Wednesday, May 27, 2015

ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ



ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ

မိဘတစ်ယောက် အနေနဲ့ ကိုယ့်ကလေးကို နာကျင် ထိခိုက်စေမယ့် အရာမှန်သမျှ ကနေ ကာကွယ်ပေးချင် ကြတာ ဓမ္မတာပါပဲ။ ဒါပေမဲ့ ဒီကလေးကို မွေးပြီးပြီးချင်း ၂၄ နာရီအပြည့် သူနဲ့အတူ ရှိနေဖို့ မလွယ်ခဲ့ ပါဘူး။ ဒီတော့ ဆယ်ကျော်သက် အရွယ် ရောက်လာတာနဲ့ အမျှ သူနဲ့အချိန်ပြည့် ရှိဖို့ဆိုတာ ပိုပြီး ခက်ခဲလာ ပါတယ်။ ဒါကြောင့် သားသမီးကို အကောင်းဆုံး စောင့်ရှောက်နည်း ကတော့ သူ့ကိုယ်သူ ကာကွယ် စောင့်ရှောက် တတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့် သင်ကြားပေး ရမယ့်အရာ အမြောက်အမြား ကို ကိုယ့်အမှားကို အရင်းခံပြီး သင်ကြား ပေးနိုင်ပါတယ်။ ဥပမာ နှလုံးသား ရေးရာနဲ့ လူမှုဆက်ဆံရေး တွေ ဖြစ်ပါတယ်။

အချစ်ဆိုတာ အရွယ်နဲ့မဆိုင်ဘူး၊ လိုအပ်ချက်နဲ့ ဆိုင်တယ် ။  ။ ကလေးတွေကို လူကြီးတွေက ပြောကြတယ်။ အရမ်းငယ် သေးတယ်။ ရည်းစား မထားကြနဲ့။ အသက်၁၆-၁၇ လောက်မှထား ဆိုတော့ အသက် ၁၆ နှစ်ပြည့်တာနဲ့ ရည်းစားထားမှ ကိုဖြစ်မှာ လိုလို ကလေးတွေ ထင်သွားတတ်ကြ ပါတယ်။ တကယ်တော့ ချစ်သူကို ဘယ်အချိန် စထား ရမှာလဲ ဆိုတာထက် ဘာလိုအပ်လို့ ထားမှာလဲ ဆိုတဲ့ မေးခွန်းကို လေးလေးနက်နက် တွေးတတ်အောင် သင်ပေးသင့် ပါတယ်။ အချစ်ကို အချစ် တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရဘူး။ သူ့ကို ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု၊ တစိုက်မတ်မတ် ရှိမှု၊ ယုံကြည် အားကိုးနိုင်မှု၊ ကြည်နူးပီတိ ဖြစ်မှု တွေလဲ လိုအပ်တယ် ဆိုတာ သူတို့ သိပါစေ။

အချစ်ဆိုတာ နတ်သမီးပုံပြင်လို ဇာတ်သိမ်းခန်းမှာ ရွှေလက်တွဲလို့  နွှဲနိုင်ရမယ် ။  ။ နတ်သမီး ပုံပြင်တွေကို ဖတ်ဖူးမယ် ဆိုရင် အဆုံးသတ်မှာ and they lived happily ever after အဲဒီကစလို့ တစ်သက်လုံး သူတို့ ပျော်ရွှင်စွာ နေထိုင် သွားကြတယ်။ နတ်သမီးပုံပြင် တွေမှာ တိရစ္ဆာ န် ငယ်လေးတွေ ပါပါတယ်။ သစ်ဥ သစ်ဖု တွေကလဲ တန်ခိုးရှင် ပါတယ်။ မှော်ဆန်တဲ့ မျက်လှည့် တွေလဲ ပါပါတယ်။ ဘဝဟာလဲ မျက်လှည့်ဆန်တဲ့ အပြောင်းအလဲ တွေနဲ့ ကြုံတွေ့ ရနိုင်ပုံ၊ မထင်မှတ် ထားတာတွေ ဖြစ်ပျက်တတ်ပုံ၊ ဆင်းရဲချမ်းသာ မရွေး ကိုယ့်အတွက် အထောက်အကူ ပြုနိုင်ပုံ တွေကို နတ်သမီးပုံပြင် တွေက သင်ပေးပါတယ်။ ဒါ့ပြင် ဇာတ်သိမ်းခန်း မှာ ရွှေလက်တွဲလို့ နွှဲနိုင်မယ့် သူကိုပဲ ချစ်သူအဖြစ် ရွေးချယ်ဖို့လဲ ထောက်ပြ ပေးနေပါတယ်။

ချစ်သူအတွက်နဲ့ ကျန်တဲ့သူ တွေကို လျစ်လျူမရှု ပါနဲ့ ။ ။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်တော့ အချစ်နတ်က ဖမ်းစားတာကို ခံရမှာပဲ ဖြစ်ပါတယ်။ မနက်ထလဲ သူနဲ့ ဖုန်းပြော၊မ က်ဆေ့ပို့ ၊ နေ့လယ်လဲ သူနဲ့၊ ညလဲသူနဲ့ လုပ်နေမယ်ဆိုရင် သူတို့ အဲဒီလို ချစ်သူကို အချိန် ပေးနိုင်အောင် နောက်က ပံ့ပိုး ပေးထားတာ မိဘ၊ မောင်နှမ သားချင်းတွေ ဆိုတာ သူတို့ကို ချက်ချင်း သတိပေးပြီး မိသားစု ကိုလဲ အချိန်ပေး ဂရုစိုက်ဖို့  နားချ ရပါတယ်။ သူ့အတွက်နဲ့  မိဘ၊ မိသားစုအပေါ် ဝတ္တရားပျက်ပြီ ဆိုမှတော့ ဘယ်သူကမှ သူ့ကို သဘောကျ တော့မှာ မဟုတ်ပါဘူး။ ဒီကောင်မလေး၊ ဒီကောင်လေး ကြောင့် ငါတို့ မိသားစုဘဝ မချိုမြိန်တော့ ဘူးလို့ အားလုံးပဲ အငြိုးတွေ အာဃာတတွေ ထားကြမှာ ဖြစ်တယ် ဆိုတာ သူတို့ သဘောပေါက် ဖို့ လိုပါတယ်။

အိမ်ထောင်ပြု မစောပါစေနဲ့ ။  ။ သူတို့ဟာ ဘဝတစ်ခုကို အတူတကွ တည်ဆောက် ဖို့ထက် နှစ်ဦးသား လွတ်လပ်စွာ တွေ့ဆုံ ချစ်တင်းနှော ချင်ကြတာ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အတိုင်း အချစ်ကို အချစ် တစ်ခုတည်းနဲ့ တည်ဆောက်လို့  မရဘူးဆိုတာ သူတို့  မှန်ကန် ရှင်းလင်းစွာ နားလည်ဖို့ လိုအပ် ပါလိမ့်မယ်။ ချစ်သူကို တကယ်ချစ်တယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် လူရိုသေ၊ ရှင်ရိုသေ ဖြစ်တဲ့အထိ အရင်ပြုစု ပျိုးထောင်သင့် ပါတယ်။

မျှတမှု ရှိပါစေ ။  ။ ချစ်သူ အိမ်ထောင်ဖက် တွေဟာ တစ်ဖက်သတ်ကြီး ဖြစ်လာတတ် ပါတယ်။ အမျိုးသား ဘက်ကပဲ အလျှော့ပေး နေရတာ၊ ဒါမှမဟုတ် အမျိုးသမီး ဘက်ကပဲ အလျှော့ပေး နေရတာဆိုရင် အဲဒီ အချစ်ရေး ဟာလဲ ရေရှည် တည်တံ့မှာ မဟုတ်ပါဘူး။ တည်တံ့တယ် ဆိုရင်တောင် သာယာ ချမ်းမြေ့မှာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ကိုယ့် ဘက်ကလဲ လျှော့တန်လျှော့၊ ပြင်သင့်တာ ပြင်ပေးရမှာ ဖြစ်သလို သူ့ဘက်ကလဲ ညှိနှိုင်းမှု ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်သား (သို့မဟုတ်) သမီးဟာ အမြဲ အနိုင်ကျင့်ခံ နေရ နိုင်ပါတယ်။

သစ္စာဆိုတာ ပိုတယ် မရှိပါဘူး ။  ။ သတိဆိုတာ ပိုတယ်မရှိဘူး ပြောကြသလိုပဲ သစ္စာ ဆိုတာလဲ ပိုတယ် မရှိပါဘူး။ သတိထားရင်း မှားနေကြ သလိုပဲ သစ္စာ ထားရင်းလဲ သစ္စာပါးသွား တတ်ပါတယ်။ အချစ်ရေးမှာ မပျော်ဘူး ဆိုရင် ဘာကြောင့်လဲ ဆိုတာ တွေ့အောင် ရှာပါ။ ပြင်မရနိုင် ဘူး ဆိုရင် နှစ်ဦးနှစ်ဖက် စူးစူးနစ်နစ် နာနာကျင်ကျင် မဖြစ်ခင် လမ်းခွဲ လိုက်ပါ။ ဆူးစူးတာ နက်သွားရင် နုတ်တဲ့အခါ သိပ်နာ ပါတယ်။

ဆယ်ကျော်သက် အရွယ်ကို ရောက်စပြု နေပြီး သိပ်မကြာခင် မှာပဲ ကိုယ့်အရိပ် အာဝါသ အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားကြ တော့မယ့် ကလေးတွေရှိတဲ့ မိဘ၊ အစ်ကို၊ အစ်မ တွေအတွက် သူတို့လေး တွေကို ကြိုတင်ပြောပြ အသိပေး ထားရမယ့် အကြောင်းလေး တွေကို လေ့လာ တင်ပြ လိုက်ရပါတယ်။

Monday, May 25, 2015

လူငယ်နဲ့ လူကြီးတွေ ကျင့်ကြံ နေထိုင်ရမယ့် ခန္ဓာကိုယ်အကြောင်း



လူငယ်နဲ့ လူကြီးတွေ ကျင့်ကြံ နေထိုင်ရမယ့် ခန္ဓာကိုယ်အကြောင်း

ယောက်ျား တစ်ယောက်ရဲ့ ဖြတ်သန်း လာခဲ့ရတဲ့ ဘဝအဆင့်ဆင့်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကလေးအဖေ ဘဝကို ရောက်သွားကြ ပါတယ်။ လူငယ်ဘဝကို စွန့်လွှတ်ရခြင်း နဲ့အတူ ပိန်ပါးဖုထစ် တင်းကြွနေတဲ့ ကြွက်သား အမြောင်းလိုက် ခန္ဓာကိုယ် နေရာမှာလဲ အဆီပိုတွေ တဖြည်းဖြည်း စုလာပါတယ်။ မိန်းမဝဝ၊ သားသမီးများလှ၊ အလုပ်ရှုပ်ရတဲ့ ဘဝကြီးထဲမှာ ဝတ်စား ဆင်ယင်ပုံ တွေပါ ပြောင်းသွားပြီး လူလတ်ပိုင်း အရွယ်လုံးလုံး လျားလျား ရောက်သွားတဲ့ အခါ၊ သားသမီးတွေလဲ အရွယ်ရောက် လာပြီ၊ လုပ်ငန်းတွေလဲ အထာကျ နေပြီ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချိန်လေး ရလာပြီဆိုရင် ပထမဆုံး ပြန်သတိထား မိတာကတော့ ကိုယ့်ရဲ့ အချိုးအစား ပျက်နေပြီ ဖြစ်တဲ့ ကိုယ်ခန္ဓာပါပဲ။

အဲဒီအချိန်မှာ ရောဂါတွေရဲ့ တံခါးခေါက် သံကြောင့် အိပ်ရာက လန့်နိုးသူလို သံဝေဂတွေ ရပြီး ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်၊ ကျန်းမာရေး လိုက်စားတာတွေ လုပ်ကြပါတယ်။ အများစု ကတော့ ဗိုက်ချမယ်၊ ဝိတ်ချမယ်ပေါ့။ Gym သွားတဲ့သူ သွား၊ မနက်ထပြေး သူပြေး၊ ညစာ မစားဘဲ နေသူနေနဲ့  ကျန်းမာရေး လိုက်စားကြတာ အားရစရာပါ။ ဒါပေမဲ့ လူလတ်ပိုင်း အရွယ်မှာ ဝိတ်ချ၊ ဗိုက်ချမယ့် သူတွေ စိတ်ပျက်စရာ ကောင်းလောက်အောင် ဘော်ဒီဝိတ်က ချရခက်တာကို သတိထား မိကြပါတယ်။ ဒီမှာတင် လေသံ ပြောင်းလာကြ ပြန်ရော။ လူငယ်တွေလို ဘော်ဒီလှဖို့ မလိုပါဘူး၊ ကျန်းမာနေရင် တော်ပြီဆိုပဲ . . . :) ။

