Wednesday, March 4, 2009

ဟိုမရောက် ဒီမရောက် နေ့များ

အလုပ်ကိစ္စနဲ့ ပဲခူးကို ရောက်နေတာ ၄ ရက်ရှိသွားပြီ။ ပျားပန်းခတ်နေတဲ့ မြို့သေးသေးလေးမှာ ပူပြင်းတဲ့ ရာသီဥတုဒဏ်နဲ့ လေပူနဲ့အတူ လိပ်လိပ်ပြီး တက်လာတတ်တဲ့ ဖုန်မှုန့်တွေရဲ့ဒဏ်ကို မခံစားနိုင်တာကြောင့် နက်ကဖီးဆိုင်ကိုပဲ အကြောင်းမရှိ အကြောင်းရှာ ရောက်နေမိတယ်။ အကြောင်းပြချက်ကတော့ မေးလ်တွေ သွားရှင်းလိုက် အုန်းမယ်။ မေးလ်တွေ အ၀င်များရင် အကောင့် ပျက်သွားနိုင်တယ် ဆိုပြီး မသိတဲ့သူကို ဘာမှနားမလည်တဲ့ ကျွန်တော်ကပဲ ရွှီးခဲ့ပါတယ်။ ဒါမှလည်း နားအေး ပါးအေး လွတ်ရာကျွတ်ရာ ဖြစ်မှာမို့ပါ။ ဒီလိုနဲ့ ဖက်တန်းဈေးကနေ မြို့ထဲကို ဒိုးခဲ့တယ်။

နယ်က နက်ကော်နက်ရှင်ဆိုတော့ ဘလောဂ့်စပေါ့ထဲကို ၀င်လို့ရတစ်ချက် မရနှစ်ချက်မို့ စိတ်ရှည်စရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ အလွယ်တကူ ၀င်လည်လို့ ရတဲ့ ဖိုရမ်တွေဖြစ်တဲ့ တောင်ပေါ်သားတို့ ဆုံဆည်းရာမြေ (ရှမ်းပြည်နယ်တောင်ပိုင်း)ကြယ်စင်စုရပ်GreenHill နဲ့ Taunggyi Youth တွေဆီပဲ ၀င်လည်ဖြစ်တယ်။ ကြယ်စင်စုရပ် ကတော့ အစည်ကားဆုံးလို့ မြင်မိပါတယ်။ Taunggyi Youth ဖိုရမ်လည်းပဲ အွန်လိုင်းပေါ်မှာ အနည်းဆုံး ၁၅ ယောက်လောက်တော့ အမြဲ ရှိနေတတ်ပါတယ်။ ကနဦးဆုံးဖွင့်ခဲ့တဲ့ MBS တော့ တော်တော်လေးကို မန်းဘား များပေမယ့် ခုတော့ ငြိမ်ချက်သား ကောင်းလွန်းတယ်လို့ မြင်မိပါတယ်။ ကိုယ်ဖန်တီးခဲ့ ဖိုရမ်တစ်ခု အမြဲ active ဖြစ်နေဖို့အတွက် ပေးရတဲ့ အချိန်ကိုလည်း နားလည်ပါတယ်။

ဖိုရမ်တွေ လည်ပြီးလို့ ငြီးငွေ့လာတော့ ဂိမ်းဖက်ကို ဦးတည်လိုက်တယ်။ အင်တာနက်ဆိုင်နဲ့ ဂိမ်းဆိုင် တွဲဖွင့်ထားတာကြောင့် ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့်တော့ ကျောင်းသားလေးတွေ တော်တော်များပါတယ်။ အငယ်တန်းလေးတွေ အတန်းတင် စာမေးပွဲ ပြီးသွားတာကြောင့်လို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့နှစ်ကအထိ တွေ့သမျှဂိမ်း လက်မရှောင်တမ်း ကစားဖြစ်ခဲ့တယ်။ ထမင်းလျော့စားတယ် ကော်ဖီများများ သောက်တယ်။ များများထိုင်တယ်၊ နည်းနည်းပဲအိပ်တယ်။ ဒီလို ဂိမ်းကို တမ်းတမ်းစွဲ ကစားခဲ့ပါတယ်။ ဂိမ်းအဟောင်းတွေကို နိုင်ပြီးရင် ဂိမ်းအသစ်တွေကို အမြဲ စိတ်ဝင်စားတယ်။ ဘယ်လို စိတ်လှုပ်ရှားမှုကို ပေးမလဲ၊ ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်း တွေနဲ့ မရပ်မနားကစားဖြစ်တယ်။ ဂိမ်းကို အချိန်အကြာကြီး ရေရှည်စွဲ ဆော့ရင်တော့ (level မကုန်မချင်း ထချင်စိတ်မရှိတော့ရင်) ခေါင်းမူးမယ်၊ လက်အံသေတယ်၊ မျက်စိကျိန်းစပ်တယ်၊ နှလုံးနာတယ်၊ ကိုယ်လက် မအီမသာ ဖြစ်တယ်၊ အိပ်နေရင်တောင် နားထဲမှာ ဂိမ်းထဲက music တွေက ကိုယ့်ကိုယ် စိုးမိုးထားတယ်။ ပစ်ပယ်လို့ မရနိုင်ခဲ့တဲ့ ဆိုးကျိုးလေး တွေပါ။ ခုတော့ အတိုက်အခိုက် အပစ်အခတ် ကြမ်းကြမ်းဂိမ်းတွေ မကစားဖြစ်တော့ ပေမယ့် Mario ကိုတော့ ကစားနေတုန်းပါပဲ။

မြန်မာနိုင်ငံမှာ ဂိမ်းကစားခြင်းဟာ တဖြည်းဖြည်းကျယ်ပြန့် လာတာကြောင့် ရန်ကုန်မြို့တွင်းမှာတင် ဂိမ်းဆိုင်ပေါင်း ၂၀၀ ၀န်းကျင်လောက် ရှိပါမယ်။ ခေတ်နဲ့အညီ တိုးတက် လာတဲ့ ကစားနည်းဖြစ်ပေမယ့် အလွန်အကျွံစကားရင် ပညာရေး၊ စီးပွားရေးသာမက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာကို လူငယ်တွေကြားမှာ ဖျော်ဖြေရေးတစ်ခု အနေနဲ့ သာမက အားကစားနည်း တစ်ရပ်အနေနဲ့လည်း ကစားလာကြပါတယ်။ ( Counter ပြိုင်ပွဲလိုမျိုးပါ) ဂိမ်းကစားတာဟာ လူငယ်တွေရဲ့ စူးစမ်းလိုစိတ်၊ ထူးခြားဆန်းသစ်တဲ့ ဂရပ်ဖစ်တွေရဲ့ ဆွဲဆောင်မှုတွေကြောင့် ဂိမ်းကစားဖို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်သစ်ဂိမ်းတွေဟာ ပျော်ရွှင်မှု ရသကို အပြည့်အ၀ ပေးနိုင်စွမ်းပါတယ်။ ဂိမ်းကစားတာကြောင့် ဆိုးကျိုးတွေ ရနိုင်သလို မိမိကစားတဲ့ ဂိမ်းကစားနည်း အမျိုးအစားအပေါ် မူတည်ပြီး ဥာဏ်ထက်မြက်စေတယ်၊ ဖြတ်ထိုးဥာဏ် ကွန့်စေတယ်၊ သွတ်လက် ချက်ချာစေတယ်၊ ကွက်ကျော် မြင်တတ်စေတယ်၊ အနိုင်ရလိုစိတ်ကို ပြင်းပြစေတယ်၊ အင်္ဂလပ် ဝေါဟာရတွေ ကြွယ်ဝလာစေတဲ့ ကောင်းကျိုးလေးတွေ လည်းရရှိစေပါတယ်။

မြန်မာနိုင်ငံမှာတော့ ဂိမ်းကစားရာကနေ သေဆုံးတာတို့၊ စိတ်ဖောက်ပြန်တာတို့ မရှိသေးပေမယ့် ချက်ချင်း လက်ငင်း မသိနိုင်သေးတဲ့ မျက်စိအာရုံကြောများ ထိခိုက်ခြင်း၊အလွန်အကျွံ ကစားတာကြောင့် ဦးနှောက် အာရုံကြောများ အားနည်းခြင်း တွေတော့ ဖြစ်ပေါ်တတ်ပါတယ်။ ဂိမ်းကစားခြင်းကြောင့် အန္တရာယ်ဆိုးတွေကို ကျော်လွှားနိုင်ဖို့ အတွက် ဂိမ်းကစားတဲ့ လူငယ်တွေအနေနဲ့ တစ်နေ့ကို အနည်းဆုံး ၆ နာရီထက် ပိုမကစားသင့်ပါဘူး။ ဂိမ်းရဲ့ အတိုက်အခိုက်တွေ ဆွဲဆောင်အား ကောင်းတယ် ဆိုပေမယ့် လူငယ်တွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိတာကြောင့် ပြည်ပနိုင်ငံတွေလိုမျိုး ဂိမ်းဆင်ဆာ အဖွဲ့များက လူငယ်များ အသက်အရွယ်အလိုက် ကစားသင့်တဲ့ ဂိမ်းအမျိုးအစား များကိုသာ ရွေးချယ် ကစားသင့်ကြောင်း ပြောချင်ပါတယ်။ (ဂိမ်းခွေ cover မှာတော့ ဂိမ်းအဆင့်သတ်မှတ်ချက် တွေရေးထားပါတယ်)

မည်သို့ဖြစ်ပါစေ ဂိမ်းကစားခြင်းဟာ လူငယ်လူရွယ်တွေအကြား ပိုမိုကျယ်ပြန့်လာနိုင်တဲ့အတွက် ဂိမ်းများကို အလွန်အကျွံ ကစားခြင်းထက် ဂိမ်းထဲကနေ ကောင်းတဲ့ အချက်တွေကို ထုတ်ယူ ပြောင်းလဲ ကစားမယ်ဆိုရင် လူငယ်များရဲ့ အနာဂတ် တိုးတက်ရေးအတွက် အသုံးတည့်လာနိုင်တဲ့ ပညာရပ်တစ်ခု အဖြစ် အထောက်အကူ ဖြစ်စေမယ် ထင်မိပါတယ်။ ဂိမ်းကစားတာဟာ လူငယ်များရဲ့ လူမှုရေးလိုအပ်ချက် တစ်ခုအဖြစ်ပါ ပြောင်းလဲ လာတဲ့အတွက် ကလေးငယ်များကို ဂိမ်းလုံးဝ မကစားစေဖို့ ထိန်းချုပ်ခြင်းထက်စနစ်တကျ အချိန်ဇယားတစ်ခု ရေးဆွဲကစားစေခြင်းဖြင့် ကလေးများရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို မှန်ကန်တော်တည့်စွာ လမ်းညွှန်ပေးနိုင်မှာ ဖြစ်ပြီး ဆိုးကျိုးကို နဲစေနိုင်မှာ ဖြစ်ကြောင်း တင်ပြချင်ပါတယ်။


ပုံတွေကို google images ကနေ ယူထားတယ်နော် ... ...

22 comments:

ကဗျာမလေး said...

ဂိမ်းကစားရင် ၀က်ရူးပြန်တတ်တယ်တဲ့ .....။ အင်တာနက်ကို အချိန်အကြာကြီး သုံးရင် နှလုံးရောဂါ၊ ဆီးချိုရောဂါ နဲ့ ဘာဆိုလား ... ဖြစ်တတ်တယ်တဲ့။

Anonymous said...

Me 2.. ကျွန်တော်ဆို..Game အသစ်ဝယ်လာတဲ့နေ့ဆိုရင်.. ညတောင်မအိပ်ဘူး.. အဲ့ဒီလိုနဲ့ ၃ ၄ ညဆက်လာတော့ .. မျက်တွင်းလေးဟောက်ပက်နဲ့ပေါ့... Direct X 9 support လုပ်တဲ့ Game တွေအားလုံးနီးနီးဆော့တာ.. ကုန်ရော... နောက်ပိုင်း Game တွေတော်တော်များများက Direct X 10 က်ုပဲ support လုပ်ကြပြီး အဲ့ဒီ့ Graphic Card တင်ပဲ အနဲဆုံး၂သိန်း၃သိန်း လောက်ရှိတော့ Game မဆော့ဖြစ်တာတောင် ကြာပြီ... ဟီးဟီး Upgrade မလုပ်နှိုင်သေးလို့....

စိုင်းနောင့် said...

နောက်ပိုင်းလာတဲ့ DVD version ဂိမ်းတွေ သိပ်လန်းတယ်။ နက်မကောင်းရင် ဂိမ်းကိုပဲ တီးနေတာ .. တီးလုံးလေးတွေကလည်း ခိုက်စေတာ အမှန်ပါပဲ။ ၀က်ရူးပြန်တတ်တယ် ဆိုတာက သိပ်ပြီး အာရုံစိုက်ကစားရတဲ့ ဂိမ်းတွေ ဖြစ်မှာပါ။ မချစ်နှင်းရေ ၀က်ရူးပြန်မှာ ကြောက်ရင် ဖဲလေးတော့ကစားသွားအုန်း။

Anonymous said...

အကိုရေ ဂိမ်းဆော့တာက အရမ်းကိုဆိုးလွန်းပါတယ်နော်။ ကျွန်တော်တို့ထိုင်းမှာဆိုရင် ခဏခဏဖြစ်တတ်တယ်အကို အသက် ၁၇၊ ၁၈ အရွယ်ပေါ့နော် စိတ်ကြွနေတဲ့အရွယ်လေးတွေ ဂိမ်းတွေဆော့ပြီးရင် ဂိမ်းထဲကလို စမ်းချင်လာတယ်အဲ့တော့ အပြင်မှာတကယ်စမ်းလာတယ် မကြာမကြာကို ဖြစ်ပါတယ်။ သေနတ်ကလည်း လွယ်လင့်တကူဝယ်လို့ရနေတော့လေ။ သတင်းထဲမှာလာလိုက် ဂိမ်းကစားပြီးတော့ လက်တည့်စမ်းချင်လို့ဆိုပြီးတော့ သေနေတာတွေမနည်းဘူးပဲ။ ကျွန်တော်တို့နိုင်ငံလေးကိုလည်း အကျိုးမဲ့အဲ့လိုလေးတွေ မဖြစ်စေချင်ဘူး။

tg.nwai said...

ကိုဝင်းဇော်ရေ..ဟုတ်ပါ့..အခုခေတ် ကလေးတွေ ကွန်ပျူတာကိုင်ဆိုရင် တခြားဟာ မလုပ်ချင်တော့ဘူး...ဂိမ်းပဲ တန်းဆော့တော့တာ..။

သူတို့ခေတ်နဲ့ သူတို့ဆိုတော့ တားလို့မရပေမယ့် အထိန်းအကွပ်တော့ လိုမယ်ထင်တယ်..။ အိမ်က သားကြီးကတော့ ဂိမ်းရဲ့ ဒဏ်နဲ့ စကားထစ်သွားရတယ်..။ စိတ်လှုပ်ရှားတာကို မခံနိုင်တာထင်ပါရဲ့။ ငယ်ငယ်က ကိုယ်တွေလည်း ကလေးလေး ကွန်ပျူတာ ကောင်းကောင်း ကိုင်တတ်အောင်ဆိုပြီး လွှတ်ထားမိလိုက်တာ...။ လူကြီးတွေ အပြစ်ပါပဲလေ..။

မု;သုင်ခု, said...

ဏာတော့ ခွေးရှုးပျံမှာဆိုးလို့
အိမ်ကခွေးကို ကြိုးနဲ့ချည်ထားတယ်။

သိပ်မကားဖြစ်ဘူး။
တစ်ရက်ကို ၂ နာရီလောက်ပဲ အိပ်ဖြစ်တယ်။
အသစ်ရှိရင် ပို့ပေးအုန်း ... အဟတ်

Unknown said...

ပဲခူးပြန်လက်ဆောင်
ငါးချဉ်လေး အမှတ်ရ၀ယ်ခဲ့ပါ ..

Unknown said...

စေတနာလေး ဖတ်သွားတယ်
လွန်ကျူးတာ ဘာမှ မကောင်းပါဘူး။
သင့်တော်ယုံပဲကောင်းတယ်။
ကျေးဇူး

reddevil lover said...
This comment has been removed by the author.
လင်းထက် said...

အရင်ကတော့ ကျွန်တော်လဲ အလွန်ဆော့ပေါ့ ကွန်ပြူတာဂိမ်း ပီအက်စ်၂၊၃ အိပ်စ်ဘောက်စ် အကုန်တစ်ခုမကျန်စေရ လှည့်ဆော့တာ အခုတော့ အလုပ်နဲ့ ဘလော့ဂ်နဲ့ ဖိုရမ် နဲ့မို့လို့ ဖြတ်ထားတယ် ဟိ ဟိ..။

Anonymous said...

ပြန်လာရင် ပဲခူးအတွေ့ကြုံတွေတင်ပေါ့း) ဓာတ်ပုံတွေလည်းကြည့်ချင်တယ် ပဲခူးက ဘူးသီးကြော်စားချင်တယ်ဗျ ။

ဇနိ said...

အခု ကျနော် ဂိမ်းတွေ မကစားဖြစ်တော့ဘူးဗျ...
အခုက ဘလော့ဂ်စွဲနေတာဗျို့

စိုင်းစိုင်းလားရှိုး said...

ဂိမ်းဆိုလို့ ဟမ်းဖုံးထဲက ဂိမ်းလောက်ပဲ ဆော့တတ်တယ်။
ဒါတောင်အရမ်းပျင်းနေမှပါ။

Heart Breaker said...

ဂိမ်းဆိုတာ ဘာလဲ
အလုံးလား
အ၀ိုင်းလား
ငါက ဂျင်ပဲ သောက်တာ
(သံပုရာများများ၊ သကြားနည်းနည်း)
ပြန်လာရင် ဖက်တန်းသူ တစ်ယောက် အပါခေါ်ခဲ့ကွာ ပွတ်ချွန်းလိပ်ခိုင်းမလို့

Anonymous said...

ဖဲတော့ ကစားဖူးတယ်
ရုံးအလုပ်နဲနဲအားတာနဲ့
တီးတော့တာပဲ၊ ဒါပေမယ့် မျက်လုံးကိုက်တယ်ဟ.
ဖိုရမ်တွေ လည်ဖြစ်တယ်။

Anonymous said...

ကျွန်တော်က ဂိမ်းတော့ မဆော့တတ်ဘူးဗျ.. တစ်ခွက်တစ်ဖလားတော့ ကြိုက်တယ်.. ပဲခူးရောက်နေတယ်ပေါ့လေ... အဆင်ပြေပါစေဗျာ.။

Unknown said...

ခရီးသွားခိုက်လေးတောင်
စာတွေ တကူးတက တင်နိုင်လို့
အားကျမိတယ်။

နွယ်ရိုး said...

ကျွန်တော်လဲ ဂိမ်းဂျိုးလေ၊ ခုမှသာ အင်တာနက်သုံးလို့ ဘလော့လေး မတတ်တခေါက် ရေးနေလို့ မဆော့ဖြစ်တော့တာ ဟဲဟဲ။

ကောင်းကင်ပြာ said...

ပဲခူးပြန်လက်ဆောင်လေးတော့ ဝယ်ခဲ့ဦးနော်

နှင်းဆီနီ said...

ငါးချဉ်စားချင်တယ်။
ရွှေမုဓော+ရွှေသာလျောင်း ဖူးချင်သေးတယ်။
ပျော်ရွှင်တဲ့ ခရီးလေး ဖြစ်ပါစေ။

My Diary said...

ကိုဝင်းဇော်ရေ ဂိမ်းခွေလေးမျှပါလား
ဆော့ကြည့်ချင်လို့ ၀တ်ရူးပြန်သွားပါစေ ( ဟဟ )
ကောင်းသောခရီးဖြစ်ပါစေ
ပြန်လာရင် ဘယ်ကောင်မလေးနဲ့ ဇာတ်လမ်းဖြစ်လာမလဲ ပို့စ်ကနေ အော်ဦးနော် ( အဟက် အဟက်)

မိုးသောက်(ရှမ်းလေး) said...

ဂိမ်းဆော့တာ ကြိုက်တယ်... အစ်ကိုပြောတဲ့အတိုင်း အလွန်အကျွံတော့ ကောင်းဘူး...