Thursday, November 6, 2008




သူငယ်ချင်း
မင်းလေးရဲ့ မွေးနေ့ရောက်တော့မယ်နော်၊ ရက်တွေတောင် သိပ်မလိုတော့ဘူး ..
မင်းလေးအတွက် မွေးနေ့အကြို ပို့စ်ကတ် ပို့လိုက်ပါတယ် ..
ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့လေးတွေ ဖြစ်ပါစေ ..

လိုချင်တယ် iPod Nano


အချိန်နဲ့အမျှ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာနောက်ကို ကျွန်တော်လည်း အမီလိုက်နေပါတယ်။ နည်းပညာပိုင်း ကတော့ ဟုတ်ပါရဲ့၊ စက်ပစ္စည်းပိုင်းကတော့ လိုက်မမီဘူး ဖြစ်တယ်။ HDD 30 G ပါတဲ့ Apple ရဲ့ iPod Nano လေးကို သွားရည်ယို လောက်ပါရဲ့။ IT ခေတ်ရဲ့ ရှေ့ဆောင်ထဲမှာ သေးငယ် ပေါ့ပါးပြီး သယ်ယူရတာ လွယ်ကူတဲ့ ပစ္စည်းလေးတွေရဲ့ လုပ်ဆောင်ချက် စွမ်းရည်၊ အရောင်အသွေးနဲ့ နှစ်လိုဖွယ် Data ဝင်ဆံ့မှု၊ စုံလင်လှတဲ့ function တွေဟာ လူငယ်တွေရဲ့ စိတ်အစဉ်ကို ငြို့ယူ ဖမ်းစားနိုင်တယ် ဆိုတာ အမှန်ပါပဲ။

Online စာကြည့်တိုက်


Online စာကြည့်တိုက်
ကျွန်တော် ရောက်ခဲ့ လေ့လာခဲ့တဲ့ အွန်လိုင်း စာကြည့်တိုက်လေးတစ်ခု ထပ်ပြီး မျှဝေပေးချင်ပါတယ်။ စာကြည့်တိုက် ဆိုတဲ့အတိုင်း Subject Collections မှာ လူမှုအနုပညာ၊ စီးပွားရေး၊ ကွန်ပျူတာ၊ ပညာရေး၊ သဘာ၀၀န်းကျင်၊ ကျန်းမာရေး၊ အုပ်ချုပ်မှု ဥပဒေဆိုင်ရာ၊ သိပ္ပံ နဲ့လူမှု သိပ္ပံ ကဏ္ဍအစုံစုံကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် စာအုပ် စာစောင် တွေ၊ မဂ္ဂဇင်းတွေနဲ့ သတင်းစာတွေကိုပါ ဖတ်ရှုနိုင် ပါသေးတယ်။ ထပ်လေ့လာမယ် ဆိုရင် လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်။ အရောက်သွားကြည့်ဖို့ မျှဝေပေးလိုက်ပါတယ်။ ဒီမှာ Click လုပ်သွားပါ။

အင်္ဂလိပ်စကားပြောသင်မယ်ဆိုရင်


www.learnenglish.org.uk
အင်္ဂလိပ်စာကို အခြေခံကနေ လေ့လာချင်သူတွေ အတွက် အဆင်ပြေနိုင်တဲ့ ဝက်ဘ်ဆိုက်လေး မျှဝေပေးချင် ပါတယ်။ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ် နဲ့ ပြန်နားထောင်လို့ ရတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ ကောင်းမွန်စွာ စီစဉ် ထားတာ တွေ့ရပါတယ်။ မူကြိုအဆင့်၊ ကလေးအဆင့်၊ အရွယ်ရောက်သူအတွက်၊ မိသားစု၊ လုပ်ငန်းခွင် စကားပြော နည်းစဉ်တွေပါ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ အာရပ် ဘာသာစကားပြောသူ တွေအတွက်လည်း စီစဉ် ထားပေးတာ တွေ့ရပါတယ်။ မူရင်း ဘာသာစကား ပြောဆို ရေးသားသူတွေရဲ့ အသုံးအနှုန်းတွေကို တိုက်ရိုက် ထိတွေ့ လေ့လာသင်ယူ နိုင်တာမို့ အကျိုးရှိစေမယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ သိပြီးသား ဆရာကြီးတွေ အတွက် မဟုတ်ပါဘူး၊ လေ့လာသူတွေ အတွက်ပါ။

Wednesday, November 5, 2008

အမှတ်တရ ပဋိပက္ခများ

အမှတ်တရ ပဋိပက္ခများ

ကျွန်တော်က သူ့ကိုတွေ့ချင်တယ်
သူက ကျွန်တော့်ကိုလာမခေါ်နဲ့တဲ့

ကျွန်တော်က သူ့ကိုလွမ်းတယ်
သူက ကျွန်တော့်ကိုတစ်ခြားတစ်ယောက်ရှာတဲ့

ကျွန်တော်က သူ့ကိုတန်ဖိုးထားတယ်
သူက ကျွန်တော့်ကိုလူလိမ်ကြီးတဲ့

ကျွန်တော်က သူ့ကိုညီမလေးလို့ခေါ်တယ်
သူက ကျွန်တော့်ကို လာမကျူနေနဲ့တဲ့

ကျွန်တော်က သူ့ကိုသတိရတယ်
သူက ကျွန်တော့်ကိုမေးလ်မပို့နဲ့တဲ့

ကျွန်တော်က သူ့ကိုအလျော့ပေးတယ်
သူက ကျွန်တော့်ကိုသိပ်မိုက်ရိုင်းတယ်တဲ့

ကျွန်တော်က သူ့ကိုနေကောင်းလားမေးတယ်
သူက ကျွန်တော့်ကိုမတွေ့ချင်တော့ဘူးတဲ့

ကျွန်တော်က သူ့ကိုချစ်တယ်
သူက ကျွန်တော့်ကိုမုန်းတယ်တဲ့

ပန်တော်ကျဘဝ

ပန်တော်ကျဘဝ

သံယောဇဉ်ငြိ
တစ်နေ့တစ်ဆင့်
တစ်ရစ် နှစ်ရစ်
အသစ်တွယ်တာ
ကာလကြာသော်
လွမ်းအောင်ဖန်ရစ်

အချစ်ကိုတည်
ဘဝနဲ့ စား
ကြွင်းကျန်ရစ်ခဲ့
အလွမ်းနေ့များ

ရင်ကဝေဒနာ
ရက်ရှည်ကြာတော့
ကဗျာအဖြစ်
ခြေရာထင်ရစ်

စမ်းတို့ မစီး
ငှက်တေး မဆို
ပန်းလေး ငိုသော်
ကျွန်တော် အလျော်ပေးခဲ့ရပြီ .. ..

အိမ်ထောင်မပြုချင်သူ

နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ တတိယမြောက် ကိုယ်ဝန်မွေးဖွား ဖို့အတွက် ကိုယ်ပိုင်ဆေးခန်း တစ်ခုကို ရောက်လာပါတယ်။ ဆရာဝန်က ကိုယ်ဝန်ဆောင်ရဲ့ ရာဇ၀င်မှတ်တမ်းကို ကြည့်ရှုပြီး အိမ်ထောင်မရှိ ဆိုလို့ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပါတယ်။ ဒါကို ရိပ်မိသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ အောက်ပါအတိုင်း ရှင်းပြလိုက် ပါတယ်။

ကိုယ်ဝန်ဆောင် = ဒီလိုပါဆရာ၊ ကျွန်မ (၁၆)နှစ်အရွယ်တုန်းက မိသားစုဆရာဝန်က မှာခဲ့ဖူးပါတယ်။ ကျွန်မရဲ့ နှလုံးခုန်သံ မမှန်ဘူး၊ ပုံမှန်မဟုတ်တဲ့ အသံတွေ ကြားနေရတာကြောင့် အသက်ရှည်ရှည် နေချင်ရင် အိမ်ထောင်မပြုပါနဲ့ လို့ မှာထားလို့ပါဆရာ။
ဆရာဝန် = တေ့လွဲ လွဲတာပဲ .. .. ။

Monday, November 3, 2008

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

တစ်ခါက အလွမ်းပြေ အိမ်လေးအတွက်

ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်

အိမ်အပြင်အဆင်ချင်းလည်း မတူညီ
အရပ်ဒေသချင်းလည်း မတူညီ
နာရီ စံတော်ချိန်ချင်းလည်း မတူညီ
ဘာသာစကားချင်းလည်း မတူညီ
လူမျိုးနွယ်စုချင်းလည်း မတူညီ

သို့ပေမယ့်
ခံစားမှုချင်း တူခဲ့သည်
နှလုံးသားချင်း တူခဲ့သည်
ရင်ခုန်သံချင်း တူခဲ့သည်
သံယောဇဉ်ချင်း တူခဲ့သည်
အလိုက်သိမှုချင်း တူခဲ့သည်
အယူအဆချင်း တူခဲ့သည်
စာနာမှုချင်း တူခဲ့သည်
စိတ်ကူးချင်း တူခဲ့သည်

တူနှစ်ကိုယ် ဘယ်မျှဝေးဝေး
သူ့အိမ်ကို ကိုယ်နေ့တိုင်းရောက်သည်
ကိုယ့်အိမ်ကို သူလေးနေ့တိုင်းရောက်သည်
ကိုယ်နေတာက တစ်အိမ်
သူနေတာက တစ်အိမ်

သို့ပေမယ့်
ထာဝရ နှစ်အိမ့်တစ်အိမ် .. .. ။

ရက် ၁၂ဝ ဇာတ်သိမ်းခန်း

ရက် ၁၂ဝ ဇာတ်သိမ်းခန်း

" ဘ၀ဆိုတာ မှားယွင်းမှုတွေ၊ လွဲချော်မှုတွေနဲ့ ပိုပြီး လှပလာတတ်တယ် " လို့ သိခဲ့ဖူးပါတယ်။ ကျွန်တော့်အတွက် မဟုတ်တန်ရာ ပါဘူး။ ဘဝဆိုတာ တိုတိုလေးလို့ ထင်ထားခဲ့မိတာ သေချာပါတယ်။ ကျွန်တော့်အတွက် ဘဝက တိုတိုလေးအပြင် ထပ်တူညီစွာပဲ မရှိမဲ့ ရှိမဲ့ သံယောဇဉ်ကလည်း တိုတိုလေးပါ။ ခေတ်စကားနဲ့ ပြောရရင် သံယောဇဉ် ခပ်ပါးပါးလေးပေါ့။ ဖြစ်ချင်တော့ သံယောဇဉ် ပါးပါးလေးတောင် ဘာမှ အမှတ်ရစရာ မကျန်အောင် ပြည်သူပိုင် ပြန်သိမ်းသွားတာမို့ ရင်ထဲ ဟာလာဟင်းလင်း ဖြစ်ပြီး နေရထိုင်ရ တစ်ကယ့်ကို ဂဏာမငြိမ်ဖြစ်ခဲ့ရပါတယ်။ တစ်ကယ် ပြတ်သားနိုင်သူလေးလို့လဲ စိတ်ထဲ တိုးတိုးလေး ကောက်ချက်ချမိပါတယ်။

ကျွန်တော်နဲ့ သိခွင့် ခင်မင်ခွင့် ကျွမ်းဝင်ခွင့် ရခဲ့လို့ သူလေးအတွက် သူ့ဘဝမှာ မှားယွင်းမှုတစ်ခုအဖြစ် နောင်တ ဖြစ်စေခဲ့ပြီလား။ ပြန်လည် ဖြေရှင်းခွင့် မရနိုင်ခဲ့တဲ့အတွက် အမှားတရား အားလုံးကို ကျွန်တော်ပဲ တာဝန်ရှိသူ ဖြစ်ခဲ့ရပါတယ်။ အစောပိုင်းအချိန်တွေမှာ အတွေးတွေ ဝိုးတဝါးနဲ့ ထွေပြားနေမိပါတယ်။ တစ်ခါတစ်လေ တော့လည်း စိတ်ဝိညာဉ်ဟာ သောင်ခုံပေါ်မှာ ငါးတစ်ကောင်လို ဖျတ်ဖျတ်ခုန် နေတတ်ပါတယ်။ လူ့ဘဝမှာ အမှားအမှန် ပိုင်းခြား သိမြင်ဖို့၊ စာနာထောက်ထားဖို့ ခွင့်ပြု မပေးတော့ဘူးလားလို့ သံသယ ဝင်မိပါတယ်။ ဖြစ်ပျက်မှုတွေဟာ ဖြေရှင်းနိုင်တဲ့ အသေးအမွှား တစ်ရပ်သာ ဖြစ်ပါတယ်။ လေးနက်မှုကင်းတဲ့ ပုဂ္ဂလိက ခံစားချက်သာဖြစ်ပါတယ်။ ဒါက ကျွန်တော့် ခံယူချက်ပါ။ သူထင်မြင်ခဲ့တဲ့ ကျွန်တော့်ရဲ့ သိမ်ဖျင်းမှုအတွက် သူလေး ကြေကွဲစွာနဲ့ လှောင်ပြုံးပြုံး နေမှာပါ၊ တမြေ့မြေ့ ခံစားနေရရှာမှာပါ။

တန်ဖိုးမရှိတဲ့ ပညာမဲ့တဲ့ ကျွန်တော့်အတွက်နဲ့တော့ မင်းလေးကို မျက်ရည် မကျစေချင်တာ အမှန်ပါ။ မင်းလေး ပါးပြင်ပေါ်က မျက်ရည်စတွေ အလွမ်းသက်သေ မဖြစ်အောင် သုတ်ပစ်လိုက်ပါ။ အဖျားခတ်သွားတဲ့ လောကဓံအောက်မှာ မင်းလေးကို အကြိမ်ကြိမ် ဒူးထောက် ပြီးပါပြီ။ ကျေနပ်ပါလို့ ပြောပါရစေ။ လူတစ်ယောက်ရဲ့ သိက္ခာကို ပညာဂုဏ်နဲ့ ချိန်မှ တန်ဖိုးရှိတာမှန်ပေမယ့် အလှည့်ကျရင် မနွဲ့စတမ်းလို့ ကျိန်မပြောရက်ပါဘူး။ စေတနာဆိုတာ ခုချိန်မှာ ငွေပါမှ သေချာတာမို့ မင်းလေး သိအောင် ပြောပြချင်ပါတယ်။ ဟန်ဆောင်ကောင်းတိုင်းသာ မင်းသားဖြစ်မယ်ဆိုရင် ပရိသတ်ဆိုတာ ငါတစ်ယောက် တည်းပဲ ရှိမယ်ဆိုတာပါပဲ။

Saturday, November 1, 2008

ပန်းနုရောင် လေသာပြူတင်းဆီ .. .. သို့

ပန်းနုရောင် လေသာပြူတင်းဆီ .. .. သို့

ဘဝတိုတိုလေးမှာ လူတွေဟာ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင် နေကြတယ်လို့ ပြောကြပါတယ်။ လောက အကြောင်းကို ဂဃနဏ မသိသေးတဲ့ နို့စို့အရွယ် ကလေးငယ်လေး တစ်ယောက်ရဲ့ မျှော်လင့်ချက်ကတော့ မွေးမေမေရဲ့ ချော့မြူမှုကို တောင့်တခြင်းပဲ ဖြစ်မှာပါ။ ကျောင်းနေအရွယ် ကျောင်းသားတွေရဲ့ မျှော်မှန်းချက် ကတော့ ထူးချွန်ထက်မြက်တဲ့ ပညာတတ်တစ်ယောက် ဖြစ်ဖို့ကြိုးစားကြတာ ဖြစ်ပါမယ်။ အစွဲအလမ်းကြီးပြီး ခံစားမှုကို ဦးစားပေးလာတဲ့ နှစ်ဆယ်ကျော် သက်လတ်ပိုင်းကျတော့ အရာရာကို စွန့်စားချင်၊ ဆန့်ကျင်ချင်ပြီး လိုချင်တာကို မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ စိတ်လောဘကို အလေးသာစေတဲ့ အရွယ်ဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ခုခုကို စွဲစွဲမြဲမြဲ တမ်းတမ်းတတနဲ့ မျှော်လင့်ချက်ကြီးစွာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်လိုက်ချင်တဲ့ တဇွတ်ထိုးစိတ်လည်း ရှိမယ် ယူဆမိပါတယ်။ ရူးမိုက်မိုက် အရွယ်နဲ့ ရူးနမ်းနမ်း အတွေး မို့လည်းပဲ အမှားနွံထဲလည်း တစ်ကြိမ်တစ်ခါတော့ တိုးဝင်ခဲ့တာလည်း ရှိပါမယ်။ ကိုယ့်လုပ်ရပ် အမှားအပေါ် သာယာနေမိ တာကိုလည်း ကျေနပ်နေမှာ အမှန်ပါပဲ။ ကိုယ့်လုပ်ဆောင်နေတဲ့ အမှားကို ပတ်ဝန်းကျင်ကောင်း တစ်ခုက စေတနာသန့်သန့်နဲ့ အသိပေးလို့ အသိတရားရပြီး ပြုပြင်မယ်ဆိုရင်တော့ အဲဒီအမှားကနေ သင်ခန်းစာကောင်း တစ်ခုရမှာ ဧကန်မလွဲပါဘူးလို့ ထင်မိပါတယ်။

လုပ်ရပ်မှားတစ်ခုအတွက် မျှော်လင့်ချက် လုံးလုံး ဆုံးရှုံးသွားမယ်ဆိုရင် လူတစ်ယောက် အတွက် ကိုယ်၊ စိတ်၊ နှလုံး ချုံးချုံးကျရတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရပါမယ်။ ဘယ်လိုပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ရှိတဲ့သူ ဖြစ်ပါစေ၊ ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့ရတဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းသွားခဲ့မယ်ဆိုရင် မျှော်လင့်သည်ထက် အဆမတန် နာကျင် ကြေကွဲရမှာ အသေအချာပါပဲ။ ဒါပေမယ့် ယုံကြည်မှုတွေ မပျောက်ဆုံးစေဘဲ ဘဝအသစ်အတွက် နောက်ထပ် မျှော်လင့်ချက်များ ထားရှိနိုင်ရင်ဖြင့် ရိုးသား ကြိုးစားပြီး တော်တည့် ကောင်းမွန် မှန်ကန်တဲ့ လူသားများအတွက် အောင်မြင်မှုဆိုတာ မလွဲမသွေ ပြန်လည် ရရှိနိုင်မယ့် အရာတစ်ခု ဖြစ်ပါမယ်။ မျှော်လင့်ချက် ရှိနေသရွေ့ ဘဝဟာ ရှင်သန် သက်ဝင် လှုပ်ရှား အာရုံဝင်စား စရာတွေ ရှိနေမှာပဲ ဖြစ်ပါမယ်။ မျှော်လင့်ချက်ဟာ လူသားများအတွက် အဓိပ္ပာယ်ရှိရှိ ဆက်လက် ရှင်သန်ဖို့ အကြီးမားဆုံး အင်အားတစ်ရပ်လို့ မြင်မိပါတယ်။ ဒါကြောင့် ဘဝမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ခံယူချက်နဲ့ လျှောက်လှမ်းနေရတဲ့ ခရီးလမ်း တွေဟာ ချောမွေ့ဖို့ထက် ခက်ခဲကြမ်းတမ်းဖို့က ပိုပြီးများမှာ သေချာပါတယ်။ ဒီလိုနဲ့ပဲ ဘဝက သင်ပေးလိုက်တဲ့ အမှားသင်ခန်းစာတွေကို ရင်ဝယ်ပိုက်ပြီး အခက်အခဲတွေကို ကျော်လွှားရင်း နွမ်းလျစွာနဲ့ တိုးဝင်လျက်ပါ လှမ်းဝင်လျက်ပါ .. .. ..