တိုက်ဆိုင်စွာပဲ UK အမျိုးသား ကျန်းမာရေး ဌာနက လူငယ် ကိုယ်ခန္ဓာလား၊ ကလေးအဖေ ကိုယ်ခန္ဓာလား .. လို့ နိုင်ငံတစ်ဝန်းက အမျိုးသမီး တွေကို စစ်တမ်း ကောက်ယူခဲ့တဲ့ အခါ ကလေးအဖေ ကိုယ်ခန္ဓာကို နှစ်သက်တယ် ဆိုတဲ့ ရာခိုင်နှုန်းက သိသာထင်ရှားစွာ ပိုများခဲ့ ပါတယ်။ ဒီလိုလဲ ပြောရော အရွယ်စုံ ယောက်ျားလေး တွေက မေးတော့တာ ပါပဲ။ ကလေးအဖေ ကိုယ်ခန္ဓာဆိုတာ ဘယ်လိုမျိုးလဲ။ ပထမဆုံး သဘောပေါက် ရမှာက ကလေးအဖေ ဖြစ်မှ ကလေးအဖေ ကိုယ်ခန္ဓာ ရတာ မဟုတ်ပါဘူး။ မာကျော တောင့်တင်းနေတဲ့ ခန္ဓာကိုယ် နေရာတွေ မှာ အဆီပိုတွေ ဝင်လာပြီး တစ်ကိုယ်လုံး နူးညံ့လာလေ့ ရှိပါတယ်။ အဲဒါကို ကလေးအဖေ ကိုယ်လုံးလို့ ခေါ်တာပါ။

ယေဘုယျ အားဖြင့် ကလေးအဖေ တွေဟာ လူငယ်တွေထက် ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် ပိုပါတယ်။ ခါးဆိုဒ်က နှစ်လက်မ လောက် ပိုပါတယ်။ ဗိုက်ကတော့ လက်မဝက်လောက် ထွက်နေတတ် ပါတယ်။ ဗိုက်ဘယ်လောက် ထွက်တယ်ဆိုတာ တိုင်းချင်ရင် စားပွဲဘေးမှာ အဲဒီစားပွဲရဲ့ မျက်နှာပြင် အောက်နဲ့ တညီတည်း ဖြစ်မယ့် အမြင့်မှာ ပက်လက်လှန် အိပ်ရပါမယ်။ အဲဒီလို ပက်လက်လှန် အိပ်တဲ့အခါ တစ်ကိုယ်လုံး မြုပ်နေပြီး ဗိုက်ကလေးပဲ ချွန်ထွက် နေပါမယ်။ အဲဒါကို တိုင်းရတာပါ။ ၂၉ ရာခိုင်နှုန်း သော ကလေးအဖေ ကိုယ်ခန္ဓာ ပိုင်ရှင်တွေဟာ ရှစ်လက်မ လောက်တောင် ချွန်ထွက် ပါတယ်လို့  သုတေသီ တစ်ဦးက ပြောပြပါတယ်။

ကျွန်တော်တို့ ကတော့ ဒီအရွယ်မှာ ဒီလောက်ဝတာ၊ ဗိုက်ဒီလောက် ထွက်တာကို များတယ်လို့ မမြင်ပါဘူး။ နေလို့ ထိုင်လို့လဲ ကောင်းပါတယ်လို့ အဲဒီ ၂၉ ရာခိုင်နှုန်းသော ဗိုက်ရှစ်လက်မ ထွက်သူတွေ ထဲက ကလေးအဖေ ဖြစ်သူတွေက တညီတညွတ်တည်း ပြောပြကြ ပါတယ်။ တိုင်းတာမှု အရ လူကြီးလူငယ် မရွေး ကိုယ်ခန္ဓာ အချိုးအစား သပ်ရပ်လှပသူ ဦးရေ ၄၉ ရာခိုင်နှုန်းရှိပြီး ကလေးအဖေ ကိုယ်ခန္ဓာ ပိုင်ရှင် ၅၃ ရာခိုင်နှုန်း ရှိပါတယ်။ တစ်ခါ ကလေးအဖေ များကလဲ လူငယ်တွေရဲ့ ဆောက်နဲ့ ထွင်းထား သလို သပ်ရပ်လှပတဲ့ လက်မောင်း၊ ရင်အုပ်၊ ဗိုက်ကြွက်သား စတာတွေကို သဘောကျရုံမှ အပ မလိုချင်ဘူးလို့ ဆိုကြပြန်တယ်။ အဆီနဲ့ ကြွက်သား ရောနေတဲ့ ကိုယ်ခန္ဓာတွေက ပိုကြည့်ကောင်း တယ်လို့ ဆိုကြပြန် ပါတယ်။

ဒီတော့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ ကိုယ်အလေးချိန် ထိန်းထားဖို့ မလိုတော့ဘဲ ဖြစ်သလို နေထိုင် စားသောက် ရတော့မှာလား ဆိုရင်တော့ လုံးဝ မဟုတ်ပါဘူး။ သင် အသက် ၂၅ နှစ်အရွယ် တုန်းက ကိုယ်အလေးချိန် နဲ့ အသက် ၄ဝ ဝန်းကျင်မှာ ရှိတဲ့ ကိုယ်အလေးချိန် နဲ့ ကွာခြားမှုက ငါးပေါင်ထက် မပိုဘူးဆိုမှ ကျန်းမာတဲ့ ကိုယ်အလေးချိန် ခေါ်တယ်လို့ ကျန်းမာရေး သုတေသီ များက ဆိုပါတယ်။

လူငယ်အရွယ်မှာ ကျန်းမာရေးကို အစွမ်းကုန် ဂရုစိုက်ကြ ပါတယ်။ Gym သွားမယ်။ အားကစား လုပ်မယ်။ ကျန်းမာရေးနဲ့ ကိုယ်အလေးချိန် မျှတ ကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုယ် ထုဆစ် ပြုပြင်မယ်။ အရွယ် ရောက်လာလို့ အိမ်ထောင်ကျပြီး ဘဝအတွက် အချိန်ပိုပေး လာရတဲ့အခါ ကိုယ်အလေးချိန် အနည်းငယ် တိုးလာလို့ ကလေးအဖေ ကိုယ်လုံး ဖြစ်လာ ပေမယ့်လဲ စိတ်ဓာတ်ကျဖို့ မလိုသလို ကိုယ်အလေးချိန် တက်ချင် သလောက်တက် ဆိုပြီး ပစ်ထားလို့လဲ မဖြစ်သေးပါဘူး .. ဆိုတာလေးကို မျှမျှတတ စဉ်းစားကျင့်ကြံ နေထိုင်နိုင်ဖို့ လူငယ် ကိုယ်ခန္ဓာနဲ့ ကလေးအဖေ ကိုယ်ခန္ဓာ အကြောင်း တစေ့တစောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Friday, May 22, 2015

လူတိုင်းအတွက် ပိုမိုဒိုရို နည်းပညာ


လူတိုင်းအတွက် ပိုမိုဒိုရို နည်းပညာ

လူတွေဟာ ဘယ်လောက် ကြာကြာ အာရုံစိုက် နိုင်တယ် ထင်ပါသလဲ။ အခု နောက်ဆုံး တွေ့ရှိချက်အရ ရှစ်စက္ကန့်ပဲ အာရုံစိုက် နိုင်ပါတယ်။ ကျန်တဲ့ အာရုံစိုက်ချိန် တွေဟာ အားစိုက်ထုတ်ပြီး လုပ်နေရတာပါ။ ဒီတော့ စိတ်ဖိစီးမှု ဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်တဲ့အတွက် စွမ်းဆောင်ရည် ကျဆင်းသွား ပါတယ်။ စွမ်းဆောင်ရည် ကျဆင်းတဲ့ အတွက် အလုပ် ပြီးမြောက်မှုနှုန်း ကျသွားပါတယ်။ အလုပ် ပြီးမြောက်မှုနှုန်း ကျသွားတဲ့ အတွက် အောင်မြင်မှု ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ကလဲ အလှမ်းကွာဝေး တတ်ပါတယ်။

ပြဿနာရဲ့ အရင်းခံကို ရှာကြည့်မယ် ဆိုရင် အာရုံမစိုက် နိုင်တာကြောင့် ပါပဲ။ ဒါဖြစ်ရင် လူတွေရဲ့ အာရုံစိုက် နိုင်စွမ်းဟာ ဘာဖြစ်လို့များ ကျဆင်းလာ တာပါလိမ့်။ မျက်မှောက်ခေတ် မှာ အာရုံ နောက်စရာ တွေက အလွန်များလာတာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အင်တာနက် နှစ်ခု ပေါင်းလိုက်ရင် ကို လူတစ်ယောက် ၂၄ နာရီလုံး အလုပ်မလုပ် ချင်အောင် ဆွဲဆောင် ထားနိုင်ကြတယ်။ ငယ်ရွယ်သူတွေမှာ အမျိုးသား၊ အမျိုးသမီး ကိစ္စ၊ အလှ၊ ကျန်းမာရေး၊ အနုပညာ၊ အားကစား၊ အပေါင်းအသင်း အစ ရှိသဖြင့် တစ်နေကုန် တစ်နေခန်း ဝင်လာ နေကြပုံတွေ မိသားစု ကိုရော၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း အတွက်ကိုပါ အချိန်ပေး ချင်ရင်တောင် ပေးလို့မရ ဖြစ်နေတတ်ကြ ပါတယ်။ တစ်နေ့တစ်နေ့ အဓိကနဲ့ သာမညခွဲဖို့၊ အလုပ်နဲ့ ဘဝနဲ့ခွဲဖို့၊ သူငယ်ချင်းနဲ့ မိသားစုနဲ့ ခွဲဖို့ အခက်အခဲ ဖြစ်နေသူတွေ အတွက် ပိုမိုဒိုရို အချိန်စီမံခန့်ခွဲမှု နည်းပညာ က အသုံးတည့် ပါလိမ့်မယ်။

ပိုမိုဒိုရို ဆိုတာ အီတလီ ဘာသာစကား ဖြစ်ပြီး ခရမ်းချဉ်သီး . . လို့ အဓိပ္ပာယ် ရပါတယ်။ တစ်ချိန်က မီးဖိုချောင်ထဲမှာ ခရမ်းချဉ်သီးကို ဘေးတိုက် ထက်ပိုင်း ပိုင်းပြီး အချိန်မှတ်စရာ တစ်ခုအနေနဲ့ အသုံးပြုခဲ့ ကြတာပါ။ နောက်ပိုင်း ၁၉၈ဝ ပြည့် ဝန်းကျင်မှာ Francesco Cirillo ဆိုသူက Pomodoro Technique လို့ခေါ်တဲ့ အချိန်စီမံ ခန့်ခွဲနည်းကို တီထွင်ခဲ့ပါတယ်။

ပိုမိုဒိုရို နည်းပညာ အရ အချိန်ကို ၂၅ မိနစ် အုပ်စုလေးတွေ ခွဲပါတယ်။ အဲဒီ ၂၅ မိနစ် အုပ်စုလေး တွေကို ပိုမိုဒိုရီ လို့ ခေါ်ပါတယ်။ မကြာမကြာ နားပေးခြင်းက ဉာဏ်ရည်ကို တက်ကြွ ထက်မြက် နေစေတာ ဖြစ်တဲ့အတွက် အကြောင်းအရာ တစ်ခုကို အချိန် အကြာကြီး အာရုံစိုက် တာမျိုးမလုပ်ဘဲ ၂၅ မိနစ်ကို တစ်ကြိမ် ခေတ္တ ရပ်တန့်ပေးပြီး ကိုယ်လုပ်ချင်တာ လေးကို လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့ နည်းဖြစ်ပါတယ်။

ဒါဆိုရင် သင်ဟာ အလုပ်လဲ ရှိနေတယ် ၊ Facebook လဲ သုံးချင်တယ် ဆိုရင် အလုပ်ကို ၂၅ မိနစ် ပြည့်အောင် လုပ်ရပါလိမ့်မယ်။ ပြီးရင် Facebook သုံးချိန် ငါးမိနစ် ပေးပါမယ်။ ငါးမိနစ်ပြည့် တာနဲ့ Facebook သုံးတာကို ရပ်ပြီး အလုပ်ဆက်လုပ် ရမှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ဟာ Facebook သုံးနေလို့ အလုပ်မပြီးတဲ့ အတွက် စိတ်ဖိစီးမှုလဲ ဝင်တော့မှာ မဟုတ်သလို အလုပ်ပဲ လုပ်နေရပြီး Facebook မသုံးရလို့ စိတ်တိုတာ မျိုးလဲ မဖြစ်တော့ ပါဘူး။

ဒါပေမဲ့ ပိုမိုဒိုရို နည်းစနစ်က Facebook သုံးတာ လောက်ထက် အများကြီး ပိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေး နိုင်ပါတယ်။ ပိုမိုဒိုရို စနစ်ကို သုံးတော့မယ် ဆိုရင်

  • (၁) လုပ်စရာနဲ့ လုပ်ချင်တာ တွေကို ဦးစားပေး အဆင့်တွေခွဲပါ။
  • (၂) သင့်ဖုန်းမှာ ဖြစ်စေ၊ Alarm မှာဖြစ်စေ ၂၅ မိနစ် မှတ်တာဖွဲ့ပါ။
  • (၃) ဦးစားပေး အဆင့်အတိုင်း အလုပ်တွေ လုပ်ပါ။
  • (၄) ၂၅ မိနစ်ပြည့်လို့ Alarm မြည်လာရင် ၃-၅ မိနစ်လောက် နားပါ။ အဲဒီ နားချိန်မှာ သင်လုပ်ချင်တာ လုပ်ပါ။
  • (၅) အချိန်စေ့ရင် နောက်ထပ် ၂၅ မိနစ် အလုပ်လုပ်ပါ။ ၂၅ မိနစ် အပြည့် အလုပ် လုပ်ချိန် (ပိုမိုဒိုရီ) လေးကြိမ်ပြည့်ရင် သင့်ကိုယ်သင် မိနစ် ၃ဝ လောက် အနားပေး နိုင်ပါတယ်။

ဒါ ဘယ်လို အကျိုးရှိ တာလဲ။ ပိုမိုဒိုရီ တစ်ခုအတွင်းမှာ သင်ဟာ စီစဉ်ရတယ်။ အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ် ရတယ်။ ကိုယ်လုပ်နေတာ ဘယ်ရောက်ပြီလဲ ဆိုတာ မှတ်တမ်းတင် ရတယ်။ ကိုယ့်အလုပ်ကို ပိုပြီးချောမွေ့ အောင် ပြင်ဆင်ရတယ်။ ဒါပြီးရင် ဘာဆက်လုပ် ရမလဲဆိုတာ တွေးရတယ်။ ပိုမိုဒိုရီ တစ်ခုပြီးတိုင်း ခဏနားပေးတဲ့ အတွက် သင်ဟာ သင့်အလုပ်ကို သုံးသပ်ချိန် ပိုရလာတယ်။ နားရတဲ့ အတွက် ဦးနှောက်က လန်းဆန်း တက်ကြွ နေလေတော့ အကြာကြီး လုပ်ရမယ့် အလုပ်ကို ခဏလေးနဲ့ ပြီးတယ်။ ဒီတော့ ပိုမိုဒိုရီ တစ်ကြိမ်ပြီးတိုင်း နားလိုက်လို့ ကုန်တဲ့မိနစ် တွေကို နားလိုက်လို့  လန်းဆန်းပြီး အလုပ်မြန်မြန် ပြီးတဲ့အချိန် သက်သာမှုက ဖာထေးပေး နိုင်တယ်။ အလုပ် ပြီးတာချင်း အတူတူ သင်ဟာ သက်သက်သာသာ နဲ့ပြီးတယ်။ ကိုယ်လုပ်ချင်တာ လဲ လုပ်ရတယ်။ ဒါ့ပြင် သင့်အလုပ်ဟာ အရည်အသွေးလဲ ပိုကောင်းမွန် လာတယ်။

နောက်ထပ် အားသာချက် တစ်ခုကတော့ တစ်ခါတလေ အလုပ်တစ်ခုကို လုပ်တဲ့အခါ ၂၅ မိနစ်ထက် စောပြီး ပြီးသွားတတ်တယ်။ ဒါပေမဲ့ သင်ဟာ အဲဒီ အလုပ်ကို ၂၅ မိနစ် အပြည့် အာရုံစိုက် ရမှာမို့ အဲဒီ ပြီးပြီးသား ကိစ္စကို ပဲ ပိုမို ကောင်းမွန်အောင်၊ သူ့ အကြောင်းကို ပိုသိအောင် လေ့လာစူးစမ်း ပြင်ဆင် နိုင်တာဖြစ်တဲ့ အတွက် ပညာလဲ ပိုတိုးနိုင်မှာ ဖြစ်သလို သင့် အလုပ်တွေရဲ့ အရည်အသွေး ကလဲ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ဒီတော့ သူငယ်ချင်း၊ ဖုန်း၊ အိမ်အလုပ် အစရှိတာတွေ ကိုလဲ ပိုမိုဒိုရို နည်းပညာနဲ့ လုပ်ကိုင်ကြည့်ပါ။ အများကြီး လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ် .. လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

Friday, March 6, 2015

ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်



ကြိုတင်ခန့်မှန်းနိုင်ရန် ကြိုးပမ်းနေရသည့် မြေကျွံခြင်း အန္တရာယ်

ကမ္ဘာမြေသည် ရုတ်တရက် ကျွံဝင်သွားပြီး လူတွေ၊ ကားတွေ ကနေ ကြီးမားလှတဲ့ တိုက်တာကြီးတွေ အထိ စုပ်ယူမြိုချ သွားတာမျိုး မကြာခဏ ဖြစ်ပေါ် ခဲ့ပြီးပါပြီ။ သိပ္ပံပညာရှင် တွေကလဲ မုန်တိုင်း ဘေးအန္တရာယ် တစ်ခုကို ထိထိ ရောက်ရောက် ကြိုတင်ခန့်မှန်း နိုင်တာကလွဲရင် ကျန်တဲ့ သဘာဝဘေးဥပါဒ် အန္တရာယ်တွေကို ကြိုတင် မခန့်မှန်းနိုင် သလောက် ဖြစ်နေဆဲမို့ မြေကျွံမယ့် အရေးကိုလဲ ကြိုတင်ခန့်မှန်း နိုင်ဖို့ ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါတယ်။

၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၈ ဒီနေ့နဲ့ဆိုရင် နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဖလော်ရီဒါ ပြည်နယ် တမ်ပါမြို့ အရှေ့ပိုင်းက နေအိမ် တစ်လုံးထဲမှာ အိပ်ပျော်နေတဲ့ လူတစ်ယောက်ဟာ ရုတ်တရက် မြေကျွံတဲ့အထဲ ပါသွားပါတယ်။ သူ့အိပ်ရာ၊ ဗီရို၊ စာဖတ်စားပွဲအားလုံး တစ်မုဟုတ်ချင်း မြုပ်နှံခံ လိုက်ရပါတယ်။ သူ့အလောင်း ကိုလဲ ဘယ်တော့မှ ပြန်မရခဲ့ပါဘူး။ ဒါဖြင့်ရင် မြေကျွံတာဟာ ဘယ်လောက်အထိ နက်ရှိုင်းနိုင် သလဲ၊ ဘယ်အချိန် ဘယ်နေရာမှာ မြေကျွံမယ် ဆိုတာကိုကော ကြိုတင် မခန့်မှန်း နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာပါတယ်။

မြေကျွံတာဟာ ဒေသတစ်ခုရဲ့ မြေမျက်နှာသွင်ပြင် အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖလော်ရီဒါ ပြည်နယ်ရဲ့ မြေပြင်ဟာ ဘူမိဗေဒ သဘောသဘာဝ အရ မြေကျွံနိုင်မယ့် လက္ခဏာ များပြားပြီး Sunshiine ပြည်နယ်မှာ ဆိုရင် တစ်နှစ် တစ်နှစ်ကို အကြိမ်ပေါင်း ရာနဲ့ချီ မြေကျွံတာ ဖြစ်ပွားပါတယ်။

ကမ္ဘာ့ မြေမျက်နှာပြင် အောက်မှာ မြေအောက်ရေ ရှိပါတယ်။ ဒီမြေအောက်ရေ ထဲမှာ ကျောက်သား တွေထဲက ပျော်ဝင်နိုင်တဲ့ အရာတွေက ပျော်ဝင်သွား ပါတယ်။ ဒီအတွက် ကျောက်သားလွှာ တွေထဲမှာ အခေါင်း ပေါက်ကြီးတွေ ဖြစ်လာပါတယ်။ ကြာတော့ ဒီအခေါင်းတွေက မြေပြင် အလေးချိန်ကို ထမ်းမထား နိုင်တော့ဘဲ ပြိုကျပါတယ်။ အဲဒီလို ပြိုတဲ့အခါမှာ မြေသား တစ်ခုလုံး နိမ့်ဆင်းသွားတာပဲ ဖြစ်ပါတယ်။

အနက်ကလဲ ပေအနည်းငယ် ကနေ အတိုင်းမသိအောင် နက်ရှိုင်း နိုင်ပါတယ်။ ထုံးကျောက်များတဲ့ ဒေသတွေမှာ မြေကျွံတာ ပုံမှန်ဖြစ်နေတတ် ပါတယ်လို့ ဖလော်ရီဒါ ပြည်နယ်က ဘူမိဗေဒ သိပ္ပံပညာရှင် တစ်ဦးက ရှင်းပြတယ်။

သဘာဝ ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လေ့ ရှိတဲ့ မြေကျွံခြင်းဟာ လူသားတွေ ကြောင့်လဲ ပိုပြီး ဆိုးရွားလာနိုင် ပါသေးတယ်။ မြေအောက်ရေကို အလွန်အကျွံ ခပ်ထုတ်ခြင်းကြောင့် မြေသားနံရံတွေ ပြိုကျ နိုင်ပါတယ်။ ဒီ မြေသားနံရံတွေ ပြိုကျတဲ့အတွက် ဆင့်ကဲပြိုကျမှုတွေ ဖြစ်ပွားပြီး အဝေး တစ်နေရာမှာ မြေအကြီးအကျယ် ကျွံကျတာ ဖြစ်နိုင် ပါသေးတယ်။

ဒါ့ပြင် သဘာဝကို သဘာဝကလဲ ထပ်ပြီး ဒုက္ခပေးနိုင် ပါသေးတယ်။ မိုးခေါင်ရေရှားတဲ့ နေရာမှာ မြေအောက် စိမ့်စမ်းရေ တွေလဲ ခန်းခြောက်သွားပြီး အခေါင်းပေါက်တွေ ကျန်ရှိ နေနိုင်ပါတယ်။ မိုးလေဝသ ပြောင်းလဲမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းလိုက်မယ် ဆိုရင် မိုးရေရဲ့ အလေးချိန်ကြောင့် မြေပြင်အလေးချိန် အဆမတန် ပိုလာတာ ဖြစ်တဲ့အတွက် အဲဒီ အခေါင်းပေါက်တွေ ပြိုကျသွားနိုင် ပါသေးတယ်။

၂ဝ၁၂ ခုနှစ် ဇွန်လမှာ ဖလော်ရီဒါ ပြည်နယ်မှာ လပေါင်းများစွာ မိုးခေါင်ရေရှား ဖြစ်ခဲ့ပြီး တဲ့နောက် အပူပိုင်း မုန်တိုင်း Debby တိုက်ခတ်ခဲ့တော့ မြေကျွံတွင်းတွေ ရာပေါင်းများစွာ ဖြစ်ကျန်ခဲ့ တာဟာ ဒီဖြစ်စဉ်ကြောင့် ပါပဲ။ ဒီဖြစ်ရပ် ကြောင့် ဖလော်ရီဒါ ပြည်နယ် အစိုးရအဖွဲ့ဟာ အနာဂတ်မှာ အလားတူ ဖြစ်ရပ်တွေကို ဘယ်လို ကာကွယ် နိုင်မလည်း ဆိုတာကို အပြင်းအထန် စဉ်းစားခဲ့ ရပါတယ်။

၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ဖလော်ရီဒါ ပြည်နယ်ဟာ အမေရိကန်ဒေါ်လာ တစ်သန်း ဘတ်ဂျက်တည်ပြီး မြေကျွံခြင်း ဖြစ်ပေါ်နိုင်မယ့် လမ်းကြောင်းတွေကို သုတေသန ပြုလုပ်ခဲ့တယ်။ အရင်က မြေကျွံခဲ့တဲ့ နေရာတွေ၊ အဲဒီနေရာ
တွေရဲ့ မြေမျက်နှာ သွင်ပြင်တွေ၊ မိုးလေဝသ အခြေအနေတွေ၊ မြေအလေးချိန်ကို အောက်ခံ ကျောက်သားလွှာက ဘယ်လောက် ကြာကြာဆက်ပြီး ထမ်းပိုးထားနိုင်မယ် ဆိုတဲ့ တွက်ချက်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။

၂ဝ၁၆ ခုနှစ်မှာ မြေပုံကြမ်း ထုတ်နိုင်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ တစ်စတုရန်း ကီလိုမီတာ အတွင်း မြေကျွံနိုင်တဲ့ နေရာတွေကို ဖြစ်နိုင်ခြေအပေါ် မူတည်ပြီး အရောင်ခွဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ လူတွေက ဒီထက်ပိုတိကျတဲ့ အဖြေကို ရချင်ကြတယ်။ ကိုယ့်ခုတင် အောက်တည့်တည့် မြေကျွံမလား ဆိုတာမျိုးပေါ့။

အခုနောက်ပိုင်းမှာ မိုးမျှော် တိုက်ကြီးတွေကို မဆောက်လုပ်ခင် မြေပြင် အနေအထားကို ကျွမ်းကျင်တဲ့ နည်းပညာရှင် တွေရဲ့ ထောက်ခံချက် ရယူဖို့ အမေရိကန် ပြည်ထောင်စု က ဒေသန္တရဥပဒေ ထုတ်ပြန်ထားတယ်။ အထူးသဖြင့် ဖလော်ရီဒါ ပြည်နယ် မှာ ဖြစ်ပါတယ်။ ပြည်သူလူထု ကလဲ သဘောကျပါတယ်။ ကိုယ်နေထိုင်နေတဲ့ တိုက်ကြီး တစ်တိုက်လုံး မြေကြီးအောက် ကျွံဝင် နစ်မြုပ် ပျောက်ကွယ် သွားမှာကိုတော့ ဘယ်သူမှ သဘောကျလိမ့်မှာ မဟုတ်ဘူးလို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Sunday, February 15, 2015

ညလုံးပေါက်တော့တယ် ဆိုရင် ...


ညလုံးပေါက်တော့တယ် ဆိုရင် ...
 
တစ်ချိန်တစ်ခါက ညလယ် သန်းခေါင်ယံ ကို မိုးချုပ်လှပြီ ဆိုပြီး ကဗျာတွေစပ်၊ စာတွေရေး၊ သီချင်းတွေဆိုခဲ့ကြပေမယ့် အခုချိန်မှာတော့ သန်းခေါင်ယံ ဆိုတာ စောသေးတယ်လို့ ဆိုသူတွေ အတော်များ လာပါပြီ။ အများစုက ညကို အိပ်ရာ စောစော မဝင်ကြတော့ ပါဘူး။

အလုပ်ရှိလို့ ဖြစ်စေ၊ အဲဒီအချိန်မှ နားရလို့ ဖြစ်စေ၊ ညကို တော်တော်နဲ့ မအိပ်ဘဲ နေနေတတ် ကြပါတယ်။ စာကျက်၊ စာရေး ဒါမှမဟုတ် တခြား အလုပ် လုပ်ကြမယ့် သူတွေအတွက် ညအချိန်မှာ အနှောင့်အယှက် နည်းသလို ပတ်ဝန်းကျင် ကလဲ တိတ်ဆိတ် နေတယ်။ နေရောင်လဲ မရှိတဲ့အတွက် အပူချိန် လျော့နည်း အေးမြနေချိန် ဆိုတော့ အာရုံစိုက်ပြီး အလုပ်လုပ်ရမယ့် သူတွေအတွက် အကြိုက် ဖြစ်နေတတ် ပါတယ်။

ဒါဟာ ညကိုမအိပ်၊ မနက်ကိုမထ တဲ့ လူ့ယဉ်ကျေးမှုကြီး ရဲ့ အစပဲ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ အများစုဟာလဲ ညကို မအိပ်မနေ စာလုပ် ရသလို မနက်ကိုလဲ ဇိမ်နဲ့နှပ် မနေနိုင်ဘဲ အိပ်ရာထဲကနေ ကုန်းရုန်းထရ လေတော့ ညညကို ညဥ့်နက်မှ အိပ်ရာဝင်ရသူ တွေအဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ကို ဖော်ပြသွား ပါမယ်။

အိပ်ရေးပျက်ခံ ရသူတွေ ထဲမှာ ပညာရေး လောကထဲက ဆရာ၊ ဆရာမ နဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထိပ်ဆုံးက ပါပါတယ်။ ကျောင်းသား တွေဟာ ကျူတိုရီရယ်၊ အဆိုင်းမင့်၊ ပရောဂျက်၊ စာမေးပွဲ တို့ရှိရင် မိုးလင်းပေါက် စာလုပ်တတ် ကြပြီး မေးခွန်းထုတ်၊ အဖြေလွှာစစ်၊ နောက်နေ့ သင်ခန်းစာ ပြင်ရတဲ့ ဆရာ၊ ဆရာမတွေ ဟာလဲ မကြာခဏ ဆိုသလို မျက်တွင်း ဟောက်ပက်ကြီးနဲ့ ကျောင်းကို ရောက်လာတတ် ကြပါတယ်။ ဒါဟာ ကမ္ဘာ့ တက္ကသိုလ် အများစုမှာ မဆန်းကျယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ချီကာဂို တက္ကသိုလ် စာကြည့်တိုက် နဲ့ ယူကေ ဘရစ်စတော တက္ကသိုလ်ရဲ့ ကွန်ပျူတာခန်း ၂၄ နာရီ ဖွင့်ထားပေး ရတာကိုက အကောင်းဆုံး သာဓက ဖြစ်နေ ပါတယ်။

ညမအိပ်တာဟာ ကျန်းမာရေးကို ရေတိုရော၊ ရေရှည်ပါ ဆိုးရွားစွာ ထိခိုက် စေနိုင်ပြီး ဉာဏ်ရည်၊ ဆုံးဖြတ်နိုင်စွမ်း၊ တွေးတော ဆင်ခြင်နိုင်စွမ်း တို့ ကို ကျဆင်းညံ့ဖျင်း စေနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ညအချိန်ကို အိပ်ပါ။ မလွဲသာ မရှောင်သာလို့ ညအိပ်ရေး ပျက်ရတော့ မယ်ဆိုရင် အောက်ပါ အချက်များကို လိုက်နာပါ။

အိပ်ရေးဝအောင် အိပ်ထားပါ
ဒါဆိုရင် မလွဲသာ မရှောင်သာလို့ ညလုံးပေါက် အလုပ် လုပ်ရတော့မယ် ဆိုရင်လဲ သိပ်မသိသာ နိုင်ပါဘူး။ ဘဏ်မှာ ငွေသွားသွား စုသလိုပဲ အိပ်ရေးကိုလဲ စုစု ထားပါ။ ဒီညကို မအိပ် ရတော့ဘူး ဒါမှမဟုတ် အိပ်ရေး ပျက်တော့မယ် ဆိုတာ သေချာရင်၊ ဘယ်အချိန်မှာပဲ သိသိ၊ တစ်ရေးအိပ် ဖြစ်အောင် အိပ်လိုက်ပါ။ လမ်းမှာ ထမင်း မသေချာတဲ့ ခရီးသည်ဟာ မုန့်ပဲ သရေစာကို အဝစား သွားတဲ့ သဘောပါပဲ။

အာဟာရဖြည့်တင်းပါ
ပရိုတိန်းက လူကို လန်းဆန်း တက်ကြွ စေပါတယ်။ ဒီညအဖို့ အိပ်ရေး ပျက်တော့မယ် ဆိုရင် ပရိုတိန်းကို လုံလောက်စွာ စားထား လိုက်ပါ။ အသား၊ ကြက်ဥ၊ ပဲ စသဖြင့်ပေါ့။ အဆီ၊ အဆိမ့်၊ အငန် အစရှိတဲ့ ကာဗို ဟိုက်ဒရိုတ်ေ တွ အစားများ ရင်တော့ အိပ်ငိုက် ပါလိမ့်မယ်။ ညလယ်လောက် ရောက်လို့ အား သိပ်မကျန် တော့ဘူးလို့ ထင်ရင် ပဲ၊ အစေ့ တစ်ခုခုကို စားပေးပါ။

အလင်းရောင် လုံလောက်အောင် လုပ်ထားပါ
ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေက တောက်ပတဲ့ အလင်းကို မြင်ရင် ခန္ဓာကိုယ်ကို နိုးကြား နေစေပါတယ်။ ဒါကြောင့် ကိုယ်အလုပ် လုပ်တဲ့ အခန်းထဲ မှာပဲ မီးထွန်း ထားတာ မဟုတ်ဘဲ ကိုယ်မြင် နေရတဲ့ အခန်းတွေ၊ ဝင်းတွေ၊ ခြံတွေကိုလဲ မီးထွန်းညှိ ထားမယ် ဆိုရင် အဲဒီည အဖို့ သင်လုံးဝ အိပ်မငိုက်ဘဲ နေနိုင်တာကို သတိထား မိပါ လိမ့်မယ်။

ဦးစားပေးအဆင့်ကို စီစဉ်တတ်ပါစေ
သဘာဝကို ဆန့်ကျင်ပြီး ညမအိပ်ဘဲ အလုပ်လုပ် နေမိတဲ့ အတွက် ညဥ့်နက်လာတာနဲ့ အမျှ ကိုယ့်ဉာဏ်ရည် စွမ်းပကားလဲ ကျဆင်း လာတာကို သတိထား မိပါလိမ့်မယ်။ ဒါကြောင့် ညကို အလုပ်လုပ် တော့မယ်ဆိုရင် အခက်ဆုံး၊ အရှုပ်ဆုံး အလုပ်တွေကို အရင်လုပ်ပါ။ ညဥ့်နက် လာလေ၊ သင့်အလုပ် ကလဲ လွယ်လာလေ ဖြစ်အောင် စီစဉ်ထားဖို့ လိုအပ် ပါတယ်။ ဒီနေရာမှာ အလုပ်တွေကို ဉာဏ်သုံးရမယ့် အလုပ်နဲ့ အားစိုက်ထုတ် ရမယ့်အလုပ် ဆိုပြီး နှစ်မျိုးခွဲ ထားနိုင်ပါတယ်။ ဉာဏ်သုံးရမယ့် အလုပ်တွေကို သင် လန်းဆန်း နေသေးတဲ့ ညအစောပိုင်း မှာလုပ်ပါ။ ညဥ့်နက်လို့ သင် တစ်ယောက်တည်း ချောက်ချီး ချောက်ချက် အလုပ်လုပ် နေရပြီဆိုရင် ဉာဏ်သုံးဖို့ မလိုဘဲ အားပဲစိုက်ထုတ် ရတဲ့ အလုပ်မျိုးက ပိုပြီး သင့်တော် ပါတယ်။

ကော်ဖီသောက်ပါ
ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ လူကို မောပန်းစေတဲ့ အေဒီနိုဆင်းကို လျှော့ချပေး ပါတယ်။ တစ်နာရီကို ကော်ဖီတစ်ခွက် သောက်ပေးခြင်းဖြင့် ကိုယ်စိတ် ပင်ပန်းနွမ်းလျ စေတဲ့ အေဒီနိုဆင်း ထုတ်လုပ်မှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပြီး လန်းဆန်း တက်ကြွ နေမှာ ဖြစ်ပါတယ်။

နွေးနွေးထွေးထွေးနေပါ
လူ့ခန္ဓာကိုယ် အပူချိန်ဟာ မနက် ၃ နာရီကနေ ၄ နာရီ အကြားမှာ အနိမ့်ဆုံး ဖြစ်သွားလေ့ ရှိပါတယ်။ အအေးဒဏ်ကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ပြီး အလုပ်တွေ မပြီးမစီး ဖြစ်နိုင်တဲ့ အတွက်ကိုယ့်ပတ်ဝန်းကျင် ကို နွေးထွေးအောင် ထားပါ။ ကိုယ့်ကိုယ်ကိုယ် လဲ နွေးထွေးအောင် ထားပါ။

မနက်ကို အိပ်ဖြစ်အောင် အိပ်ပါ
တစ်ညလုံး မိုးလင်းပေါက် အလုပ် လုပ်ပြီးလို့၊ ဘယ်အချိန်ပဲ ပြီးပြီးပေါ့၊ မနက် ၆ နာရီလား၊ ၇ နာရီလား၊ ၈ နာရီလား၊ ဘာမှ ဆက်မလုပ်ခင် အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်တယ်ဆိုတာ ကလဲ အိပ်စက်မှု တစ်ကြိမ် ပြည့်အောင် မိနစ် ၉ဝ ကနေ ၁ဝဝ အထိ အိပ်ဖို့လို ပါလိမ့်မယ်။ လူတွေ တစ်ရေးနိုးတယ် ဆိုတာ ဒါကို ပြောတာပေါ့။ အိပ်ပျော်ပြီး မိနစ် ၉ဝ ဝန်းကျင်မှာ အားလုံးလိုလို တစ်ချက် တစ်ချက် နိုးတတ်ကြ ပါတယ်။ တစ်ညလုံး အလုပ်လုပ် ပြီးရင် အဲဒီလို အိပ်စက်မှု တစ်ကြိမ်ပြည့်ဖို့ အရေးကြီး ပါတယ်။ အိပ်မပျော် ရင်လဲ အိပ်ရာထဲ နေပါ။

နောက်နေ့ညကို စောစော အိပ်ပါ
မနေ့က ညလုံးပေါက် အလုပ်လုပ် ထားတယ် ဆိုရင် ဒီနေ့ညကို အိပ်ရာ စောစော ဝင်ပေးပါ။ မအိပ်ချင်လဲ အိပ်ရာဝင်ပါ။ ဒါမှ နဂိုမူလ အားအင် ပမာဏကို မြန်မြန် ဆန်ဆန် ပြန်ရပါမယ်။ တစ်ကြိမ် အိပ်ရေးပျက်ရင် အနည်းဆုံး သုံးရက် ပြန်အိပ်ပေးမှ အိပ်ရေးဝတာ ဖြစ်ပါတယ်။

အခု ဖော်ပြခဲ့ တာတွေဟာ တစ်ချက် တစ်ချက် ညလုံးပေါက် အလုပ်လုပ် ရတတ်သူတွေ အတွက် အကြံပြုချက် ဖြစ်ပါတယ်။ ညတိုင်းလိုလို ကိုယ့်ရွေးချယ်ချက် နဲ့  တမင်တကာ အိပ်ရေးအပျက်ခံ သူတွေ ဆိုရင်တော့ အဲဒီ အကျင့်ဆိုးကို ရပ်တန်းက ရပ်ပြီး ည ၁၁ နာရီ နောက်ဆုံးထားလို့ အိပ်ရာဝင်ကြဖို့ လေ့လာ ရေးသား လိုက်ပါတယ်။

Wednesday, February 4, 2015

ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ



ဆရာ ၊ ဆရာမများ အတန်း လိုက်တက်ကြည့်ပါ

ဒီနေ့ အထက်တန်း ပညာရေး ကြီးကြပ်သူ ရာထူးနဲ့ ကျွန်တော် ပထမဆုံး အလုပ်ဆင်းတဲ့ နေ့။ ကျွန်တော့် အလုပ်က စာသင်ဖို့ မဟုတ်ဘူး။ သင်ကြားမှု၊ သင်ယူမှု အခြေအနေ တွေကို ကွင်းဆင်း လေ့လာ ဆန်းစစ် သုံးသပ်ပြီး အစီရင်ခံ တင်ပြဖို့ ဖြစ်တယ်။ ဒီတော့ ဆရာတွေ၊ ဆရာမတွေ၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တစ်နှစ်ပတ်လုံး ထိတွေ့ပြီး သင်ကြားမှု၊ သင်ယူမှု ထိရောက် သည်ထက် ထိရောက် လာအောင် အထက်ကို လိုအပ်တာတွေ တင်ပြဖို့ တာဝန်နဲ့ ရောက်လာ တာပဲပေါ့။

ပထမဆုံးနေ့မှာ ကျွန်တော် လုပ်ရမဲ့ အလုပ်က ထူးထူးခြားခြား ပါပဲ။ အဲဒါကတော့ ကျောင်းသားတွေ နဲ့အတူ ကျောင်းကို အချိန်ပြည့် တက်ပြီး အိမ်စာတွေ၊ လက်တွေ့တွေ အကုန်လုံးကို လိုက်လုပ် ကြည့်ရမယ်။ ကျောင်းသားတွေ ဘယ်လိုခံစား ရတယ် ဆိုတာကို သိအောင် လုပ်ယူရမယ်။ ဒီတော့ ၁၂ တန်း ကျောင်းသား တစ်ယောက်နဲ့ ကျွန်တော် မိတ်ဆွေဖွဲ့ လိုက်တယ်။ ပြီးတော့ သူနဲ့ တစ်နေကုန် ကျောင်းတက် ရတာပေါ့။ လက်ချာရှိရင် လိုက်ကူးတယ်။ ဓာတု လက်တွေ့လုပ်ရမယ် ဆိုရင် လိုက်လုပ်တယ်။ ကျူတိုရီယယ် ဖြေစရာရှိလည်း ဖြေရတာ ပဲပေါ့။

ဒီမှာတင် ကျွန်တော်ဟာ ကျောင်းတွေ၊ စာသင်ခန်း တွေရဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ဟာကွက်နဲ့ အားနည်းချက် တွေကို တွေ့ခဲ့တယ်။ ကျွန်တော် အထိတ်တလန့် ဖြစ်သွားတယ်။ တကယ်တော့ ဆရာတွေ၊ ဆရာမ တွေဟာ ကျောင်းသားတွေရဲ့ ခံစားချက်ကို သိလဲမသိ၊ သိအောင်လဲ မကြိုးစားကြ ပါလား။ ကျောင်းသား၊ ကျောင်းသူ တွေဟာ နေ့စဉ်နေ့တိုင်း လိုလို ကျောင်းသား တစ်ယောက် အနေနဲ့ရော လူသား တစ်ယောက်လိုပါ အဆင်မပြေမှု မြောက်မြားစွာနဲ့ ကျောင်းတက် နေရတယ် ဆိုတာ သူတို့ မသိကြ ပါလား။

ကျောင်းသားတွေဟာ တစ်နေကုန် ထိုင်နေရတယ်။ အဲဒီလို ထိုင်နေရတာ သိပ်ကို ပင်ပန်းစေ ပါတယ်။ ကျောင်းသား တစ်ယောက်လို တစ်နေကုန် ထိုင်ပြီး စာရေး၊ စာဖတ်တာ လုပ်ရမှ အဲဒီလို ထိုင်နေရတာ ဘယ်လောက်အထိ ပင်ပန်းသလဲ ဆိုတာကို ကျွန်တော် သိလာပါတယ်။ ဆရာတွေ ကတော့ မတ်တတ်ရပ်လိုက် ၊ စင်္ကြလျှောက်လိုက် ၊ စားပွဲကို မှီလိုက်၊ နည်းမျိုးစုံနဲ့ လှုပ်ရှားလို့ ရနေတဲ့အချိန်မှာ ကျောင်းသားတွေ ကို ကျတော့ ဘာတဲ့ ''လက်ပိုက်၊ ငြိမ်ငြိမ်ထိုင်'' ဆိုတာကြီးကို တစ်နေကုန် လုပ်ခိုင်းတာဟာ ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ စာသင်ခန်း တိုင်းမှာ ပြုပြင် ပြောင်းလဲသင့်တဲ့ သုံးချက်ကို ကျွန်တော် ချက်ချင်း ချရေး လိုက်ပါတယ်။

စာသင်ချိန် တစ်ဝက်လောက် ရောက်ရင် မည်သူမဆို ကိုယ်လက် ဆန့်တန်း လေ့ကျင့်ခန်း မလုပ်မနေ လုပ်ရန်၊ စာစမသင်ခင်နဲ့ စာသင်အပြီးမှာ ကျောင်းသား၊ ကျောင်းသူ တွေကို ဆော့ကစားခွင့် ပေးရန်၊ သင်ကြားမှု များကို ကျောင်းသား အချင်းချင်း ဆွေးနွေးချိန်တွင် လွပ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ပေးရန်တို့ ဖြစ်ပါတယ်။

ကျောင်းသား တွေဟာ စာသင်ချိန်ရဲ့ ၉ဝ ရာခိုင်နှုန်း လောက်မှာ တိတ်ဆိတ်စွာ နေနေရ ပါတယ်။ ဆရာက စာသင်နေလို့ ဖြစ်စေ၊ တခြား ကျောင်းသား တွေက ရှင်းလင်း တင်ဆက်နေလို့ ဖြစ်စေ၊ ကျူတိုရီရယ် ဖြေနေလို့ ဖြစ်စေ ကျန်ကျောင်းသား တွေက ပါးစပ်ပိတ်၊ တိတ်တိတ် နေနေရပြီး စာသင်ခန်း တွေထဲမှာလဲ ရိုးရာ အစဉ်အလာ မပျက် ''အပိုစကား မပြောပါနဲ့'' ဆိုတဲ့ အမိန့်သံ က စိုးမိုး နေတတ်ပါတယ်။ တကယ်တော့ ကျောင်းသား၊ ကျောင်းသူ တွေကို စကားပြောခွင့် ပေးရပါမယ်။ ဒါပေမဲ့ သူတို့ အချင်းချင်း အာလူးဖုတ်ခွင့် ပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ကြားမှုကို ဘယ်လောက် နားလည်သလဲ ဆိုတာ သိသာအောင် သူတို့ကို တစ်လှည့်ပြောခွင့် ပေးရပါမယ်။ ဒါကြောင့် ဆရာ ဖြစ်သူက စာကို အချိန် အကြာကြီး ဆက်တိုက် မသင်ဘဲ စာသင်ချိန် တစ်ချိန်ကို သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစီ ရပ်ပြီးတော့ ဆွေးနွေးခွင့် ပေးရပါမယ်။ စာသင်ချိန် တိုင်းကို ကျောင်းသား တွေရဲ့ မေးခွန်းလေး တွေနဲ့ စသင့်ပါတယ်။

ကျောင်းသား တွေက တအားကို သည်းညည်းခံ နေရတာပါ။ တစ်နေကုန် ငုတ်တုတ်ထိုင်၊ မလှုပ်ဘဲ ထိုင်၊ စကားမပြော ဘဲ ထိုင်နေရတယ်။ ငြီးစီစီ ဖြစ်လာလို့၊ အာပုပ်နံ့ ထွက်လာလို့ ပီကေလေး ဝါးလိုက်မယ်။ မရဘူး။ ဆရာ တစ်ယောက် စီက ''တိတ်တိတ်နေပါ။ အာရုံစိုက်ပါ'' ဆိုတာကို ထပ်တလဲလဲ ပြောပုံများ ကျွန်တော်ဟာ မတ်တတ်ထ ရပ်ပြီး အသံကုန် အာခေါင်ခြစ် အော်လိုက် ချင်စိတ် ပေါက်အောင် စိတ်ဆိုးမိတယ်။ ကျွန်တော့် တွဲဖက် ကျောင်းသားကို ကြည့်လိုက်တော့ ခပ်အေးအေးလေး ပါပဲ။ သူရှေ့က စာသင် နေတာကို မြင်ပုံ၊ ကြားပုံလဲ မပေါ်ပါဘူး။ ဒါပေမဲ့ ဆရာတွေ ပြောသလို ငြိမ်ငြိမ်ထိုင် ပါတယ်။ စကားမပြောဘဲ ထိုင်ပါတယ်။ မလှုပ်ဘဲ ထိုင်ပါတယ်။

ဒီမေးခွန်းပဲ ထပ်မေးလဲ သေသေချာချာ ဖြေပေးပါ။ ကျူတိုရီရယ် ကိစ္စဆိုပါစို့။ မနက်ဖြန် ဘာကိုဖြင့် စစ်မယ်လို့ ကြေညာ လိုက်တယ်။ သူတို့အားလုံး နားလည်အောင် သေသေချာချာကို ရှင်းပြလိုက်တယ်။ ဘယ်လိုရှင်းရှင်း သူတို့က ပြန်မေးတာပဲ။ ဆရာဖြစ်သူ ကလဲ မျက်နှာကြီး မဲ့ရွဲ့ပြီး ''ဘယ်နှခါ ပြောရမလဲကွာ'' ဆိုပြီး ဆောင့်ကြီး အောင့်ကြီးနဲ့ ရှင်းရပြန် တာပေါ့။ ကျွန်တော် ကိုယ်တိုင် အတန်းတက် ကြည့်မှ သတိထား မိတယ်။ ကျူတို၊ စာမေးပွဲ ဆိုတာတွေ ကြားလိုက်ရင် ကျောင်းသားတွေက စိုးရိမ်သွားတယ်။ ရှေ့က ပြောတာတွေကို လိုက်နားထောင် မနေနိုင်ေ တာ့ဘဲ ကိုယ် အဆင်သင့် ဖြစ်ပြီလား ဆိုတာကို တွေးပူမိ တတ်တယ်။ အဲဒီအချိန်မှာ ဆရာမက ရှင်းပြီလားလို့ မေးနေ ပြီ။ ရိုးရာမပျက် '' ရှင်းပါတယ် ဆရာမ ..'' ပေါ့။ နားလည်ပြီလား လို့ မေးတော့လဲ ရိုးရာမပျက် ''နားလည်ပါပြီ ဆရာမ ... '' ပေါ့။ ဒါပေမဲ့ သေချာပါတယ်။ ကျွန်တော်တောင် ဘာမှန်း မသိလိုက်ပါဘူး။

ဒါကြောင့် ကျွန်တော့်တွဲဖက် ကျောင်းသားကို မေးဖို့ တိုက်တွန်းလို့ သူကထပြီး မေးတဲ့အခါ ဆရာမ ဖြစ်သူက မျက်လုံးကြီး လှန်တင်ပြီး စိတ်ပျက်ပျက်နဲ့ ထပ်ပြောပါတယ်။ တွဲဖက် ကျောင်းသားကလဲ စိတ်ဆိုးဆိုးနဲ့ ''တွေ့လား။ ဒါကြောင့် ကျွန်တော်တို့ ဘယ်တော့မှ စာမမေးတာ'' လို့ ကျွန်တော့်ကို ပြောပါတယ်။

နောက်တစ်နေ့ အစီရင်ခံစာ တင်ရမယ့် အချိန်မှာ ကျွန်တော် ဟာ ကျွန်တော့် အထက်အရာရှိ ကို ဖုန်းဆက်ပြီး ခွင့်တောင်း လိုက်ပါတယ်။ ''ကျွန်တော် နောက်တစ်ရက် လောက် ကျောင်းတက်ကြည့် လို့ရမလား'' ဆိုတာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေ ခံစားနေရတဲ့ အခြေအနေကို အမှန်အတိုင်း သိမြင်အောင် လုပ်ပြီးမှပဲ သူတို့ရဲ့ သင်ယူမှု စွမ်းရည်ကို မြှင့်တင် နိုင်လိမ့်မယ် ဆိုတာ ကျွန်တော် သဘောပေါက် သွားပြီ ဖြစ်ကြောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။


Friday, January 23, 2015

အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ



အရက်သောက်ခြင်းကြောင့် ဖြစ်တတ်သော ရောဂါများ

အရက်ကို နှစ်ခြိုက်စွဲလမ်း နေသူရှေ့မှာ ရေတစ်ခွက်နှင့် အရက်တစ်ခွက် ချထားပေးပါက အရက်ခွက်ကို ဦးအောင် မော့သောက် မည်မှာ မလွဲပေ။

အရက် သောက်ခြင်းသည် ရောဂါမျိုးစုံ ရနိုင် ပါသည်။ ငွေလည်း ကုန်ပါသည်။ အရက်သောက်ပြီး မူးလို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လျှင် သင့်ကို ပတ်ဝန်းကျင် က ကဲ့ရဲ့ရှုတ်ချ လေမည်။ အရက်သည် သင့်ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကို ပျက်စီးစေပြီး အာဟာရဓာတ် ကိုလည်း ချို့တဲ့စေ ပါသည်။ အရက် သောက်ခြင်းကြောင့် ဘာဆို ဘာမျှ အကျိုး ဖြစ်ထွန်းမှုကို ရရှိနိုင်မည်မ ဟုတ်ပါ။ သင် အသက်ရှည် ကျန်းမာဖို့ အတွက်၊ အရက်ဖြတ်မည်လား၊ ဆက်သောက် မည်လား ဟု မေးလျှင် ဆက်သောက် မည်ဟု ပြောမှာ သေချာပါသည်။ အဘယ့်ကြောင့် ဆိုသော် အရက်သောက်ပြီး မူးယစ်ရီဝေ နေတဲ့ အချိန်ဟာ အရက်သောက်သူအတွက် စိတ်ခံစားမှု အကောင်းဆုံး အချိန်ဖြစ်၍ နေသောကြောင့် ပေတည်း။

ထို မူးယစ်ရီဝေ ထုံထိုင်း စေတတ်သော ဓာတ်တစ်မျိုး ပါသည့် အရက်ကိုပင် ကမ္ဘာပေါ် ရှိ ယောက်ျား၊ မိန်းမ ဟူသမျှ တို့သည် အကြောင်းပြချက် အမျိုးမျိုးဖြင့် သောက်စားလျက် ရှိသည်ကို တွေ့ရ ပေမည်။ အရက်သည် လူမှု ဆက်ဆံရေး နယ်ပယ် တွင်လည်း အထင်ကရ အဖျော် ယမကာ အဖြစ် ရပ်တည် နေပေ၏။ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မိတ်သစ် ဆွေသစ် ဆက်ဆံရေး နယ်ပယ် များတွင်လည်း အရက်ကို အသုံးပြု ကြ၏။ ဂုဏ်သရေရှိ မိတ်သစ်၊ မိတ်ဟောင်း များကို အကောင်းစား ဟူသော အရက်များဖြင့် ဧည့်ခံတတ်ကြ ပေသည်။ အချို့က စိတ်ပျော်ရွှင် လို၍ သော် လည်းကောင်း၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ် မှုကို ပြေပျောက်လို၍ သော် လည်းကောင်း၊ မိမိတို့၏ ရင်တွင်း ခံစားချက် များကို ကုစားရန် အတွက် သော် လည်းကောင်း အရက်ကို စမ်း၍ သောက်တတ်ကြ ပေသည်။ စမ်းရင်းက စွဲသွားသူ များလည်း ရှိပေသည်။ အောင်မြင် သောကြောင့် ပျော်ရွှင်၍ သောက်သည်။ ရှုံးနိမ့် သောကြောင့် စိတ်ညစ်၍ သောက်သည်။

တစ်ခါတစ်ရံတွင် လူမှုရေး နှင့် လုပ်ငန်းခွင်တွင် ဖိနှိပ်ချုပ်ခြယ် ခံရသောကြောင့် သောက်သည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး၊ လူမှုရေး၊ နှလုံးသားရေး စသည့် မရေတွက် နိုင်သော အရေးကိစ္စ များတွင် အဆင်မပြေ သောကြောင့် လည်း သောက်သည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များအရလည်း အရက်ကို သောက်တတ် ကြသည်ကို တွေ့ရပါသည်။ မည်သို့သော အကြောင်းရင်း များကြောင့် သောက်သည် ဖြစ်စေ အရက် သောက်ခြင်း ကြောင့် ရောဂါ ဝေဒနာများ ဖြစ်ပွား နိုင်ပါသည်။

အရက် သောက်ခြင်းကြောင့် ဖြစ်ပွား လာနိုင်သော ရောဂါများကို တင်ပြရလျှင် အစာအိမ် အတွင်း အနာဖြစ်ခြင်း ရောဂါ (အစာအိမ်နာ)၊ အစာအိမ်မှ သွေးယိုခြင်း ရောဂါ၊ အစာအိမ် ရောင်ရမ်းခြင်း ရောဂါ၊ အသည်းကျွမ်း ရောဂါ၊ အသည်း ကင်ဆာ ရောဂါ၊ အသံအိုး ကင်ဆာ ရောဂါ၊ အဆုတ် တီဘီ ရောဂါ၊ အဆုတ် အအေးမိ ရောဂါများ ရရှိ နိုင်ပါသည်။

အရက်သည် ဦးနှောက် မှတ်ဉာဏ်နှင့် စဉ်းစားဆင်ခြင်မှု၊ စကားပြောဆိုမှု၊ ခြေလက် လှုပ်ရှားမှု တို့ကို ထိန်းချုပ်သည့် ဗဟိုဌာန များကို ထုံထိုင်းစေပြီး ပျက်စီး ဆုံးရှုံးမှု များကို ဖြစ်ပေါ်စေ ပါသည်။ အရက်ပျော့ တစ်မျိုး ဖြစ်သည့် ဘီယာ တစ်ပုလင်း သောက်ရုံမျှ နှင့်ပင် ဦးနှောက် ကလာပ်စည်းပေါင်း ထောင်နှင့်ချီ၍ ပျက်စီးကြောင်း လေ့လာတွေ့ရှိ ရသည်ဟု ဆိုပါသည်။ ထို့အပြင် အရက်ကို အလွန်အကျွံ သောက်သုံး ခြင်းကြောင့် လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက် ဒဏ်ရာများ ရရှိနိုင်ခြင်း မှစ၍ အသက်သေဆုံး နိုင်ခြင်း၊ သတိလက်လွတ် ဖြစ်ခြင်း၊ ဒေါသ ထွက်လွယ်ခြင်း၊ ရန်လိုတတ်ခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြား လာနိုင်ခြင်း၊ ဟီရိသြတ္တပ အရှက် အကြောက် နည်းလာခြင်း၊ ရာဇဝတ်မှု များကို လွယ်ကူစွာ ကျူးလွန် တတ်ခြင်းတို့ ဖြစ်ပေါ် စေနိုင်ပါသည်။

ဗုဒ္ဓဘုရားရှင် ကလည်း အရက် သောက်စားခြင်း အပြစ်(၆)ပါးကို အောက်ပါ အတိုင်း ဟောကြား တော်မူခဲ့ပါသည်-

(၁) ဥစ္စာ ဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
(၂) ခိုက်ရန်ဖြစ်ပွားတတ်၏။
(၃) အနာရောဂါဖြစ်ကြောင်း ဖြစ်၏။
(၄) အရှိန်အစော်မဲ့တတ်၏။
(၅) လျှို့ဝှက်အပ်သည်ကို ဖော်ပြ တတ်၏။
(၆) ဉာဏ်ပညာ အားနည်းအောင် ပြုတတ်၏။ ဟု ဟောကြား တော်မူခဲ့ပေသည်။ လူမှု ဆက်ဆံရေး အရ မဖြစ်မနေ သောက်ရသည့် အခါတွင်မူ မလွန်ကြူး စေရန် သတိချပ်သင့် လှပါသည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ် ဝန်းကျင်ကာလများ ဆီက အမေရိကန် ပြည်ထောင်စု တွင် အရက်စွဲသော အမျိုးသမီးပေါင်း ငါးသန်းခန့် ရှိသည်ဟု ဆိုပါသည်။ ယနေ့ ခေတ်အခါတွင် ရုပ်မြင်သံကြား များမှ လာသော ကိုရီးယား ဇာတ်လမ်းတွဲ များတွင် ကိုရီးယား ပျိုဖြူများ အရက်မူး လာသည့် ဇာတ်ဝင်ခန်း များကို ကားတိုင်း လိုလို တွေ့ရ၏။ ထို ကိုရီးယား ပျိုဖြူများကို မြန်မာပျိုဖြူ လေးများက အားကျ အတုခိုး လျှင်ဖြင့် ဟူသော အတွေးက မြန်မာပြည်သူ မိဘ မောင်ဖွားများကို စိုးရိမ်ထိတ်လန့် စေလေပြီဟု ထင်ရပေသည်။

အရက်သည် ယောက်ျား၊ မိန်းမ မဟူ သောက်သုံးသူ မှန်သမျှကို ရောဂါရရှိ စေပါသည်။ အရက်သေစာ လွန်လွန်ကြူးကြူး သောက်သုံးလျှင် ဖြစ်တတ်သော ရောဂါများ အကြောင်းကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုတစ်ဖန် အမျိုးသမီးများ အရက်သေစာ သောက်သုံး ပါက ဖြစ်နိုင်သော ရောဂါ အခြေအနေ များကိုလည်း ဆက်လက် တင်ပြလို ပါသည်။

အရက်သေစာ သောက်သုံးသော အမျိုးသမီးများ (သို့မဟုတ်) အရက်စွဲသော အမျိုးသမီးများ ကိုယ်ဝန်ဆောင် ပါက သန္ဓေသားအား စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ များ ထိခိုက် စေနိုင်ခြင်း၊ အင်္ဂါမစုံသော ကလေးများ မွေးဖွားခြင်း၊ ဉာဏ်ထိုင်းသော ကလေးများ မွေးဖွား လာနိုင်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း (သို့) စောမွေးခြင်း၊ ကလေး၏ ဦးခေါင်း လွန်စွာ သေးငယ်ခြင်း၊ ကလေး၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများ ချို့ယွင်းနေခြင်း တို့ ဖြစ်ပေါ် စေနိုင်ပါသည်။

အရက်သည် သောက်သုံး သူတိုင်းကို စွဲလမ်းစေ ပါသည်။ မသောက်ရ မနေနိုင်လျှင် ထိုသူသည် အရက်စွဲ ရောဂါ ရရှိနေပြီ ဖြစ်ပေသည်။ ယခုအခါ ရာဇဝတ်မှုများ၊ ယာဉ် မတော်တဆမှု များတွင် အရက်သေစာ သောက်စား မူးယစ်ပြီး ဖြစ်ပွားသည်က ပို၍ များပြား နေပေသည်။ ထို့ကြောင့် ယာဉ်မောင်းသူ များကို အရက်မူးတိုင်း ကိရိယာ များဖြင့် မြို့ကြီးများတွင် တိုင်းတာ စစ်ဆေးနေပြီ ဖြစ်သည်။ လူ့ကိုယ်တွင်း၌ အရက် ပမာဏ ဝ.၁၅ ရာခိုင်နှုန်း ရှိပါက အရက်မူး နေပြီဟု သိနိုင်ပြီး ယင်း အခြေအနေ သည် ယာဉ်တိုက်မှု ဖြစ်နိုင်သော အဆင့်တွင်ရှိသည်ဟု ဆိုပါ သည်။

အချုပ်အားဖြင့် တင်ပြရသော် အရက် သည် ပြဿနာ မျိုးစုံကို ဖြစ်ပေါ်စေ သကဲ့သို့ ရောဂါမျိုးစုံ ကိုလည်း ရရှိနိုင် ပါသည်။ သို့ဖြစ်ပါ၍ အရက်သေစာ သောက်စားခြင်းကို အသိတရားဖြင့် သတိထား ရှောင်ကြဉ် နိုင်ကြပါစေဟု ရည်သန်၍ ရေးသား တင်ပြလိုက်ရ ပေသည်။

အောင်ကိုမြင့် (မြစ်ကြီးနား)

http://myawady-myawady.blogspot.com/2015/01/blog-post_863.html

Friday, December 26, 2014

တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုပါမယ် ...



တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ရှိ

၂၀၁၄ နှစ်ကုန်ပိုင်းကို ရောက်ရှိလို့ လာပါပြီ။ နှစ်စဉ်လိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ နှစ်သစ်ကို ကြိုကြဦး မှာပါ။ အများရှေ့မှာ ကိုယ့်ရဲ့ နှစ်သစ် အဓိဋ္ဌာန် တွေကို ရွတ်ပြကြ ပါလိမ့်မယ်။ အများစု ကတော့ နှစ်သစ်မှာ ကျန်းမာရေးကို အထူး ဦးစားပေး ဆောင်ရွက် သွားမယ်လို့ ပြောတတ် ကြပါတယ်။ ကျွန်တော် ကတော့ ခန္ဓာကိုယ် ကျန်းမာရေး အပြင် စိတ်ကျန်းမာရေး ကိုလည်း ဦးစားပေး သွားမယ်လို့ နှစ်သစ် အဓိဋ္ဌာန်ပြု သွားမှာပါ။

တကယ်တော့ စိတ်ကျန်းမာရေးဟာ အလုံးစုံ ကျန်းမာရေးရဲ့ ဗဟိုချက် ပါပဲ။ စိတ် ကျန်းမာရေး မကောင်းဘဲ နဲ့တော့ ဘယ် ကျန်းမာရေး မှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်မှာ နှလုံးနဲ့ ကင်ဆာရောဂါ တွေကို ဖြစ်ပွား စေနိုင်သလို ရေတိုမှာ ဆိုရင်လဲ ကျား-မ ခွဲခြား ဆက်ဆံခြင်း ၊ လူမှု အသိုင်းအ၀ိုင်း ကနေ ဖယ်ကြဉ်ခံ ရခြင်း ၊ ကြမ်းတမ်း ခက်ထန် လာခြင်း ၊ ပြစ်မှု ကျူးလွန်ခြင်း နဲ့ ကျန်းမာရေး ကို ထိခိုက်စေတဲ့ နေထိုင်မှု ပုံစံတွေကို ခံစားရနိုင် ပါသည်။

ဒါဖြစ်ရင် စိတ်ကျန်းမာရေး ကောင်းမွန်တယ် ဆိုတာကို ဘယ်လို အနက် အဓိပ္ပာယ် ဖွင့်ကြမလဲ။

လူတစ်ဦးက ကိုယ်စွမ်းကိုယ်စ ရှိသလောက် လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူး ကို ခွဲခြား သိမြင်မယ်၊ ဘဝမှာ ကြုံတွေ့ရလေ့ ရှိတဲ့ စိတ်ဖိစီးစရာ တွေကို ကျော်လွှားနိုင်မယ်၊ အကျိုး သက်ရောက်မှု ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်နိုင်မယ်၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ လူ့အသိုင်း အဝိုင်း ကိုလဲ အကျိုးပြု နေနိုင်မယ် ဆိုရင် ဒီလူရဲ့ စိတ်ကျန်းမာရေး ဟာလဲ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့ပြင် ကိုယ်ဟာ အပြုသဘော၊ အပျက်သဘော ခံစားချက် နှစ်ရပ်လုံးကို မျှမျှတတ ခံစား သိမြင်ကိုင်တွယ် တတ်သလား၊ လူတွေဆီကနေ ကောင်းတာကို သင်ယူတတ်ပြီး မှားယွင်းတာကို သင်ခန်းစာ အဖြစ်  မှတ်သား တတ်သလား ဆိုတာကလဲ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ် လို့ရတဲ့ ထင်ဟပ် ပုံရိပ်တွေ ဖြစ်ပါတယ်။ ဒီတော့ ၂ဝ၁၅ ခုနှစ်မှာ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ဖို့ ကျွန်တော် ကျင့်သုံးသွားမှာ လေးတွေကို ဖော်ပြ သွားပါမယ်။

ကျန်းမာရေးကို ကောင်းမွန်စေမယ့် အစားအစာတွေကို ရွေးချယ် စားသောက်ပါမယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်သလို ကိုယ်အလေးချိန် ကိုလဲ ထိန်းထား ပေးနိုင်ပြီး ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ရောဂါ ဝေဒနာတွေ ဖြစ်ပွားနိုင်ခြေလဲ နည်းသွားမှာ ဖြစ်သလို နာတာရှည် နှလုံး၊ ကင်ဆာရောဂါ တွေရဲ့ ခြိမ်းခြောက်မှု ကိုလဲ လျော့ပါးစေ ပါတယ်။ ဒါ့ပြင် အာဟာရ ပြည့်ဝစုံလင်စွာ စားသောက် ပေးနိုင်မယ်ဆိုရင် ဦးနှောက် ကျန်းမာရေး ကိုလဲ အထောက်အကူ ပြုတာမို့ စိတ်ကျန်းမာရေး ကိုလဲ အကျိုး သက်ရောက် စေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှား အားကစား မှန်မှန်လုပ် ပါ့မယ်။ ကိုယ်၊ စိတ် နှစ်ရပ်လုံးရဲ့ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားမှုက အရေးကြီး ပါတယ်။ အရွယ်ရောက် သူတွေ အနေနဲ့လဲ ခပ်ပျော့ပျော့ အားကစား ကို တစ်ပတ်ကို မိနစ် ၁၅ဝ လောက်ရအောင် ကစားပေး သင့်ပြီး နည်းနည်း ပြင်းတဲ့ အားကစားမျိုး ဆိုရင်တော့ ၇၅ မိနစ် အနည်းဆုံး ကစားပေးသင့် ပါတယ်။

မှန်မှန်ကန်ကန် အိပ်စက်ပါမယ်။ အိပ်ရေးဝတာနဲ့ မှန်မှန်ကန်ကန် အိပ်စက်တာနဲ့ မတူပါဘူး။ လူတစ်ဦးဟာ တစ်နေ့အိပ်ချိန် ၈နာရီ လိုတယ်ဆိုပြီး နံနက် ၂ နာရီကနေ ၁ဝ နာရီထိ အိပ်တယ်ဆိုရင် အိပ်ရေးဝ တယ်လို့ ဆိုနိုင်ပေမယ့် အိပ်စက်ပုံ မှန်ကန်တယ် လို့တော့ မဆိုနိုင်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ သဘာဝ လိုအပ်ချက် ကိုက ညအချိန် အိပ်စက်ဖို့ ဖြစ်ပါတယ်။ ညသန်းခေါင် မတိုင်ခင် အိပ်ရာဝင်နိုင်မယ် ဆိုရင်အကောင်းဆုံးပါပဲ။ ဒီလို အိပ်နိုင်အောင် ကြိုးစားသွား ပါမယ်။

စိတ်ဖိစီးမှုနဲ့ အလိုက်သင့် လိုက်ပါ သွားပါမယ်။ စိတ်ဖိစီးမှု ဖြစ်ပြီဆိုရင် အဲဒီ စိတ်ဖိစီးမှုကို မေ့ပစ်ဖို့၊ ဖျောက်ပစ်ဖို့ ကြိုးစားနေတာ ကိုက စိတ်ဖိစီးမှု ထပ်ဖြစ်စေ ပါတယ်။ စိတ်ဖိစီးမှု ကို ဖြစ်စေတဲ့ အကြောင်းရင်းဟာ ပြင်လို့ ရနိုင်သလား၊ ပြင်လိုက်ပါ။ ပြင်လို့ မရဘူးလား၊ အလိုက်သင့် လိုက်ပါ သွားလိုက်ပါ။ အရှိန်နဲ့ ပြေးနေတဲ့ ကားပေါ်က ခုန်ဆင်းပြီး အလိုက်သင့် လိုက်သလိုပါပဲ။ တစ်ချိန်ချိန်မှာ ရပ်လိုက် နိုင်မှာပါ။ ချက်ချင်းရပ်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ကိုယ်ပဲ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျ မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါတွေက နေ့တိုင်းကြုံ နေရတဲ့ကိစ္စ တွေပဲ။ အထွေအထူး အဓိဋ္ဌာန်ပြုပြီး လုပ်နေဖို့ လိုလို့လားလို့ တွေးမိ နေတယ်ဆိုရင် သင်ဟာ ဒါတွေကို အမြဲမှားယွင်း ဖောက်ဖျက် နေသူပဲ ဖြစ်ပါတယ်။ အလုပ်လုပ်တယ် ဆိုတာ ကောင်းကောင်း နေရဖို့ပါ။ ဒီအလုပ်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်နေတယ်ဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ ဒါကြောင့် ၂ဝ၁၅ နှစ်သစ်ကို ထူးဆန်းတဲ့ အဓိဋ္ဌာန်တွေနဲ့ မဖွင့်ဘဲ ရိုးရှင်းပြီး ကိုယ်တကယ် ပြုပြင်ဖို့ လိုအပ်တဲ့ အစားမှန်၊ အအိပ်မှန်၊ ကစားနည်းမှန် တွေကို လေ့ကျင့်ပြီး စိတ်ဖိစီးမှုကိုလဲ ကိုင်တွယ်တတ် လာအောင် ကြိုးပမ်းတာ ကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် လို့ လေ့လာ ရေးသားတင်ပြ လိုက်ရပါ တယ်။(TMK)

Tuesday, September 23, 2014

လှပလိုသူတို့ သတိပြုစေချင်




လှပလိုသူတို့ သတိပြုစေချင်

ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့် အမျှ ယနေ့ခေတ် လူငယ်များသည် လှပမှု မျိုးစုံတို့ကို မက်မော လာခဲ့သည်။ လူငယ်တို့ သဘာဝအလျှောက် လှပလို ခြင်းသည် ဓမ္မာတာပင် ဖြစ်သော်လည်း လိုသည်ထက် ကျော်လွန်ပြီး လှပအောင် ဖန်တီးယူမှု များသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကောင်းထက် အဆိုးများ ဖြစ်လာနိုင်သည် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

တချို့ လူငယ် အမျိုးသား ၊ အမျိုးသမီးငယ် များသည် ဆံပင်၏ ပြုပြင်မှုများ ဖြစ်သော အဖြောင့်ကို ကောက်သည်။ အကောက်ကို ဖြောင့်သည်။ မူလ ဆံပင် အနက်ရောင် ကို အနီ ၊ အ၀ါ ၊ ကြောင် တောင်တောင် အရောင်များ ဆိုးသည်။ ထိုကဲ့သို့ ပြုပြင် သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ဆံပင် ဆိုးဆေးတွင် ပါဝင်သော ဓာတုပစ္စည်း များကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင် ဦးရေများ ပျက်စီးခြင်း ၊ ဆံပင်ဆဲလ်များ ပျက်စီးခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး သုတေသီ များက သတိပေး ထားသည်ကို သိရသည်။

ထို့အတူ အသားအရေ လှပမှု အတွက် မိတ်ကပ် အမျိုးမျိုး ၊ နှုတ်ခမ်းနီ အမျိုးမျိုး ၊ အလှဆီ အမျိုးမျိုး ၊ ကာနေရှင်း အမျိုးမျိုး စသည်တို့ကို လိမ်းကြ ၊ ဆိုးကြ ၊ ခြယ်သကြ သည်။ အဆိုပါ အလှကုန် ပစ္စည်း များတွင်လည်း ဓာတု ပစ္စည်းများ ပါဝင် သောကြောင့် လူတို့၏ အရေပြား များကို ထိခိုက် ပျက်စီးစေသည်။ တချို့သော မိန်းကလေး များမှာ မိတ်ကပ်တွင် ပါဝင်သော ဓာတုပစ္စည်း များနှင့် ဓာတ်မတည့် သဖြင့် မျက်နှာ အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်း ၊ နီမြန်းသော အကွက်များ ဖြစ်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။ ဒါကြောင့် လှပမှုထက် အရုပ်ဆိုး အကျည်းတန်မှု ကို ဖြစ်စေ နိုင်သည်။

ကနေ့ ဈေးကွက်တွင် ရောင်းချနေသော အလှကန် ပစ္စည်းများတွင် အစစ်အမှန်များ ရှိသော်လည်း အတုအပများလည်း များစွာ ရှိသည်။ အစစ်အမှန် ကို သုံးစွဲပါက အရေပြား ထိခိုက် ပျက်စီးမှု မရှိဟု ဆိုနိုင်သော်လည်း အတုအပ များကြောင့် အရေးပြားများ ထိခိုက် ပျက်စီးပြီး အရုပ်ဆိုး အကျည်းတန် မှုကို ဖြစ်စေမှာ အသေအချာ ပင် ဖြစ်သည်။

အရေပြား လှပ စေဖို့အတွက် လူ့ခန္ဓာကိုယ် မွှေးညှင်းပေါက် များမှ ချွေးထွက် ၊ ချွေးစို့ နေရန် လိုသည်။ ချွေးထွက်စေရန် အတွက် နေ့စဉ် ရေများများ သောက်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေး ရမည်။ မိမိ၏ မျက်နှာတွင် လိမ်းခြယ် ထားသော မိတ်ကပ် များကို အိပ်ရာ မ၀င်ခင် ဆပ်ပြာဖြင့် စင်ကြယ်အောင် မျက်နှာသစ် ပေးရမည်။ မျက်နှာတွင် မိတ်ကပ်များဖြင့် အိပ်ခြင်းသည် မျက်နှာရှိ မွှေးညှင်းပေါက်များ ပိတ်၍ မျက်နှာ၏ လှပမှုကို ပျက်စီး စေသည့် တင်းတိပ် ၊ ၀က်ခြံ နှင့် မှဲ့ခြောက် စသည်တို့ကို ဖြစ်ပေါ် စေသည်။

ဒါကြောင့် ကနေ့ခေတ် လူငယ် အမျိုးသား ၊ အမျိုးသမီး ငယ်လေးများ အလှအပ ကို အကောင်းဆုံး ဖြစ်အောင် ခြယ်မှုန်း ကြရာတွင် ကျန်းမာရေး နှင့် လိုက်လျော ညီထွေစွာ ပြုပြင်တတ် စေရန် နှင့် ဘေးထွက် ဆိုးကျိုးများ မကြုံရအောင် သတိပြု ဆောင်ရွက်ကြရန် အကြံပြု ရေးသား လိုက်ရ ပါသည်။

Tuesday, September 16, 2014

ကော်ဖီ ဒဿန


ကော်ဖီ ဒဿန

မိုးနှင်းဝေ

ဘဝမှာ အကြိုက်ဆုံး တစ်ခုကို ဖော်ပြပါ ဆိုလျှင် ''ကော်ဖီတစ်ခွက်'' ဟု ကျွန်မ ဖြေမိ ပါလိမ့်မည်။ ဟုတ်ပါသည်။ ကျွန်မ ကော်ဖီကို သိပ်ကြိုက် ပါသည်။ ဖြစ်နိုင်လျှင် နံနက်ကော်ဖီ၊ နေ့လယ်ကော်ဖီ၊ ညကော်ဖီ ကော်ဖီချည်း ကိုသာ အချိန်တိုင်း သောက်ချင် ပါသည်။ သို့ရာတွင် ''တန်ဆေး လွန်ဘေး'' ဟူသော သတိချပ် ရမည် ဖြစ်သဖြင့် မည်မျှပင် ကြိုက်သည် ဖြစ်စေ..... ကျွန်မ အနေနှင့် နံနက်တစ်ကြိမ် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်သာ ဘရိတ်ထား၍ သောက်ပါသည်။ တစ်ခါတလေ အခွင့်ကြုံ အလျဉ်းသင့် သလို စိတ်အလို လိုက်၍ သောက်မိ ပါကလည်း အများဆုံး သုံးကြိမ်လောက် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် အကြိုက်ဆုံး ဖြစ်သော ကော်ဖီကြောင့် လည်း ဥပါဒ် မဖြစ်နိုင်ချေ။

ကျွန်မ ငယ်ငယ် ကတည်းက ကော်ဖီကို ကြိုက်ခဲ့ ပါသည်။ ငယ်စဉ်က မေမေ ဖျော်ပေးသော ကော်ဖီကို ကျွန်မ တရှိုက်မက်မက် သောက်ခဲ့သည်။ ထို့ပြင် ဖေဖေ (သို့မဟုတ်) အိမ်မှ မိသားစု ဘယ်သူ ဖျော်သည့် ဘယ်လို ကော်ဖီ ဖြစ်ပါစေ၊ သူများအိမ်တွင် ဧည့်သည် လုပ်ရသည့်အခါ ... ထိုအိမ်ရှင်မှ ဧည့်ခံသော မည်သည့် ကော်ဖီ အမျိုးအစား ဖြစ်ပါစေ၊ အပြင်ဆိုင်တွင် မှာယူ သောက်သုံး ရသော ကောင်းမည်၊ မကောင်းမည် မှန်းဆ မရသည့် ဘယ်လို ကော်ဖီမျိုးပင် ဖြစ်ပါစေ.. ကျွန်မကတော့ ကော်ဖီဆိုလျှင် ကြည်နူး ရင်ခုန်စွာပင် နှစ်ခြိုက်တတ် ပါသည်။ ကိုယ်ပိုင် လုပ်ကိုင် တတ်သည့် အရွယ်ရောက် လာတော့လည်း ကျွန်မ ပထမဆုံး စိတ်ပါ ဝင်စားစွာ လုပ်ခဲ့သည့် အရာမှာ ကော်ဖီဖျော်ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ကျွန်မ ကော်ဖီများကို ဒဿန ဖွင့်ပါ တော့သည်။

ကျွန်မ မေမေ၏ လက်ရာ ကော်ဖီကတော့ အဘယ်သို့မှ ပြုပြင်စရာ မလိုအောင် အရသာ ရှိလှပါသည်။ မေမေ့ထက် ပို၍ တော်သော ဖျော်ဆရာ ကတော့ ကျွန်မ၏ ဖေဖေ ဖြစ်ပါသည်။ ဖေဖေက အကောင်း ကြိုက်သူပီပီ နက်စ်ကော်ဖီ ကိုပင် အရသာ ရှိရှိ ဖျော်တိုက်လေ့ ရှိသည်။ ဖေဖေ့ လက်ဆက မေမေ့ထက် သာသည်ဟု ကျွန်မ ထင်သည်။ သို့သော် မေမေက အမြဲ ဖျော်တိုက်သူ ဖြစ်၍ ဖေဖေက ရံဖန်ရံခါမှသာ ဖျော်တိုက်ခြင်း ဖြစ်သောကြောင့် ဖေဖေနှင့် မေမေ နှစ်ဦးလုံး၏ လက်ရာ ကော်ဖီကို ကျွန်မ ဘဝတွင် တန်ဖိုးထား ခဲ့ပါသည်။ ဘဝ၏ ထုံးတမ်းစဉ်လာ များအရ ကျွန်မ တန်ဖိုးထားသော ဖေဖေနှင့် မေမေ၏ ကော်ဖီများကို ကျွန်မ သက်ဆုံးတိုင် ထာဝရ သောက်ခွင့် ရချင် ပါသော်လည်း စောစီးစွာပင် ကျွန်မနှင့် ခွဲခွာသွားကြ ရသော ကျွန်မ မိဘနှစ်ပါး၏ ကော်ဖီ တို့သည် ကျွန်မ ၁၆ နှစ်အရွယ် အထိသာ သောက်ခွင့် ကြုံခဲ့သည်။ ဤတွင် ကျွန်မဘဝ၌ ''မတည်မြဲခြင်း'' ဟူသည့် ကော်ဖီမှ ပေးသော ဒဿန ကို သိရှိခံစားခဲ့ ရသည်။

ဆက်လက်၍ ကျွန်မ ဖွင့်ခဲ့သော ကော်ဖီ ဒဿနမှ ''ကိုယ်တိုင် ကိုယ်ကျ ဖျော်စပ်သော ကော်ဖီသည် အရသာ ရှိစွာ သုံးဆောင်ခွင့် ရရမည် '' ဟု ကျွန်မ ယုံကြည်သည်။ ထို့ကြောင့်ပင် ကော်ဖီဖျော် လေတိုင်း စိတ်အား
ထက်သန်စွာ၊ ပျော်ရွှင် ကြည်နူးစွာ ကျွန်မ ဖျော်လေ့ ရှိသည်။ သူများ ဖျော်ပေးသော ကော်ဖီသည် ပေါ့နေသည် ဖြစ်စေ (သို့မဟုတ်) ခါးလွန်း နေသည်ဖြစ်စေ၊ ကျဲနေသည် ဖြစ်စေ... ကျွန်မ စိတ်မဆိုးပါ။ ထိုသို့သော ကော်ဖီများကို ကျွန်မ ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ဟုသာ အမြဲ စဉ်းစားပြီး အရသာ ရှိသော ကော်ဖီတစ်ခွက် ဖြစ်လေအောင် ကျွန်မ ပြုပြင် စွမ်းဆောင်လေ့ ရှိသည်။ ထို့ကြောင့် ကျွန်မ သောက်သော ကော်ဖီ များသည် အမြဲ အရသာရှိရှိ သောက်ခွင့် ရတတ်သည်။

ထိုမျှ ကော်ဖီ ကြိုက်သော ကျွန်မသည် ကော်ဖီ၏ လွှမ်းမိုးခြင်းကို ခံစား နေသည်ဟုပင် ထင်ရသည်။ ဘယ်အရာကိုပဲ လုပ်လုပ် ကော်ဖီတစ်ခွက် ကို ထည့်သွင်း စဉ်းစား နေတတ် သကဲ့သို့ပင်။ သို့သော် ကျွန်မ ကျေနပ်မိသည်။ ကျွန်မ ကြိုက်သော ကော်ဖီကပင် ကျွန်မကို သတိပေး သွန်သင်မှုများ ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ရှုပ်ထွေးပွေလီ လှသော လူ့ဘဝမှာ... လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ပင်... လူအမျိုးမျိုး တို့နှင့် ဆက်ဆံကြ ရာတွင် အဖုအထစ်များ၊ မညီညာမှုများ၊ မပြေလည်မှုများ၊ မကျေလည်မှုများ... များစွာ ကြုံရ တတ်သည်။ ထိုသို့သော အခါမျိုးတွင် လူပီပီ မခံချင်စိတ်များ၊ တွန်းလှန် လိုမှုများ၊ မနှစ်ခြိုက်မှုများ နှင့် ပြန်လည် တုံ့ပြန်ချင်သည့် အခါ၊ အလိုဆန္ဒ မပြည့်မှုများ၊ ဒေါသ၊ မောဟ များ ဆူဝေ လာသည့်အခါ... ဘဝသည်... အရသာ မရှိသော ကော်ဖီ တစ်ခွက်ကို ရရှိ နေသကဲ့သို့ပင်။ သို့သော်လည်း ကော်ဖီ တစ်ခွက်ကို ပြုပြင်ပါမှ အရသာ ရှိမည်ကို ကျွန်မသိ သကဲ့သို့...ဘဝကိုလည်း အတတ်နိုင်ဆုံး အကောင်းမွန်ဆုံး ဖြစ်အောင် ကျွန်မ ကြိုးစား ပြင်ဆင် ကြည့်လိုက် ပါသည်။ စိတ်ရှည် သည်းခံမှုများ၊ နှိမ့်ချ ကျိုးနွံမှုများ နှင့် ညှိနှိုင်း ဖျော်စပ် လိုက်သော အခါတွင် ဘဝသည် အရသာ ရှိသော ကော်ဖီတစ်ခွက် ပမာ ထင်လိုက် ရသည်။ ပုထုဇဉ် လူသားတစ်ဦး ပီပီ အတ္တ၊ လောဘ နှင့် မာန ဟူသည့် အရာများသည် တစ်ခါတစ်ရံ တွင် အချိုကဲ၍ အခါးပို သွားသော ကော်ဖီတစ်ခွက် ပမာ ဖြစ်တတ် ပါသေးသည်။ ထိုအခါတွင် အရသာ ဆိုးသော ကော်ဖီပမာ ကျွန်မ ခံစားရသည်။ ထို ကော်ဖီတစ်ခွက် ကို ပြင်ဆင်၍ သောက်သုံး သကဲ့သို့ ကျွန်မ၏ အတ္တ၊ လောဘ၊ မာန တို့ကို ''သတိ'' ဟူသော ရေနွေးပူပူဖြင့် အခါခါ ရောစပ်သမ ခဲ့ရပါသည်။ ထိုအခါ ဘဝသည် သတိတရားဖြင့် ငြိမ်းအေးကာ အရသာ ပြည့်စုံသော ကော်ဖီတစ်ခွက် ဖြစ်ခဲ့ရသည်။

ခွဲခွာမှုများနှင့် ကြုံဆုံရတိုင်း၊ အလိုဆန္ဒ များကို လက်လွှတ်လိုက် ရတိုင်း ပင်ပန်း ဆင်းရဲသည့် ခံစားမှု တစ်ခုသည် အလွန် အရသာဆိုးသော ကော်ဖီ တစ်ခွက်ပင်။ သို့သော်... လိုအပ်သော ပြင်ဆင်မှု များဖြင့် ဖျော်စပ်ထားသော ကော်ဖီသည် ပြီးပြည့်စုံသည့် အရသာရှိ သကဲ့သို့ပင်... ဘဝခရီး နေဝင်ချိန် အတွက် လိုအပ်သော ပြင်ဆင် ထုပ်ပိုးမှု များဖြင့် သံသရာကို ထည့်သွင်း စဉ်းစား ခြင်းသည် ရှင်သန် နေဆဲတွင် အလှပဆုံး၊ အရသာ အရှိဆုံး ကော်ဖီ တစ်ခွက်နှင့် ပမာ တူညီလိမ့်မည် ဟု ကျွန်မ ကြိုက်သော ကော်ဖီနှင့် ဘဝဒဿန များကို တူယှဉ် စဉ်းစား နေမိ ပါတော့သည်။

http://myawady-myawady.blogspot.com/2014/09/blog-post_97.html

------

ကျွန်တော်လည်း ကော်ဖီနှစ်သက်သူ ဖြစ်တယ်။

ဒါပေမယ့် ယခု စာရေးသူလိုတော့ အစပ် အဟပ် မတည့်တဲ့ ကော်ဖီ တစ်ခွက်ရဲ့ အရသာကို အကောင်းဆုံး ကော်ဖီတစ်ခွက် ဖြစ်အောင် ပြုပြင်တဲ့ နေရာက ရလာတဲ့ အတွေ့အကြုံကို နိစ္စဓူဝ ကြုံတွေ့ ရင်ဆိုင်ရမယ့် ဘ၀ သင်ခန်းစာ နဲ့ နှိုင်းယှဉ် ချင့်ချိန် နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဘာလို့လဲ ဆိုတော့ ကော်ဖီကို ကျွန်တော်ကိုယ်တိုင် ဖျော်သောက်တာထက် သူများ ဖျော်ပြီးသား ကိုပဲ သောက်လေ့ ရှိလို့ပါ။

ဒါပေမယ့် ဒီပို့စ်လေးက ၀ါသနာ ကနေ ရလာတဲ့ အမြတ်ကို ကိုယ့်ဘ၀ အတွက် အကျိုးရှိအောင် အသုံးချနိုင်တယ် ဆိုတဲ့ အတွေးသစ်ကို ရရှိစေပါတယ်။

welcome