော့...
ခံစားမှုကို ကိုယ်တိုင်မသိနိုင်ပါဘူး...။
ဒါပေမယ့် ကိုယ်ချင်းစာလို့ တော့ ရပါတယ်ဗျာ....
ဘလော့ဂ်ဆိုတာ ရင်ဖွင့်နိုင်သော နေရာလေးပါ...။
ဘ၀ တစ်စိတ်တစ်ပိုင်း...နှလုံးသား အစအန တစ်ခုကို...
ပေးချင်ပေးလိုက်ပါ...
ဘလော့ဂ်ကိုတော့ ကျောခိုင်းမသွားပါနဲ့ ဗျာ...။
လေးလေးစားစား တောင်းဆိုတာပါ..။

Anonymous said...

ခဏပဲ ဖြစ်ပါစေလို့ ကျွန်တော့်ရင်ထဲ ကြိတ်ပြီး ဆုတောင်းမိပါရဲ့ ကိုဝင်းဇော်ရာ ...း(

ညီအကိုများ said...

ကိုဝင်းဇော်ရေ ကိုအိပ်မက်ရှင်ပြောသလိုပဲ ခဏပဲဖြစ်ပါစေဗျာ...

Unknown said...

ကိုဝင်းဇော်ကြီး ဘာဖြစ်တာလဲဗျ......
စိတ်ညစ်ရင်လဲ စိတ်ပြေလက်ပျောက် လျှောက်သွားလိုက်လေဗျာ။
ပြီးရင်ပြန်လာပေါ့ဗျာ..... ခင်ဗျားရဲ့ စာတွေ၊ကဗျာတွေ၊အတွေးတွေ

Dr Phyo Wai Kyaw said...

မိုက်ပါဘူးဗျာ
ကိုဝင်းဇော်ရာ
ခင်ဗျား ဒီကွန်မန့်လေးတွေ
ပြန်ဖတ်မိပါစေ လို့ဆုတောင်းတယ်
ဒါဆို ခင်ဗျားပြန်လာမှာပဲ
ခင်ဗျားတဲ့ အဖြစ်ဆိုးတဲ့သူတွေ
အများကြီးပါ
ဥပမာ..ကျနော်ပေါ့
ဟက်ဟက်။
း(

ဆောင်း said...

မနက်ဖြန် မုန့်လာစားနော်

mgngal said...

အန် လုပ်ပြန်ပြီ နောက်တစ်ယောက် ။ ဘာတွေ ဖြစ်နေကြလည်း မသိဘူး ။ အဆင်ပြေရင်တော့ ပြန်လာခဲ့စေချင်ပါတယ် ဗျာ ။ :(

စိုင်းစိုင်းလားရှိုး said...

ကဲ ၀င်းဇော်ရေ နင်ဘာတွေဖြစ်နေလည်း? ဘလော့ဂ်ကို စွန့်ခွာရအောင် တွေးနေပြီလား? တစ်ဦးတစ်ယောက် အတွက်ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို နင်ရေးခဲ့တာလို့ ငါမထင်ဘူး၊ ပြန်တွေးကြည့်ပါဦးကွာ? ဟုတ်လား.......

Nge Naing said...

ဝင်းဇော်ရေ
ဘာမဟုတ်တာလေးနဲ့တော့ ဘလော့ဂ်ရေးတာကိုတော့ မရပ်လိုက်စေချင်ဘူး။ ကိုယ်ချစ်ခင်သူတယောက်က ကိုယ့်အပေါ် အသိအမှတ်မပြု၊ အလေးအနက်မထား၊ တန်ဖိုးမထားတော့ပဲ ဥပက္ခာအပြုခံရင် ဘယ်လောက်ခံစားရတယ်ဆိုတာ ကိုယ်ချင်းစာ နားလည်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာမှာ ကံ ကံ၏အကျိုးကို တကယ်ယုံကြည်လက်ခံရင် ဒါတွေဟာ ဘယ်သူမပြုမိမိအမှုပါပဲ။ ကိုယ်ရင်ဆိုင် ခံစားနေရာတာ အားလုံးဟာ ကိုယ်နဲ့သာဆိုင်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ ကိုယ့်နောက်ကို အရိပ်လိုလိုက်နေလို့သာ ဖြစ်ပါတယ်။ ကိုယ်က အလိမ်ခံရသည်ဖြစ်စေ၊ သူက ကိုယ့်ကို လိမ်သွားသည်ဖြစ်စေ အဓိကကတော့ ကိုယ့်ကြောင့်ဆိုတာကို သဘောပေါက်ထားရမယ်။ စိတ်နှလုံး ပူဆွေးမှုကို ငြိမ်းချမ်းအောင် မိမိဝါသနာပါရာကို လုပ်နေသင့်တဲ့အတွက် ဘလော့ကိုတော့ ဆက်ရေးဖို့ တိုက်တွန်းပါတယ်။ ရှေ့ဆက်လျှောက်ရမည့် ဘ၀ခရီးတလျှောက်မှာ ဘယ်သူ့အလိမ်အညာကိုမှ မခံရပဲ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးရင်း ဘလော့ဂ်ဆက်ရေးဖို့ကို ထပ်ဆင့် မေတ္တာရပ်ခံပါတယ်နော့်။

ခေါင်ခေါင် said...

ခဏ နားချင်တယ် စိတ်ကို ခဏ အနားပေးချင်တယ် ဆိုရင်တော့ နားပေါ့
ပြီးရင်တော့ပြန်လာပါ အစ်ကို..
အားလုံးက မျှော်နေကြတယ်

winlatt said...

စစ်မှန်တဲ့ ရင်ခုန်သံဆိုတာ..
မျက်ဝန်းက မျက်ရည်တစ်ပေါက်နဲ့ ဖွားဘက်တော်ပါ...။
အတိတ်ကို မေ့မရသူတွေအတွက်
အချစ်အကြောင်းဘယ်လောက်သိလဲ မေးမနေနဲ့တော့...
ငိုသံတွေတိတ်လို့သွားမှ ပြောပရစေ....။
သံယောဇဉ်ရှိကြသူတိုင်းမှာ...
အငိုနဲ့ အိပ်ပျက်ညတွေ ရှည်လျားခဲ့ကြသူတိုင်းမှာ..
အတိတ်ခြေရာတွေ ကျန်ရစ်စမြဲပါဗျာ...

Anonymous said...

အဲ့လိုကြီးတော့ လုပ်ပါနဲ့ဗျို့ .. မိန်းကလေးတစ်ယောက်နဲ့ ကျနော်တို့
ဘလော့က မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဘာမှ ဆိုင်ပါဘူးဗျာ ..
စာတွေ ပြန်ရေးပါဦးဗျာ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ပါစေလို့
ဆုတောင်းပေးပါတယ်ဗျာ

vanko said...

ရှေ့က ဘလော့ဂ်သူငယ်ချင်းတွေ ရေးသွားတာလည်း တော်တော် စုံနေပါပြီ။ ကျွန်တော်အတွေအထူး ထပ်မရေးတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်လေးကိုတော့ စွန့်ခွာမသွားပါနဲ့ဗျာ။ အတိတ် အိပ်မက်ဆိုးတွေက နိုးထပြီး သန့်ရှင်းလတ်ဆတ်တဲ့ နေခြည်နုနုရဲ့ အပွေ့အဖက်ကလေးကို ခံစားကြည့်လိုက်ပါဦးဗျာ။