Monday, September 15, 2014

ပုလင်းအတွင်း ၅၄ နှစ်ကြာ ရှင်သန်နေဆဲ သစ်ပင်


ပုလင်းအတွင်း ၅၄ နှစ်ကြာ ရှင်သန်နေဆဲ သစ်ပင်

၁၉၆ဝ ပြည့်နှစ် ကတည်းက ပုလင်း တစ်ခုအတွင်း စိုက်ပျိုးခဲ့သည့် အပင်ငယ်လေးသည် နှစ်ပေါင်း ၅၄ နှစ်ကြာ ယခုအချိန် အထိ ရှင်သန်နေဆဲ ဖြစ်သည်။ ၄င်းအပင် လေးကို စိုက်ပျိုးခဲ့သူမှာ သစ်ပင် စိုက်ရာတွင် ထူးချွန်သော ပါရမီရှင် ဒေးဗစ် လာတီမာ ဖြစ်ပြီး အပင်ငယ် လေးကို နောက်ဆုံး အကြိမ် ရေလောင်း ခဲ့သည်မှာ ၁၉၇၂ ခုနှစ်က လို့ သိရသည်။

၁၉၇၂ ခုနှစ်မှာ နောက်ဆုံး အကြိမ် ရေလောင်း ခဲ့ပြီးနောက် အဆိုပါ ပုလင်းကို ပြင်ပ ဂေဟစနစ် နှင့် အဆက်အသွယ် ဖြတ်၍ ထားခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော် ကြာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မိုးလုံလေလုံ အတွင်း၌ စိုက်ပျိုး နိုင်သည့်  Spiderworts အမျိုးအစား အပင်သည် သေဆုံး သွားခြင်း မရှိဘဲ ပုလင်းအတွင်း ၌ ဆက်လက် ကြီးထွား လာခဲ့သည်။

သစ်ပင်ငယ်သည် ပုလင်းအတွင်း ဆက်လက် ကြီးထွားလာပြီး နေရောင်ခြည် ရရှိစေရန် ပုလင်းအား ပြတင်းပေါက်နှင့် ၆ ပေ အကွာတွင် ထားရှိသည်။ အချိန်ကြာ လာသည်နှင့် အမျှ အပင်ငယ် သည် ၁ဝ ဂါလန် ဆံ့သော ပုလင်းအတွင်း ၌ အကိုင်းအခက် များဖြင့် ပြည့်နှက် နေသည်ကို တွေ့ရပေသည်။

၎င်းအပင်ကို ပြင်ပလောက နှင့် အဆက်အသွယ် ဖြတ်ပြီးနောက် ပြတင်းပေါက် အနီးတွင် အစဉ်တစိုက်  ထားရှိ ခဲ့ကြောင်း ၊ ပုလင်းအတွင်း ရှိ အပင်သည် အလင်းရောင် ရှိရာသို့ ဦးတည်ပြီး ကြီးထွား ခဲ့ကြောင်း၊ သို့သော်လည်း အပင်၏ ကြီးထွားမှုသည် ပုလင်းအတွင်း ၌ ဘောင် ကန့်သတ် ထားခြင်းကြောင့် အနည်းငယ်သာ ကြီးထွားခြင်း ဖြစ်နိုင်သည်ဟု လာတီမာ က ပြောကြားသည်။

ပုလင်း အတွင်း၌ အပင်စိုက်လျှင် အလင်းရောင်ကို အဓိက ပေးရမည် ဖြစ်သည်။ အပင်များသည် အလင်းရရှိမှ သာလျှင် ၄င်းတို့အတွက် လိုအပ်သည့် အာဟာရကို အလင်းမှီစု အစာ စုဆောင်းခြင်း နည်းဖြင့် ၄င်းတို့၏ ကိုယ်ပိုင် ဂေဟစနစ် အသေးစားကို ဖန်တီးနိုင်မည် ဖြစ်သည်။

ပုလင်းအတွင်း ဂေဟစနစ် တွင် သစ်ပင်များက ထုတ်လွှတ် လိုက်သော အောက်ဆီဂျင် ကို ပုလင်း အတွင်းရှိ မြေကြီးတွင် နေထိုင်သော ဘက်တီးရီးယား များက အသုံးပြု၍ ကာဗွန်ဒိုင် အောက်ဆိုက် ကို ပြန်လည် ထုတ်လွှတ်သည်။ ၄င်း ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ကို သစ်ပင်များ စုပ်ယူပြီး အလင်းမှီ စုဖွဲ့နည်းဖြင့် အစာချက် လုပ်သည်။

ဖန်ပုလင်း အတွင်း မြေကြီးမှ ရေကို သစ်မြစ်များက စုပ်ယူပြီး သစ်ပင်များရှိ သစ်ရွက်များက ရေငွေ့များ ပြန်လည် လွှတ်ထုတ်ပြီး ဖန်ပုလင်း အတွင်း စုစည်းကာ အပင်များ ပေါ်သို့ မိုးအဖြစ် ပြန်လည် ကျဆင်းခြင်းဖြင့် ရေသံသရာ လည်လျက် ရှိသည်ကို တွေ့ရသည်။ အလင်းမှီ စုဖွဲ့မှုကြောင့် အောက်ဆီဂျင်များ ထွက်ပေါ်ပြီး ကြွေကျသော သစ်ရွက်များ ပုပ်ဆွေးရာမှ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထွက်ပေါ် လာသည့် အပြင် အပင်အတွက် အာဟာရများ ဖြစ်ပေါ်စေ ပါသည်။ ဤနည်းဖြင့် ဖန်ပုလင်း အတွင်း သစ်ပင်များကာလ ကြာရှည် အသက်ရှင် နေခြင်း ဖြစ်ကြောင်း လာတီမာ က ပြောကြား သည်။ ။

1 comment:

သူကြီးမင်း (တုံးဖလား) said...

စိတ်ဝင်စားစရာ အတော်ကောင်းပါလား။

ရေမလို နေရောင်သာ လိုသည် ဆိုသလိုပေါ့။
သူ့သဘာဝနဲ့သူ အောက်ဆီဂျင်ဓါတ်တွေ ရရှိနေတာက အံ့သြစရာပါ။