Wednesday, March 11, 2009

အတွေးတွေ ဆန့်ထုတ်ချင်တယ်

အလုပ်ကိစ္စနဲ့ သွားနေရတဲ့ ထောက်ကြန့်တို့ ပဲခူးတို့ ဆိုတာ ကျွန်တော့်အတွက် အိမ်ဦးနဲ့ ကြမ်းပြင်လို လူးလာခေါက်တုန့် သွားနေကျ ဖြစ်တယ်။ ဘယ်အချိန်စထွက်ရင် အိမ်ကို ဘယ်အချိန်မှာ ပြန်ရောက်မယ် ဆိုတဲ့ ကြာမြင့်ချိန်ကို တွက်ချက်နေ စရာမလိုအောင် ခေါင်းထဲ အလွတ်ရမြဲပါ။ ခုတော့ မှန်းခဲ့လေသမျှ တေ့လွဲလွဲ တာတော့ မဟုတ်ပါဘူး။ ငါးပါးမှောက်အောင်ကို လွဲခဲ့ပါတယ်။ ခရီးဆောင်အိတ်ကို နောက်ခန်းထဲ ထည့်ပြီးတာနဲ့ ကားကို ရန်ကုန်ဘက်ဆီ ဦးတည်လိုက်တယ်။ပဲခူးကို ရောက်နေတဲ့ ၆ ရက်လုံးလုံး ပစ်ထားတဲ့ကားကို ပြန်ခါနီးမှ တံခါးလေးဖွင့် တက်မောင်းခဲ့တဲ့ နမော်နမဲ့ နိုင်တာတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မဆုံး ဖြစ်ရတယ်။ အင်းတိုင် မရောက်ခင်လေးမှာ ကားက တိုင်ပင်ခြင်းမရှိပါဘဲနဲ့ ညင်ညင်သာသာပဲ စက်ထိုးရပ်သွားတယ်။ တစ်ယောက်ထဲ ခရီးထွက်နေကျမို့ ဒီလိုအခက်အခဲ လောက်တော့ ကိုင်တွယ်ဖြေရှင်း နေကျပါ။ ကားပေါ်ကဆင်းတော့ ရှင်နေမင်းရဲ့ ဘုန်းတန်ခိုး အစွမ်းကုန် တောက်ပတဲ့ အချိန်အခါမို့ လူကိုမိုက်ကနဲ ဖြစ်စေလောက်အောင် နေအပူရှိန်က သံလျှပ်ပမာ လင်းလက် ပြင်းထန်လွန်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း ငါဟဲ့ ယောက်ျား သေခါမှ ဇွဲလျော့မယ် ဆိုတဲ့ဗန္ဓုလထုံး နှလုံးမူပြီး ကားစက်ဖုံးကို ဖွင့်ပြင်တယ်။ နာရီဝက်ကြာတော့ ကျွန်တော့်ရဲ့ ကားပြင်ပညာသာ ကုန်သွားတယ် ကားက တုတ်တုတ်မျှ လှုပ်မလာပါဘူး။ အိမ်က ဖျက်ကနစ်တွေလည်း ခုနကမှ ရှမ်းပြည်တက်သွားလို့ ဆန့်ကျင်ဘက် လမ်းခွဲခဲ့ကြတာဆိုတော့ သူတို့ကို မျှော်လို့မရတော့ဘူး။ ဒီတစ်ခါတော့ ကားက လူကို ပြန်စီးတဲ့ အချိန်ရောက်ပြီမို့ အလှည့်ကျရင် မနွဲ့စတမ်းပါပဲ။


အမှတ်(၄)လမ်းမကြီး လမ်းဆုံရောက်တဲ့အထိ တွန်းလိုက်ရတာမို့ လူလည်း တော်တော်လေး ဗြိုင်းသွားတယ်။ ဒီလိုဖြစ်ဖို့ ရာသီဥတုကလည်း ခြေထိုးနေတာမို့ ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ မှတ်ယူမိပါတယ်။ မြေညီ ကတ္တရာလမ်း ပြေပြေ လေးမို့ပဲ တော်တော့တယ်။ ဒီလို အခက်အခဲလေးတွေ ကြုံပြန်တော့ အိမ်ကိုအရင်ဆုံး သတိမရဖြစ်ဘဲ အွန်လိုင်းပေါ်က ဘော်ဒါတွေကို စီကနဲ အစီအရီ တန်းမြင်မိတယ်။ (အဟိ . . ထမင်းလုံး တစ္ဆေခြောက်တာလဲ ဟုတ်ပါဘူး၊ ပုန်းပန်းချီမ တွယ်နေတာလဲ ဟုတ်ပါဘူး။ ကိုယ် ကိုယ်၌က စိတ် ကယောက်ကယက် ဖြစ်နေတာ၊ ဘော်ဒါတွေကို အဲလောက် သံယောဇဉ် ကြီးတယ်ဆိုတာ ယုံ) ၀ပ်ရှော့ရှေ့ ပန်ဒါပင်ရိပ်အောက်က ထန်းလျက် ပက်လက် ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်နဲ့ ကားပြင်တာကို ထိုင်စောင့်နေမိတယ်။ မျက်နှာကို နေထိုးပေမယ့် ပင်ပန်းတဲ့အရှိန် ကြောင့် မျက်နှာလွဲ မနေတော့ဘဲ နေထိုးတဲ့အလင်းကနေ အဖြူရောင် မီးလုံးတွေကြားမှာ ပန်းရောင် မိန်းကလေး တစ်ယောက်ကို ထဲထဲဝင်ဝင် မြင်မိတယ်။ သေချာကြည့်လေ မသဲကွဲလေ၊ အားစိုက်ကြည့်လေေ၀၀ါးသွားလေမို့ အားမလိုအားမရ ဖြစ်စေတာ အမှန်ပါပဲ။ ၀ပ်ရှော့ဆရာတွေ ၁၀ မိနစ်လောက် ကားကို စစ်ဆေးပြီးတော့ ကျွန်တော်ဆီ ပြန်လာတယ်။ ကားရဲ့ပြစ်ချက်က "ဓာတ်ဆီ ကုန်နေတာ အစ်ကိုလေး" တဲ့ခင်ဗျာ .. .. ။ ရှက်လိုက်တာမှ မျက်နှာတောင် ထားစရာနေရာ မရှိတော့ ပါဘူး။ ရန်ကုန်ကနေ စထွက်ကတည်းက တိုင်ကီအပြည့် ဖြည့်ထားတာမို့ ကုန်နိုင်စရာ အကြောင်းမရှိ ပါဘူး။ ပဲခူးရောက်တော့လည်း ဘယ်မှ သွားဖြစ်တာ မဟုတ်တာကြောင့် သွေးရိုးသွေးတန်း ကုန်တာတော့ မဟုတ်လောက်ပါဘူး။ ဆီတိုတဲ့ တရားခံတွေကို ချက်ချင်း ပြေးမြင်မိတယ်။ ပြန်လာပါစေအုန်း ဘယ်လို ပညာပြန်ပြရမယ် ဆိုတာကို အကြွေးစနစ်နဲ့ တေးထားလိုက်မိတယ်။


ပဲခူးကနေ ဘယ်အချိန် ထွက်လာတယ်ဆိုတာကို ပြောဖြစ်ခဲ့ပေမယ့် အိမ်ကို အချိန်လွန်မှ ရောက်လာလို့လည်း တကူးတက ခေါ်မေးမြန်းတာ မရှိခဲ့ပါဘူး။ အိမ်အလုပ်က လူကို စိတ်ချမ်းသာစေတဲ့ ကောင်းကွက်လေး တစ်ခုပါ။ အပေါ်ထပ်တက်ပြီး အိပ်ခန်းတံခါးကို ဖွင့်ဝင်တော့ ၀ါယာညော်တဲ့ အနံ့က တစ်ခန်းလုံး လွှမ်းခြုံနေတယ်။ သင်္ကာမကင်းဖြစ်မိတဲ့ ကွန်ပျူတာကို ဖွင့်ကြည့်တော့ အကောင်းအတိုင်းပဲ Window က ပုံမှန် တက်လာတယ်။ နက်ထဲဝင်ကြည့်တော့ ရောက်နှင့်နေတဲ့ ဘော်ဒါတွေလည်း မနည်းပါဘူး။ ကိုယ်ကစပြီး နှုတ်ဆက်လေ့ မရှိတာကြောင့် G-talk ကို ဒီအတိုင်းပဲ ဖွင့်ထားလိုက်တယ်။ ဘာအတွက်ကြောင့် ကိုယ်က စပြီး နှုတ်မဆက်ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းက တစ်ဖက်လူ အနေနဲ့ စာဖတ်နေတာလား၊ အလုပ်များနေတာလား၊ ကိုယ့်ထက် အရေးပါတဲ့လူနဲ့ စကားပြောနေတာလား ဆိုတဲ့ အားနာစိတ်၊ အလိုက်တသိ စိတ်လေးကြောင့် အွန်လိုင်းပေါ် တွေ့နေပေမယ့် နှုတ်မဆက်ဖြစ်တာကို နားလည်ပေးစေချင် ပါတယ်။ ထင်သလို မာနကြီးတာလည်း မဟုတ်ပါဘူး၊ စတယ်ကိုင်တာလည်း မဟုတ်တဲ့ အကြောင်း သိစေချင်ပါတယ်။ ဘယ်လိုအချိန်မျိုး၊ ဘယ်လို အခြေအနေမျိုး မှာမဆို တခြားသူတွေရဲ့ ခံစားချက်ကို လေးစားတတ်ခြင်းဟာ ယဉ်ကျေး သိမ်မွေ့မှု တစ်မျိုးပဲလို့ မြင်မိပါတယ်။ (ဆက်ရေးပါအုန်းမယ်)

22 comments:

Anonymous said...

အွန်လိုင်းဘော်ဒါတွေကို သတိရတယ်ဆိုတော့ ကားဝိုင်းတွန်းခိုင်းဖို့ထင်ပါ့ အနော် အားမကောင်းဘူး ၀ါးတီးဆိုရင်တော့ စိတ်ဝင်စားသား ဒါနဲ့ လမ်းမှာ ဘယ်သူ့ကိုမှ အကူညီတောင်းမကြည့်ဘူးလား ရုပ်ရှင်ထဲမှာဆို၇င်တော့ အနီရောင်ဂျစ်ကားလေးနဲ့ကောင်မလေးတစ်ယောက်
ဟန်းဖုန်းလေးပြောနေရင်း ဆင်းလား “ဘာကူညီပေးရမလဲ ရှဉ့်” အဲ့လို အဲ့လို ဇတ်လမ်းမျိုးတွေ ရှိတတ်တယ်လို့း) ရုပ်ရှင်ဇတ်လမ်းရေးမလို့ လိုက်စိတ်ကူးနေတာ ။ အွန်လိုင်းမှာ စမနှုတ်ဆက်တာ မာနကြီးတာမဟုတ်တဲ့ ကျနော်ကတော့ အစ်ကို့ကိုတွေ့ကိုမတွေ့တော့ဘူး လေသံမာလို့ Block ပေးလိုက်ပြီထင်ပါ့ :P

Anonymous said...

နောက်နောင် သတိထားရမှာပေါ့လေ..... ပင်ပန်းသွားပြီပေါ့နော်။ ဆီလိုရင် လာယူနော်...မီးမီးတို့ အုပ်င်္ကြးဆီမှာ များကြီးရှိတယ်(ဟီး)
ဆက်လက်အားပေးဖို့ စောင့်မျှော်နေပါတယ်။

Heart Breaker said...

ခရီးသွားပို့စ်လေး လာဖတ်တယ်။
ကျွန်တော်လည်း ခရီးသွားနေလို့ မရောက်ဖြစ်ဘူး။
အာရုံတွေ များနေတော့ တစ်ခါတလေ ဖြစ်တတ် ပါတယ်။ ကားတွန်းရတော့ ကျန်းမာရေးနဲ့ ညီတာပေါ့နော်။ ဆက်ရန်ရောက်ရင် လက်တို့အုန်း။

Unknown said...

အတွေးတွေနောက် တကောက်ကောက် လိုက်ကြည့်မိတယ်။ ပန်းရောင်မိန်းကလေးက ဘူလေးလဲဟင် .. မှန်မှန်ပြောနော်...

မု;သုင်ခု, said...

ခရီးထွက်သွားပီထင်နေတာ
ပြန်ရောက်နေပြီလား ..
ငါ့ကိုရော ဘလောဂ်လိုက်သေးလား
အချိန်မရလို့ နက်ပေါ်မတက်အားဘူးလေ။
စာတွေ ဖတ်သွားတယ်။

Welcome said...

ခရီးဆိုတာ နီးနီးဝေးဝေး တစ်ယောက်ထဲ သွားတာတော့ အန္တရာယ်များပါတယ်။ လူသူ မနီးတဲ့ နေရာမှာသာ ကားပျက်ရင် ဆိုတဲ့ ပြင်ဆင်မှုမျိုးတော့ ထားသင့်တယ်တင်ပါတယ်။ ဆရာလုပ်တာ မဟုတ်ပါဘူး။ ဆင်ခြင်နိုင်အောင်ပါ။ ပျော်ရွှင်ပါစေနော်။

မမသီရိ said...

ွ Gtalk စည်းကမ်းလေး မှတ်သွားတယ်
တခါတလေကျ တော့ သူခေါ်ချင် ချင် မခေါ်ချင်ချင် အတင်းခေါ် ဖြစ်တာတွေ ရှိတယ်..း)
သတိထားမှ...း)..
ကားတွန်းခဲ့ရတာတော့.. သနားမိရဲ့ ..း)...

Unknown said...

ကားဝိုင်းတွန်းပေးဖို့ သတိရတယ်ဆိုလို့
ဝမ်းသာတယ်နော်။ နောက်ဆို သတိထားပေါ့။
ဆီဈေးကောင်းတော့ ထုတ်ရောင်းတာနေမှာ။
ပျော်စရာကြီး ...။

Anonymous said...

အင်ဂျင်နီယာကြီးကားပျက်တယ်ဆို တာဒါမျိုးပေါ့ကို ၀င်းဇော်... နောက်ဆုံးဆီကုန်တာလေ ဟီး၂ အဲဒီပုံပြငိကိုသတိရတယ်..

Welcome said...

ဟုတ်တယ် (flower.poem) ရေ ..
ကိုယ်၌ကလည်း စိတ်ကယောက်ကယက် ဖြစ်နေတယ်လေ။ အိမ်ပြန်ချင် စိတ်စော တာရယ်။ မထင်မှတ်တဲ့ ပျော်စရာတွေကလည်း ရလိုက် မရလိုက် ဖြစ်နေလို့ လေ၊ ကွန်မင့်တွေ အတွက် ကျေးဇူးပါ၊ အားလုံးပါပဲ ...............

Unknown said...

Great ---)))))) ..

စိတ်ညစ်စရာတွေ ပြီးသွားရင်
ပျော်ရွှင်စရာတွေ ရောက်လာတော့မှာပါ ..

Sein Lyan Tun said...

ကားတွန်းပေးမလို့ ပြေးလိုက်လာပါတယ်..
မမှီလိုက်ဘူးဆိုတာကိုအားနာနာ နဲ့ လာပြောတာပါ
အဟား..

Unknown said...

ဖြစ်လိုက်မှဖြင့် တလွဲပဲ၊
ကောင်မလေးနဲ့လဲ ထပ်လွဲနေအုန်းမယ်(အဟဲ)
မရှိဘူးလို့ပဲ ငြင်းမှာ မဟုတ်လား။
သင်္ကြန်ကျရင် ဘယ်သွားမလဲ ကြိုပြောအုန်း

My Diary said...

nyartarthu နဲ့အင်ဗွိုက်ထားတာ အိုကေလည်းပေးဘူး
အကြွေးစနစ်နဲ့ ပညာပြတယ်ဆိုတော့ ဘယ်လိုဆပ်တာလည်းဟင်။
ကားပျက်တာများမပြောဘူး မီးခြစ်လေး ပို့ပေးမှာပေါ့
နိုင်ငံခြား ကားထဲကလိုလေ

Welcome said...

ဆောရီးပါ nyartarthu ကို (my diary) မှန်းမသိလို့ no ပေးလိုက်မိပါတယ်။ ပြန် add လိုက်ပါမယ်။ တစ်မျိုးတော့ မထင်စေချင်ပါဘူး။ သူငယ်ချင်းတွေကို အားလုံးခင်တယ်၊ တန်းတူ ခင်တယ်။ အချိန်မပေးနိုင်လို့ ချက်မတက်နိုင်တာ နားလည်ပေးစေချင်ပါတယ်။
သယ်ချင်းရဲ့ ကွန်မင့်တွေ အတွက် ကျေးဇူးပါနော်

ရွှေအင်းသူ said...

လောကီသားပေမို့ အမြဲတော့ အဆင်မပြေ နိုင်ဘူးပေါ့နော်။ စက်တောင် ပျက်ချိန်တန် ပျက်သေးတာပဲ လူလည်းပဲ ခံနိုင်ရိုးလား။ ဘာပဲဖြစ်ဖြစ် အဆင်ပြေ တယ်ဆိုရင်ပဲ စိတ်ချမ်းသာရတာပေါ့။ နောက်တော့ သတိထားပေါ့။ သတိဆိုတာ ပိုတယ်လို့တော့ မရှိပါဘူး၊ အလိုချည်းပါပဲ။ ဆက်ရန်ကို မျှော်နေပါမယ်။

စိုင်းစိုင်းလားရှိုး said...

ဟာ ဒီလိုမှန်းသိရင် လာကူတွန်းပေးပါတယ် !

Anonymous said...

ဘော်ဒါတွေကို သံယောဇဉ်ကြီးတယ်ဆိုပြန်တော့ ကားပျက်လို့ စိတ်ညစ်နေတဲ့ ပုံစံကိုတောင် မြင်ယောင်နေမိတယ်... စောစောထဲကြိုသိရင် လာဝိုင်းတွန်းပေးပါတယ်လို့... ဟီးးး နောက်တစ်ခါ G-talk မှာ တွေ့လို့ ဒီက အရင်နှုတ်ဆက်ရင် စကားများတယ်လို့ ပြောမလားပဲ????

ကောင်းကင်ပြာ said...

နေမကောင်းလို့ ကားတွန်းခိုင်းမှာစိုးလို့ ခုမှလာတယ်

စိုင်းနောင့် said...

ဖြစ်ရမယ်..
ကားက ဆန့်ငင်ဆန့်ငင်နဲ့ ထိုးမရပ်ဘူးပေါ့
အာရုံများနေတဲ့ပုံပဲ အစ်ကိုက
အဟီး ပျော်စရာကောင်းတယ်
ကားတွန်းရတာကိုလေ ..
ဂရုစိုက်ပါ ......။။။။။

Anonymous said...

အတွေးတွေ အတွေးတွေ..
တွေးပဲတွေးနိုင်တဲ့ ကိုဝင်းဇော်
နေ့စဉ်ဒိုင်ယာရီလို သဘောမျိုးလဲ ဖတ်လို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အာပေးနေပါတယ်။

နှင်းဆီနီ said...

အတွေ့အကြုံရတာပေါ့ ကားတွန်းရတယ်ဆိုတော့..
ပန်းရောင်ကောင်မလေးဆိုတာ ... ရှင်းပြအုန်း
ဝိုးတ၀ါးနဲ့ လုပ်မသွားနဲ့အုန်း။ မရိုးတာတော့ မရိုးသားတော့တာ အမှန်ပါ...
အဟိ စားရတော့မယ်နော်။