Monday, October 27, 2008

အလွမ်းလက်ဆောင်

အလွမ်းလက်ဆောင်


ဆောင်းဦးရဲ့ ပထမဆုံး နှင်းပွင့်လေးတွေအတူ
ရောယှက်ဝင်လာတဲ့
မင်းလေးရဲ့ အမုန်းအငြိုးတွေ
ကိုယ့်ရဲ့ ရင်ခွင်တံခါးကို
ကြိမ်ဖန်များစွာ လာခေါက်တဲ့အခါ
ဆီးကြိုခံစားနိုင်တာ ရှိသလို
အကြောင်းမဲ့ စွပ်စွဲချက်တွေအတွက်
ဖြေရှင်းမတတ်နိုင်တဲ့ စကားတွေကြောင့်
ဆွံ့အ နေမိတာ ခဏခဏရယ်ပါ ... .

ကိုယ်တစ်ယောက်ထဲ အထီးကျန်ပြီး
နှလုံးသား အဖျားဒီဂရီ တက်ခိုက်မှာ
ဆောင်းဦး နေ့ရက်လေးတွေ
နောက်တစ်ကြိမ် ထပ်ရောက်လာပြန်တယ်လေ
ဒါပေမယ့် သူတို့ကို ရင်ခွင်တံခါးဝက
ဘယ်လို နှင်ထုတ်ရမယ်ဆိုတာ
ကိုယ် နားမလည်နိုင်ပါဘူး .. ..

ကိုယ်တို့နှစ်ယောက်ကို ပျော်ရွှင်မှုတွေပေးခဲ့တဲ့
ဟိုတစ်ချိန်က ဆောင်းနှင်းပွင့်လေးကို
ဖေးမဖော် မပေးဘဲ
ဥပက္ခာပြုခဲ့မိတဲ့ပြစ်ဒဏ်အတွက်
အခုတော့
မင်းလေး ကိုယ့်အနားမရှိတော့ရင်
အလွမ်းလက်ဆောင်တွေနဲ့အတူ ရောက်လာမယ့်
အေးစက်စက် ဆောင်းရက်ရှည်တွေကို
တံခါးဖွင့်ပေးရတော့မှာမို့ .. ..
ရင်ခွင်တံခါးကို ဖွင့်ထားလျက်ပါ .. ..

6 comments:

ခေါင်ခေါင် said...

ဆောင်းနှင်းပွင့် နဲ့ အလွမ်းတွေ အကြောင်း အေးခဲစွာ ခံစားသွားပါတယ်..
ကဗျာလေး ကောင်းပါတယ်ရှင့်

ကိုတိုး said...

ဆောင်းနှင်းတွေနဲ့ အတူအေးခဲနေတဲ့ ဆောင်းတွင်းလေးမှာ အချစ်ကို လွမ်းနေတာလားမသိဘူးနော်အကို။ ပျော်ရွှင်အဆင်ပြေပါစေဗျာ။

လင်းဒီပ said...

ဆောင်းရက် အေးစက်ချမ်းစိမ့်နေတဲ့ အချိန်ဆို ဘာမှန်းမသိ အလိုလိုကို လွမ်းနေတတ်တာဗျ..

Anonymous said...

ဖွင့်ထားတဲ့ ရင်ခွင်တံခါးလေးအ၀ကို
ဆောင်းနှင်းပွင့်လေးတွေနဲ့အတူ
ချစ်သူလေး အမြန်ဆုံးရောက်ရှိလာပြီး
အလွမ်းရက်ရှည်တွေ အမြန်ဆုံး ဝေးကွာပါစေဗျာ ...

နုညံ့ပြီး စိတ်ကိုလွမ်းမော ဆွတ်ပျံ့စေတဲ့ ကဗျာနုလေးအဖြစ် သဘောကျနှစ်ခြိုက်သွားမိပါကြောင်း ...

ခင်မင်လေးစားစွာဖြင့်

မြတ်သွယ် said...

စကားလုံး ရှင်းရှင်းလေးတွေ ဆောင်းရာသီ ဆောင်းရာသီကိုကြိုက်တော့ခံစားလို့ကောင်းတယ်
အဖျားဒီဂရီတွေ မြန်မြန်လျော့ပါစေနော်
ကောင်းတဲ့ ကဗျာလေး အားပေးသွားပါတယ် :D

sait phay yar said...

ဆောင်းကိုလွမ်းပါတယ်ဆိုနေ.. ငိုချင်တယ်..
ကဗျာလေးကရိုးရိုးလေးဆိုပေမဲ့ အလွမ်းတွေအများကြီးပေးနေတယ်.....