Thursday, June 20, 2019

အ၀လွန်ခြင်းကို ထိန်းပေးသော အစားအစာများ


အ၀လွန်ခြင်းကို ထိန်းပေးသော အစားအစာများ

လူသားတို့ စားသုံးနေကျ အစာအာဟာရ ၃ မျိုးရှိသည်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးစေသော အုပ်စုမှ အသား ၊ ငါး ၊ ပုစွန်၊ နို့ထွက်ပစ္စည်း နှင့် ပဲအမျိုးမျိုး ပါဝင်သည်။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေသော အုပ်စုမှာ ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ သကြား ပါဝင်သည်။ ခန္ဓာကိုယ် အတွင်းအပြင် ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကာကွယ်ပေးသော ဟင်းသီးဟင်းရွက်များ ၊ အသီးအနှံများ ၊ သစ်သီးဝလံများ ပါဝင်သော အုပ်စုတို့ ဖြစ်သည်။

အ၀လွန်ခြင်းကို ထိန်းပေးသော အစာအချို့မှာ အသီးအနှံများ ၊ သစ်သီးဝလံများ ပါဝင်သော အုပ်စုဖြစ်သည်။ အ၀လွန်ခြင်းကို ထိန်းပေးသော အစာအချို့မှာ -

ခရမ်းချဉ်သီး ။ ။ ဟင်းသီးဟင်းရွက်ထဲတွင် ခရမ်းချဉ်သီးသည် အာဟာရ ကြွယ်ဝပြီး ဆေးဖက်ဝင်သော အစားအစာဖြစ်သည်။ ခရမ်းချဉ်သီးကို မချက်မပြုတ် ၊ အစိမ်းလိုက် ၊ အတို့အမြှုပ် လုပ်စားလျှင် ဗီတာမင်စီဓာတ် ကို မပျက်မစီး ရရှိနိုင်သည့်အပြင် အခြား အရေးပါသော သက်စောင့်ဓာတ်ကို ရရှိစေသည်။


ခရမ်းချဉ်သီးကို ဘယ်လိုပဲ စားသုံးပါစေ အကျိုးရှိသည်။ လိုင်ကိုပင်းဓာတ် သည် အာနိသင် ၂ ဆ ရရှိစေနိုင်သည်။ ကင်ဆာရောဂါ တိုက်ဖျက်ရာတွင် ပါဝင်သော အားပြင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်သည်။ ခရမ်းချဉ်သ၊ီး အမြဲပါအောင် စားသုံးလျှင် အ၀လွန်ရောဂါ ၊ ဆီးကျိတ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ ၊ အူမကြီးကင်ဆာ ၊ ခံတွင်းကင်ဆာ ၊ လည်ချောင်းကင်ဆာ ၊ အရေပြားကင်ဆာ တို့ဖြစ်ခြင်းမှ ကင်းဝေးစေနိုင်သည်။

လိုင်ကိုပင်းဓာတ် သည် ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေသော ဓာတ်ဖြစ်သဖြင့် ခရမ်းချဉ်သီး အနီရောင်စားပေးပါက ခန္ဓာကိုယ်တွင် ဆဲလ်များကို ကင်ဆာ မကူးစက်စေရန် နှင့် မပျံ့နှံ့စေရန် ကာကွယ်ပေးသည်။ ခရမ်းချဉ်သီး ၊ မုန်လာဥနီ ၊ မုန်ညင်းရွက် ၊ ဟင်းနုနယ်ရွက် တို့မှာ အမျှင်ဓာတ်များစွာ ပါပြီး စားသုံးပါက ဆာလောင်မှု ပျောက်စေကာ အ၀လွန်ခြင်းကို ထိန်းပေးသည်။

ပင်လယ်ငါး ။ ပင်လယ်ငါးမှ ရသောအဆီသည် ကယ်လိုရီ နည်းပါးသဖြင့် အ၀လွန်ခြင်း ကို ကာကွယ်ပေးသည်။ ပင်လယ်ငါးရှိ အဆီများတွင် အိုမီဂါ(၃) ၊ ဖက်တီးအက်စစ် ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အကျိုးထူးများ ရနိုင်သည်။ အဆီများသော ပင်လယ်ငါးကို စားပါက အ၀လွန်ရောဂါ ၊ နှလုံးသွေးကြောကျဉ်း ရောဂါ ၊ အရိုးအဆစ်ရောင်ရမ်းနာ ၊ ဆီးချို ၊ နာတာရှည် အရေပြား ရောဂါနှင့် ရုတ်တရက် နှလုံး တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံး နိုင်သော ပြဿနာများ လျော့နည်း သက်သာ စေနိုင်သည်။

ပင်လယ်ငါးတွင် ဝေလငါး ၊ ပင်လယ်ဖျံ ၊ ဆော်လမွန်ငါး ၊ မက်ကာရင်းငါး ၊ တူနာ နှင့် အခြားငါးများ ပါဝင်သည်။ ပင်လယ်ငါး လုံးဝမစားသူများထက် ပင်လယ်ငါး တစ်ပတ်တစ်ကြိမ် စားသူများက ကိုယ်အလေးချိန် ၂ ပေါင် လျော့နည်းစေသည်။ နှလုံးခုန်နှုန်း မမှန်ခြင်းသည် အိုမီဂါ(၃) အဆီ ၊ အက်စစ် နှင့် ဟင်းချက်ဆီ ထုတ်ုပ်သည့် အစေ့အဆန်များမှ ရရှိနိုင်သေ အိုမီဂါ(၆) အဆီအက်စစ်တို့ ပါဝင်မှု ဟန်ချက်ညီမျှခြင်း မရှိသောကြောင့် ဖြစ်သည်။

ကြက်ဥး ကြက်ဥစားခြင်းက ကျန်းမာရေးကို ဥပဒ်ဖြစ်စေသဖြင့် မကောင်းဟု ဆိုကြသော်လည်း ကြက်ဥတွင် ပါဝင်သေ အမျှင်ဓာတ် နှင့် ပရိုတိန်းဓာတ် သည် ဆာလောင်မှု ပြေပျောက်စေသည့် ကိုယ်အလေးချိန် ၀ိတ်လျှော့အစာများ ကဲ့သို့ ထိရောက်စေသည်။

ချင်း ။ ချင်းသည် အလွန်အစွမ်းထက်သော ဓာတ်တစ်မျိုး ဖြစ်သည်။ ချင်းတက် သို့မဟုတ် ချင်းထွက်ပစ္စည်း အစားအသောက် များကို ပုံမှန် စားသုံးပေးပါက ခန္ဓာတကိုယ် အလေးချိန်ကို ကျစေနိုင်သည်။ အ၀လွန်ခြင်းကို ထိန်းပေးသည်။

သရက်သီးး သရက်သီးတစ်စိတ်က နေ့စဉ်ဗီတာမင်အေ လိုအပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးသည်။ မျက်စိ အမြင်ကောင်း စေသည်။ မျက်စိနှင့် ပတ်သက်သော အတွင်းအပြင် ရောဂါ ကောင်းစေသည်။ သရက်သီးတွင် အစာခြေအင်ဇိုင်းများ ပါဝင်သောကြောင့် အစာချေဖျက်ရာတွင် အစွမ်းထက်သည်။ အစာအိမ်ထဲတွင် အက်စစ်ဓာတ် လွန်ကဲမှုကို ကာကွယ်ပေးကာ အမျှင်ဓာတ် အများအပြား ပါဝင်သဖြင့် ၀မ်းချုပ်ခြင်း ကင်းပြီး ဓာတ်လေးပါးကို မှန်စေသည်။

သရက်သီးတွင် ပါဝင်သည့် ဂလူတာမိတ် အက်စစ်သည် ဦးနှောက် ဖွံ့ဖြိုးမှုကို ကောင်းစေသည်။ ကလေးငယ်များ ဦးနှောက် တည်ဆောက်မှုကို အကျိုးဖြစ်စေပြီ ကလေးများ၏ မှတ်ဥာဏ် ပိုကောင်းစေသည်။ လူကြီးများ သတိမေ့ခြင်းကို ကာကွယ်ပေးသည်။ သရက်သီးစိတ် လွှာပြီး မျက်နှာပေါ် ၁၀ မိနစ် ကပ်ထားပါက ချွေးပေါက်များ ပွင့်စေသည်။

ဗာဒံစေ့ ။ ဗာဒံစေ့ သည် လူကြီးလူငယ်များ အဆာပြေစားသော သရေစာဖြစ်သည်။ ဗာဒံစေ့ကို တစ်နေ့ လက်တစ်ဆုပ်ခန့် စားသုံးခြင်းက အ၀လွန်ခြင်းကို ကာကွယ်ပေး နိုင်သည်။ မကောင်းသော အဆီဓာတ်များ ကျစေပြီး ကောင်းသော ကိုလက်စထရော HDL  မြင့်စေသည်။ နှလုံးအဆီဖုံးရောဂါ ၊ လေဖြတ်ရောဂါ စသော ရောဂါများ သက်သာစေသည်။ ဗာဒံစေ့ကို နေ့စဉ် သို့မဟုတ် တစ်ပတ် အနည်းဆုံး ၃ ကြိမ်အထိ စားသုံးပေးသင့်သည်။

ဗာဒံစေ့ တစ်အောင်စလျှင် ကယ်လိုရီ ၁၆၇ ဂရမ် ၊ ပရိုတိန်း ၆ ဂရမ် ၊ ဖိုက်ဘအမျှင်ဓာတ် ၃ ဂရမ် ပါဝင်နေသဖြင့် အာဟာရဓာတ် ပြည့်ပြည့်၀၀ ရရှိစေပြီး ဆာလောင်မွတ်သိပ် မှုကို ပြေပျောက်စေနိုင် သောကြောင့် ခန္ဓာကိုယ် အဆီတက်ခြင်း ၊ အ၀လွန်ခြင်း ကို ကာကွယ်ပေးသည်။ အစာ အာဟာရကို မထိခိုက်စေဘဲ ကိုယ်အလေးချိန် ကျစေနိုင်သည်။

ပန်းသီး ။ ပန်းသီးတွင် အမျှင်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်နေသဖြင့် စားရန် အလွန်သင့်လျော်သော ဓာတ်စာအသီး ဖြစ်သည်။ ဖိုက်ဘာအမျှင်ဓာတ် သည် အစာချေဖျက်ပေးသော လုပ်ငန်းကို ကောင်းစေသည်။ ၀မ်းချုပ် ၊ ဓာတ်ချုပ် ကာကွယ်ပေးပြီး ၀မ်းကို မှန်စေသောကြောင့် အစိာမ်ရောဂါ ၊ လိပ်ချောင်းရောဂါ များမှ ကင်းဝေးစေသည်။ မကောင်းသော ကိုလက်စထရော LDL အဆီဓာတ် များကို လျော့နည်းစေပြီး ကောင်းသော ကိုလက်စထရော HDL အဆီပမာဏကို မြင့်မားစေနိုင် သောကြောင့် ရောဂါဘယ အမျိုးမျိုးတို့မှ ကင်းဝေးစေနိုင်သည်။

ပန်းသီးကို နေ့စဉ်စားသုံး ပေးခြင်းဖြင့် ကယ်လိုရီ မတက်စေဘဲ ဆာလောင် မွတ်သိပ်မှုကို ပြေပျောက် အဆာခံနိုင် စေသောကြောင့် ခန္ဓာကိုယ် အလေးချိန် တက်ခြင်းမှ ကာကွယ်ပေးသည်။ အ၀လွန်ခြင်းကို လျော့ကျ စေနိုင်သည်။ အဆီတိုး ၊ အဆီတက်ခြင်း တို့မှ ကင်းဝေးစေသည်။ ရောဂါဘယ အမျိုးမျိးတို့မှလည်း ချမ်းသာရာ ရစေနိုင်သည်။ ခန္ဓာကိုယ် အ၀လွန်ခြင်းဘေးမှ ကင်းဝေးစေနိုင်ပြီး အစာအာဟာရဓာတ်များ မလျော့မပျက်စေဘဲ ဘေးထွက်ဆိုးကျိုး အန္တရာယ် ကင်းကင်းဖြင့် ကျန်းမာ အသက်ရှည်စေရန် အဆီတိုးဝစေခြင်း ကို လျော့နည်းစေနိုင်သော အစားအစာ များကို ရွေးချယ် စားသုံးသင့်သည်။

အစာလည်းဆေး ၊ ဆေးလည်းအစာ ဆိုထားသဖြင့် အော်ဂဲနစ် ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ ၊ ငါးများကို များများ စားသုံးပေးသင့်သည်။ လမ်းဘေး အသင့်အမြန်စား အစားအစာများကို ရှောင်ကြဉ်သင့် သည်။ အသင့် အမြန်စား အစားအစာများမှာ ပြည့်ဝဆီ နှင့် ပြုပြင်ထားသည့် အတွက် မကောင်းသောအဆီ LDL မြင့်တက်လာပြီး ကောင်းမွန်သော အဆီ HDL နည်းလာကာ အ၀လွန်လာခြင်း ဖြစ်သည်။ အ၀လွန်ခြင်း နှင့်အတူ သွေးတိုးရောဂါ ၊ နှလုံးသွေးကြောရောဂါ ၊ ဆီးချိုရောဂါ ၊ နှလုံး အတိုက်ခိုက်ခံရ ရောဂါ ၊ ဦးနှောက် အတိုက်ခိုက်ခံရ ရောဂါ ဖြစ်ပေါ် လာနိုင်သောကြောင့် သက်တမ်းတိုမည် ဖြစ်သည်။ မည်သူမဆို အိမ်မှာ ချက်ပြုတ်သော အစားအသောက်ကိုသာ ကျန်းမာရေးနှင့်အညီ စားသုံးသင့်သည်။

နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီကို အပြေး ၊ လမ်းလျှောက် ၊ ရွရွပြေး ၊ စက်ဘီးစီး ၊ ရေကူး လုပ်ပေးခြင်းဖြင့် ပိုလျှံသော အဆီများကို ချွေးအဖြစ် စွန့်ပစ်နိုင်လို့ အ၀လွန်ခြင်းမှ ကင်းဝေးစေသည်။ ကျန်းမာရေး နှင့်လည်း ညီညွတ်စေသည်။ လူမှုပုံစံစနစ် ပြောင်းလဲလာသောအခါ အထိုင်အလုပ်များလာပြီး လှုပှ်ားမှု နည်းလာသောကြောင့် သွေးတိုး ဆီးချို စသည့် လူကို မကူးစက်နိုင်သော ရောဂါများဖြစ်ပွားနှုန်း မြင့်တက်လာခြင်းမှာ နည်းပညာတိုးတက်မှု၏ ဆိုးကျိုးဖြစ်သည်။ လူသားမှန်လျှင် အစားအသောက် ဆင်ခြင်သင့်သလို အနေအထိုင် အပြုအမူလည်း မှန်ကန်သင့်သည်။ သင့်တင့်လျှောက်ပတ်သော စားသောက်နေထိုင်မှု စနစ်ကသာ အသက်ရှည် အနာမဲ့စွာ သက်တမ်းစေ့ နေထိုင်နိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာ လွင်သန့်
ဓာတ်ပုံ - အင်တာနက်

No comments: