Friday, March 20, 2009

ဝါသနာကို အရင်းပြုလို့ ..

၈ တန်း အတန်းတင် စာမေးပွဲရဲ့ နောက်ဆုံးဘာသာကို ဖြေပြီးတာနဲ့ အိမ်ကို တန်းပြန်လာတယ်။ မနက်က ကျောင်းမသွားခင် မေမေ မှာလိုက်တာရှိတယ်။ သားအတွက် အံ့သြစရာ လက်ဆောင်တစ်ခု ၀ယ်ထားမယ်တဲ့။ စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘဲ ပြန်လာဖို့ သေချာမှာခဲ့လို့လေ။ လက်ဆောင်ဆိုတာကို သိချင်ဇောနဲ့ အိမ်ရောက်ရောက်ချင်းပဲ မေမေ့ကိုရှာပေမယ့် မတွေ့တော့ အိပ်ခန်းထဲဝင်ပြီး မလိုတော့တဲ့ ၈ တန်း စာအုပ်တွေ ရှင်းမယ်လုပ်တော့.. ကျွန်တော့် စာကြည့်စားပွဲပေါ် ကွန်ပျူတာ တစ်လုံးက အခန့်သားရောက်နေတာ တွေ့လိုက်ရတယ်။ ပထမဆုံး အကြိမ်အနီးကပ် မြင်ခွင့်ရတဲ့ ကွန်ပျူတာမို့ ကီးဘုတ်ခလုပ်လေးကို တို့ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်တတ်ခဲ့ပါဘူး။ လက်ဆောင် အတွက် ကျေးဇူးပါ မေမေ။

လူတတ်ကြီး လုပ်ဖို့ MCC မှာ သင်တန်းတက်တယ်။ နောက် KMD မှာလည်း တက်ဖြစ်သေးတယ်။ အသေအချာ ဘာတတ်သလဲဆိုတော့ ဖဲကောင်းကောင်း ရိုက်တတ်တယ်။ သီချင်းနဲ့ ရုပ်ရှင်တွေ ဖွင့်တတ်တယ်။ ဂိမ်းမှန်သမျှ အကုန်ကစားဖြစ်တယ်။ ဘယ်သူရဲကောင်းကိုမှ ဘယ်ဗိုလ်မထားခဲ့ဘူး။ ဒီနောက်ပိုင်းတော့ မျက်စိ နှစ်လုံးဖွင့်တာနဲ့ လက်က ကွန်ပျူတာ ကို အလိုလို အွန်ပြီးသား ဖြစ်နေမိတယ်။ လျှပ်စစ်မီးလာနေသရွေ့ ကွန်ပျူရှေ့က မခွာနိုင်အောင် ၀ါသနာထုံမိတယ်။ ထမင်းပန်းကန်ထဲ ဟင်းပုံပြီး ကွန်ပျူတာရှေ့ လာပို့ပေးမှ ထမင်းစားဖြစ် လောက်အောင် စွဲလန်းမိတယ်။ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပြီး ကွန်ပျူတာနဲ့ အဖော်ပြုခဲ့တာ အဲဒီအချိန် ကတည်းက စခဲ့တာပါ။

၁၀ တန်းအောင်တော့ PII လေးကို ငွေရောင်ကေဇင် PIII နဲ့ လဲလိုက်တယ်။ Multi-media sound system တွေကောင်းလာသလို Graphic card တွေရဲ့ စွမ်းဆောင်ရည် ထက်မှုကြောင့် အဆင့်ပိုမြင့်တဲ့ ဂိမ်းတွေ ပိုကစား ဖြစ်တယ်။ ဈေးကြီးပြီး ရှားပါးတဲ့ National Geographic စာအုပ်တွေအစား CD ခွေနဲ့ ၀ယ်ဖတ်လို့ အဆင်ပြေတော့ စိတ်ကြိုက်ပဲ ၀ယ်ဖတ်ဖြစ်တယ်။ နောက် Application နည်းပညာရပ် CD ခွေကို မလွတ်တမ်း ၀ယ်လေ့လာ ဖြစ်တယ်။ ကွန်ပျူတာက ကျွန်တော့် အတွက် အဖော်ကောင်း ဖြစ်သလို ကျွန်တော့်ရဲ့ စာဖတ် ၀ါသနာကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတာ ယုံမှားသံသယ မဖြစ်မိပါဘူး။

တက္ကသိုလ်တက်တော့ သံယောဇဉ်ရှိတဲ့ ကွန်ပျူတာနဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် သင်တန်းတွေ အလီလီတက်ဖြစ်ခဲ့ တာကြောင့် စိမ်းမနေခဲ့ပါဘူး။ ကျောင်းပြီးသွားတော့ ကွန်ပျူတာကို အပြည့်အ၀ကိုင်ရမယ် ဆိုတဲ့ အတွေးနဲ့ ပျော်ခဲ့ပေမယ့် လက်တွေ့မှာ အိမ်ရဲ့ လုပ်ငန်းခွင်က ဆီးကြိုစောင့်နေတော့ ကိုယ်ဝါသနာပါပြီး သံယောဇဉ်ကြီးတဲ့ ကွန်ပျူတာကို ၁၀ နှစ်ကျော် ပစ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ကွန်ပျူတာကို အပြည့်အ၀ ပြန်ကိုင်ခွင့်ရခဲ့တယ်။ ဒါကလည်း ပါးလျလျ အလုပ်ရဲ့ ကျေးဇူးကြောင့်ပါ။ ဒါနဲ့ PIII ကို P 4 (2.4 GHz) နဲ့ လဲဖြစ်တယ်။ မကြာမတင်ပဲ P 4 (3.2 GHz)နဲ့ ထပ်လဲလိုက်တယ်။ မြန်နှုန်းကတော့ အတိုင်းထက် အလွန်ပါပဲ။ လက်ပြတ်နေတာ ကြာပီဖြစ်တဲ့ DVD version 3D game တွေ ကစားဖြစ်တယ်။ အိမ်မှာကစားတာ အားမရတော့ မြို့ထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ network မှာ အုပ်စုလိုက် ကန်သေးတယ်(Fifa 07)၊ ပစ်သေးတယ် (Hero, Counter)။ အဖော်မပါတဲ့ နေ့တွေကျတော့ မျက်မှန်အထူကြီးတပ်ပြီး စာတွေ (Blog) ဖတ်နေတဲ့ အစ်ကို အစ်မ တွေနား မယောင်မလည် ခိုးကြည့်ခဲ့တယ်။ သဘောကောင်းတဲ့ သူတွေကျတော့ အချိန်ကုန်ခံပြီး ရှင်းပြတတ်တယ်။ အကောင့်ယူပေးတယ်၊ ဘလောဂ့်လုပ်နည်း ကို သင်ပေးတယ်။ ဒါနဲ့ အင်တာနက်ရဖို့ အိမ်ကို ပူဆာဖြစ်တယ်။ ဒီလိုနဲ့ မယောင်မလည် နက်ပေါ်မှာ အချိန်ကုန်မှန်းမသိ ကုန်စေခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ စာတွေ ပိုဖတ်ဖြစ်တယ်။ ဘလောဂ့်ကြောင့်ပဲ နည်းပညာဗဟုသုတ တွေပိုနားလည်ခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ခွင့်ရတယ်။ ဘလောဂ့်ကြောင့်ပဲ သံယောဇဉ်ဆိုတာကို ရှာတွေ့တယ်။ သံယောဇဉ်ရဲ့ ချိုလွင်လွင် အရသာကို အရင်ကထက် ပိုခံစားတတ်ပြီး ပိုနားလည်လာတယ် ဆိုတာကို ၀န်ခံပါတယ်။

တဂ်ထားတဲ့ ကိုမောင်မျိုး လိုတော့ ၀ါသနာတွေ အများကြီးပါဖို့ အချိန်မရှိခဲ့ပါဘူး။ သူ့လိုလဲ အခြေအနေတွေ မရခဲ့ပါဘူး။ ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဒီ " ၀ါသနာလေးများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ခင်မင်တဲ့ သယ်ချင်းတွေကို ဆက်တက်ချင်ပါသေးတယ်။ သေချာရေးပေးမယ်လို့ မျှော်လင့်ပါတယ်။
  • Flowerpoem (ဧရာဝတီစာကြည့်တိုက်)


24 comments:

Unknown said...

ဒီလောက်ထိုင်မှတော့
ကိုဝင်းဇော် ဟိုဝှါတော့
ကျွတ်တက်နေလောက်ပြီ၊
မျက်မှန်တပ်ထားရင်လည်း
ပုလင်းဖင်လောက်ထူနေပြီ ဟုတ်လား ..

ဖတ်ဖတ်သွားတယ်

မု;သုင်ခု, said...

ဝါသနာဒူတယ်ဗျ ..
ခုလည်း အိုက်လို့ အိပ်နိုင်သေးဘူး
နက်ထဲ ခြေရှည်နေတုန်းပဲ ..

ကျေးဇူး

လင်းဒီပ said...

တခြားဝါသနာတွေ ရှိရင်လည်း ပြောဦးလေ ။ဒီတစ်ခုတည်းလားဗျ...ယုံဘူး..:P

Unknown said...

လင်းဒီပ ပြောသလိုပဲ
နောက်ထပ် ၀ါဒနာပါတာတွေ ကျန်အုန်းမှာပါ။
အတန်းထဲမှာ ဆရာမကို ငိုအောင် လုပ်ခဲ့တာတို့
ခု နက်ပေါ်မှာ
ကောင်မလေးတွေကို ကျူနေတာတို့
မသိရင်ခက်မယ် ...

မိုးခါး said...

ဟဲဟဲ ရေးဆိုတော့လည်း ရေးရတာပ :D , သြော် ဒါနဲ့ သံယောဇဉ်က ချိုလွင်လွင်တဲ့လား .. ဒီနာမည်မျိုး ကြားဘူးသလိုလို .. :P .. ၀ါသနာတွေ ပြန်စဉ်းစားလိုက်ဦးမယ်နော် .. :D

Anonymous said...

ဝါသနာလည်းပါ သုံးခွင့်လည်း အခြေအနေပေးနေတော့ ကံကောင်းပါတယ်။

ဘုန်းမြင့်သူ said...

MCC က အဲလိုပဲ။ mouse ကိုင်တတ်အောင်ဆိုပီး ဖဲရိုက်နည်းက အရင်စသင်တာလေ။ :P

Anonymous said...

ဟဟ
အဖော်ရပြီ...။
လုပ်လိုက်လေ... မောက်စ်ကိုင်တာ ဘယ်သူ ပို မြန်လည်း.. မျက်မှန် ပါဝါမှာ ဘယ်သူ က ပို သာလည်း စမ်း ကြည့် ရအောင်..။
(မှတ်ချက်-အွန်လိုင်းဖဲရိုက်ရန်ဖိတ်ခေါ်ခြင်းဖြစ်သည်)

Anonymous said...

ချက်ချင်းကို ရေးပေးတာပဲ စိတ်ဝင်စားစရာကောင်းတယ် ရေးပေးတာ ကျေးဇူးပါ ကိုဝင်းဇော်က ကွန်ပျူတာကို တော်တော် ၀ါသနာပါတာပဲ ။ ဟင်အင်း...ကျနော်က အားနေလွန်းလို့ ၀ါသနာတွေလိုက်ပါနေတာတော့မဟုတ်ဘူးဗျ ဒီလိုပဲ စာထဲမှာ ဆိုတော့ ငယ်ငယ်ကစ ပြီး ခုချိန်ထိ ၀ါသနာပါရာတွေကို စုပြီးရေးလိုက်တာ အခြေနေပေးလောက်စရာလည်း ကိုဝင်းဇော်လို ၈ တန်းကျောင်းသားလောက်ထဲက ကွန်ပျူတာလက်ဆောင်ရဖို့နေနေသာသာ ခုထိတောင် ကိုယ်ပိုင် ကွန်ပျူတာ မပိုင်ပါဘူး :) ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ၀ါသနာကို တကယ်ပိုင်ဆိုင်ခွင့်ရတော့ ကံကောင်းတာပေါ့ နောက်လည်း ပျော်ရွှင်ပါစေ ။

မသက်ဇင် said...

ရှမ်းလေးရေ---
ကျန်းမာရေးလည်းဂရုစိုက်အုံး--

Sein Lyan Tun said...

အဟီး..အခုချိန်မှာတော့ ကျနော့်ကောင်မလေးကို ပြပါဆိုရင် ကွန်ပြူတာကို ပဲ ပြလိုက်မှာ..
အဲဒီလောက်ချစ်တာ။။

ပန်းခင်းလေး said...

ဝါသနာ ၀ါသနာ
မလွယ်ပါလားနော်
Tag ထားတာလေးရေးပေးမယ်နော်
မြန်ချင်လည်းမြန်မယ်
ကြာချင်လည်းကြာမယ်
လောလောဆယ်တော့  ပျင်းနေလို့  ရေးချင်သေးဘူး


ညီမလေး

ပန်းခင်း

ဖြိုးဇာနည် said...

ကိုဖိုးစိန်ပြောသလိုပါပဲ့ကောက်ကောက်သွားလို့
ချော့ရပေါင်းလဲမနည်းတော့ဘူး။သူကနံပတ်၂ဆိုတာကို
လက်မခံချင်ဘူးတဲ့လေ။

Anonymous said...

ကိုဝင်းဇော်ရေ ကွန်ပြုတာကတော့ထိုင်မိရင်မထချင်တော့တာအမှန်ဘဲ၊
ဘလော့ဂ်ပါဂင်းမိလေတော့ ဘိန်းစွဲတာထက်တောင် ဆိုးနေတော့တာပါဘဲ၊ အင်း.... နားလည်ခံစားပေးလို့ရတယ်၊ ဘ၀တူတွေဆိုတော့ ၊

စိုင်းနောင့် said...

အင်တာနက်ကို အထိုက်အလျောက် တော့ ၀ါသနာပါတယ်။ အချိန်ပိုပေးချင်ပေမယ့် တစ်နေ့ ၂ နာရီပဲ ကန့်သတ်ထားတော့ သိပ်အချိန်မရဘူး။ ရောက် ဖတ် ပြန် ပဲများ တယ်။

Unknown said...

0ါသနာပါတာလေး ဖတ်သွားတယ်။
စိတ်ရဲ့ စွဲလန်းမှုက လွန်ကဲရင် ဥပါဒါန် ဖြစ်တတ်တယ်တဲ့။ ကြားဖူးတာပါ။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
ကျန်းမာရေးလုပ် လုပ်စေချင်ပါတယ်။

Anonymous said...

ဝါသနာပါတာက ကွန်ပျူတာ တခု တည်းလား ကွယ်
ဟုတ်ပါ့မလား မောင်လေး ရယ်...
မယုံလိုကမေးတာ မဟုတ် ..
သေချာအောင် ထပ်မေးကြည့်တာပါ..း)

နှင်းပွင့်ဖြူ said...

ဝါသနာကို အရင်းပြုလို့ သံယောဇဉ်များစွာကို ပိုင်ဆိုင်လာတယ်ဆိုပါတော့
ကံကောင်းပါစေ ကိုဝဲကမ်းရေ

မိုးသား said...

လူတစ်ကို ၀ါသနာတစ်ခုမို့ စိတ်ဝင်စားစွာ ဖတ်သွား ပါတယ်။

Unknown said...

ဝါသနာတွေ လာဖတ်သွားတယ်
ကွန်ပျူတာနဲ့ စာဖတ်တာပဲလား
နောက်ရှိသေးရင် ရေးပါအုန်း
သိချင်လို့ အဟဲ ကျန်တာ ပြောပြရမလား

Anonymous said...

ကွန်ပျုတာကို အတော်စွဲလမ်းတာကိုး၊ ဒါဆိုခုလောက်ဆို လေးလုံးဖြစ်နေတာသေချာပြီ
ဒါနဲပ စကားမစပ် ကျနော်လဲ အတက်ခံထားရတယ်ဗျာ။

ရွှေအင်းသူ said...

ဝါသနာပါတဲ့ အလုပ်ကို စိတ်ကြိုက်လုပ်နေရရင် ကမ္ဘာကြီးမှာ စိတ်ကျေနပ်စရာပဲနော်။ ပျော်ရွှင်ပါစေ

Anonymous said...

မိုက်တယ်.. ဒါတော့ နေ့အိပ်မက်နဲ့တူတယ်... ကွန်ပျူတာစွဲနေရတဲ့ကြားထဲ ဘလော့လည်းဘလော့လိုက်ရော... လူကစက်ရှေ့ကထမရတော့ဘူး.... ကိုယ့်စက်မရှိဘဲ တစ်ရက်လောက်နေရရင်တောင် နေမထိထိုင်မသာဖြစ်ပြီး လုပ်စရာမရှိသလိုဖြစ်နေတတ်တာနော်...

Anonymous said...

နေ့အိပ်မက်အကောင့်ဝင်မရလို့ အမည်မသိနဲ့ပဲမန့်ခဲ့ရတယ်... ရှောတီးနော်...