Friday, August 8, 2008

သူမကို ခံစားမိသမျှ



ကျွန်တော်တွေးမိတာ တစ်ခုရှိပါတယ်။ အချစ်တစ်ခုကို ခံစားတတ်ခါစ နှစ်သိမ့်မှု မရလိုက်တဲ့ အခါမှာ ဘ၀ကို အပြစ်ပုံ ချမိတယ်။ ဘ၀ဆိုတာ ဘာမှ မဟုတ်မှန်း၊ ဟာလာ ဟင်းလင်းကြီး ဆိုတာကို သိသွား ရပါတယ်။ ရည်မှန်းချက် တစ်ခုကို ပြတ်ပြတ် သားသား ချတတ်သွား တာပဲလား၊ ကျန်ရှိ နေသေးတဲ့ နေ့ရက်တွေကို ဦးတည်ချက်မဲ့ လှုပ်ရှား နေခြင်းက အဓိပ္ပာယ် တစ်စုံတစ်ရာ ရှိစေမှာလား။ လူ့ဘ၀ဟူသည် ဘာမှမဟုတ်မှန်း သိဖို့အတွက် နဲ့တင် ပေးဆပ်လိုက် ရတဲ့ တန်ဖိုးတွေကတော့ မနည်းလှပါဘူး။ တန်ဖိုးကြီးကြီး ပေးဆပ်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်သွားစေ လောက်အောင် ဘာတွေများ တန်ဖိုး ကြီးကြီး ပေးခဲ့ရပါသလဲ….။

ငါ့မောင်က ဒီအသက်အရွယ်နဲ့ အိမ်ထောင် မပြုသေးဘူးဆိုတော့ မိန်းကလေးတွေကို အထင်မကြီးလို့လား လို့ ကော်ဖီ သောက်နေရင်း သူမ စကားစပြောတယ်။ မရေမရာ နဲ့ ပြန်ပြောလိုက်မိတာကတော့

အထင်မကြီး တာတော့ မဟုတ်ပါဘူး မမ၊ အထင်မကြီးရဲတာပါ .. ..

သူမနဲ့ ကျွန်တော် ကော်ဖီဆိုင်ကနေ ထွက်လာတော့ မိုးချုပ်စပြုနေပါပြီ။ သူမနဲ့ ကျွန်တော် ဘေးချင်းယှဉ် လျှောက်လာရာက သူမကို အသာလေး ခိုးကြည့်မိပါတယ်။ သူမရဲ့ တည်ကြည်လွန်းတဲ့ မျက်နှာမှာ ခံစားမှု တစ်စုံ တစ်ရာကို ကျွန်တော် ဖတ်ရှု ရပါတယ်။ ဒါပေမယ့် နားမလည်ခဲ့ပါဘူး။ လျှို့ဝှက်တာလား နက်နဲတာ လား။ သူမနဲ့ ကျွန်တော် ကားမှတ်တိုင်မှာ ကားရပ်စောင့်ရင်း တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် နေမိတယ်။ အဲဒီအပြုံး နောက်ကွယ်မှာ ကျွန်တော့်ရင်ထဲ ဘာရှိနေတယ် ဆိုတာကို သူမ သိမြင်သွားခဲ့ ပြီလား။ ကျွန်တော်ကတော့ သူမရင်ထဲ ဘာတွေ ရှိနေတယ်ဆိုတာ ကိုတော့ မမှန်းဆတတ်ပါဘူး။ ဒါကြောင့် ပြုံးရုံသာ ပြုံးကြည့်နေမိတယ်။ သူမရဲ့ မျက်လုံးတွေ မှာ ခနဲ့တဲ့တဲ့ ရယ်နေတယ်လို့ ထင်မိပါတယ်။

မင်းနဲ့ငါ ဆယ်စုနှစ်တစ်ခုလောက် အသက်အရွယ် ကွာတော့ တစ်ချို့ကိစ္စတွေ မှာ နားလည်တာခြင်း၊ တွေးခေါ် တာခြင်း ဘယ်တူပါ့မလဲ …

သူမက ကျွန်တော့်ကို ဒုတိယအကြိမ် ထပ်ပြောနေချိန်မှာ ကျွန်တော်တို့ ကားမှတ်တိုင်မှာ ရပ်နေတာ ဆယ်မိနစ်လောက် ကြာခဲ့ပါပြီ။ ကျွန်တော် ဘာမှ ပြန်မပြောနိုင် ခင်မှာပဲ သူမ မျှော်နေတဲ့ လိုင်းကားတစ်စီး ထိုးဆိုက် လာပါတယ်။ လိုင်းကား အပေါ်အတက် သူမက

သုံးဆယ့်ငါး ပြည့်ရင် တို့ တစ်သက်လုံး ယောဂီ ၀တ်တော့မယ်.. .. .. လို့ပြောရင်း လိုင်းကားပေါ် တက်သွားတဲ့ သူမကို ကျွန်တော် ငေးကြည့်ရုံမျှသာ တတ်နိုင်တယ်။ ကျွန်တော် ပြောချင်တာတွေကို ဆွံ့အသွားစေတဲ့ စကားလုံး တွေဖြစ်ပါတယ်။

(၈)မိုင်၊ ပြည်လမ်း လမ်းမပေါ်မှာတော့ လူတွေနဲ့ ကားတွေ ရောထွေး လှုပ်ရှားနေပါတယ်။ ကျွန်တော်တစ်ယောက် ရည်ရွယ်ချက် မရှိပါဘဲ ကားမှတ်တိုင်မှာ ရပ်နေမိပါတယ်။ တစ်ချိန်တည်းမှာ ရင်ထဲ ဟာလာ ဟင်းလင်းကြီး ခံစားရ ပါတယ်။ ထွက်ခွာသွားတဲ့ လိုင်းကားနောက်က လေပွေနှယ် စိတ်ကစင့်ကလျား လွှင့်မျော နေမိတယ်။

အဓိပ္ပာယ်မဲ့ ခေါင်းမော့လိုက်တော့ လမင်းကို တွေ့လိုက်တယ်။ လပြည့်ဖို့ တစ်ရက် နှစ်ရက်သာ လိုတော့တာမို့ ကောင်းကင်မှာ ပြည့်ပြည့်၀၀ပင် သာလို့ နေပါတယ်။ မာကျူရီမီးရောင်တွေနဲ့ ထိန်ထိန်ငြီးနေတဲ့ ရန်ကုန် ညများမို့ လရောင်ကို အပြည့်အ၀ မခံစားနိုင်ပါဘူး။ မှိန်ပျပျမျှသာ…။

လရောင်က လူတွေကို ယစ်မူးစေတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီလိုဆို အချစ်ကရော လူတွေကို ယစ်မူး စေတာပါပဲလား။ သေချာတာကတော့ ကျွန်တော့်အတွက် အမှန်တရားတစ်ခုပါ။ ဒီအခါ ရှင်သန်နေတဲ့ မျှော်လင့်ချက်ကို ကျွန်တော့်ကိုယ်တွင်း တစ်နေရာမှာ ပြန်ကြားယောင် နေမိပါတယ်။ မနက်ဖြန်မှာ ပြန်တွေ့ကြ မယ်ပေါ့။ မနက်ဖြန်ဟူသည် ကျွန်တော်တို့အတွက် အမြဲတမ်း မနက်ဖြန်တွေပဲ ဖြစ်နေမှာပါ။

အိမ်အပြန်လမ်းမှာ ကျွန်တော့်ရင်ထဲ ဘာတွေတင်းခဲ နေသလဲဆိုတော့ တည်ဆောက်ယူခဲ့ရတဲ့ ခွန်အားတွေ၊ သတ္တိတွေနဲ့ သူမကို ပြောပြရပါအုန်းမယ်။ ဘာလဲဆိုတော့ သူမကို ကျွန်တော် အသေအချာ ချစ်မိနေပြီ ဆိုတဲ့ စကားလုံးများသာ ဖြစ်ဖို့ များပါတယ်။

( တစ်စုံတစ်ယောက်ကိုမျှ ရည်ရွယ်ရိုး မရှိခဲ့ပါဘူး။ တိုက်ဆိုင်ခဲ့မယ်ဆိုရင် ခွင့်လွတ် နားလည်ပေးပါလို့ )
(၀န်ခံချက် ။ ပုံကို www.inklingmagazine.com မှ ရယူထားပါတယ်)

Thursday, August 7, 2008

ကွာကွာမားမား Web ကမ္ဘာ (၅၇)


www.fitnessonline.com


ကျန်းမာ ကြံ့ခိုင်ဖို့ ကိုယ်လက် လှုပ်ရှားမှုနဲ့ စနစ်တကျ နေထိုင် စားသောက်မှုဟာ လူတိုင်း အတွက် အရေးကြီး ပါတယ်။ ဒါကြောင့် ကိုယ်လက် လှုပ်ရှား ရတဲ့ အားကစား သည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်မှာ ကျန်းမာရေး နဲ့ အညီ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ရာမှာ နားလည် တတ်ကျွမ်းတွေထံ အကြံပြုချက်များ၊ မိမိကိုယ်ခန္ဓာ အလေးချိန် ထိန်းသိမ်းခြင်း၊ နေထိုင် စားသောက်မှု ပုံစံ၊ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။ ကြွက်သားတွေ ကြီးထွားလှပ လိုတဲ့ အမျိုးသားများအတွက် အကြံပြုချက်တွေ၊ အ၀လွန် သူများအတွက် ကိုယ်အလေးချိန်ကို ဘယ်လို၊ ဘယ်ပုံစံနဲ့ လျော့ချဖို့ ဆွေးနွေးတာတွေ အပြင် လှပပြီး မမ များအတွက်လည်း မိမိ ကိုယ်ခန္ဒာ အချိုးအစားကို ကိုယ်လို ထိန်းသိမ်းရမယ် ဆိုတဲ့ အကြံပြုချက်များ ပါဝင် ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမယ့် အစားသောက်တွေရဲ့ အကျိုး/အပြစ် တွေကို ဖော်ပြပေးတဲ့ Fitness Online ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ ဗဟုသုတအလို့ငှာ ၀င်ရောက် လေ့လာ ပါလို့ မျှဝေပေးချင်ပါတယ်။

Wednesday, August 6, 2008

တစ်စုံတစ်ယောက်ရဲ့ e-Mail Address ကို ဘယ်လိုရှာမလဲ



ကာယကံရှင်ကို တိုက်ရိုက် မေးကြည့် တာ အကောင်းဆုံး ပါပဲ။ ဒါပေမယ့် အင်တာနက် ပေါ်မှာလည်း e-Mail လိပ်စာတွေကို ရှာဖွေလို့ ရနိုင်ပါတယ်။ ပထမဆုံး Google လို အများသုံး Search engine မှာ မိမိ ရှာလိုတဲ့ နာမည်ကို ရိုက်ထည့်ပြီး ရှာပါ။ သူနဲ့ ပတ်သက်တဲ့ Web Page ဒါမှမဟုတ် သူ့ကိုယ်ပိုင် Web Site ကိုတောင် တွေ့နိုင်ပါမယ်။ ဒါပေမယ့် မိမိရှာတဲ့ သူက Google က သိကျွမ်းရ လောက်အောင် မကြီးကျယ်ဘူး ဆိုရင်လည်း တခြား လူပျောက်ရှာတဲ့ အွန်လိုင်း ၀န်ဆောင်မှု တွေရှိပါသေးတယ်။

လူတစ်ယောက်ရဲ့ e-Mail Address ဆိုတာမျိုးက သူကိုယ်တိုင်က ခွင့်မပြုရင် တစ်ခြား အပြင်လူတွေ သိဖို့ ခက်လှပါတယ်။ သို့သော်လည်း

Bigfoot = www.bigfoot.com
ICQ e-Mail Directory = www.ic9.com/search/email.htm
Infospace = www.infospace.com
Internet Address Finder = www.iaf.com
Who Where = www.whowhere.com
Yahoo! People Search = http://people.yahoo.com
The People Search Engine = http://wink.com ( command from mmhan )


စသည်တို့မှာ ကြိုးစားရှာကြည့်ပါ။ ကံအလွန်ကောင်းရင် e-Mail Address သာမက ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ ကိုပါ ထွက်ပေါ်လာနိုင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.
ပုံကို www.flickr.com မှ ရယူထားပါတယ်

ကိုယ်ပို့လိုက်တဲ့ e-Mail ရောက် မရောက်



ပုံမှန်အားဖြင့်တော့ e-Mail တွေဟာ သမားရိုးကျ စာတိုက် စနစ်မှာလို အပျောက်အရှ ဖြစ်မှုမရှိသလောက် နည်းပါး ပါတယ်။ ပို့လိုက်တဲ့ အီးမေးလ်ဟာ လိုရာကို မရောက်နိုင်သေး ရင်လည်း သင့်ဆီကို ချက်ချင်း ပြန်ပြီး အကြောင်းကြား ပါတယ်။ သင် ဘာမှားနိုင်သလဲ ဆိုတာကိုလည်း ထောက်ပြပေးပါတယ်။ လက်ခံမယ့် သူ့ရဲ့ အီးမေးလ် ဆာဗာ Overload ဖြစ်နေတာ၊ down နေတာမျိုးနဲ့ ကြုံရင်လည်း ပို့မယ့် အီးမေးလ်ဟာ မိနစ်ပိုင်း ၊ နာရီပိုင်းကနေ သီတင်းပတ်နဲ့ ချီပြီး ကြန့်ကြာနိုင် ပါတယ်။ အလွန့်အလွန် ဖြစ်နိုင်ခြေ နည်းပါးပေမယ့် အီးမေးလ် တွေဟာ တစ်ခါတလေ လမ်းလွဲ သွားတတ်ပါသေးတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သင့်အီးမေးလ် မရလို့ ပါဆိုပြီး ဆင်ခြေပေးလာရင် အောင့် သက်သက်နဲ့ လက်ခံရမယ့် သဘော ဖြစ်နေ ပါတယ်။ နောက်ပြီး သင့်ဆီက အီးမေးလ်တစ်စောင် ထွက်ဖို့ အတွက် မိနစ် အနည်းငယ်ထက်ပိုပြီး ကြာနေမယ် ဆိုရင် သင့် ISP မှာ ပြဿနာ တစ်စုံတစ်ရာ တက်နေပြီလို့ ယူဆနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အီးမေးလ် တိုင်းကို ကော်ပီ တစ်စောင် ကူးယူထားဖို့တော့ မမေ့ပါနဲ့လို့ သတိပေး လိုပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.
ပုံကို www.tailored.com မှ ရယူထားပါတယ်

ပို့ပြီးတဲ့ e-Mail တစ်ခုကို ပြန်ဖျက်မယ်

ဘယ်လိုမှ လုပ်လို့ မရတော့ပါဘူး။ ဒါကြောင့် Sent ဆိုတဲ့ Button ကို Click မခေါက်ခင် ကတည်းက သေသေ ချာချာ စဉ်းစားဖို့ လိုပါမယ်။ ကိုယ်ရေးထားတဲ့ စာကို မပို့ခင်မှာ ပြန်စစ်ဆေးပါ။ စိတ်ထဲမှာ ဒွိဟ ဖြစ်နေရင် Draft အဖြစ် ခဏတော့ သိမ်းထား လိုက်ပါအုန်း။

ဝန်ခံချက် ။ “The Rough Guide to the Internet” , INTERNET Journal.

Tuesday, August 5, 2008

လူ့ခန္ဓာကိုယ်အတွက် ရေသန့်


လူတွေဟာ နေ့စဉ် အသက်ရှင် နေထိုင်မှု ပုံသဏ္ဍာန် မမှန်ကန်ခြင်း နဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရောဂါဘယ မျိုးစုံတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး ဟန်ချက်ညီညီ နေထိုင်နိုင်တာကို ထိခိုက်စေနိုင်တဲ့ အကြောင်းဖြစ်ခဲ့ ပေမယ့် ခန္ဓာကိုယ်အတွင်း ထိန်းသိမ်းထားတဲ့ ရေဓာတ်နဲ့ ရေထုဟာ သာမန် ထိခိုက်မှုတွေကို အကာ အကွယ်ပေးလျက် ရှိတာကို လေ့လာရပါတယ်။ အဲဒီ ရေဓာတ်နဲ့ ရေထုတို့ဟာ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်း နွမ်းနယ်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ထိခိုက်မှုတွေ နဲ့ စိတ်မငြိမ်မသက်ဖြစ်မှု တွေကို အတိုင်းအတာ တစ်ခုအထိ ကုစားပေး နေတယ် ဆိုတာကို သိရှိရပါတယ်။

လူတွေဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးရမှာ ပဓာနကျပါတယ်။ ဒါပေမယ့် ရေအစား အရက်၊ လက်ဖက်ရည်၊ ကော်ဖီ နဲ့ အခြားအချိုရည် အမျိုးမျိုး သောက်သုံးကြလို့ အာရုံကြောဆိုင်ရာ ဆိုးကျိုးတွေကို ရရှိ ခံစားနိုင်ပါတယ်။ ဒါ့အပြင် ရင်ပူခြင်း၊ လေပွ လေထခြင်း စတာတွေလည်း ဖြစ်စေနိုင်ပါတယ်။

အာရုံကြောတွေ ပုံမှန် အလုပ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ ရေအချိုးအစား ပမာဏ အလုံအလောက် ရရှိရန် လိုအပ်ပါတယ်။ မျှတတဲ့ ရေပမာဏ ရှိမှသာ ခန္ဓာကိုယ် ကလာပ်စည်းများ ကျန်းမာသန်စွမ်းပြီး ရေဓာတ် ခမ်းခြောက် ခြင်းမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ပုံမှာ ၉ ပုံ ဒါမှမဟုတ် ၇၀ ရာခိုင်နှုန်းသည် ရေဓာတ်ပါဝင်နေပြီး ၄င်းတွင် ၉၀ ရာခိုင်နှုန်းဟာ အောက်ဆီဂျင်မှာ ပျော်ဝင်နေပါတယ်။ ခြောက်ပတ်သား အရွယ် သန္ဓေသားရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၁၀၀ ရာခိုင်နှုန်း ပါရှိကြောင်း လေ့လာသိရှိရပါတယ်။ ၄င်း ၁၀၀ ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းက ကလာပ်စည်းအတွင်းရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းက ကလာပ်စည်း ပြင်ပမှာ တည်ရှိနေပါတယ်။

လူရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ သန်းပေါင်းများစွာသော ကလာပ်စည်းများသည် ရေသိုလှောင်ကန် ငယ်လေးများ အဖြစ် တည်ရှိနေပါတယ်။ ၁၅ ဘီလီယံ ခန့်ရှိ ဦးနှောက်ကလာပ်စည်းများသည် ရေပမာဏ ၇၄ ဒသမ ၅ ရာခိုင်နှုန်း လိုအပ်ပါတယ်။ ရေ ၂ ဒသမ ၆ လီတာကို နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များနဲ့ ရေသိုလှောင်ကန် ငယ်များအား ပြန်လည်ဖြည့်တင်း ပေးခြင်းများကို လုပ်ဆောင်ပေးနိုင် ပါတယ်။ ဒါကြောင့် တစ်သက်တာအတွက် ရေပမာဏ တန်ပေါင်း ၆၀ ခန့်ကို သောက်သုံး ဖြစ်ကြပါတယ်။ ဒါကြောင့် မိမိကိုယ်ခန္ဓာ ကျန်းမာ အသက်ရှည်ဖို့အတွက် ကောင်းမွန် သန့်ရှင်းသော သောက်သုံးရေကို ရွေးချယ် သောက်သုံးရန်ပင် အရေးကြီးပါကြောင်း မျှဝေချင်ပါတယ်။

(အခုတစ်လောဖတ်ဖြစ်တဲ့ စာတွေကတော့ ၀ိုင်တွေအကြောင်းပါ။ ၀ိုင်အနီ၊ ၀ိုင်အဖြူ၊ နှစ်ချို့ဝိုင်တို့ရဲ့ ဆေးဘက်ဝင်တဲ့ အကျိုး အာနိသင်တွေ ဖြစ်ပါတယ်။ ၀ါတွင်းကာလ အတွင်း ၀ိုင်အကြောင်း ပို့စ်တင်မိရင် မေတ္တာပို့ မယ့်သူတွေ များနေမှာဖြစ်လို့ မတင်ဖြစ်တော့ပါဘူး)


ဝန်ခံချက် ။ ဖော်ပြပါပုံကို www.lifedynamix.com မှ ရယူထားပါတယ်။

Monday, August 4, 2008

စိတ် .. ..

ကျန်းမာသော ခန္ဓာကိုယ်သည် စိတ် အတွက် ဧည့်ခန်းဆောင် ဖြစ်သည်။
မကျန်းမာသော ခန္ဓာကိုယ်မှာမူ စိတ် အဖို့ အကျဉ်းထောင် ပင်ဖြစ်၏ ။

(ဘေကွန်)

Sunday, August 3, 2008

ရင်နင့်ပန်းတစ်ပွင့်



နားလည်မှုလွဲခဲ့တဲ့ တစ်ခဏ
"ခွမ်း" ကနဲဆို
ရင်ထဲက မြည်သံစွဲ အလင်္ကာ
ကြေမွပြီ ငါ့မှာ ..

မြေပေါ်လူးလိမ့်
ငါ့ချစ်ခြင်းတွေ တကွဲတပြား
ငါ့ဘ၀ တစ်ခုဟာ
ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲကျလို့
တိတ်ဆိတ်ညရဲ့ လေဟာပြင်ထဲ
ဒါဟာ
ငါ့ရဲ့ နောက်ဆုံးမွတ်သိပ်မှုပါ
ပန်းကလေးရယ် ..

အလိုမတူပါဘဲ
ငါ့ကို
အားရ ကျေနပ်စွာ ဝှေ့ယမ်းပြီးမှ
ကြင်နာမဲ့ တွန်းထုတ်ခဲ့ပြီ..
နင်ဟာ
ပြတင်းပေါက်ရှိရာ
ပြေးထွက်ကျော်တက်
မည်းမှောင် ပိန်းပိတ်တဲ့
ငါ့ရဲ့ အခန်းကျဉ်း ခန်းစည်းကို
မင်းလေးရဲ့
တဏှာမဲ့ အေးစက်တဲ့
လက်ချောင်းတွေနဲ့ တွန်းဖယ်ထွက်ရင်း
လျှို့ဝှက်စွာ နှုတ်ဆိတ်လျက်
အလိုမတူပါဘဲ … ငါက……… ။


ဝန်ခံချက် ။ ဖော်ပြပါပုံကို www.hugoeiji.wordpress.com မှ ရယူထားပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၆)


www.Eyejot.com

လူငယ်တွေအကြိုက်ဖြစ်မယ့် ဝက်ဘ်ဆိုက် လေးတစ်ခု မျှဝေ ချင်ပါတယ်။ e-Mail ရယ်၊ Voice mail ရယ် Video ရယ် သုံးမျိုး ပါဝင် ပေါင်းစပ် ထားတဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ အလွယ်အကူ Login နိုင်ပါတယ်။ မည်သည့် Browser နဲ့ OS မဆို တွဲဖက်အသုံးပြုနိုင်ပါတယ်။ Adobe Flash Player အသင့်သုံး ထည့်သွင်းပေးထား တာမို့ ၀င်ရောက်လေ့လာ သူတွေအတွက် အဆင်သင့် ဖြစ်နေပါတယ်။ အကောင်းဆုံးကတော့ Webcam ပါတပ်ဆင် ထားမယ်ဆိုရင် ပို အဆင်ပြေပါမယ်။

Friday, August 1, 2008

ရှုံးတဲ့အခါလည်း ရှုံးပေမပေါ့



စပိန်နိုင်ငံကို ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက လှလှပပ ပြင်ဆင် ထားတဲ့ စားသောက်ဆိုင် တစ်ခုကို ညစာ စားဖို့ ၀င်သွားပါတယ်။ တခြားသူတွေ စားဖို့ ပြင်ဆင်ယူလာတဲ့ ပန်းကန်များကို လေ့လာ ကြည့်လိုက် တဲ့အခါမှာ အင်မတန် လှပတဲ့ ပန်းကန်ပေါ်မှာ အသားတုံး နှစ်တုံးကို လှလှပပ ပြင်ဆင်ပြီး ယူလာတာ တွေ့ရပါတယ်။
စားပွဲထိုးက ဘာစားမှာလဲ လို့ ဧည့်သည်ကို မေးလိုက်တဲ့ အခါ သူက တခြားသူတွေ စားနေတဲ့ အသားတုံး နှစ်တုံးကို လက်ညှိုး ထိုးပြပြီး အဲဒါ ဘာလဲလို့ မေးကြည့်ပါတယ်။

စားပွဲထိုးက ကျွန်တော်တို့ စပိန်နိုင်ငံမှာ ကျွဲရိုင်းသတ်ပွဲ များကျင်းပပါတယ်။ ရှုံးသွားတဲ့ ကျွဲသေကို စားသောက်ဆိုင် ယူလာပြီး ကျွဲများရဲ့ ဝှေးစေ့ကို ကင်ပြီး စားသောက် အောင်ပွဲခံတာပါ လို့ရှင်းပြပါတယ်။ ဒီတော့ ခရီးသည်က အဲဒီ ကျွဲရိုင်းဝှေးစေ့ကိုပဲ စားမယ်လို့ မှာလိုက်ပါတယ်။ စားပွဲထိုးက ကျွဲရိုင်းဝှေးစေ့ ဒီနေ့အတွက် ကုန်သွားပြီ ဖြစ်လို့ နောက်နေ့မှ လာစားပါခင်ဗျာ လို့ ပြန်ပြောလိုက်ပါတယ်။ ခရီးသည်ကလည်း သဘောတူ ပါတယ်။

နောက်တစ်နေ့ စားသောက်ဆိုင်ကလည်း သူတို့ ကတိပေးထားတဲ့ အတိုင်း လှလှပပ ပြင်ဆင်ထားတဲ့ အသားတုံး နှစ်တုံးကို တည်ခင်းပေးပါတယ်။ ဒါပေမယ့် ခရီးသည် အနေနဲ့ မနေ့ကသူ တွေ့လိုက်ရတဲ့ အသားတုံးထက် အဆမတန် သေးငယ်နေတာ တွေ့ရတာမို့ မကျေမနပ်ဖြစ်ပြီး မနေ့က ကျွန်တော်တွေ့တာ အသားတုံးက တော်တော်ကြီးပါတယ်။ ဒီနေ့ ကျွန်တော့်ကို ဘာအတွက်နဲ့ သေးသေးလေး ပေးရတာလဲ လို့ မေးလိုက်ပါတယ်။ ဒီတစ်ခါ စားပွဲထိုးက တစ်ခါတလေ ကျွဲရိုင်းတွေလည်း နိုင်သွားတတ်ပါတယ် နောင်ကြီး လို့ ဖြေလိုက်ပါတယ်။

သောကတွေ မောဟတွေ ကြားကနေ ပြုံးပျော်နိုင်ပါစေ…. ။
(နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲနော်)

ဝန်ခံချက် ။ ပုံကို www.vinogusto.com မှ ရယူထားပါတယ်။