Saturday, September 13, 2014

အထီးကျန်ဆန်သူတွေ နှလုံးရောဂါနဲ့ အသက်တိုနိုင်




အထီးကျန်ဆန်သူတွေ နှလုံးရောဂါနဲ့ အသက်တိုနိုင်

သီးခြား နေတတ်သူများ၊ အရွယ်လွန်သည် အထိ အိမ်ထောင်မပြု ကြသူများ၊ အကြောင်းကြောင်း ကြောင့် လူ့ အသိုင်းအဝိုင်း က ပယ်ထားခြင်း ခံရသူများတွင် နှလုံးလေဖြတ် ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ Self-help မဂ္ဂဇင်း မှာ ရေးသား ထားတာကို ပြန်လည် မျှဝေလိုက် ပါတယ်။

နှလုံးရောဂါ ဝေဒနာရှင် လူနာ ၁၃၆၈ ဦးကို လေ့လာခဲ့ရာ အလွန် အထီးကျန် သူများ၊ လူပျို၊ အပျိုကြီး များမှာ နှလုံးလေဖြတ်ခြင်း ကို မကြာခဏ ခံစားရလေ့ရှိပြီး (၅ဝ) ရာခိုင်နှုန်း ခန့်တွင် တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ရင်ဖွင့်ဖော်၊ ရင်ဖွင့်ဖက် မရှိသဖြင့် နှလုံးရောဂါ စတင် ခံစားရချိန်မှ ငါးနှစ်အတွင်း အသက်ဆုံးရှုံးလေ့ ရှိပြီး အိမ်ထောင်ဖက် ရှိသူများ၊ ယုံကြည်စွာ ရင်ဖွင့်ရမည့်သူ ရှိသူများတွင် (၁၇) ရာခိုင်နှုန်း သာ သေဆုံး ခဲ့တယ်လို့ သိရသည်။

လူတွေဟာ ကိုယ့်ကို ကြမ်းတမ်းစွာ ဆက်ဆံသူ တွေနဲ့ နီးနီးကပ်ကပ် မနေချင်ကြတာ သဘာဝပါ။ စိတ်ဓာတ်ကျ နေတဲ့အခါ ကျပြန်တော့လည်း လူတွေနဲ့ အဝေးမှာပဲ နေချင်ကြ ပြန်တယ်။ လုပ်ငန်းခွင် မှာလည်း ကိုယ်လုပ်ရတဲ့ အလုပ် ပမာဏနဲ့ ရရှိတဲ့အချိန်၊ အကျိုးခံစားခွင့် တို့ ကွာဟလွန်း နေပြန် ရင်လည်း စိတ်ဓာတ် ကျလာလေ့ ရှိသလို မကျေနပ်မှုတွေ ကြီးထွားလာပြီး ကြမ်းတမ်း ခက်ထန် လာကြ ပြန်တယ်။ အဲဒီလို လူတွေနဲ့ မပတ်သက် တော့ဘဲ တစ်ယောက်တည်း အထီးကျန် နေခြင်းပင်လျှင် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အချက်တစ်ခု ဖြစ်တယ်လို့ ရေးသားထား ပါတယ်။

လူမှု ဆက်ဆံရေး အဆင် မပြေခြင်း၊ အများက ဝိုင်းပယ်သည်ကို ခံရခြင်း၊ ယုံကြည်စွာ ရင်ဖွင့် ရမည့်သူ မရှိခြင်း တို့ကြောင့် နှလုံးလေဖြတ် ရောဂါ ခံစားရနိုင်ခြေ မြင့်မား သောကြောင့် အဆိုပါ နှလုံးရောဂါေ ဝဒနာရှင် များကို အသင်းအဖွဲ့ တစ်ခုခုက ထိတွေ့ ဆက်ဆံပေးခြင်း၊ ဒေါသစိတ်ကို ကွပ်ကဲ ထိန်းချုပ် တတ်ရန် သင်ကြား ပေးခြင်း၊ လူ့အသိုင်းအဝိုင်း နှင့် အဆင်ပြေစွာ နေတတ်ရန် ပြန်လည် လေ့ကျင့်ပေးခြင်း စသည့် အကူအညီများ ပေးနိုင်ပါက အကျိုးရှိမည် ဖြစ်ကြောင်း၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်လျှင် နှလုံးလေဖြတ် နိုင်ခြေကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာ ရွှင်လန်းစွာ နေထိုင်ဖို့ လူသား အချင်းချင်း ဖေးမ ကူညီရန် လိုအပ်တယ်လို့ စိတ်ပညာရှင် တစ်ဦးက ပြောထား ပါတယ်။

သင့်ခန္ဓာကိုယ် သည် သင် နှလုံးလေဖြတ် တော့မည်ကို တစ်လခန့်ကပင် ကြိုတင် သတိပေး နေလေ့  ရှိသည်။ ထို သတိပေးချက်ကို မသိလိုက် သဖြင့် နှလုံးလေဖြတ် ခြင်းကို မကာကွယ် နိုင်တော့ဘဲ နှလုံးပြင်းထန်စွာ ပျက်စီးခြင်း၊ သို့မဟုတ် အသက် ဆုံးရှုံးရခြင်း တို့ ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ နှလုံးလေ ဖြတ်ခြင်းကို ခံစားရတော့မည့် လက္ခဏာများကို Society of Cardiovascular Patient Care တွင် အောက်ပါ အတိုင်း ဖော်ပြထား တာကို ပြန်မျှဝေ လိုက်ပါတယ်။
  • ၁။ ကိုယ်အလေးအချိန် ရုတ်တရက် တိုးလာခြင်း။ အချို့လူနာများ သည် တစ်ရက်တည်း တွင် ကိုယ်အလေးချိန် (၃)ပေါင်ခန့် တိုးလာလေ့ ရှိသည်။ ထို အလေးချိန်သည် ခန္ဓာကိုယ် အတွင်း လှောင်ပိတ်မိနေသော ရေဓာတ် များကြောင့် ဖြစ်သည်။
  • ၂။ အသက်ရှူမဝဘဲ မောနေခြင်း။
  • ၃။ ခြေသလုံး၊ ခြေမျက်စိများ ရောင်ရမ်းခြင်း။
  • ၄။ ဝမ်းဗိုက် ဖောရောင်ခြင်း၊ နာကျင်ခြင်း။
  • ၅။ ညည အမောဖောက်ပြီး နိုးလာခြင်း၊ ခေါင်းအုံး မြင့်မြင့်အုံးမှ သက်သာရာရခြင်း။
  • ၆။ နှလုံးခုန်နှုန်း နှေးလိုက်၊ မြန်လိုက် ဖြစ်ခြင်း။
  • ၇။ ချောင်းခြောက်ဆိုးခြင်း။
  • ၈။ အလိုလို မောပန်းနွမ်းနယ် နေခြင်း။
  • ၉။ အပင်ပန်း မခံနိုင်ခြင်း။
  • ၁ဝ။ မူးဝေပြီး အစားအသောက် ပျက်ခြင်း။
  • ၁၁။ ချောင်းဆက်တိုက် ဆိုးခြင်း၊ အသက်ရှူလျှင် လေပြွန်ထဲမှ အသံမြည်ခြင်း၊ ချွဲတွင်သွေးပါခြင်း
  • ၁၂။ အာရုံ မစိုက်နိုင်ခြင်း။

အထက်ပါ လက္ခဏာများကို ခံစားရပါက နားလည် တတ်ကျွမ်းသော ဆရာဝန်များ နှင့် စနစ်တကျ ပြသ ကုသမှု ခံယူသင့်ပြီး မိသားစု အသိုင်းအဝိုင်းကလည်း နွေးထွေးစွာ ဆက်ဆံ ပေးသင့်ကာ နှလုံးရောဂါ ဝေဒနာ ရှင်များ၏ စိတ်ကို ရွှင်လန်းစေမည့် အောက်ပါ ဝါသနာများကိုလည်း ကူညီ တည်ဆောက် ပေးသင့်ကြောင်း သိရပါတယ်။ အဲဒါတွေ ကတော့

ခရီးတိုထွက်ခြင်း။ တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် ခရီးတို ထွက်ခြင်း၊ ကင်မရာ ဆောင်သွားကာ မိမိစိတ်ကြိုက် ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခြင်း ပန်းပင် စိုက်ပျိုးခြင်း။ ပန်း စိုက်ပျိုးခြင်း၊ ရေလောင်းခြင်း၊ ပွင့်လာသော ပန်းများအား တစိမ့်စိမ့် ကြည့်ခြင်း ၊ ချက်ပြုတ်ခြင်း။ တစ်အိမ်လုံး အတွက် ပင်ပန်းစွာ ချက်ပြုတ်ရခြင်း မဟုတ်ဘဲ မိမိ လေ့လာမိသော ဟင်းချက် နည်းအသစ် တစ်ခုအား လက်တည့်စမ်း ချက်ကြည့်ခြင်း၊ မိသားစု မှလည်း တပျော်တပါး စားသောက်ခြင်း ၊ ကခုန်ခြင်း။ အိမ်တွင် မိမိခင်ပွန်း၊ ဇနီး၊ မောင်နှမများ နှင့် ကခုန်ခြင်းသည် မိမိ စိတ်အစဉ်ကို ပေါ့ပါးသွက်လက် စေပြီး ကိုယ်လက် လှုပ်ရှားရာ ရောက်ပါတယ်။

ပန်းချီဆွဲခြင်း။ မိမိ ခံစားရသည် များကို ပန်းချီဆွဲခြင်းဖြင့် ဖွင့်ဟ ဖော်ထုတ်ခြင်းသည် နှလုံး ဝေဒနာရှင်များ အတွက် အလွန် ထိရောက်သည်။ တေးဂီတ။ သီချင်း နားထောင်ခြင်း၊ တူရိယာ တီးခတ်ခြင်း သည် စိတ်အာရုံကို ကြည်လင်စေပြီး ကိုယ်လက် ပေါ့ပါးစေတယ်လို့ ရေသား ထားတာကို ပြန်လည် မျှဝေ လိုက်ပါတယ်။

1 comment:

ကြယ်ပြာ said...

ခုတလော အထီးကျန်သလိုဖြစ်နေတယ်။ ဘာလို့မှန်းကိုမသိဘူး။ လူတွေနဲ့ဝေးဝေးနေချင်တယ်။ ဒါလေးဖတ်လိုက်တော့ တခုခုဆို ကြိုတင်ကာကွယ်နိုင်ကောင်းပါရဲ့ ....