Friday, September 12, 2014

အဟောင်း နှင့် အသစ်


အဟောင်း နှင့် အသစ်

ကျွန်တော် မူလတန်း ကျောင်းသား အရွယ်တုန်း က ဖြစ်သည်။ အဖေက မြို့မှ အင်္ကျီ၊ လုံချည် အသစ် ဝယ်လာခဲ့သည်။ အမေက ဝတ်ပေးသည်။ ကျွန်တော့် အစ်မ၏ ကိုယ်လုံးပေါ် မှန်ရှေ့မှာ ရပ်၍ ကြည့်သည်။ ရှေ့နောက် ဘေးလှည့်၍ ကြည့်သည်။ ကျွန်တော် လွန်စွာ နှစ်သက်ပီတိ ဖြစ်သွားသည်။ သူငယ်ချင်းများ ရှေ့မှာ ဝင့်ကြွားချင် လာသည်။ ထင်မိသည့် အတိုင်းပင် သူငယ်ချင်း အားလုံးက အားကျ ကြသည်။ ထိုအခါ ကျွန်တော့် လောက် ပျော်မည့်သူ ဘယ်သူ ရှိပါတော့ မလဲလို့ တွေးမိသည်။

လအနည်းငယ် သို့ ပြောင်းသွား သည်။ သီတင်းကျွတ် ကျောင်း ပိတ်ရက် ရောက်တော့မည်။ ပိတ်ရက် မတိုင်မီ နေ့ချင်းပြန် လေ့လာရေး ခရီးတိုလေး တစ်ခု ထွက်ကြမည် ဟု ဆရာမ က ပြောသည်။ ကိုယ်စီ ထမင်းထုပ် ယူခဲ့ကြဖို့ လည်း ပြောသည်။ သွားကြမည့် နေရာက စစ်ကိုင်း တံတားကြီး နှင့် သပြေတန်း ခံတပ် ဖြစ်သည်။

ကုက္ကို အလက နှင့် သိပ်မဝေး လှပါ။ ချောင်းခွ တိမ်ပြာ လယ်ကွင်းများ ကို ကန်သင်းရိုး မှ ဖြတ်သန်းရင်း လယ်သမား၊ ကိုင်းသမား၊ တောင်သူ တို့၏ လုပ်ငန်းခွင်ကို လေ့လာမည်။ တံတားဖြူကို ရောက်မည်။ စစ်ကိုင်း - မန္တလေး ကားလမ်း ဘေးမှ ဆက်လျှောက် သွားလျှင် ရွှေလေးရွာ၊ ရွှေကြက်ယက် ရွာများကို လှမ်းမြင် ရလျက် စစ်ကိုင်းတံတား နှင့် သပြေတန်း ခံတပ်သို့ ရောက်မည်။

ကျွန်တော့် ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့ ပါသည်။ ကျောင်း သွားလျှင် ဝတ်ဆင် နေကျ ကျောင်းဝတ်စုံ က ဟောင်းနေပြီဟု ထင်သည်။ လွန်ခဲ့သော လ အနည်းငယ် တုန်းက အဖေ ဝယ်ပေးခဲ့ပြီး အမေက ဝတ်ပေး ခဲ့သော ကျွန်တော် ကိုယ်တိုင် မှန်ရှေ့မှာ ကြည့်မဝ ခဲ့သော မော်ကြွား ၍လည်း မဆုံးနိုင် ခဲ့သော ခေတ်မီ ဝတ်စုံကလည်း နည်းနည်း ဟောင်းနေပြီ။ ထို့အတူ ဆင်တူ ကျောင်းဝတ်စုံ မှတစ်ပါး ဖြူနီ ကြောင်ကျား မဝတ်ခဲ့ရန် ဆရာမ က စည်းကမ်း သတ်မှတ် ထားသည်။

အတန်းပိုင် ဆရာမ ဒေါ်စိန်ပု နှင့် အတူ လိုက်ပါ လာမည့် ဆရာများ ဖြစ်သော ဆရာကြီး ဦးမြမောင်၊ ဆရာ ဦးဝင်းမောင် နှင့် ဆရာ ဦးစိန်ဝါ တို့က စစ်ကိုင်း တံတား၊ သပြေတန်း ခံတပ် သမိုင်းကြောင်း များကို ရှင်းပြ ကြသည်။ ထို ဆရာကြီး များသည် အသင်အပြ ကောင်းသလောက် စည်းကမ်း ကောင်းသည်။ ထို့ကြောင့် ကျောင်းသားများ ပါမက ရပ်ရွာသားများ၊ မိဘများ ကပါ ချစ်ကြောက်ရိုသေကြ ပါသည်။ ကျွန်တော်တို့ မည်သို့မျှ စည်းကမ်း ပျက်၍ မရကြပါ။

အဖေနှင့် အမေ ကိုသာ ကျွန်တော် ပူဆာမိ ပြန်တော့သည်။ ကျွန်တော့ကို ပြုံး၍ ကြည့်နေ ကြသော အဖေနှင့် အမေကို အစ်မက ဝင်ကူ ပြောပေးသည်။ ''အသစ်တစ်စုံ ဝယ်ပေး လိုက်ပါ ဖေဖေရယ်... သမီး ရက်ကန်းကို ပိုကြိုးစားပြီး ခတ်ပါ့မယ် .. တဲ့။ အလိုလိုက် တတ်သော အဖေနှင့် အမေက ကျောင်းဝတ်စုံ အသစ်တွင် မကပါ။ ဖိနပ်အသစ်၊ လွယ်အိတ အသစ်၊ မှတ်စုစာအုပ် အသစ်၊ ခဲတံ၊ ပေတံ အသစ်တွေပါ ဝယ်ပေးတော့ ပူဆာ တာထက် များစွာ ပိုနေလို့ ပျော်မဆုံး ဖြစ်ရသူက ကျွန်တော်ပါ။

ထိုစဉ်တုန်းက ဖေဖေနှင့် မေမေ ပြောခဲ့သော စကားတစ်ခွန်း။ ယခု ကျွန်တော် အသက် သုံးဆယ်ငါး ပြည့်တော့မည်။ အတိတ်ကို ပြန်တွေး မိတော့ ယခုပင် လတ်လတ် ဆတ်ဆတ်ကြီး ပြန်လည် ကြားယောင် လာပါသည်။

''သားရယ်...မင်းရဲ့အင်္ကျီ၊ လုံချည်တွေ က သိပ်မဟောင်း သေးပါဘူး။ စုတ်လဲ မစုတ်သေးဘူး။ ဖွပ်လျှော် မီးပူတိုက် လိုက်ရင် အသစ်အတိုင်း ပါပဲ။ ဒါပေမဲ့ သားလေးက ငြီးငွေ့ လာလို့ ပါကွယ်။ ဒါကြောင့် မင်းလေး ကိုယ်ရော စိတ်ပါ လန်းဆန်း သစ်လွင် သွားအောင် 'အသစ်' တွေချည်း ဝယ်ပေး လိုက်တာ''တဲ့။

ပြန်လည် ကြားယောင် ရင်းက အဖေနဲ့ အမေ ချန်ခဲ့သော နောက်ဆက်တွဲ စကားတွေကို ကျွန်တော့် ရင်ဘက်နဲ့ ရော ဦးနှောက်နဲ့ ရော တစ်ကိုယ်လုံး နဲ့ပါ ခံစားဖြည့်စွက် ကြားလိုက် မိပါပြီ...လေ။

အဲဒီ စကားလေး ကတော့...

''မစုတ်ပြဲ သေးခင်၊ လက်နှီး မဖြစ်ခင်၊ လွှင့်မပစ် ရသေးခင်၊ နည်းနည်း ဟောင်းလာရုံနဲ့ အဝတ်ဟောင်း လေးတွေကို ငြီးငွေ့လာရင် အသစ်ဝယ်ပြီး သားသမီး တို့ရဲ့စိတ်ကို လန်းဆန်းအောင် ပြုနိုင်တယ်..နော်။ ဒါပေမဲ့ ဇရာထောင်းပြီး တရွေ့ရွေ့ အခါပြောင်း လာတဲ့ အဖေ၊ အမေ၊ ဆရာသမား တွေကို ဘယ်ကမ္ဘာမှာ ဘယ်နည်း ပညာတွေ ဘယ်တန်ဖိုး တွေနဲ့ အသစ်လဲကြ မလဲကွယ်... အဖေအို၊ အမေအို၊ ဆရာအို တွေကို မင်းတို့လေးတွေ မငြီးငွေ့ လိုက်ကြပါနဲ့... ကျောမခိုင်း လိုက်ကြပါနဲ့... မိအို၊ ဖအို၊ ဆရာအို တွေရဲ့အစား အသစ်လဲဖို့ရာ ဘယ် စကြာဝဠာ မှာမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ နိဗ္ဗာန်ဘုံသို့ သွားရာလမ်း က မိဘဆရာ တွေရဲ့ ခြေဖဝါး အောက်က လမ်းပါပဲ...။


2 comments:

ကြယ်ပြာ said...

ဘလော့မလည်ဖြစ်တာကြာပြီ .... ခုမှ အလည်ပြန်ရောက်ပါတယ်။ စာလေးသိပ်ဖတ်လို့ကောင်းတယ်။

Welcome said...

FB မှာပဲ အချိန်ကုန်နေတာနဲ့ blog ဘက် မရောက်ဖြစ်တာ ကြာပြီ ၊ blog မှာ စာမရေး တော့ဘူး ဆိုပေမယ့် သံယောဇဉ် တစ်ခုတည်းနဲ့ ပြန်ရောက် လာပါတယ်။ အရင်လို စည်၂ ကား၂ မဟုတ်တော့ ဘူးနော် .. သူငယ်ချင်း အားလုံးကို သတိရပါတယ်။ thank ပါ ။