Tuesday, June 25, 2019

ကျောက်ကပ်ကျန်းမာရေး နှင့် ဓာတ်စာ


ကျောက်ကပ်ကျန်းမာရေး နှင့် ဓာတ်စာ

ပဲကြီးစေ့ပုံစံ လက်တစ်ဆုပ်စာ ကျောက်ကပ်အင်္ဂါ ဟာ ကျောရိုးအောက်ဖက် တစ်ဖက်တစ်ချက် မှာရှိတယ်။ ရေနှင့် သတ္တုဓာတ်များ ၊ သွေးဆဲလ်များ ၊ ပရိုတိန်းစတဲ့ ပမာဏကိုထိန်းသိမ်းပေးတဲ့ ကြီးမား တဲ့လုပ်ငန်း အညစ်အကြေးစွန့်ထုတ်အင်္ဂါဖြစ်တယ်။ ကျောက်ကပ်အား နည်းရောဂါဟာ အသက်အရွယ် အသီးသီးမှာတွေ့ရနိုင်ကာ ပြင်းထန်မှသာ သိကြရတယ်။

          ကျောက်ကပ်မှာ သွေးစစ်ဆန်ခါတစ်သန်းခန့်ရှိပြီး တစ်နေ့ဂါလန် ၄၀ ခန့်စစ်ထုတ်ကာ သွေးကိုသန့်စင်စေပြီး ဆီးကိုအညစ်အကြေးအဖြစ် စွန့်ထုတ်တယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏ အာဟာရဓာတ်တွေချန်ထားပြီး ပိုလျှံတဲ့ရေ၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိပစ္စည်းများ၊ ပိုလျှံနေတဲ့အာဟာရတွေကို ဆီးအဖြစ်စွန့်ထုတ်တယ်။


          သွေးပေါင်ချိန်ထိန်းသိမ်းခြင်း၊ သွေးနီဥထုတ်လုပ်ခြင်း၊ ဗီတာမင်ဒီလှုံ့ဆော်ခြင်း၊ အရိုး တွေသန်မာစေတယ်။ ကျောက်ကပ်နှစ်လုံးမှာ တစ်လုံးကောင်းရုံနဲ့ ရောဂါလက္ခဏာ မပြတတ်ဘူး။ ကျောက်ကပ်တစ်လုံးတည်းနဲ့ အသက်ရှင်သန်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့လုပ်ငန်း လေးပုံသုံးပုံထိ ပျက်စီးနေပေမယ့် ရောဂါမပြတတ်ဘူးဆိုတယ်။ ဆိုလိုတာက ကျောက်ကပ်တစ်လုံးရဲ့ ထက်ဝက် ကောင်းနေသေးရင်ပင် ကျောက်ကပ်အန္တရာယ် မပြသနိုင်ပါ။

          ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အဓိက ရောဂါ ၂ မျိုးမှာ သွေးတိုး ၊ နှလုံးသွေးကြော နှင့် ဆီးချို တို့ဖြစ်သည်။ ကျောက်ကပ် ကောင်း-မကောင်း နှစ်စဉ်မှန်မှန် စစ်ပေးသင့်သည်။ ဆီးထဲမှာ အသားဓာတ်ပါရင် ကျောက်ကပ် မကောင်းတာ ပြသည်။ ဆီးကို ဖန်ပြွန်ထဲထည့်ကာ ဆူအောင် အပူပေးပြီး အအေးခံရင် အနည်ဖြူများ ကျလာတယ်။ ယင်းမှာ အယ်ဗျူမင် တွေဖြစ်ကာ ကျောက်ကပ် စစ်ထုတ်နှုန်း မကောင်းလို့ ဖြစ်တယ်။ ကျောက်ကပ် စစ်ထုတ်နှုန်း Glomerular Filtration Rate (GFR) ၆၀ အောက်ဆိုရင် နာတာရှည် ကျောက်ကပ်ရောဂါ ရှိတယ်။ GFR ၁၅ အောက်ဆိုရင် ကျောက်ကပ် အလုပ်မလုပ်နိုင်တဲ့ သဘောဖြစ်တယ်။  ဆိုဒီယမ် နဲ့ အသားဓာတ် လျှော့စားခြင်း ၊ သွေးပေါင်ချိန် ထိန်းခြင်း ၊ အ၀မလွန်အောင် ထိန်းခြင်း ၊ ကိုယ်လက် အားကစား နေ့စဉ်နာရီဝက် အပြေး ၊ စက်ဘီးစီး ၊ လမ်းလျှောက် ၊ ရေကူး လုပ်ပါက ကျောက်ကပ် ကျန်းမာရေး ကောင်းမွန်စေပါသည်။

          ကျောက်ကပ် ကျန်းမာရေးဟာ စားတဲ့အစာ အပေါ်မှာ မူတည်တယ်။ ခန္ဓာကိုယ်အင်္ဂါ အသီးသီးကို ဆဲလ်တွေနဲ့ တည်ဆောက်ထားတယ်။ ကလူးဂို့စ် အပါအ၀င် လိုအပ်တဲ့ ဆဲလ်ရဲ့ အာဟာရတွေ အစားအစာမှ ရတယ်။ အစားအစာ ဆိုတာ ဗိုက်ဆာလို့ ဆာမှ စားတာမဟုတ်ဘဲ ခန္ဓာကိုယ် အတွက် လုံလောက် ပြည့်စုံမျှတတဲ့ အစားအစာ ဖြစ်ဖို့ လိုပါသည်။ သွေးထဲမှာ ဂလူးဂို့စ် ပမာဏကျသွားတဲ့ အခါ ဦးနှောက်ရဲ့ ဆာလောင်ခြင်းကို လှုံ့ဆော်ကာ ဗိုက်ဆာခြင်း ဖြစ်စေတယ်။ ဗိုက်ပြည့်ရင် ဦးနှောက်ရဲ့ ဗိုက်ပြည့်စင်တာ ကို သတင်းပို့လို့ တင်းတိမ် သွားတယ်။

          သွေးထဲမှာ ဂလူးဂို့စ်ပမာဏ ကျသွားခြင်း ဖြစ်တဲ့အခါ ဦးနှောက်ရှိ ဆာလောင်ခြင်း ဗဟိုဌာနချုပ် ကို လှုံ့ဆော်တယ်။ စားလိုက်တဲ့ အစာတွေကို အစာအိမ်အူလမ်းကြောင်း တစ်လျှောက် တံတွေး ၊ အစာခြေဂလင်း ၊ သည်းခြေရည် ၊ ပန်ကရိယ အင်ဇိုင်းတို့က ပါဝင် ကူညီသည်။ အစာမှာပါဝင်တဲ့ ကစီဓာတ် ၊ အသားဓာတ် ၊ အဆီဓာတ် ၊ ဓာတ်သတ္တု ၊ ဗီတာမင် နဲ့ ဆွေးတွေ အူသိမ်နံရံ အတွင်း စုပ်ယူတယ်။ သွေးထဲမှ အသည်းကို ရောက်ရှိတယ်။ အသည်းမှ လိုအပ်တာ စုပ်ယူ သိုလှောင်ကာ ခန္ဓာကိုယ် အသီးသီးကို အာဟာရ ပို့ဆောင်ပေးတယ်။ စွန့်ထုတ်တဲ့ အညစ်အကြေး တွေကိုတော့ ဆီး အစြဖ် ကျောက်ကပ်က စွန့်ထုတ်ပေး ပါတယ်။

          အာဟာရ လုံလောက်စွာ မရရင် အာဟာရ ချို့တဲ့ခြင်း ဖြစ်ကာ အာဟာရ လွန်ကဲရင် အ၀လွန်ခြင်း ဖြစ်စေတယ်။ ခန္ဓာကိုယ် ပုံမှန်အချိုးအစား BMI ( ကိုယ်အလေးချိန် (ကီလိုဂရမ်) × အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်း )နဲ့ စားလို့ရတဲ့ရလဒ် ဖြစ်လို့ သာမန် (၁၈ ဒသမ ၉ - ၂၄ ဒသမ ၉ ) အတွင်း ရှိရမယ်။ အာဟာရ ချို့တဲ့ရင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှောင့်နှေးခြင်း ၊ ကိုယ်ခံအားနည်းလို့ ကူးစက် ရောဂါဖြစ်ပွား လွယ်ခြင်း ၊ ဗီတာမင် ချို့တဲ့ရောဂါ ဖြစ်တယ်။ အ၀လွန်ရင် နှလုံးသွေးကြော ရောဂါ ၊ သွေးတိုး လေဖြတ်ရောဂါ ၊ ဆီးချို ၊ သွေးချိုရောဂါ တို့ ဖြစ်နိုင်တယ်။ အာဟာရ ပြည့်ဝဖို့နဲ့ ကိုယ် အလေးချိန်ထိန်းဖို့ မျှတတဲ့ အစာစားဖို့ လိုအပ်တယ်။

          မျှတတဲ့ အစာဆိုတာ လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးများ ၊ ဟင်းသီးဟင်းရွက်များ ၊ ကောက်ပဲသီးနှံများ ၊ ပဲတောင့်ရှည် ၊ အခွံမာသီးများ ၊ အဆီနည်းတဲ့ အသားတွေ ပါဝင်တယ်။ သာမန် လူတစ်ယောက် တစ်နေ့ကယ်လိုရီ ၂၀၀၀ ရှိတဲ့ အစာစားပေးရင် လုံလောက်တယ်။ အသက်အရွယ် ၊ ကိုယ်လက် လှုပ်ရှားမှု အလုပ်အကိုင် အပေါ် မူတည်ကာ ပြောင်းလဲနိုင်တယ်။ အလုပ်ကြမ်း သမားမှာ ကယ်လိုရီ ပိုမိုလိုအပ်ကာ အထိုင်များသူမှာ ကယ်လိုရီ အနည်းငယ် လိုအပ်တယ်။

          ကျန်းမာရေးအတွက် အန္တရာယ် ပေးတာ ဗလာကယ်လိုရီ သို့မဟုတ် အာဟာရတန်ဖိုး လုံးဝမရှိဘဲ ကယ်လိုရီ သက်သက်ပေးတဲ့ သကြားနဲ့ ပြည့်ဝဆီ ရှိတယ်။ သကြားနဲ့ ပြည့်ဝဆီ ၊ ၀က်ဆီ ၊ အုန်းဆီ ၊ ပြန်ကြော်ဆီ တို့က အ၀လွန်ခြင်း ၊ နှလုံးသွေးကြော ရောဂါ ၊ သွေးတိုးရောဂါ ၊ သွေးချို ၊ ဆီးချိရောဂါ ဖြစ်စေနိုင်တယ်။ ၀က်ပေါင်ခြောက် ၊ ကြက်အူချောင်း ၊ ၀က်အူချောင်း ၊ ကိတ်မုန့် ၊ ဒိန်ခဲ ၊ ကွတ်ကီး ၊ ဒိုးနတ် ၊ အားဖြည့်အချိုရည် ၊ သစ်သီးဖော်ရည် ၊ ရေခဲမုန့် ၊ ပီဇာ ၊ အချိုရည် နဲ့ ဆိုဒါများ သောက်သုံးခြင်းက ဗလာ ကယ်လိုရီကို ရစေတယ်။

          ဆီးချို သွေးချို သမားကလွဲပြီး ကျန်သူတွေ သစ်သီးဝလံ ချိုချိုစားခြင်းက အန္တရယ် မရှိဘူး။ ဆီးချိုသမားက အချိုပေါ့တဲ့အသီး ဥပမာ- ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး စားသင့်တယ်။ ဟင်းသီး ဟင်းရွက်မှာ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်လို့ မှန်မှန်စား သုံးသင့်တယ်။

          လုံးတီးဆန်၊ နှံစားပြောင်း၊ ဂျုံကြမ်းတို့ဟာ ဖြူအောင်ဖွပ်ထားတဲ့ သီးနှံတို့ထက် ကျန်းမာရေး အတွက်ကောင်းတယ်။ အခွံမာသီးမှာ မိုနိုမပြည့်ဝဆီနှင့် ပေါ်လီမပြည့်ဝဆီပါဝင်လို့ ကိုလက်စထရောကို ကျစေတယ်။ အမျှင်ဓာတ်၊ ဗီတာမင်ဘီအမျိုးမျိုး၊ ဖောလိတ်၊ ဗီတာမင်အီး၊ ဓာတ်သတ္တုများ (ထုံးဓာတ်၊ သံဓာတ်၊ သွပ်ဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်)၊ ဓာတ်တိုး ဆန့်ကျင်ဓာတ်သတ္တုများ (ဆီလီနီယမ်၊ မင်ဂနီ၊ ကြေးနီဓာတ်များ)၊ ဓာတ်တိုး ဆန့်ကျင်ဓာတ်သတ္တုများ (ဖလေဗီနွိုက်၊ ရီဗာရာထရောနှင့် အပင် စတီရော) တို့ပါဝင်လို့ ကျန်းမာသက်ရှည်ရေးအတွက် အထောက်အကူများစွာပြုပါသည်။

          အခွံမာသီးမှာ အသားဓာတ်ကြွယ်ဝခြင်းနှင့် ဆိုဒီယမ်နည်းကာ ပိုတက်ဆီယမ်များခြင်း တို့ကြောင့် ကျန်းမာရေးပိုကောင်းစေတယ်။ အခွံမာသီး တစ်နေ့ဂရမ်၃၀စားရင် နှလုံးရောဂါကို ၃၀-၅၀ ရာခိုင်နှုန်းလျော့ကျစေတယ်။ အမျှင်ဓာတ်နဲ့ အပင်စတီရောတို့က ကိုလက်စထရောကို အူမှပြန်မစုပ်ဖို့ တားဆီးပေးတယ်။ အာဂျီနင်းအမိုင်နိုအက်စစ်တစ်မျိုးဟာ သွေးကြောတွေ ပျော့ပျောင်းစေကာ သွေးကြောမာခြင်း၊ ကျဉ်းခြင်း လျော့ပါးစေတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ဓာတ်တိုးခြင်း နဲ့ ရောင်ရမ်းခြင်းကို တားဆီးပေးတယ်။ သွေးပေါင်ချန်ထိန်း ရာမှာ အထောက်အကူ ပြုလို့ သွေးတိုး ရောဂါ ကုသခြင်းမှာ အသုံးပြုတယ်။

          မိုနီ မပြည့်ဝဆီ ၂၀ ရာခိုင်နှုန်း နဲ့ ပြည့်ဝဆီ ၁၀ ရာခိုင်နှုန်း ဟာ ကျန်းမာရေး အတွက် ကောင်းတယ်။ ဥပမာ နေကြာဆီ ၊ မြေပဲဆီ ၊ နှမ်းဆီ ၊ ပဲပုပ်စေ့ဆီ စတာတွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီတယ်။ ပင်လယ်ငါး ၊ သစ်ကြားသီး ၊ ဂုန်လျှော်စေ့ ၊ ထောပတ်သီး ၊ သံလွင်ဆီ ၊ ကင်နိုလာဆီ ၊ ဟင်းရွက်ဆီ စတဲ့ အဆီတို့က ကျန်းမာရေးအတွက် ကောင်းတယ်။

          မပြည့်ဝဆီ အစား မက်တီပြည့်ဝဆီ ၊ ၀က်ဆီ ၊ ဆီအုန်းဆီ ၊ ပြန်ကြော်ဆီ တို့ဟာ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အယ်ဒီအယ် ၊ ကိုလက်စထရော နဲ့ ထရိုင်ဂလစ်စရိုက် တွေကို များပြားစေလို့ မသုံးသင့်ဘူး။ ယင်းတို့က နှလုံးသွေးတိုးနဲ့ လေဖြတ်ရောဂါ ကို ဖြစ်စေပါတယ်။ စားသုံးဆီတိုင်းမှာ အဆီအက်စစ် ၃ မျိုး ပါဝင်တယ်။ ယင်း ၃ မျိုးက ပေါ်လီ မပြည့်ဝဆီ ၊ မိုနိုမပြည့်ဝဆီ အများဆုံး ပါဝင်ကာ ပဲပုပ်စေ့ နဲ့ ပြောင်းဖူးဆီ တွေမှာ ပေါ်လီမပြည့်ဝဆီ အများဆုံး ပါဝင်တယ်။ စားအုန်းဆီ မှာ ပြည့်ဝဆီ အများဆုံး ပါဝင်လို့ ရှောင်ရှားသင့် ပါတယ်။

          ထောပတ်သီးမှာ မိုနိုမပြည့်ဝဆီ ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး မိုနိုမပြည့်ဝဆီ ပါတဲ့ အဆီတွေမှာ ပထမ ဖြစ်တယ်။ ဒုတိယမှာ သံလွင်ဆီ ဖြစ်တယ်။ ထောပတ်သီးမှာ ပေါ်လီမပြည့်ဝဆီ ၁၀ ရာခိုင်နှုန်း ပါပြီး ပြည့်ဝဆီ ၂၀ ရာခိုင်နှုန်း ပါလို့ အကောင်းဆုံးလို့ ပြောဖို့ခက်တယ်။ ပြည့်ဝဆီ များတဲ့ ထောပတ်ဆီ ၊ အုန်းဆီနဲ့ စားအုန်းဆီ တို့ အဆိုးဆုံး ဖြစ်တယ်။

          စပျစ်သီးအစေ့အဆီ မှာ ပေါ်လီ မပြည့်ဝဆီ ၇၁ ရာခိုင်နှုန်း ၊ မိုနိုမပြည့်ဝဆီ ၁၇ ရာခိုင်နှုန်း ၊ ပြည့်ဝဆီ ၁၂ ရာခိုင်နှုန်း ပါဝင်တယ်။ ကင်နိုလာဆီ မှာ မိုနိုမပြည့်ဝဆီ ၆၂ ရာခိုင်နှုန်း ၊ ပေါ်လီ မပြည့်ဝဆီ ၃၂ ရာခိုင်နှုန်း နဲ့ ပြည့်ဝဆီ ၇ ရာခိုင်နှုန်း ပါဝင်တယ်။ အိုမီဂါ ၃ အဆီ ပါဝင်တဲ့အပြင် ကင်နိုလာဆီ ဟာ စွယ်စုံသုံးဆီ ဖြစ်ပြီး ဈေးသက်သာတယ်။

          အခွံမာသီး စားသုံးသူဟာ ဆီးချို အမျိုးအစား(၂) ရောဂါ ဖြစ်နှုန်းကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေတယ်။ ဆီးချို(၂) ရောဂါရှိသူများ ကစီဓာတ်နဲ့ အခွံမာသီး တွဲဖက်စားရင် ကစီဓာတ်ကို အစာအိမ် အူလမ်းကြောင်း တစ်လျှောက် ရွေ့လျားရာမှာ နှေးကွေးစေခြင်း ၊ ကစီဓာတ် ချေဖျက်မှု လျော့စေခြင်း ၊ အင်ဆူလင် အာနိသင် တိုးစေခြင်း တို့က ဆီးချိုကို ထိန်းပေးနိုင်တယ်။ ဒါကြောင့် ကျောက်ကပ် ကျန်းမာရေးအတွက် သင့်လျော်မယ့် ဓာတ်စာ စားသုံးခြင်းဖြင့် ကျန်းမာအောင် နေထိုင်ကြဖို့ ရေးသားလိုက်ရ ပါတယ်။

ဒေါက်တာ လွင်သန့်
ပုံ = အင်တာနက်

No comments: