Thursday, March 26, 2009

အရင်းစစ်တော့


ကိုချစ်ဖေဇနီး မအေးငြိမ်းက အညာသူစစ်စစ်ပါ။ အေးဆေးတည်ငြိမ်ပြီး နားအေးပါးအေး နေတတ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်တယ်။ နယ်မှာနေစဉ်ခါက ဆိတ်ငြိမ်တဲ့ ၀န်းကျင်ကြောင့် စိတ်နေစိတ်ထားလည်း နူးနူးညံ့ညံ့ ရှိလှပါတယ်။ အလုပ်ကို အကြောင်းပြုပြီး ကိုချစ်ဖေတို့ ဇနီးမောင်နှံ တာမွေကို ပြောင်းလာကြရတယ်။ ကိုချစ်ဖေတို့ နေတဲ့တာမွေက တော်တော်လေးကို စည်ကားပြီး အချက်အခြာကျ လှပါတယ်။ မနက်ဖက်ဆို လမ်းဘေးဈေးသည်တွေ အစီအရီနဲ့ ပလက်ဖောင်း ဈေးခင်းလေး ရှိတတ်သလို ညဖက် လူခြေတိတ်ချိန်ထိ အသွားအလာ ပြတ်တယ်ရယ်လို့ မရှိတတ်ပါဘူး။ ဆိုက်ကားသံ၊ အမှိုက်သိမ်း တွန်းလှည်းသံ၊ ရေသန့် တွန်းလှည်းသံ၊ အလှူခံတွေရဲ့ အော်သံတွေအပြင် ဥဒဟို သွားလာနေတဲ့ လိုင်းကားအစုံစုံရဲ့ ဟွန်းသံ၊ ဘရိတ်နင်းသံ၊ လီဘာညစ်သံ တွေကို နိစ္စဓူဝ ကြားနေရတဲ့ ဆူညံသံတွေကြောင့် မအေးငြိမ်းခင်မျာ သည်းမခံနိုင်တော့ပါဘူး။ နူးညံ့တဲ့ စိတ်တွေ ပျောက်ပြီး ကြားသမျှ အသံတွေနောက်ကို တိုက်ခန်းထဲကနေ တဗျစ်တောက်တောက် ရေရွတ်နေတော့တာပါပဲ။ ပြောရခက်လို့သာ ကြည့်နေရတာ၊ နို့မဟုတ်ရင် အော်လွှတ်မယ့် သူပါ။

တစ်နေ့တစ်နေ့ နားမခံသာတဲ့ ဆူညံသံတွေကို အကြောင်းပြုပြီး ဇနီးသည်ကို နားချရတယ်။ သည်းခံပါ၊ ခွင့်လွှတ်ပါ၊ သူတို့မှာလည်း သူတို့မိသားစုရဲ့ တစ်ဝမ်းတခါး အတွက် လှုပ်ရှား သွားလာ လုပ်ကိုင်နေရတာ ဖြစ်လို့ ခန္ဓီတရားနှလုံးသွင်းပြီး နားလည်ပေးဖို့ တိုက်တွန်းရတယ်။ ဒီလိုနဲ့ စိတ်ရင်းမှန်တဲ့ မအေးငြိမ်း တစ်ယောက် တရားသဘော နှလုံးသွင်းပြီး တစ်ယောက်ထဲ အလိုမကျဘဲ ဗျစ်တောက်ဗျစ်တောက် ပြောတဲ့ ဥာဉ်ဆိုးလေး လျော့သွားတယ်။ တစ်နေ့ ရုံးအားရက် တစ်ရက်မှာ နေ့လည်စာစားပြီး ကိုချစ်ဖေ တစ်ယောက် မှေးကနဲ အိပ်ပျော်သွားတယ်။ သိပ်ကြာလိုက်မယ် မထင်ပါဘူး။ ကလေးနဲ့ လူငယ်လူရွယ် သုံးလေးယောက် လောက်က သံပြိုင်အော်လိုက်တဲ့ အသံကြောင့် ကိုချစ်ဖေ လန့်နိုးပြီး ကပြာကယာ ထထိုင်လိုက်မိတယ်-

  • " ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ခင်ဗျာ၊ အသုံးမလိုတော့တဲ့ နို့ဆီဗူးခွံများ၊ ရေသန့်ဗူးခွံများ၊ ဆေးပုလင်းခွံ၊ ကတ္တီပါ ဖိနပ်ပျက်များ၊ မီးချောင်း အကျွမ်းများ၊ မီးသီး အကျွမ်းများ ရှိရင် စွန့်ကြဲပေးပါ။ ကျေးဇူးရှင် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များခင်ဗျား "

လို့ အိမ်နောက်ဖေး လမ်းကြားကနေ သံပြိုင်အော်သံကို ကြားလိုက်ရတာကြောင့် ကိုချစ်ဖေ စိတ်ထဲမှာတော့ ဒီကလေးတွေ ငါ့မိန်းမနဲ့တော့ တွေ့တော့မှာပဲ ဆိုပြီး စိုးရိမ်စိတ် ၀င်သွားမိတယ်။ ဒါနဲ့ မအေးငြိမ်းကို ကြည့်လိုက်တော့ ဘုရားခန်းထဲမှာ ဘုရားပန်းအိုးတွေ တိုက်ချွတ်နေတာ တွေ့ရလို့ အနည်းငယ် စိတ်အေး သွားရတယ်။ အရင်လို ဒီလိုအနီးကပ် ဆူညံပူညံသံ ကြားလို့ကတော့ ဗျစ်တောက်ဗျစ်တောက် တင်မကတော့ဘူး အသားကုန် ကလော်တုပ် အဟုတ်လုပ်ခဲ့တယ်။ ဒါနဲ့ ကိုချစ်ဖေ တစ်ယောက် ဇနီးဆီ သွားပြီး

  • " မိန်းမရေ၊ ခုတခါတော့ တယ်ငြိမ်ပါလားနော်။ အေးပေါ့လေ စိတ်တိုစရာတွေ ကြုံတိုင်းသာ အော်ဟစ် နေမယ် ဆိုရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ပါမယ်။ တရားသဘောနဲ့သာ စိတ်ကိုဖြေပါ"

လို့ တိုက်တွန်း လိုက်ပါတယ်။ ဒီအခါမှာ ဇနီးသည်ဖြစ်သူ မအေးငြိမ်း ပြန်ပြော လိုက်တာကတော့ -

  • " သြော် ကိုချစ်ဖေ၊ ရှင်က ဘာသိလို့လဲ၊ အရင်တုန်းက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တဲ့ ဗူးခွံ၊ ပုလင်းခွံတွေ ရောင်းစားရမှန်း သိလို့ အခု လွှင့်မပြစ်တော့ဘဲ ရောင်းစား နေတာပါတော်၊ ဒီကောင်လေးတွေရဲ့ ကျေးဇူးကြောင့်ပဲ ရှင်ကြိုက်တတ်တဲ့ အရွက်ဟင်းတစ်ခွက် ပိုချက်နိုင်တာ။ အမှိုက်ထဲကနေ ငွေဖြစ်အောင် သူတို့လေးတွေ သင်ပေးထားတာလေ။ သူတို့က မိန်းမတို့ရဲ့ ကျေးဇူးရှင်လေးတွေ ဆိုလည်း မမှားဘူးပေါ့ " တဲ့ဗျာ။

ဘာကြောင့် ကမ္ဘာကြီး ဒီလောက် ငြိမ်းချမ်းနေမှန်း ခုမှအကြောင်းစုံ သိရတော့တယ်။ အော် .. ငြိမ်းချမ်းတဲ့ ကမ္ဘာမြေ၊ အေးချမ်းတဲ့ ကမ္ဘာမြေ .. ။

Wednesday, March 25, 2009

'' ကောင်မလေးအတွက်ကဗျာ”


လှပခွင့် မရတဲ့  ညနေခင်းတစ်ခုမှာ
ကောင်မလေးနဲ့ ငါ မဆုံနိုင်အောင်ဝေးခဲ့ 
အချစ်မဲ့ နေပြီဖြစ်တဲ့  နေရာဟောင်းလေးတွေ ပြန်ရောက်တိုင်း
မျက်ဝန်းထဲ ကောင်မလေးရဲ့ ပုံရိပ်တွေမြင်တိုင်း
ရင်မှာ သွက်သွက်ခါအောင် လွမ်းတယ် . . .

ဝေးရပြီဆိုပေမယ့်လည်း သူနှစ်သက်တဲ့ 
သီချင်းတွေ ငါပြန်ဆိုမိနေတုန်းပဲ
အလွမ်းဆိုတာ စကားလုံးလေးလှသလောက်
သစ်ရွက်ကြွေလို ဝေပြဖို့ က
ရင်နင့်လွန်းလှပါတယ် ကောင်မလေးရယ် . . .

သတိရစိတ်နဲ့  တိတ်တိတ်ကလေးသိုဝှက်ထားတဲ့ 
မျှော်လင့် ချက်လေးတွေလည်း ပြိုပျက်ခဲ့ပြီ
တကယ်ဆို သူပြန်မလာနိုင်တော့ဘူး
ဆုံနိုင်ခွင့် ”ဆိုတဲ့  စကားလုံးလေးကိုပဲ
တိတ်တိတ်ကလေး ရွတ်ဆိုရင်း
လေလှိုင်းကြားက ကောင်မလေးရဲ့  အသံတွေ
ငါ့ နားစည်ထက် ပျံ့ လွှင့်နေတယ် . . .

( ပန်းခင်းလေး )

ကွန်နက်ရှင်မကောင်းလို့ ဘလောဂ့်ပေါ် တင်မဖြစ်သေးတဲ့ ပန်းခင်းလေး ရဲ့ ကဗျာလေးပါ။



Tuesday, March 24, 2009

ကံလေးက ခပ်မှိန်မှိန်

သင်္ကြန်အခါရက်က နီးလာပြီ ဆိုတော့ ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ စတိုးဆိုင်တွေရော မီနီမားကက် တွေကပါ ဒစ္စကောင့်နဲ့ (ဈေးလျော့ပြီး) ဈေးပွဲတော်တွေ လုပ်ကြတာ အစဉ်အလာ တစ်ရပ်လို ဖြစ်နေပါပြီ။ ဒီလိုအချိန်ကို ပစ္စည်းတွေ စောင့်ဝယ်နေကြတဲ့ သူတွေ ရှိတတ်ပါတယ်။ ကိုချစ်ဖေ မဟေသီလည်း အပါအ၀င်ပါ။

"မောင် .. .. မောင်ရေ .. လို့ .. ။ ဟိုစတိုးဆိုင်တွေမှာ ပစ္စည်းဝယ်ရင် ဒစ္စကောင့် ပေးတဲ့အပြင် အပိုဆုအနေနဲ့ လက်ငင်း ကံစမ်းမဲ ပေးသေးတယ်တဲ့။ အဲဒါ သွားကြည့်ရအောင် နော် . မောင် .. နော် .. လို့ "

အီသီသီနဲ့ ချစ်ဇနီးလေးရဲ့ အာလုပ်သံကြောင့် စာဖတ်နေတဲ့ ကိုချစ်ဖေ တစ်ယောက် စာဆက်မဖတ်ဖြစ် တော့ပါဘူး။ ရုံးအားရက်လည်း ဖြစ်တော့ ဇနီးလေး အလိုကျ လက်ကလေးကိုဆွဲပြီး ကံစမ်းမဲ ပေးတယ်ဆိုတဲ့ စတိုးဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတယ်။ လက်ငင်း " ကံစမ်းမဲ " စနစ်နဲ့ ရောင်းတာဆိုတာ့ ၀ယ်ယူအားပေးတဲ့ သူတွေ ခြေချင်းလိမ်နေတာ တွေ့ရတယ်။ လက်ဆောင်ကောင်းကောင်းတွေ လွတ်သွားမှာစိုးတဲ့ ဇနီးချောက

"မောင် .. မောင့်အတွက် ရုံးတက်ဝတ်ဖို့ ပုဆိုးလေး တစ်ထည်လောက် ၀ယ်ရအောင်လေ"
ဇနီးဖြစ်သူက လောကွတ်ပြု လာတော့လဲ ကိုချစ်ဖေ ဟန်မဆောင်နိုင်
"အော် .. အေး ဟုတ်သားပဲ၊ ဘယ်အဆင်ထဲက ကိုယ်နဲ့လိုက်မလဲ ကြည့်ပေးအုန်းလေ"
"ဟိုး အောက်ဆုံး နီတာရဲ့နဲ့ အဆင်က မောင်နဲ့လိုက်တယ် သိလား၊ ကံစမ်းမဲနဲ့ ပြန်တွက်လိုက်ရင် ကိုက်ပါတယ်မောင်ရဲ့၊ ယူလိုက်ကြအောင်နော်"
"အေး .. အေး ချစ်လေး ကြိုက်ရင် ကိုယ်လည်း နှစ်သက်ပါတယ် "
စတိုင်းဆိုင်တွေမှာ ပစ္စည်းတန်ဖိုးအလိုက် ကံစမ်းမဲထည့်ထားတာမို့ ၀ယ်သူ မရှုံးနိုင်ဘူးဆိုတာ သိထားကြတယ်။ ဒါကြောင့် ပစ္စည်းတိုင်း အရောင်းစွံဖို့ရာ ကံစမ်းမဲ နဲ့ ဆွယ်ရောင်း နေကြတာကြောင့် လူတိုင်း စိတ်ဝင်စားကြတာ မဆန်းပါဘူး။

" သမီးရေ ဦးကို ၄၅၀၀ိ တန်ထဲက ဟို .. ပုဆိုးလေး ပြပါအုန်း၊ ရော့ ၄၅၀၀ိ "
သူများဦးသွားမှာစိုးလို့ ဇနီးချောက ပုဆိုးမရခင်ကတည်းက ပိုက်ပိုက်ကို ပစ်ပေးပြီးသား။ အော် ကံစမ်းမဲ မျက်နှာက ဒီလိုကြီးတာ။ အရောင်းကောင်တာက ကောင်မလေးက ငွေကို ရေတွက်ယူပြီး၊ ပုဆိုးကို အိပ်နဲ့ထုတ်ပေးတယ်၊ (ကံစမ်းမဲနှိုက်ရန်) ဆိုတဲ့ ငွေဖလားကြီးထဲကနေ မဲလိပ်တစ်လိပ် မွှေနှောက်ပြီး ဦးချစ်ဖေကို ကိုရီးယားမင်းသမီးလို ခေါင်းလေးငုံ့ပြီး တရိုတသေလှမ်းပေးသည်။ သူက ပြောသေးတယ် ဦး နံပတ်က (၃၂)ပေါက်တယ်၊ ဟောဟို ပစ္စည်းလေးပဲ ဆိုပြီး တစ်ပေပတ်လည်လောက်ရှိတဲ့ packing paper အပြာရောင်နဲ့ ထုတ်ထားတဲ့ ဗူးတစ်ဗူးကို ကမ်းပေးတယ်။ ကံစမ်းမဲ ဗူးကိုယူပြီး ဦးချစ်ဖေ တို့ လင်မယားနှစ်ယောက် ကျေးဇူးတင်စကား တောင်လောကွတ်မပြု နိုင်အောင် အလောတကောနဲ့ အိမ်ကို တန်းပြန်လာကြတယ်။

" မောင် .. မောင် .. မီးတို့ သိပ်ကို ကံကောင်းတာပဲနော်၊ အိမ်ရောက်မှ ဖွင့်ကြည့်ကြရအောင်"
" အေးကွာ ဒီမနက် ကိုယ်ဘုရားရှိခိုးတာ နည်းနည်း ကြာသွားလို့ထင်တယ်၊ ကံတွေ ဇွတ်တက်နေတယ်"
" ဟုတ်တာပေါ့ မောင်ရယ် .. ..ဟီဟိ " အိမ်ရောက်တော့
" မောင် .. ဟို ကံစမ်းမဲလေး ဖွင့်ကြည့်ရအောင်"
" အေးပါ သည်းလေးရာ။ လောလိုက်တာ။ အိမ်ရောက်ပြီပဲ ဖွင့်ကြတာပေါ့ "
" အို .. အဖိုးတန် လက်ဆောင်ဆိုတာ ရခဲတယ်နော်၊ ပေးပါ မီးပဲ ဖောက်လိုက်ပါမယ် "
" ကဲကဲ ဖောက်စေဗျား " Lady first ဆိုတဲ့အတိုင်း ဇနီးချောကို ဦးစားပေးလိုက်ရတယ်။

ဇနီးဖြစ်သူက စိတ်ဆန္ဒစောစွာနဲ့ ကံစမ်းမဲဗူးကို အလျင်အမြန်ပဲ ဖောက်လိုက်တယ်။ Packing paper ကိုခွာတော့ စတီးဒယ်အိုး ဗူးခွံကို တွေ့လိုက်တော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကျေနပ်တဲ့ သင်္ကေတနဲ့ လက်ဖ၀ါးချင်း ရိုက်လိုက်ကြသေးတယ်။ စတီးဒယ်အိုး ဗူးခွံကို ဖွင့်လိုက်တော့ ဖော့တုံးတွေနဲ့မို့ လူကို စိတ်ကယောက်ကယက် ဖြစ်စေတယ်။ ဖော့ဘူးကိုခွာတော့ ကွမ်းလိပ်တွေနဲ့ အထပ်ထပ် ပတ်ထားတဲ့ ပလပ်စတစ် ဘူးနီနီလေး ထွက်ကျလာတယ်။ (ရွှေဝယ်ရင် ထည့်ပေးတတ်တဲ့ ပလိပ်စတစ်ဗူးလို မျိုးပါ) ကျွန်တော်ရော မိန်းမပါ တဒင်္ဂတော့ မှင်သေသေသွားတယ်။ နှစ်ယောက်သား ရင်ထဲမှာ ရွှေလက်စွပ်၊ ရွှေလော့ကက်သီး၊ ရွှေနားကပ် တစ်ခုခုတော့ တစ်ခုခုပဲပေါ့။ ရင်တွေ တုန်နေကြတယ်။ မ၀ံ့မရဲလည်း ဖြစ်မိကြတယ်။ ဒါနဲ့ ပလပ်စတစ်ဗူးကို ပတ်ထားတဲ့ တိပ်ကို ခွာလိုက်တယ်။ လက်ကတုန်နေတာကြောင့် ဗူးကလွတ်ကျသွားပြီး အဖုံးပွင့်သွားတယ်။ ဗူးထဲကနေ စာရွက်ခေါက်ကလေး ထွက်ကျလာတာကြောင့် နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဖက်ထားမိ လိုက်တယ်။ မယုံကြည်စိတ် များစွာနဲ့ပါ။ ကိုချစ်ဖေကပဲ အရဲစွန့်ပြီး စာရွက်ခေါက်လေးကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ .. ..

" အို အသင် သူတော်ကောင်း၊ သင်သည် စန်းပွင့်နေသော အခါသမယ ဖြစ်သည်။ နောက်တိုး အချစ်သစ် တစ်ခု ဆုံရကိန်းကြုံမည် "
နှစ်ဦးသား တိုင်ပင်ခြင်းမရှိပါဘဲ
" အောင်မေလေး " လို့သာ တစ်ခွန်းတည်းသာ ပြိုင်တူအော်ပြီး ဖက်ရက်သား လှဲကျသွားရသည်။ လူတွေရဲ့ လိုချင် တပ်မက်တဲ့ လောဘစိတ်ကို လောကသဘာဝရဲ့ ရွဲ့စောင်းစောင်း တုန့်ပြန်မှုကြောင့် တစ်ယောက်ကို တစ်ယောက် အားပေးစကားတောင် မပြောနိုင်တော့ ပါဘူး။ ဤမျှသာ။

Sunday, March 22, 2009

တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။

Friday, March 20, 2009

ဝါသနာကို အရင်းပြုလို့ ..

၈ တန်း အတန်းတင် စာမေးပွဲရဲ့ နောက်ဆုံးဘာသာကို ဖြေပြီးတာနဲ့ အိမ်ကို တန်းပြန်လာတယ်။ မနက်က ကျောင်းမသွားခင် မေမေ မှာလိုက်တာရှိတယ်။ သားအတွက် အံ့သြစရာ လက်ဆောင်တစ်ခု ၀ယ်ထားမယ်တဲ့။ စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့ လျှောက်မလည်ဘဲ ပြန်လာဖို့ သေချာမှာခဲ့လို့လေ။ လက်ဆောင်ဆိုတာကို သိချင်ဇောနဲ့ အိမ်ရောက်ရောက်ချင်းပဲ မေမေ့ကိုရှာပေမယ့် မတွေ့တော့ အိပ်ခန်းထဲဝင်ပြီး မလိုတော့တဲ့ ၈ တန်း စာအုပ်တွေ ရှင်းမယ်လုပ်တော့.. ကျွန်တော့် စာကြည့်စားပွဲပေါ် ကွန်ပျူတာ တစ်လုံးက အခန့်သားရောက်နေတာ တွေ့လိုက်ရတယ်။ ပထမဆုံး အကြိမ်အနီးကပ် မြင်ခွင့်ရတဲ့ ကွန်ပျူတာမို့ ကီးဘုတ်ခလုပ်လေးကို တို့ကြည့်ရုံကလွဲပြီး ဘာမှ မလုပ်တတ်ခဲ့ပါဘူး။ လက်ဆောင် အတွက် ကျေးဇူးပါ မေမေ။

လူတတ်ကြီး လုပ်ဖို့ MCC မှာ သင်တန်းတက်တယ်။ နောက် KMD မှာလည်း တက်ဖြစ်သေးတယ်။ အသေအချာ ဘာတတ်သလဲဆိုတော့ ဖဲကောင်းကောင်း ရိုက်တတ်တယ်။ သီချင်းနဲ့ ရုပ်ရှင်တွေ ဖွင့်တတ်တယ်။ ဂိမ်းမှန်သမျှ အကုန်ကစားဖြစ်တယ်။ ဘယ်သူရဲကောင်းကိုမှ ဘယ်ဗိုလ်မထားခဲ့ဘူး။ ဒီနောက်ပိုင်းတော့ မျက်စိ နှစ်လုံးဖွင့်တာနဲ့ လက်က ကွန်ပျူတာ ကို အလိုလို အွန်ပြီးသား ဖြစ်နေမိတယ်။ လျှပ်စစ်မီးလာနေသရွေ့ ကွန်ပျူရှေ့က မခွာနိုင်အောင် ၀ါသနာထုံမိတယ်။ ထမင်းပန်းကန်ထဲ ဟင်းပုံပြီး ကွန်ပျူတာရှေ့ လာပို့ပေးမှ ထမင်းစားဖြစ် လောက်အောင် စွဲလန်းမိတယ်။ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပြီး ကွန်ပျူတာနဲ့ အဖော်ပြုခဲ့တာ အဲဒီအချိန် ကတည်းက စခဲ့တာပါ။

၁၀ တန်းအောင်တော့ PII လေးကို ငွေရောင်ကေဇင် PIII နဲ့ လဲလိုက်တယ်။ Multi-media sound system တွေကောင်းလာသလို Graphic card တွေရဲ့ စွမ်းဆောင်ရည် ထက်မှုကြောင့် အဆင့်ပိုမြင့်တဲ့ ဂိမ်းတွေ ပိုကစား ဖြစ်တယ်။ ဈေးကြီးပြီး ရှားပါးတဲ့ National Geographic စာအုပ်တွေအစား CD ခွေနဲ့ ၀ယ်ဖတ်လို့ အဆင်ပြေတော့ စိတ်ကြိုက်ပဲ ၀ယ်ဖတ်ဖြစ်တယ်။ နောက် Application နည်းပညာရပ် CD ခွေကို မလွတ်တမ်း ၀ယ်လေ့လာ ဖြစ်တယ်။ ကွန်ပျူတာက ကျွန်တော့် အတွက် အဖော်ကောင်း ဖြစ်သလို ကျွန်တော့်ရဲ့ စာဖတ် ၀ါသနာကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တယ်ဆိုတာ ယုံမှားသံသယ မဖြစ်မိပါဘူး။

တက္ကသိုလ်တက်တော့ သံယောဇဉ်ရှိတဲ့ ကွန်ပျူတာနဲ့ ခွဲခဲ့ရတယ်။ ဒါပေမယ့် သင်တန်းတွေ အလီလီတက်ဖြစ်ခဲ့ တာကြောင့် စိမ်းမနေခဲ့ပါဘူး။ ကျောင်းပြီးသွားတော့ ကွန်ပျူတာကို အပြည့်အ၀ကိုင်ရမယ် ဆိုတဲ့ အတွေးနဲ့ ပျော်ခဲ့ပေမယ့် လက်တွေ့မှာ အိမ်ရဲ့ လုပ်ငန်းခွင်က ဆီးကြိုစောင့်နေတော့ ကိုယ်ဝါသနာပါပြီး သံယောဇဉ်ကြီးတဲ့ ကွန်ပျူတာကို ၁၀ နှစ်ကျော် ပစ်ထားခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ကွန်ပျူတာကို အပြည့်အ၀ ပြန်ကိုင်ခွင့်ရခဲ့တယ်။ ဒါကလည်း ပါးလျလျ အလုပ်ရဲ့ ကျေးဇူးကြောင့်ပါ။ ဒါနဲ့ PIII ကို P 4 (2.4 GHz) နဲ့ လဲဖြစ်တယ်။ မကြာမတင်ပဲ P 4 (3.2 GHz)နဲ့ ထပ်လဲလိုက်တယ်။ မြန်နှုန်းကတော့ အတိုင်းထက် အလွန်ပါပဲ။ လက်ပြတ်နေတာ ကြာပီဖြစ်တဲ့ DVD version 3D game တွေ ကစားဖြစ်တယ်။ အိမ်မှာကစားတာ အားမရတော့ မြို့ထဲထွက်ပြီး သူငယ်ချင်းတွေနဲ့ network မှာ အုပ်စုလိုက် ကန်သေးတယ်(Fifa 07)၊ ပစ်သေးတယ် (Hero, Counter)။ အဖော်မပါတဲ့ နေ့တွေကျတော့ မျက်မှန်အထူကြီးတပ်ပြီး စာတွေ (Blog) ဖတ်နေတဲ့ အစ်ကို အစ်မ တွေနား မယောင်မလည် ခိုးကြည့်ခဲ့တယ်။ သဘောကောင်းတဲ့ သူတွေကျတော့ အချိန်ကုန်ခံပြီး ရှင်းပြတတ်တယ်။ အကောင့်ယူပေးတယ်၊ ဘလောဂ့်လုပ်နည်း ကို သင်ပေးတယ်။ ဒါနဲ့ အင်တာနက်ရဖို့ အိမ်ကို ပူဆာဖြစ်တယ်။ ဒီလိုနဲ့ မယောင်မလည် နက်ပေါ်မှာ အချိန်ကုန်မှန်းမသိ ကုန်စေခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ စာတွေ ပိုဖတ်ဖြစ်တယ်။ ဘလောဂ့်ကြောင့်ပဲ နည်းပညာဗဟုသုတ တွေပိုနားလည်ခဲ့တယ်။ ဘလောဂ့်ကြောင့်ပဲ သူငယ်ချင်းတွေ အများကြီး ပိုင်ဆိုင်ခွင့်ရတယ်။ ဘလောဂ့်ကြောင့်ပဲ သံယောဇဉ်ဆိုတာကို ရှာတွေ့တယ်။ သံယောဇဉ်ရဲ့ ချိုလွင်လွင် အရသာကို အရင်ကထက် ပိုခံစားတတ်ပြီး ပိုနားလည်လာတယ် ဆိုတာကို ၀န်ခံပါတယ်။

တဂ်ထားတဲ့ ကိုမောင်မျိုး လိုတော့ ၀ါသနာတွေ အများကြီးပါဖို့ အချိန်မရှိခဲ့ပါဘူး။ သူ့လိုလဲ အခြေအနေတွေ မရခဲ့ပါဘူး။ ဒီလောက်နဲ့ပဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဒီ " ၀ါသနာလေးများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ခင်မင်တဲ့ သယ်ချင်းတွေကို ဆက်တက်ချင်ပါသေးတယ်။ သေချာရေးပေးမယ်လို့ မျှော်လင့်ပါတယ်။
  • Flowerpoem (ဧရာဝတီစာကြည့်တိုက်)


Thursday, March 19, 2009

အချစ်သင့်သူ

တွေ့ ဆုံခြင်းဟာ
ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
ကြိုသိခဲ့ရင်
မတွေ့ ဖြစ်အောင်နေမိမှာပဲ...

အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...

ခင်တယ်ဆိုတဲ့ စကားကနေ
ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...

မချစ်သင့်မှန်းသိရက်နဲ့ 
ချစ်ခဲ့မိတဲ့ ကျွန်မ
နောက်ဆုံးတော့
ရင်ဘတ်တစ်ခုဟာ
ဒဏ်ရာတွေဗရပွနဲ့ 
စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။

( ချင်းမလေး )

မူရင်းကဗျာ ရဲ့ လင့်ခ်

Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။
Levi's Jeans ဂျင်းကြော်ငြာနဲ့ ဆောင်းဟေကို (အွန်စော)


Related Links

Monday, March 16, 2009

သူ့အတွက် ရိုးဂုဏ်မျှသာ


ဖုန်ထနေတဲ့ မြေနီလမ်းပေါ် ကလေးငယ်တစ်သိုက် လွတ်လွတ်လပ်လပ် ပြေးလွား ဆော့ကစားနေကြတယ်။ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အပူအပင်ကင်းတဲ့ ဘ၀လေးကို အားကျမိခဲ့တယ်။ လောဘတွေ မောဟတွေ မာနတွေ ကင်းစင် နေတာကြောင့်လဲ သူတို့ရဲ့ ဘ၀လေးတွေ ဖြူစင်တယ်။ လိုချင်တပ်မက်မှု ဆိုတာလည်းဘာမှ မရှိသေးတာမို့ သူတို့ အတွေးလေး တွေလည်း စင်ကြယ်တယ်။ ဆာရင်စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကို တမ်းတပြီး ငိုမယ်။ နေညိုလို့ အိပ်ချိန်တန်ရင် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ငွေ့အိပ်ယာက အသင့်မို့ လိုလေးသေးမရှိ ပြည့်စုံပါတယ်လို့ ပြောနိုင်ပါတယ်။

ကြောင့်ကျမဲ့ ကလေးဘ၀ကို ပြန်တမ်းတလို့ မရနိုင်မှန်းသိပေမယ့် ပြန်ရောက်ချင် မိပါတယ်။ ကလေးသဘာဝ ဘာပဲ လိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ ရနိုင်တယ် မဟုတ်ပါလား။ ရောက်နေတဲ့ လက်ရှိဘ၀လေးကို ကျေနပ်တင်းတိမ် နိုင်ပေမယ့် တခါတလေ အားငယ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုချင်နေတာ ကိုယ်ဖြစ်ချင် နေတာတွေ ထင်သလို ဖြစ်မလာလို့ပါ။ အားငယ်စရာ မဟုတ်ပေမယ့် အားငယ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုချင်လွန်းတဲ့ အရာက ပင်မြင့် တော်ဝင်ပန်း ဖြစ်နေလို့ပါ။

အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိဥာဏ်ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်းရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ အမေပေးထားတဲ့ ဦးနှောက်ရှိသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားလဲ ရှိသေးတယ်။ ဒါဆို လူဖြစ်ရကျိုးတော့ နပ်ပါသေးတယ် မဟုတ်ပါလား။ ရိုးသားမှုကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုး ဖြစ်တယ်လို့ ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသပါ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါမယ်။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတိုင်း လိုအပ်တဲ့ ပေးဆပ်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ ဘယ်သူမှ ဥပေက္ခာမပြုနိုင်ဘူးလို့ ထင်မိပါတယ်။ အသိအမှတ် မပြုဘဲလည်း နေလို့ မရနိုင်ပါဘူး။ ကျွန်တော့်မှာက ရိုးသားမှုတစ်ခုပဲ ပေးနိုင်စွမ်းသေးလို့ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ .. .. ။


Friday, March 13, 2009

လက်ဆောင်လေးတစ်ခု

လက်ဆောင်ဆိုရင် မနှစ်သက်တဲ့သူ ဘယ်ရှိမလဲနော်။ တန်ဖိုးနည်းသည် ဖြစ်စေ၊ များသည်ဖြစ်စေ တခုတ်တရ လက်ဆောင် ပေးတယ်ဆိုတာ တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတာမျိုး ဖြစ်တယ်။ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှ လက်ဆောင်ပေးတာမျိုး မဟုတ်ဘဲ တစ်ခါတလေ မထင်မှတ်တဲ့ လက်ဆောင်လေးတွေ တကူးတက ပေးဖြစ်တာလည်း တစ်ယောက်အပေါ် တစ်ယောက် အလေးအနက် ထားတယ်ဆိုတာကို နှုတ်က ဖွင့်မပြောဘဲ ထုတ်ဖော်ပြသရာ ရောက်တတ်ပါတယ်။

စာဖတ်ဝါသနာပါတဲ့ သူအတွက် စာအုပ်လေးတွေ လက်ဆောင်ပေးတာမျိုး၊ သီချင်းကြိုက်တတ်တဲ့ သူအတွက် သူနှစ်သက်တဲ့ အဆိုတော်ရဲ့ အခွေထွက်တိုင်း ဦးဦးဖျားဖျား လက်ဆောင်ပေးတာမျိုး အမှတ်မထင် ပေးဖြစ်ရင် တစ်ဖက်သားက ကိုယ့်ကိုပိုပြီး အမှတ်ရစေမယ့် အခွင့်အလမ်းလေးတွေ ဖြစ်စေတယ်လို့ ထင်မိပါတယ်။ ကျွန်တော်လည်း မမျှော်လင့်တဲ့ အမှတ်တရ လက်ဆောင် တစ်ခုရထားလိုက်တယ်။ ပန်းရောင်လွှမ်းတဲ့ အမှတ်တရ ပစ္စည်းလေးပါ။ သူငယ်ချင်းတွေကို ပြလို့ မဖြစ်သလို၊ ပြောပြလို့လည်း မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သိထားပေးပါ။ (မေတ္တာများများ ပို့နိုင်ပါတယ်၊ နေမကောင်းသေးလို့)