Monday, June 24, 2019

စိတ်ဖိစီးမှုများခြင်း နှင့် နှလုံးရောဂါ



စိတ်ဖိစီးမှုများခြင်း နှင့် နှလုံးရောဂါ

နှလုံးရောဂါသည် ယနေ့ခေတ်တွင် အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်သည်။ အဖြစ်များနေသော နှလုံးရောဂါတွင် ကုလဇ ခေါ် မျိုးရိုးဗီဇ ပါ နှလုံးရောဂါက လွဲပြီး ကျန်နှလုံးရောဂါ များသည် အပြုအမူ ၊ အနေအထိုင် တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ထို့အတူ စိတ်ဖိစီးမှု များခြင်းကြောင့်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်ကို သတိချပ်စေ လိုသည်။

          နှလုံးခုန်ခြင်း ဆိုသည်မှာ နှလုံးသည် ကြွတစ်ခါ ၊ ကျုံ့တစ်လှည့်နှင့် သွေးများကို လက်ခံခြင်း ၊ ထုတ်လွှတ်ခြင်း ပြုလုပ်နေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်၏ အပူချိန် တေဇောဓာတ် သည် မှန်နေပါက နှလုံးခုန်နှုန်း သည်လည်း မှန်နေမည် ဖြစ်သည်။ တေဇောဓာတ် မြင့်လာပါက နှလုံးခုန်နှုန်း သည်လည်း မြင့်တက်လာမည် ဖြစ်သည်။ တေဇောဓာတ် နည်းသွားပါက နှလုံခုန်နှုန်း သည်လည်း နည်းသွားမည် ဖြစ်သည်။ ထို့အတူ တိုင်းရင်းဆေးပညာ (ဘေသဇ္ဇဆေးပညာ) ဒေါသသုံးပါး အလိုက် နှလုံး၏ ဖြစ်ပေါ် ပြောင်းလဲနေသည် များရှိပါသည်။ နှလုံးအိမ်တွင် သည်းခြေဒေါသများ ဦးဆောင် လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မြန်နေမည် ဖြစ်သည်။ သလိပ်ဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် နှေးကွေးလေးလံ နေမည် ဖြစ်သည်။ လေဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် မူမမှန်ခြင်း ဖြစ်နေတတ်သည်။ သည်းခြေဒေါသ ၊ သလိပ်ဒေါသ ၊ လေဒေါသများ ညီညွတ်နေပါက နှလုံးခုန်နှုန်းသည် မျှတနေမည် ဖြစ်ပြီး ပုံမှန်အတိုင်း လှုပ်ရှားနေမည် ဖြစ်သည်။


          စိတ်ဖိစီးမှု များရာမှ နှလုံးရောဂါ ဖြစ်လာနိုင်သော လက္ခဏာအချို့မှာ အလိုလိုနေရင်း မောနေတတ်ခြင်း ၊ အသက်ရှူမ၀ခြင်း ၊ အသက်ရှူကျပ်ခြင်း တစ်ခါတစ်ရံ နှလုံးနေရာက အောင့်ခြင်း ၊ လက်ဝဲရင်ဘတ်အုံက တဆစ်ဆစ် နာကျင်ခြင်း ၊ ထစ်ခနဲဆို ထိတ်လန့်တတ်ခြင်း ၊ အသားအရေ ဖြူရော်ဖြူဖတ် ရှိခြင်း ၊ အလိုလိုနေရင်း အားငယ်တတ်ခြင်း ၊ လက်သည်းခုံးများ အပါအ၀င် လက်သည်းများ ညိုမည်းနေခြင်း ၊ အသက်ကို ရံခါရှိုက်၍ရှူရခြင်း ၊ လက်ဖျားခြေဖျား များသည် နွေးထွေး မနေဘဲ အမြဲလိုလို အေးစက်နေခြင်း ၊ ရင်တုန်ခြင်း ၊ စိတ်လှုပ်ရှားလျှင် နှလုံးခုန်နှုန်းများ မြန်လာခြင်း ၊ အိပ်မပျော်ခြင်း ၊ လေးလံ ထိုင်းမှုန်းနေခြင်း ၊ သွေးခုန်နှုန်း များကို စမ်းကြည့်လျှင် မြန်လွန်းနေခြင်း ၊ နှေးလွန်းနေခြင်း ၊ မူမမှန်ခြင်း တို့ ဖြစ်ပါသည်။ ထိုရောဂါ လက္ခဏာ များထဲမှ တစ်ခုခုခံစားရလျှင် ပေါ့လျော့မနေဘဲ နှလုံးကို ဆောလျင်စွာ ပြသသင့်သည်။

          မြန်မာ့တိုင်းရင်းဆေးပညာ အရ နှလုံးရောဂါ ဖြစ်ရခြင်း အကြောင်းနှင့် နှလုံးရောဂါကို ခွဲခြားမည် ဆိုလျှင် ဒေသနာနှင့် ဘေသဇ္ဇ ဆေးပညာ ၂ ရပ်လုံးတွင်  ၃ မျိုးခွဲခြားနိုင်သည်။ သီတ ဆိုတော အအေးဓာတ်တွေ လွန်ကဲပွားများ စေသော အစာအာဟာရများ ၊ အဆီအဆိမ့်များ ၊ ၀မ်းတွင်း ကလီစာများ ၊ ၀က်သား စသော အဆီအစေး များသော အစာများ လွန်ကဲစွာ စားသောက်ကြခြင်း ၊ အနေအထိုင်များ ဖြစ်သေ ကမ္မ ၊ အတ္ထ ၊ ကာလ များ လွန်ယုတ်လွဲမှား ပြုခြင်းကြောင့် သလိပ်ဒေါသများ ပွားများလာကာ မန္ဒ၀မ်းမီး ဖြစ်လာပြီး နှလုံး အဆီပိတ်သော နှလုံးရောဂါ ၊ နှလုံးပွသောရောဂါ ၊ နှလုံ သွေးကြောကျဉ်းခြင်း ၊ နှလုံးကြီးသော ရောဂါ တို့ ဖြစ်တတ်သည်။ ထိုရောဂါများ၏ လက္ခဏာ များမှာ အသက်ရှူမ၀ခြင်း ၊ လေးလံမောပန်းခြင်း တို့ဖြစ်သည်။

          အပူစာများဖြစ်သည့် အရက် ၊ စီးကရက် ၊ မျှစ် ၊ မှို ၊ ဆူးပုပ် ၊ တညင်းသီး ၊ အုန်းသီး ၊ ဆိတ်သား ၊ အမဲသား ၊ ငရုတ်သီးမျိုးစုံ ၊ မဆလာ စသော အစားအစာများ ကြိမ်ဖန်များစွာ စားခြင်း ၊ နေပူ မီးပူ ခံများခြင်း ၊ အပူထဲမှ ပြန်လာပြီး ရေချိုးခြင်း ၊ သောကဗျာပါဒ များခြင်း ၊ နေပူစပ်ခါးတွင် အသွားအလာ များခြင်း စသည်တို့ကြောင့်  တိက္ခ၀မ်းမီး ဖြစ်ပေါ်လာပြီး နှလုံးသွေးကြော ကျစ်ခြင်း ၊ နှလုံးကျုံ့ခြင်း ၊ နှလုံးကြွက်သားများ ရောင်ရမ်းခြင်း ၊ နှလုံးသွေးခန်းခြင်း ၊ နှလုံးစူးအောင့်ခြင်း တို့ ဖြစ်ပေါ်စေသည်။

          အပူအအေး အားပြိုင်သော ၀ါယောအာကာသ များ ဖောက်ပြန်စေသော ချဉ်ပေါင်ရွက် ၊ ပဲမျိုးစုံ ၊ မကြေကျက်နိုင်သော အစားအစာများ ၊ အစာမကြေမီ တဖန် အစာများစားခြင်း ၊ အပူအအေး မျှတမှုမရှိခြင်း ၊ စိတ်ပူပန်ခြင်း ၊ ဒေါသ ဗျာပါဒများ များခြင်း ၊ အိပ်ချိန်မမှန်ခြင်း ၊ အစာစားချိန် မမှန်ခြင်း တို့ကြောင့် ၀ိသမ၀မ်းမီ ဖြစ်ပေါ်လာပြီး နှလုံးလေရပ်သော ရောဂါ ၊ နှလုံးလေဖုံးသော ရောဂါ ၊ တစ်ကိုယ်လုံး တုန်ယင်နေသကဲ့သို့ ခံစားရသောရောဂါ ၊ နှလုံးသွေးကြော ပေါက်ခြင်း ၊ နှလုံးသွေးကြောာ ပြတ်ခြင်းတို့ ဖြစ်စေသည်။

          နှလုံးရေဂါများ မဖြစ်စေရန် ကြိုတင် ကာကွယ်နိုင် ပါသည်။ ရေချိုးခြင်းက အစ ဆင်ခြင်ရ ပါသည်။ သွားလာ လှုပ်ရှားမှု နှေးကွေးခြင်း ၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် ခြင်းများကို ရှောင်ကြဉ် ရပါမည်။ စီးကရက် ၊ အရက် ၊ ဘီယာများ သုံးစွဲခြင်း တို့ကို ရှောင်ကြဉ် ရပါမည်။ အဆီအအိမ့်များ ၊ ပူလွန်းသော အစားအစာများ စားခြင်းကိုလည်း ရှောင်ရပါမည်။ အိပ်ချိန် ၊ စားချိန်များ ပုံမှန်ရှိ အောင်လည်း ဂရုပြုကြရပါမည်။

          စိတ်ဖိစီးမှု ကင်းဝေးစေရန် နံနက်စောစော နှင့် အိပ်ရာဝင်ချိန် များတွင် အာနာပါန ရှုမှတ်ခြင်းများ ပြုလုပ် ပေးရပါမည်။ ဒါန ၊ သီလ ၊ ဘာဝနာ များကို ပွားများနေရ ပါမည်။ အငန်လွန်ကဲ သော အစားအစာ များကိုလည်း ရှောင်ကြဉ် ရပါမည်။ သွားနှင့်ခံတွင်း ကိုလည်း ဂရုစိုက် ပေးရပါမည်။ အ၀မလွန်စေရန် ကိုယ်လက်လှုပ်ရှားမှု များကို ပြုလုပ်ပေးသင့် ပါသည်။ နီသော အရောင်ရှိသော အသားများကို မကြာခဏ စားခြင်းမျိုးကိုလည်း ရှောင်ရှားပေး ရပါမည်။ လတ်ဆတ်သော အသီးအနှံများ နှင့် ဟင်းသီးဟင်းရွက် များကို စားသုံးပေးသင့် ပါသည်။ နှလုံးရောဂါ မှ ကာကွယ်နိုင်ဖို့ လမ်းများများ လျှောက်သင့်သည်။ နှလုံးရောဂါရှင် များသည် တက်စေသော ငါးများကလွဲပြီး ငါးများများ စားပေးသင့် ပါသည်။

          နှလုံးရောဂါ သည် ပုံမှန်အားဖြင့် နှလုံးရောဂါ လက္ခဏာများ မဖြစ်ခင် ကတည်းက အစပျိုးလေ့ ရှိပြီး လက္ခဏာများ ပြသသည့်အချိန်တွင် နှလုံးရောဂါသည် ဆိုးရွားနေတတ်သည့် ရောဂါ ဖြစ်ပါသော ကြောင့် ကျန်းမာရေးအသိများလည်း ရှိရန် အထူးလိုအပ်လှ ပါသည်။

          နှလုံးရောဂါ ၏ နောက်ဆက်တွဲအန္တရာယ် များကိုလည်း သိရှိထားရပါမည်။ နောက်ဆက်တွဲ အန္တရာယ် များမှာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး မူးဝေသွားခြင်း ၊ သတိလစ် မေ့မြောသွားခြင်း ၊ လေငန်း ၊ သွက်ချာပါဒ ဆိုသော တစ်ဝက်သေ ဘဝများသို့ ရောက်သွားနိုင် ပါသည်။ ထို့ပြင် အသက်အန္တရယ် ဆုံးပါးသည်အထိ ဖြစ်စေနိုင် သောကြောင့် နှလုံးရောဂါ မဖြစ်စေရန် စိတ်ဖိစီးမှု များကို လျှော့ချပေးရန် လိုအပ်သည်။

          စိတ်ဖိစီးမှု များလာသည်နှင့် အမျှ ခန္ဓာကိုယ်မှ ကော်တီစော ဟုခေါ်သော စိတ်ဖိစီးမှု ဟော်မုန်းများ ထွက်ပေါ်လာပြီး ယင်း ဟော်မုန်းများ၏ ခြယ်လှယ်မှု များကြောင့် သွေးတင်း သကြားဓာတ် ၊ သွေးတွင်း အဆီဓာတ် များသည် မြင့်တက်လာသည်။ ထိုသို့ မြင့်တက်လာရာမှ နှလုံး သွေးကြော ဆိုင်ရာ ရောဂါများ ၊ သွေးတိုးရောဂါများ အပြင် နှလုံး ရုတ်တရက်ဖောက်ခြင်း ၊ လေဖြတ်ခြင်း စသည့် အသက်အန္တရာယ် ကို ခြိမ်းမြောက်နိုင်သော ပြဿနာများ အထိပါ ဖြစ်လာ တတ်သည်။ အချို့လူများတွင် မိမိကိုယ်ကို သတ်သေခြင်း ဆိုသည့် အန္တရာယ် ကို ရင်ဆိုင်ခဲ့ကြက ရသည်။

          စိတ်ဖိစီးမှုများကို အချို့က သီချင်း နားထောင်ခြင်း ၊ အချို့က ကခုန်ခြင်း ၊ အချို့က အော်ဟစ်ခြင်း စသည်ဖြင့် ဖြေရှင်းတတ် ကြသည်။ စိတ်ဖိစီးမှု လျော့နည်းစေသော နည်းလမ်းများတွင် အကျိုးသက်ရောက်မှု ရှိစေသော နည်းလမ်းတစ်ခုမှာ တစ်ကိုယ်တည်း သီးသန့် နေထိုင်ခြင်းထက် လူအများနှင့် ရောနှောကာ နေထိုင်ခြင်း ဖြစ်သည်။ မိမိယုံကြည် စိတ်ချရသော မိတ်ဆွေကို မိမိခံစား နေရသော စိတ်ဖိစီးမှု ဖြစ်နေသော အကြောင်းအရာ များကို ပြောပြသင့်သည်။ စိတ်ရွှင်လန်း တက်ကြွ စေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (ရေကူးခြင်း ၊ လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း ၊ တောင်တက်ခြင်း) တစ်ခုခုကို လုပ်ပေးသင့်သည်။ စိတ်ဖိစီးမှု လျော့ကျစေရန် နည်းများထဲတွင် အဖွဲ့လိုက် သီးချင်းဆိုခြင်းလည်း ပါဝင်သည့်အတွက် မကြာခဏ သီချင်းဆိုပေးသင့်သည်။

          စိတ်ဖိစီးမှု များသူအနေဖြင့် ညဘက်အချိန်တွင် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ရန် အိပ်ရာဝင်ချိန် တွင် ငှက်ပျောသီး ၊ နွားနို့ နှင့် နို့ထွက်ပစ္စည်း များကို စားသုံးပေးသင့်သည်။ အိပ်ခါနီး အချိန်တွင် ငှက်ပျောသီး စားပေးခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းစေသည့် အပြင် အာရုံစူးစိုက်မှု ကိုလည်း ပိုမို ကောင်းမွန်စေသည်။ အိပ်ခါနီး အချိန်တွင် ကော်ဖီသောက်ခြင်း ၊ လက်ဖက်ရည် သောက်ခြင်း ၊ လက်ဖက်သုပ် စားခြင်း တို့ကို ရှောင်ကြဉ်ရမည်။

          ဤသို့ဖြင့် စိတ်အားများ ပြည့်နေမည် ဆိုလျှင် ရုပ်အားသည် အလိုလို ကျန်းမာနေနိုင်စေဖို့ စိတ်ဖိစီးမှု များကို လျှော့ချနိုင်ပါက နှလုံးရောဂါ မှ ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

ပေါက်ပေါက်
ပုံ = အင်တာနက်

No comments: