Sunday, November 25, 2018

ကျောက်ကပ်ကျန်းမာရေး လိုက်စားပေး


လူသားတို့အတွက် မရှိမဖြစ် ကျောက်ကပ်

ခန္ဓာကိုယ် ကြီးကောင်းစွာ အသက်ဆက်နိုင် ဖို့အတွက် ကျောက်ကပ်ရဲ့ အခန်းကဏ္ဍဟာ လွန်စွာ အရေးပါလှ ပါတယ်။ ဒါကြောင့်လည်း အခြားကလီစာများ နဲ့မတူ လူတစ်ဦးမှာ ကျောက်ကပ်နှစ်ခု (တစ်စုံ)ကို မွေးလာ ကတည်းက အတူပါလာရခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် မကောင်းရင် သက်တမ်းစေ့ နေနိုင်မည် မဟုတ်ပေ။ ကျောက်ကပ်အစားထိုး ကုသခြင်း၊ ကျောက်ကပ်ဆေးခြင်း နည်းများဖြင့် အသက်ဆက် ကြရပါတယ်။

ကျောက်ကပ်ရောဂါ နာတာရှည် ဖြစ်နေ သူများဟာ အစားအသောက်ပိုင်း တွင်သာမက အခြားအရာများ ကိုပါ ဂရုစိုက်နေထိုင် သင့်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်များ ကိုသေချာစွာ လိုက်နာပြီး ရှောင်ရမည့် အချက်များကို ရှောင်ကြဉ် ရပါမယ်။ “ ကြိုတင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန် ထိရောက်မှု ရှိတယ် ”ဟု ဆိုရိုးစကား ရှိပါတယ်။ ကြိုတင် ကာကွယ်တယ် ဆိုရာမှာ နိစ္စဓူဝ စားသောက်နေထိုင်မှု ဖြစ်စဉ်ကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် မိမိကိုယ်ကို စီမံကွပ်ကဲ တတ်ရမှာပါ။ သို့ပါ၍ အောက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို လေ့လာပြီး သင့်ကျောက်ကပ် လေးတွေ ကျန်းမာကြ ပါစေကြောင်း အကြံပြု လိုက်ပါရစေ။


  • ရေကိုလုံလောက်စွာ သောက်ပေးပါ။ ရေဓာတ်ခန်းခြောက် နေတဲ့ ခန္ဓာကိုယ်ဟာ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိပြီး ရေဓာတ် လုံလောက်နေလျှင် ထိုရောဂါမှ ၆၀ ရာခိုင်နှုန်း ကာကွယ်ပေး နိုင်ပါတယ်။ ရေဘူးကို မိမိနှင့်လက် တစ်ကမ်းမှာ အမြဲထားပြီး ရေဆာတိုင်း သောက်ပေးပါ။ တစ်နေ့ကို သောက်ရေ ၁၀ ဖန်ခွက်ထက် မနည်းသောက်ပါ။ (သို့သော်ခြွင်းချက် အနေနဲ့ ကျောက်ကပ် အားနည်းသူ၊ ကျောက်ကပ် ပြဿနာရှိသူ၊ ဆီးချိုပျောက်ဆေး၏ ဘေးထွက် ဆိုးကျိုးကြောင့် ကျောက်ကပ် မကောင်းသူများဟာ ရေကိုချင့်ချိန်ပြီး သောက်သင့် ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်မှာ ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်)

  • ဆီးသွားချင်စိတ်ကို လျစ်လျူမရှုသင့် ပါဘူး။ အကယ်၍ ဆီးတွေကိုအောင့်ထား မိတဲ့အခါ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီးပြွန်မှတစ်ဆင့် ကျောက်ကပ်ထံသို့ ပြောင်းပြန်ပြန်လည် စီးဆင်း လာပါတယ်။ ထိုဆီးဟောင်း တွေကို ကျောက်ကပ်က ထပ်မံ၍ ဇီဝဖြစ်စဉ် အဖြစ် အစာချက်လုပ် တဲ့အခါ ကျောက်ကပ် ညစ်ညမ်းသွား ပါတယ်။ ဒါတင်မကသေး ပါဘူး။ အကယ်၍ ဆီးအိမ်ထဲမှာ ဆီးတွေဖောင်းတင်း နေချိန် မတော်တဆ ယာဉ်ထိခိုက်မှု အန္တရာယ်တစ်ခုခု ကြုံရပါက ဆီးအိမ် ကွဲသွားစေနိုင်ပါတယ်။

  • ဆီးလမ်းကြောင်း ပိုးဝင်ပါက အချိန်မဆိုင်းဘဲ ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ သို့မဟုတ်ပါက ကျောက်ကပ်ကို ဘေးဖြစ်စေ ပါတယ်။ြ
  • ပြည့်စုံလုံလောက်တဲ့ အနားယူမှုရှိပါစေ။ တစ်နေ့လျှင် ၄ နာရီခွဲခန့်သာ အိပ်စက်သော သူဟာ ရက်သတ္တတစ်ပတ်မျှ အကြာမှာ သိသိသာသာ စိတ်ဖိစီးမှု များလာပြီး အိပ်ချိန် ကစဥ့်ကလျား ဖြစ်မှုဟာ ကျောက်ကပ်ရောဂါကို ပိုမိုဆိုးရွား စေနိုင်ပါတယ်။
  • ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ်မှ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက် များကို စွန့်ပစ်ချိန် ဖြစ်သောကြောင့် အနည်းဆုံး ၁ လီတာမှစပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။ ညနေ ၅ နာရီမှ ၇ နာရီဟာ ကျောက်ကပ် အလုပ်လုပ်ချိန် ဖြစ်တာကြောင့် ၎င်းအချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်း ရှောင်ပါ။ သို့မဟုတ်ပါက ကျောက်ကပ် ပျက်စီးလွယ် ပါတယ်။
  • ဗီတာမင်စီ ဆေးပြားတွေကို လိုအပ်တဲ့ ပမာဏထက်ပို၍ စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးများ ကိုလည်း လွန်ကဲစွာစားမိ ပါကကျောက်ကပ်ပျက်စီး စေနိုင်ပါတယ်။
  • အကိုက်အခဲ ပျောက်ဆေးများကိုလည်း မိမိသဘောဖြင့် သောက်သုံးခြင်းများ မပြုသင့်ပေ။


ကျောက်ကပ်ကို ကောင်းကျိုးပြုသောအစား အစာများ

  • (က) ကြက်ဥ၊ဘဲဥတို့ ၏ အကာ (အဖြူရောင် အကာ) ထဲမှာပါရှိတဲ့ အမိုင်နိုအက်စစ် တွေက ကျောက်ကပ်ကို ကျန်းမာစေပါတယ်။
  • (ခ) ဂေါ်ဖီထုပ်ထဲမှာ ပိုတက်စီယမ် ပါဝင်မှု လွန်စွာနည်းပါးတဲ့ အပြင် ၎င်းင်းထဲရှိ သဘာဝ ဗီတာမင်များနဲ့ အမျှင်ဓာတ်တို့က ကျောက်ကပ်အတွက် အားဆေး ဖြစ်ပါတယ်။ 
  • (ဂ) မဂ္ဂနီစီယမ် ဓာတ်ချို့တဲ့ခြင်း ကလည်း သွေးတိုးရောဂါကို ဖြစ်စေပြီး ကျောက်ကပ်ကို သွယ်ဝိုက်သော နည်းဖြင့် ဘေးဖြစ်စေ ပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝသော အစားအစာများ ဖြစ်ကြတဲ့ အစေ့အဆန်များ၊ မြေထောက်ပဲများ နှင့် ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ) တို့လို ဟင်းရွက်စိမ်း များကို လုံလောက်စွာ စားပေးပါ။ 
  • (ဃ) အစိမ်းရောင် ငရုတ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါဝင်မှု နည်းပါးတဲ့အပြင် ၎င်းင်းထဲရှိ သဘာဝ ဗီတာမင်နဲ့ သတ္တုဓာတ်တို့က ကျောက်ကပ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းများ ဖြစ်ကြပါတယ်။
  • (င) စပျစ်သီးက ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော ယူရစ်အက်စစ် များကို ဆီးအဖြစ် ထွက်ရှိလာအောင် တွန်းအားပေး တာကြောင့် ဆီးရွှင်စေကာ ကျောက်ကပ် ကျန်းမာစေတဲ့ အပြင် ခန္ဓာကိုယ်တွင်း အဆိပ်များကို အရှိန်အဟုန်မြင့် သုတ်သင်ရှင်းလင်း နိုင်သည့် ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်၍ ကျောက်ကပ်နှင့် သည်းခြေကို သန့်စင်စေပါတယ်။ 
  • (စ) ဘယ်ရီသီး မျိုးနွယ်ဝင်များ ဖြစ်ကြတဲ့ စတော်ဘယ်ရီနှင့် Cranberries (ခေါ်) အချဉ် အရသာရှိတဲ့ ဘယ်ရီသီး အနီရောင် တွေထဲမှာ ပါရှိတဲ့ hippuric အက်စစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက် ကို ဖယ်ရှားပေးနိုင် ပါတယ်။ 
  • (ဆ) ကြိတ်မှန်ရွက် ပဉ္စငါးပါး (အမြစ်ပါမကျန် တစ်ပင်လုံး) ကိုရေစင်စင်ဆေး အခြောက်လှန်း သွပ်ပြားပေါ်တင်ပြာချ ၎င်းပြာကို သံဒယ်အိုးမှာထည့် ရေနဲ့ဖျော်ပြီး ခန်းခြောက် သွားအောင် အပူပေးချက်ခြင်းဖြင့် ရလာတဲ့ ဆေးကို “ ကြိတ်မှန်ရွက် ရုက္ခမူဆား ” လို့ခေါ်ပါတယ်။ ၎င်းဆေးကို ထမင်းမစားခင် ဆီးကင်းခန့်နေ့စဉ် အချိန်မှန်မှန် စားပါ။
  • (ဇ) မည်သည့် ငှက်ပျောပင်မဆို အူတိုင်ကို ကျောက်ဖရုံသီး ဖြင့်ဖျော်ရည် လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသားများ ဆီးကျိတ်ဝေဒနာနှင့် ဆီးကျောက် တည်ခြင်းမှ ကာကွယ်ပေးပါတယ်။
  • (ဈ) ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့ထဲရှိ အဆီတို့ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကို တိုးတက်မြင့်မား လာစေပြီး ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော အညစ်အကြေးတို့ကို ဆီးအဖြစ် စွန့်ထုတ်ပေးနိုင်လို့ ဆီးကျောက်တည်ခြင်း မဖြစ်စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ်ကြီးထွား လာခြင်းကို သက်သာစေရုံမျှ မက ဆီးကျိတ်ကင်ဆာ ရောဂါကိုလည်း ထိထိရောက်ရောက် တားဆီးကာကွယ်ပေး နိုင်ပါတယ်။ 
  • (ည) နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီး တို့ဖြင့်တွဲစားပါက ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော အငန်ဓာတ်များကို ဖယ်ရှားပေးပြီး ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်ေ စတဲ့အပြင် အဆိပ်အတောက် တွေကိုဖယ်ရှားပေး နိုင်တာကြောင့် ကျောက်ကပ်သန့်စင် စေပါတယ်။
  • (ဋ) အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ် မြင့်မားစွာပါရှိပြီး ထိုဓာတ်က ကျောက်ကပ်နှင့် တစ်သျှူးများထဲတွင် ကျောက်ကပ် ကျောက်တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။ 
  • (ဋ) ကြံရည်က ကျောက်ကပ်ကို အားပေးပြီး ဆီးချုပ်၊ ဆီးအောင့်ခြင်းမှ ကာကွယ်ပေး ပါတယ်။ 
  • (ဍ) ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ် ကျောက်တည်ခြင်း အလားအလာကို လျှော့ချပေး နိုင်ပါတယ်။
  • (ဏ) မြင်းခွာရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့  ပတ်သက်သော ဆီးဝေဒနာ အမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
ကျောက်ကပ်ကိုဘေးဖြစ်စေသော အစားအစာများ

  • (က) နို့၊ ဒိန်ချဉ်၊ နို့ခဲ စတဲ့ တိရစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ထွက်ပစ္စည်း များကို လွန်ကဲစွာ စားသောက်တဲ့ အခါမှာ ကျောက်ကပ်ထဲကို ကယ်စီယမ်ဓာတ်များ အနည်ကျကာ ဆီးကျောက်တည်ခြင်း ကိုဖြစ်စေပါတယ်။ 
  • (ခ) ဆိုဒီယမ် (အငန်)ဓာတ် က ခန္ဓာကိုယ်ထဲရှိ အရည်တွေကို မျှတအောင်ထိန်း ပေးနိုင်တာကြောင့် ဆား ဟာမရှိမဖြစ် အရာပါ။ သို့သော် ဆားနဲ့အငန်ဓာတ် တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိ တဲ့အခါ ကိုယ်ထဲမှာ ကယ်စီယမ်ဓာတ် ကို စွန့်ထုတ်မှု ပိုများစေပြီး အရိုးသန်မာမှုကို ယုတ်လျော့စေတဲ့ အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်းအလားအလာ ကိုလည်း ပိုများလာစေ ပါတယ်။ ဒါကြောင့် ဆားကိုလျှော့နိုင်သမျှ လျှော့စားပါ။ 
  • (ဂ) အသားစားမကြူးသင့် ပါဘူး။ အထူးသဖြင့် အမဲ-သိုး-ဆိတ်-ကြက်ဆင် စတဲ့အနီရောင် အသားများနဲ့ ပင်လယ်ငါး၊ ပုစွန်တွေ ထဲမှာပါရှိတဲ့ Phosphorus (ခေါ်) မီးစုန်းဓာတ် က ကျောက်ကပ်ကို လုံးဝကောင်းကျိုး မပြုပါဘူး။ 
  • (ဃ) အရက်အလွန်အကျွံ မသောက်ပါနဲ့။ အရက်ထဲမှာပါတဲ့ အယ်ကိုဟော က အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီး စေပါတယ်။
  • (င) လျှားစောင်းလက်ပပ်ပင် အနှစ်က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုး ပြုသော်လည်း ၎င်းဂျယ်လီကို တစ်ရက်လျှင် ၂၀ စီစီပမာဏထက် ပို၍စားပါက ကျောက်ကပ်ပျက်စီး စေနိုင်ပါတယ်။ 
  • (စ) ဟင်းနုနယ် ထဲတွင် Oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ် ဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပေ။ 
  • (ဆ) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုလ်စားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနုနယ်ရွက် တို့က ဆီးကျောက်တည် စေနိုင်တာကြောင့် သင့်တင့်ရုံသာ စားပေးပါ။
  • (ဇ) ဥပမာ-အစားအစာ တွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ၊ စည်သွတ်ဘူးများ၊ ကြက်၊ ၀က်အူချောင်းများ၊ ထုံချိုင်း အသားလုံးများ၊ အသင့်စားခေါက်ဆွဲ၊ ကြာဆံခြောက် အထုပ်များ စသည်တို့က အသည်း နှင့်ကျောက်ကပ်တို့ကို အဆိပ်အတောက် ဖြစ်စေနိုင်တာကြောင့် ရံဖန်ရံခါသာ စားသုံးသင့် ပါတယ်။
  • (ဈ) သဘာဝ သစ်သီးဖျော်ရည် မဟုတ်တဲ့ အချိုရည်အမျိုးမျိုး နှင့်ဆိုဒါတို့မှာ တာရှည်ခံအောင်၊ အနံ့ကောင်းအောင်နဲ့ အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ပြုပြင်ထားတာကြောင့် အာဟာရ(လုံးဝ) မဖြစ်စေတဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေ ပါတယ်။ ထိုနည်းတူ ကာဗွန်ဒိုင်အောက်ဆိုက် Gas ထည့်ထားတဲ့ အဖျော်ယမကာများ ကလည်း ကျောက်ကပ်ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ဆိုးကျိုး တွေဖြစ်စေနိုင် ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ် များတဲ့ကော်ဖီနဲ့ လက်ဖက်ရည် များကိုအလွန်အကျွံ သောက်ခြင်းက ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ် စီးဆင်းမှုကို လှုံ့ဆော်ပေးတာကြောင့် သွေးဖိအား များလာပြီး ကျောက်ကပ်ကို တွန်းအား ဖြစ်စေပါတယ်။


ပေါက်ပေါက်

No comments: