Wednesday, October 22, 2008

နိုင်ငံတကာသံရုံးများ


နိုင်ငံတကာသံရုံးများ

နိုင်ငံရပ်ခြား ဗီဇာရရှိဖို့အတွက် Travisa ရဲ့ Online Visa Application Page က နိုင်ငံပေါင်း ၁၆၀ ကျော်ကနေ ဗီဇာများ ရရှိအောင် အကူအညီ ပေးနိုင်တယ်လို့ သိရပါတယ်။ ပတ်စ်ပို့ အသစ်ပြန်လုပ် ရာမှလည်း မြန်ဆန်အောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံအားလုံးနဲ့ အွန်လိုင်း ဆက်သွယ်မှု ရနိုင်မှ ရပေမယ့် ဒီဝက်ဘ်ဆိုက်က သံရုံးတွေရဲ့ စာတိုက်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အက္ခရာစဉ်အလိုက် ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါအုန်း။


Monday, October 20, 2008

အဆင်မပြေတဲ့နေ့လေးများ

အဆင်မပြေတဲ့နေ့လေးများ

ညညဆိုအိပ်မပျော်ဘူး။ အိပ်မပျော်တာ ဆိုတာထက် အိပ်မရဘူးလို့ပြောရင် ပိုမှန်ပါမယ်။ တိကျအောင်ပြောရရင် အိပ်ချင်တဲ့ ဆန္ဒ ပျောက်ဆုံးသွားတယ်လို့ ဆိုချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်လတ်တလော ခံစားနေရတဲ့ ဝေဒနာဆိုးကတော့ အိပ်ကို မအိပ်ချင်တာပဲဖြစ်ပါတယ်။

စာဖတ်စားပွဲထိပ်မှာတင်ထားတဲ့ နိုးစက်နာရီလေးရဲ့ အနီရောင်စက္ကန့်လက်တံက မနားတမ်း လှုပ်ရှားနေတယ်။ အနုမြူသုတ်လိမ်းထားတဲ့ အစိမ်းရောင် မိနစ်လက်တံက ရှစ်ဂဏန်းကို ကျော်နေပြီး၊ နာရီလက်တံက သုံးဂဏန်းကို ခါနီးနေပြီးဖြစ်တယ်။ ကျွန်တော့် အခန်းမီးကတော့ ထိန်ထိန်လင်းနေဆဲပါပဲ။ အရင်လို ညမျိုးဆိုရင်တော့ ခေါင်းရင်းက စိမ်းဖန့်ဖန့် ညအိပ်မီးအလင်းတစ်ခုနဲ့ပဲ ကျော်ဖြတ်ခဲ့တာပါ။ ဒီလို အပ်မပျော်တဲ့ညတွေ များလာတော့ မျက်နှာကြက်က မီးချောင်းကိုပါ အဖော်လုပ်ဖို့ ဖွင့်ထားမိပါတယ်။

နွေရာသီမကုန်သေးတာမို့ လေအေးပေးစက်ကြောင့် အေးစိမ့်တဲ့လေအေး အထိအတွေ့ကြောင့် မအိပ်သေးပါလားလို့ ကိုယ့်ကိုယ်ကိုယ် သိနေပြီး အကြောင်းမဲ့ မျက်နှာကျက်ကို ကြည့်နေမိပါတယ်။ ဒီလိုကြည့်နေရင်းနဲ့ မျက်နှာကြက်က ပိုပြီးမြင့်သွားတယ်လို့ထင်မိတယ်။ အိပ်ခန်းကလည်း ကျယ်သွားသလို ထင်နေမိပြန်တယ်။ အဲဒီလိုပဲ ကျွန်တော့်မျက်စေ့ လည်းကျယ်သွားသလို ထင်မိတယ်။ ထိုထို အရာအားလုံးဟာ မကြာမတင်ပဲ ဆန့်ကျင်ပြီး ပိုမိုကျဉ်းမြောင်းသွားတယ်၊ ကျုံ့ရုံ့သွားတယ်လို့ ထင်ရတာ ကျွန်တော်တစ်ယောက် ထဲရတာပါ။

စွဲကပ်လာတဲ့ အိပ်မရတဲ့ ဝေဒနာဆိုးကို ကုစားဖို့ အိပ်ဆေးကို အဖော်ပြုရင်းနဲ့ပဲ အတွေးစတွေ ပြတ်တောက်သွားတယ်။ ခြေကားယား လက်ကားယားနဲ့ လေထဲ လမ်းလျှောက်သလို လွှင့်မျောနေတဲ့ စိတ်အာရုံကို စုစည်းနေပေမယ့် အလုံးစုံ မှုန်ဝါးဝါးဖြစ်လို့ပါ။ အရင်က ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်တွေးကြည့်တော့လည်း ဘာမှထူးမလာဘူး။ ခဏကြာတော့ စဉ်းစားစရာတွေ ကုန်ခမ်းလာတယ်။ ခေါင်းထဲမှာလည်း ဘာမှပေါ်မလာတော့။ စိတ်ထဲမှာလည်း ဘာမှ မရှိတာ့ဘူး။ ဗလာနိတ္ထိကြီး ဖြစ်သွားတယ်။ နေ့လည်းမရှိ၊ ညလည်းမရှိ။ အမှောင်လည်းမရှိ၊ အလင်းလည်းမရှိ။ ၀မ်းနည်းခြင်းလည်းမရှိ၊ ၀မ်းသာခြင်းလည်း မရှိ။ အမှားလည်းမရှိ၊ အမှန်လည်းမရှိ။ ရှိခြင်းလည်း မရှိ၊ မရှိခြင်းလည်း မရှိ။ ပြာလဲ့လဲ့ ကောင်းကင်ကြီးလည်းမရှိ။ ပင်လယ်ကြီးလည်းမရှိ။ မြေကြီးလည်းမရှိ။ အသံလည်းမရှိ။ တိတ်ဆိတ်ခြင်းလည်းမရှိ။ ကျွန်တော်ပြောချင်တဲ့ မရှိခြင်းများစွာ တွေလည်း ရှိနေပါအုန်းမယ်။ ဘာကိုမှ ကိုင်တွယ်ပြောပြလို့ မရနိုင်တဲ့ အခြေအနေကို ရောက်ရောက်သွားနေမိတယ်။

တစ်ခါတစ်လေလည်း ကျွန်တော့်စိတ်ထဲမှာ ထွင်းဖောက်လို့မပေါက်နိုင်တဲ့ တံတိုင်းကြီးကို မြင်နေရသလို ခံစားရပါတယ်။ အုတ်ထူထူကြီးနဲ့ စီထားပြီး၊ ကျွန်တော်ရဲ့ စိတ်အစဉ်က အဲဒီ တံတိုင်းကြီးကို ထွင်းဖောက်ထွက်ဖို့ ကြိုးစားလေတိုင်း မရနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ တိုးဝင်ကြည့်ဖို့ ကြိုးစားလိုက်၊ အချည်းအနှီးဖြစ်ပြီး ရပ်ကြည့်နေလိုက်နဲ့ ကြိမ်ဖန်များစွာ အမှတ်မရှိ လုပ်ဆောင်နေမိပါတယ်။ ၀မ်းနည်းနေပေမယ့် ကျွန်တော် မငိုပါဘူး။ စိတ်မကောင်းလည်း မဖြစ်ခဲ့ပါဘူး။ လိုချင်တပ်မက်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ မရောက်အရောက် ကြိုးစားပြီး တိုးထွက် နေတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းစွာ ငိုချင်လာမိပါတယ်။ ကြောက်ရွံ့လာတယ်။

ဆို့နင့်လာတယ်။ ဒီလို ဖြစ်ပျက်နေတာကို လွန်မြောက်လွတ်ကင်းဖို့ ထွက်ပြေးချင်လာမိတယ်။ ဒီလိုနဲ့ မျက်လုံးအစုံကို အားယူဖွင့်ကြည့်လိုက်တော့ ကျွန်တော့်အိပ်ခန်းထဲ ပြန်ရောက်နေတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော် ခဏလောက်တော့ အိပ်ပျော်သွားတယ်လို့ ထင်မိတယ်။ ဒီလို အိပ်မက်လို့ ထင်ပြီး ဖြစ်ပျက်ခဲ့သမျှကို တွေးကြည့်ရင် ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးတွေနဲ့ အေးစက်နေတတ်ပါတယ်။

အခုလည်း အုတ်တံတိုင်းကြီးကို တိုးထွက်မရလို့ ပြန်နိုးလာတဲ့ပုံပါပဲ။ အရာရာက ကြည်လင်နေသလို အဲဒီအရာရာကပဲ မူးနောက်နောက် ဖြစ်နေပြန်ပါတယ်။ အိပ်မပျော်တဲ့ ရက်တွေက များပြီမဟုတ်လား။ အချိန်နည်းနည်း အားသွားတာနဲ့ အုတ်တံတိုင်းကြီးကို ပြန်မြင်လာတယ်။ ညက အဖြစ်အပျက်တွေလို ပြန်ဖြစ်လာတယ်။ မှေးကနဲ အိပ်ပျော်သလို ဖြစ်သွားပေမယ့် အကြောင်းမဲ့ လန့်လန့်နိုးလာပြန်တယ်။ ဒါကကျွန်တော့်ရဲ့ လတ်တလော ကြုံတွေ့နေရတဲ့ အဆင်မပြေမှုလေးတွေပါ။ မျှဝေခံစားပေးပါအုန်း။ အမှားအယွင်း ပါရှိခဲ့ရင် နားလည် ခွင့်လွှတ်နိုင်ပါစေလို့ ... ....



အတွေး

ဘဝမှာ
ချစ်ရမယ့်သူ တစ်ယောက်ရှိနေမယ်
သန့်စင်တဲ့စိတ် ရှိနေမယ်ဆိုရင်
ချစ်စရာကောင်းပြီး
ပျော်စရာတွေနဲ့ ပြည့်စုံနေမှာပါ ....

Saturday, October 18, 2008

နောက်ဆုံးထွက် DVD အသစ်ရှာမယ်



စတိုးဆိုင်တွေမှာ ရရှိနိုင်တဲ့ DVD အသစ်တွေရဲ့ သတင်းကို စိတ်ဝင်တစား စောင့်မျှော်တတ် သူတွေအတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ပါ။ Digital Bits ဟာ သူ့ရဲ့ Upcoming Cover Art Section မှာ သတင်းအပြည့်အစုံနဲ့ကို ဖော်ပြပေးထားပါတယ်။ ဒါတင်မကပါဘူး နောက်ထပ် ထွက်ရှိမယ့် DVD အသစ်တွေရဲ့ အကြောင်း၊ disc အသစ်တွေအကြောင်းနဲ့ DVD format နဲ့ပတ်သက်ပြီး မကြာခဏ မေးမြန်းတတ်တဲ့ မေးခွန်း တွေရဲ့ အဖြေတွေကိုပါ စုစည်းပေးထားတာကို တွေ့ရပါတယ်။ သိပြီးသားများဖြစ်ရင် ကျော်ဖတ်သွားပါဗျာ။


Ovi.com ရဲ့ဝန်ဆောင်မှု


Ovi.com ရဲ့ဝန်ဆောင်မှု

သင့်ကွန်ပျူတာထဲက Data တွေကို Online Portal နဲ့ sync လုပ်ပြီး အချိန်မရွေး သင့်ရဲ့ Nokia ဖုန်းပေါ်ကို ပို့ဆောင်ပေးဖို့ www.ovi.com ၀န်ဆောင်မှုက မကြာမတင်မှာ လုပ်ဆောင်နိုင်တော့မယ်လို့ Nokia က ပြောထားပါတယ်။

လက်ရှိအခြေအနေက Nokia N 95 စမတ်ဖုန်းနဲ့ Lenovo Laptop က သီးခြားကမ္ဘာလို ရှိနေပါသေးတယ်။ Ovi.com က Data တွေကို အလိုအလျှောက် sync လုပ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ဆက်သွယ်ပေးမယ်။ Sonud file, Documents နဲ့ Image တွေကိုပါ ပို့ပေးနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် မီဒီယာနဲ့ Documents များအားလုံးကို အဆုံးစွန် Access ရနေပေမယ့် မြန်ဆန်တဲ့ Cellular ဒါမှမဟုတ် Wi-Fi Connection ရှိနေဖို့တော့ လိုပါမယ်။


Friday, October 17, 2008

အချစ်ဆိုသည်မှာ

အချစ်ဆိုသည်မှာ

ညီမလေး Dream က Tag ထားတဲ့ ခေါင်းစဉ်လေးပါ
အချစ်နဲ့ပတ်သက်လို့
ကျွန်တော့်မှာ ထွေထွေထူးထူး ဖော်ကျူးစရာ မရှိပါဘူး

ကျွန်တော်နားလည်တဲ့အချစ်က
အချစ်က မှော်ဆရာတစ်ဦးဖြစ်တယ်
အချစ်က ယစ်မူးစေတယ်
အချစ်က အချိန်ကို စားသုံးတယ်
အချစ်က ရစ်ပတ်နှောင်ဖွဲ့စေတယ်
အချစ်က အထီးကျန်စေတယ်
အချစ်က ခါးသီးမှုတွေကို ချိုမြစေတယ်
အချစ်က နာကျင်မှုဝေဒနာတွေကို သက်သာစေတယ်
အချစ်က အရာရာတိုင်းကို လှပအောင် ဖန်ဆင်းပေးတယ်
အချစ်က ကြေကွဲဝမ်းနည်းမှုထဲကနေ ပျော်ရွှင်စရာကို သယ်ဆောင်လာနိုင်တယ်
အချစ်က ခက်ထန်မာကြောတဲ့ နှလုံးသားအားလုံးကို နူးညံ့ပျော့ပျောင်းစေတယ်
အချစ်ကို နည်းနည်းယုံကြည်သူတွေအတွက် အချစ်နည်းနည်းပဲ ပြန်ရမယ်


အချစ်နဲ့ ပတ်သက်လာရင်
စာတစ်တန် ပေတစ်ရွက် ရေးဖွဲ့နိုင်လောက်အောင် အတွေ့အကြုံမရှိတာမို့
နောက်ဆုံးအနေနဲ့
အချစ်ဆိုတာ လက်ဆောင်တွေအားလုံးထဲမှာ တန်ဖိုးအရှိဆုံးအရာ
ဖြစ်တယ်ဆိုတာကို ပြောရင်းနဲ့
ညီမလေး Dream တစ်ယောက်လည်းကျေနပ်နိုင်ပါစေ .. ..

အိမ်တွင်းခင်းကျင်းမှုအနုပညာ

အိမ်တွင်းခင်းကျင်းမှုအနုပညာ

ခရီးသွားရာကနေ ပြန်ရောက်ပြီး ကတည်းက ကွန်နက်ရှင်းက ကောင်းခဏ မရတာကခပ်ကြာကြာ မို့လို့ စိတ်လေစရာ ဝယ်ယူဒုက္ခလိုပါပဲ။ ရတဲ့အချိန် အခိုက်အတန့်လေးမှာ လည်ဖြစ်တဲ့ မိတ်ဆွေ သူငယ်ချင်း ဘလောဂ့်တော်တော် များများမှာ ဟင်းလေးတွေချက်ပြီး ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားပုံကို ရှုမငြီးစွာနဲ့ စားချင့်စဖွယ် အမယ်စုံစုံကို တွေ့ခဲ့ ပါတယ်။ ဖြစ်သလို စားသောက်တတ်တဲ့ သူတွေဆိုပေမယ့်လည်း တစ်ကယ့်ကို အဟာရပြည့်အောင်နဲ့ အချိန်ယူ ချက်ပြုတ်ခဲ့ကြတာကိုလည်း စိတ်ဝင်စားစွာနဲ့ လေ့လာခဲ့ရ ပါတယ်။ တစ်ယောက်ကို တစ်ယောက်က အကြောင်းအရာတစ်ခုကို အခြေခံပြီး Tag ကြတဲ့အတွက် အေးစက်စက်ဖြစ်နေတဲ့ ဘလောဂ့်ရပ်ဝန်းလေးဟာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ချစ်ကြည်မှုကို ဖော်ဆောင်နေသလို ဘေးကကြည့်ရင်းနဲ့တင် အပျော်တွေ ကူးစက်ခဲ့ရပါတယ်။

ငယ်ငယ်က အမေချက်ကျွေးတဲ့ ဟင်းများကြိုက်လို့ကတော့ ခူးခပ်တာတောင် မစောင့်နိုင်တော့ဘဲ လက်နဲ့ နှိုက်စားတတ်ခဲ့တာမို့ လူကြီးတွေမာန်မဲ ခဲ့တာတွေကို မမေ့ခဲ့ပါဘူး။ ကျွန်တော်တင်ပြချင်တာက ဒီခေတ်မှာ ချက်ပြီး၊ ပြုတ်ပြီးသား ဟင်းလျာတွေကို လှပအောင် ပြင်ဆင် ခင်းကျင်းတာတွေရှိလာတော့ အနုပညာသဘော ဆန်လာတယ်လို့ ပြောချင်တာပါ။ ခင်းကျင်းထားတဲ့ စားပွဲပေါ်မှာ ကြည့်ရ မြင်ရတာတွေကို ရှုချင်စဖွယ်၊ စားချင့်စဖွယ် ဖြစ်အောင် စီမံလာကြတယ်။ အမြင်ဆန်းဆန်း လည်းဖြစ်၊ အရသာလည်း ထူးကဲစေတာမျိုးနဲ့ တည်ခင်းလာကြတယ်။ များသောအားဖြင့် ဧည့်ခံပွဲကြီးတွေ၊ အခမ်းအနားကြီးတွေနဲ့ ဟိုတယ်စားသောက်ဆိုင်တွေမှာ ဖြစ်ပေမယ့် သည်လို တည်ခင်းတဲ့ ယဉ်ကျေးမှုဟာ ကျွန်တော်တို့ရဲ့ အိမ်တွင်း ထမင်းစားခန်းကို ရောက်လို့လာပါပြီလို့ ဆိုချင်ပါတယ်။

ကိုယ့်မိသားစုလေး အားရ၀မ်းသာ စားကြ၊ သောက်ကြဖို့နဲ့ အဟာရဖြစ်စေဖို့အတွက် စီမံကြမယ့် အိမ်တွင်း စားဖိုမှူးရဲ့ အောင်မြင်တဲ့ ဟင်းလျာတစ်ပွဲ စားပွဲပေါ်တင်ပေးနိုင်ဖို့ ဟင်းလျာရဲ့အရောင်၊ ဟင်းလျာရဲ့ အပျော့အမာ၊ အရွယ်အစား၊ ပုံသဏ္ဍာန်၊ အနံ့အရသာနဲ့ အပူချိန်တို့ကို အထူးအလေးထား စဉ်းစား ပြင်ဆင်လာကြပါတယ်။ မျက်စေ့ထဲ မြင်အောင်ပြောရရင် ကင်ထားတဲ့ ငါးကညိုညို၊ အားလူး ပြုတ်ထောင်းလေးက မဖြူမ၀ါ၊ နို့ရည်ဆမ်းထားတဲ့ ပြောင်းဖူကြော်လေးက အဖြူရောင်နဲ့ ပယင်းရောင်။ နံနံပင်လေးတွေ၊ ဂျူးမြစ်ချောင်းလေးတွေ၊ ကြက်သွန်မြိတ်ကလေးတွေနဲ့ ဖြူးထားတာမို့ ဖြူ၊ ၀ါ၊ စိမ်းနဲ့ မျက်စိပသာဒ ကျစရာ။ ငရုတ်သီးတောင့် ရဲရဲကလေးတွေက တစ်တောင့်နှစ်တောင့် ဒီလိုနဲ့ပဲ စားသောက်သူတွေရဲ့စိတ်ကို ညွှတ်နူးစေတာ အမှန်ပါပဲ။ အံမခန်းလက်ရာနဲ့ ဂုဏ်ယူစရာ စိတ်ကူးစိတ်သန်းလေးတွေပါ။

Texture လို့ခေါ်တဲ့ လျှာပေါ်ထိတွေ့ခံစားမယ့် အရသာကိုလည်း စီမံတတ်ရပါတယ်။ ရှမ်းဆန် ဒါမှမဟုတ် ပေါ်ဆန်းနဲ့ ချက်ထားတဲ့ ထမင်းက ရနံ့ကြိုင်ကြိုင်နဲ့ နူးနူးညံ့ညံ့၊ ကိုက်လန်ရွက် ကြော်ကလေးက ဂျိုးဂျိုးဂျွမ်းဂျွမ်း၊ ဟင်းချိုကလေးက လျှောခနဲ လျှောခနဲ၊ တညင်းသီး အတို့ကလေးက ဖန့်ဖန့်မာမာ ဆိုတာမျိုးက texture ကစားထားတဲ့ အစားအစာ ပြင်ဆင်မှုပါ။ အရွယ်အစားနဲ့ ပုံပန်းသွင်ပြင်ကို လှပအောင်၊ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်တာကိုလည်း ကြည့်ပါ ငါးကင်က ရှည်ရှည်မျောမျော၊ အာလူးချောင်း ကြော်က တစ်ညှိုတစ်ဆစ်၊ ခရမ်းချဉ်သီးလုံး ကလေးတွေက စီစီပုံ့ပုံ့၊ မုန်လာဥနီ၊ မုန်လာဥဖြူချောင်း ကလေးတွေက တိုတစ်ချောင်း ရှည်တစ်ချောင်း။ အနံ့အရသာဆိုလည်း အသားဟင်းကို မဆလာ နိုင်နိုင်နဲ့ နှပ်ထားတဲ့ဟင်းလျာ၊ မျှစ်နဲ့ ပဲပြုတ်ကျော်၊ ရွှေပဲသီးအစိမ်း မကျက်တကျက်ကြော်၊ ကန်စွန်းရွက် ကော်ရည်ကျော်၊ ပဲပင်ပေါက်နဲ့ ပဲပြားကျော်သုပ်၊ ငပိရည်ကျိုငရုတ်သီး လှော်မှုန့်ခပ်၊ ဘူးရွက်ဟင်းချို အငွေ့တထောင်းထောင်းနဲ့ ငြုတ်ကောင်းမှုန့်ခပ်လို့ ပြင်ဆင်ထားလိုက်မယ်ဆိုရင် အနံ့အမျိုးမျိုး အရသာအထွေထွေနဲ့ စားချင့်စဖွယ်ဖြစ်အောင် ပြင်ဆင် တည်ခင်းတဲ့ သဘောဆောင်ပြီပေါ့။ အပူချိန်ကလည်း အရေးပါပါတယ်။ ဟင်းချိုရည် ပူပူလေးနဲ့ ရေခဲသေတ္တာထဲက ထုတ်ယူခါစ တို့စရာ ရှောက်ရွက်ကိုပဲ စဉ်းစားကြည့်ပါ။ အေးခြင်းရော ပူခြင်းပါ ထမင်းစားပွဲပေါ် အတူယှဉ်တွဲရှိနေတာ မတူဘူးလား။ ထမင်းစားပွဲလေးမှာ မိသားစု စုံစုံလင်လင် ရှိတယ်၊ ဟင်းအမယ်စုံစုံတွေက အရောင်လည်း ရှိတယ်။ ပျော့ခြင်း မာခြင်းလည်းရှိတယ်။ အရွယ်အစား အတို အရှည်၊ အကြီး အသေး လည်းရှိတယ်။ ပုံသဏ္ဍာန်ကလည်း အမျိုးမျိုးနဲ့ အနံ့တွေကလည်း စုံလို့၊ အရသာကလည်း စုံလို့ပါ။ ဒါဟာ ကျွန်တော်တင်ပြချင်တဲ့ ထမင်းစားပွဲလေးဟာ အနုပညာဆန်တဲ့ ခင်းကျင်းမှု လို့ ပြောချင်ပါတယ်။

လူတိုင်းကျန်းမာပျော်ရွှင်လို့ အဟာရပြည့်ဝတဲ့ အစားအသောက်ကို အိမ်တွင်း ခင်းကျင်းမှုအနုပညာဖန်တီးရင်း နှစ်လိုဖွယ် မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်နဲ့ ဆန္ဒပြုလိုက်ပါတယ်။ အမှားမကင်းခဲ့ရင် ခွင့်လွှတ်နိုင်ပါစေလို့ မျှော်လင့်ရင်း အားလုံးကို လေးစားလျက်ပါ။

Saturday, October 11, 2008

နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြရအောင်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြရအောင်

မကြာခဏခရီးသွားနေရတာက တစ်ကြောင်း၊ ခရီးသွားရင်လည်း ညပိုင်းဖြစ်တာက တစ်ကြောင်းမို့ အအိပ်အနေ အချိန်မှားပြီး ကျွန်တော့်မှာ ကိုယ်စိတ်ကြည်လင်ခြင်း မရှိတတ်ပါဘူး။ အိပ်ယာနေရာ ခဏခဏ ပြောင်းအိပ်တာကလည်း နှစ်နှစ်ခြိုက်ခြိုက်အပ်စက်ဖို့ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အိမ်မှာ နားနေပြန်တော့ အင်တာနက်ကို အချိန်ကုန်သည်အထိ လျှောက်လည်နေတာ အကျင့်တစ်ခုလို ဖြစ်နေတာကြောင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နားနေနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေ ပေးလိုက်ပါတယ် -

(၁)
သင့်ရဲ့အိပ်ယာကို အိပ်ဖို့အချိန်အတွက်ပဲ အသုံးပြုပါ။ အိပ်ရာထဲမှာ နေရင်း ရုပ်မြင်သံကြား ကြည့်တာမျိုးနဲ့ စာဖတ်တာတွေကို မလုပ်ပါနဲ့ ။

(၂)
အိပ်ရာထဲရောက်ထဲအခါ နာရီကို မကြည့်ပါနဲ့။ အိပ်မရတဲ့ကိစ္စနဲ့ အိပ်ရေးမဝတဲ့ ကိစ္စတွေကို တွေးတော ပူပန်နေတဲ့ သောကစိတ်တွေ ဖြစ်နေရင် အိပ်ချင်တဲ့စိတ် ကွယ်ပျောက်သွားပြီး အိပ်မရပြန်ပြီး ဖြစ်တတ် ပါတယ်။

(၃)
အိပ်ရာမ၀င်ခင် ကိုယ်ရောစိတ်ပါ အကြောလျော့တဲ့ အလေ့အကျင့်မွေးမြူဖို့ လိုအပ်ပါတယ်။ အိပ်ရာ မ၀င်ခင် (၃)နာရီလောက် အလိုကစပြီး စိတ်လှုပ်ရှားစရာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း တွေပြုလုပ်တာ၊ ရုပ်မြင်သံကြား ဇာတ်လမ်းကြည့်တာ၊ လုံးချင်းဝတ္ထုဖတ်တာနဲ့ စကားအခြေအတင် ငြင်းခုန်တဲ့ အလုပ်တွေကို မလုပ်မိပါစေနဲ့။

(၄)
အိပ်ရာဝင်၊ အိပ်ရာထ အချိန်မှန် ဖြစ်သွားအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပြီး၊ အိပ်ချိန်ကအပ ကြား အချိန်တွေမှာ မှေးစက်တာမျိုး မလုပ်မိပါစေနဲ့။ စောစောအိပ်ပြီး စောစောထတာဟာ ကျန်းမာရေးကို အထောက်အကူပြု ပါတယ်။ ဇီးကွက်လိုမျိုး ညမအိပ်ဘဲ အလုပ်လုပ်တာမျိုးဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်

(၅)
အိပ်မရတဲ့အခါ စိတ်ကို အတင်းအကြပ်ကြီး ကြိုးစားပြီးတော့ မအိပ်ပါနဲ့။ အဲဒီအချိန်မှာ အိပ်ခန်းထဲက ထွက်လို့ အချိန်နည်းနည်းပေးပြီး အိပ်ချင်တဲ့ ဖြစ်ပေါ်လာမှ ပြန်အိပ်ပါ။

(၆)
အိပ်ပျော်ဖို့အတွက် အထူးသတ်မှတ်ထားတဲ့ အစားအစာရယ်လို့ မရှိပါဘူး။ ဒါပေမဲ့လည်း အိပ်ကာနီး (၃)နာရီလောက်အလိုမှာ အစားအစာ အလွန်အမင်း ဗိုက်အပြည့် စားထားတာမျိုး၊ အပူအစပ်များတဲ့ အစားအစာတွေ စားတာမျိုးတွေကို ရှောင်ကြဉ်ပါ။ နွားနို့ပူပူလေးနဲ့ ဒိန်ခဲနည်းနည်းလောက် စားပေး လိုက်ရင်တော့ အိပ်ဖို့အတွက် တော်တော့်ကို အထောက်အကူ ဖြစ်စေပါတယ်။

(၇)
စိတ်ဓာတ်တက်ကြွ လန်းဆန်းစေတဲ့ ကယ်ဖင်း(Caffeine)နဲ့ နီကိုတင်း (Nicotine) ဓာတ်တွေပါဝင်တဲ့ အစားအစာတွေကို မွန်းလွဲနဲ့ ညနေပိုင်းအချိန်တွေ မစားမိပါစေနဲ့။ အရက်နည်းနည်းလောက် သောက်တာဟာ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေနိုင် ပေမယ့်လည်း မိမိရဲ့ အိပ်ချိန် ပုံစံဇယားကို ထိခိုက်နိုင် ပါတယ်။

(၈)
အလွယ်တကူ ၀ယ်ယူရရှိနိုင်တဲ့ အိပ်ဆေးတွေကိုတော့ ဆရာဝန်ညွှန်ကြားမှုနဲ့ပဲ သုံးစွဲသင့်ပါတယ်။ အိပ်မရတဲ့ ဝေဒနာကို ခံစားနေရပြီ ဆိုရင်တော့ အကြောင်းရင်းကို သိရှိအောင်လို့ နားလည်တဲ့ ဆရာဝန်တွေဆီကိုသွားပြီး စစ်ဆေးမှုခံယူလို့ အကြံဥာဏ်တွေကို တောင်းခံယူဖို့ လိုအပ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။ ကျေနပ်နိုင်ကြပါစေ...... ။


Thursday, October 9, 2008

ပေးဆပ်ခွင့်ပြုပါ... ချစ်သူ


ဥတု ရာသီတွေ အလီလီ ပြောင်းခဲ့တော့
ကိုယ့်နှလုံးသားမှာ
ဖုန်ထူလိုက် ...
မိုးရွာလိုက် ...
နှင်းခလိုက် ... နဲ့မို့
အသက်ရှင်ခွင့် ရခိုက်မှာ
တိုက်ဆိုင်မှုတွေ ရှိတိုင်း
မင်းလေးကို သတိရ တမ်းတမိတယ်
ညီမလေးရယ် .. .. ။

ကောင်းကင်မှာ တိမ်ညိုတွေ ငိုရလွန်းလို့
ငွေ့ရည်တောင် မဖွဲ့နိုင်တော့ဘူး...
အရာခပ်သိမ်း ပြီးဆုံးပါစေ
ဒဏ်ရာတွေလည်း ပြေပါစေတော့
ရည်ရွယ်ချက်တွေနဲ့ အတိတ်စာမျက်နှာတွေကို
တစ်ရွက်ချင်းစီ ဆွဲဖြုတ် မီးရှို့ခဲ့ပေမယ့်
အငွေ့တစ်လူလူတက်နေတဲ့
မီးခိုးငွေ့တွေကြားမှာ
မင်းမျက်နှာကို မြင်နေရတယ် ညီမလေး .. .. ။

တိုက်ခတ်နေတဲ့ လေပြေအေးမှာ
မင်းကိုယ်သင်းရနံ့တွေ ပျော်ဝင်နေတယ်လို့ ထင်မိတယ်
အမှောင်ခွင်းလို့
ပိုးစုန်းကြူးလေးက မီးရောင်တလက်လက်နဲ့
ချစ်သူပျောက်ကို လိုက်ရှာနေသလားပဲ
နတ်ညှင်းကောင်လေးတွေရဲ့ ကွဲရှရှ သီချင်းသံကို
သစ်ရွက်လေးတွေ လက်ခုပ်တီးတဲ့ အားပေးသံကြားမှာ
ကြင်နာစိတ်လွန်ကဲစွာနဲ့
မင်းရင်ခွင်ထဲ ခိုလှုံခွင့်ပြုပါ ညီမလေးရယ် .. .. ။

တိမ်စိုင် တိမ်လိပ်လေးတွေ
အဆုတ်လိုက် အခိုင်လိုက်
ဖူးပွင့်ရာ ကောင်ကင်းထက်မှာ
ကြယ်လေးတွေက မျက်တောင်တဖျတ်ဖျတ်ခတ်လို့
ကိုယ့်ကိုများ လှောင်ရယ်နေသလား ထင်မိတယ်
ကိုယ့်ရင်မှာ တွယ်ငြိနေတဲ့
မွန်းကျပ်မှုတွေ
သတိရမှုတွေ
တမ်းတမှုတွေ
လွမ်းဆွတ်မှုတွေကို
နူးညံ့တဲ့ အကြင်နာအသွင်နဲ့
မင်းလေးကို ပေးဆပ်ခွင့်ပြုပါတော့ ညီမလေးရယ် .. .. ။


ထာဝရချစ်သူ .. .. မင်း


ဒီညမှာ ထွန်းလင်းနေတဲ့ လမင်းကြီးဟာ
မနေ့ညက ထွန်းလင်းခဲ့တဲ့ လမင်းကြီးပဲ ဖြစ်တယ်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
သံယောဇဉ်ရှိနေဆဲ
တစ်ယောက်ကို တစ်ယောက်
လိုအပ်နေဆဲပါ .. ..

စက္ကန့်တံတွေ အလီလီ
မိနစ်တံတွေ အလီလီ
နာရီတံတွေ အလီလီ
အချိန်နရီတွေ အလီလီ
မရပ်မနား ပြောင်းလဲနေသည့်တိုင်
မင်းနဲ့ကိုယ်နဲ့
တစ်ယောက်ကို တစ်ယောက်
ချစ်နေကြဆဲ
တစ်ယောက်ကို တစ်ယောက်
ထာဝရ
လိုအပ်နေဆဲပါပဲ .. .. ။