Wednesday, September 18, 2019

စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်


စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်

ငယ်ငယ်တုန်းက ခေါင်းချရင် အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းတောင် မနည်း ထယူခဲ့ရတယ်။ အသက်ကြီး လာတာနဲ့အမျှ အကြောင်း အမျိုးမျိုးကြောင့် ညညဆိုရင် တော်တော်နဲ့ အိပ်မပျော် တော့တဲ့ ပြဿနာဟာ လူတိုင်း လိုလိုမှာ ရှိလာတယ်။ အကြောင်း တစ်ခုခုကြောင့် ညဘက် တော်တော်နဲ့ အိပ်မပျော်ဘူး ဆိုရင် ကျွန်တော် လုပ်နေကျ နည်းလမ်းလေး တစ်ခုတော့ ရှိတယ်။ လိုက်လုပ်ကြည့်ပါ။ စက္ကန့် ၆၀ အတွင်း အိပ်ပျော်ပါတယ်။ ဒါပေမဲ့ အဲဒီ နည်းလမ်းကို မမျှဝေခင်မှာ အအိပ်မမှန်ရင် ခန္ဓာကိုယ်ကို ဘယ်လောက် ဒုက္ခဖြစ်စေ သလဲဆိုတာ ကိုတော့ ဖတ်ပေးဖို့ အကြံပေးပါရစေ။


တချို့က အိပ်ယာဝင်လိုက်တယ်၊ တော်တော်နဲ့ အိပ်လို့မပျော်ဘူး   ။ တချို့က ညတစ်ရေးနိုး ပြီးရင် ပြန်အိပ်မရတော့ဘူး။ တချို့က မနက်ကို အစောကြီး နိုးနေတယ်။ ဆက်အိပ်လို့ မရဘူး။ ပင်ပန်းလှ ပါတယ်။ အိပ်ရေး မ၀တော့ လူလဲ မလန်းတော့ ဘူးပေါ့။ ဒါ့ပြင် ရောဂါမျိုးစုံကို ဖိတ်ခေါ်နေလိုလဲ ဖြစ်နေပါတယ်။ အိပ်မရတဲ့ ဝေဒနာကို ရေရှည် ခံစားလာရရင် စိတ်ကျန်းမာရေး ကိုပါ ထိခိုက်စေနိုင် သလို ခန္ဓာကိုယ် ကျန်းမာရေး ကိုလဲ ဘက်စုံထိခိုက် ပါတယ်။ အိပ်မရတာ မဟုတ်ဘဲ တမင်တကာ မအိပ်ဘဲ ဂိမ်းတော့နေတဲ့ သူတွေလဲ အချိန် သိပ်မနှောင်းခင် ကိုယ့်အမှားကို ကိုယ်မြင်ပြီး အမှန်ကို ပြင်စေချင် ပါတယ်။

ဘာကြောင့် အိပ်မရတာလဲ   ။ ဆီးခဏခဏ သွားရတာ အကြောင်း တစ်ခုပေါ့။ ဆီးချိုသမားတွေ က ညဘက် မကြာခဏ ဆီးထသွား ရပါတယ်။ ဆက်အိပ်လို့ မရတော့ဘူး ပေါ့။ ခေါင်းတစ်ခြမ်း ကိုက်တဲ့ဝေဒနာ ခံစားရသူတွေလဲ ဘယ်လိုလုပ် အိပ်ပျော်ပါ့မလဲလေ။ ခန္ဓာကိုယ်ထဲ မက်ဂနီဆီယမ် ဓာတ်ချို့တဲ့ရင်လဲ အိပ်မရပါဘူး။ ကြွက်သားတွေ တင်းနေမယ်။ အာရုံကြောတွေ ကမောက်ကမ ဖြစ်မယ်။ ရင်တုန်မယ်။ ကြွက်တက်မယ်။ အဲဒီလိုတွေ ဖြစ်နေရင် ဆရာဝန်နဲ့ ပြပြီး မက်ဂနီဆီယမ် အားဖြည့်ဆေးဝါး တွေ သောက်သုံးရ ပါလိမ့်မယ်။

အိပ်ချိန် ၊ စားချိန် ၊ နားချိန် ၊ ရေချိုးချိန်တွေ လွဲရင်လဲ အိပ်မရပါဘူး   ။ ညဥ့်နက်တဲ့ အထိ စိတ်ပါရင် ပါသလို မအိပ်ဘဲ လုပ်ချင်ရာ လုပ်နေသူတွေဟာ ကိုယ့်ကျန်းမာရေးကို လုံးဝ ပျက်စီးအောင် ဖျက်ဆီးနေတာနဲပ တူပါတယ်။ စိတ်ကြွဆေးတွေ သောက်ထားရင်လဲ အိပ်လို့ မရဘူးပေါ့။ နှလုံးသွေးကြော ပိတ်နေသူတွေလဲ ဘယ်လိုလုပ် အိပ်ပျော်မှာလဲ။ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာရှိတယ်။ လည်ပင်းယားမယ်။ ချောင်းခြောက်တွေ ဆိုးနေမယ်။ ဒါ အိပ်မရတော့ ဘူးပေါ့။ စိတ်ဓာတ်ကျ နေမယ်။ စိုးရိမ်စိတ်များ နေမယ်ဆိုရင်လဲ အိပ်လို့ မရပါဘူး။ အမျိုးသမီးတွေ သွေးဆုံးကိုင်တဲ့ အချိန်လဲ အိပ်မပျော်ကြ ပါဘူး။ တကယ်တော့ အိပ်မပျော်ရတဲ့ အကြောင်းရင်းက အများကြီးပါ။

ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် ကိုယ်အလေးချိန် တက်လာပါမယ်   ။ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ဖြစ်ပါမယ်။ အသက်တို ပါမယ်။ တစ်ည အိပ်မပျော်တာတောင် နောက်ရက် ဒီလောက် ဒုက္ခရောက်ရင် ရေရှည် အိပ်မပျော်တော့ရင် ဖြစ်မယ့် အပြစ်က ဆိုဖွယ်ရာကို မရှိတော့ဘူးပေါ့။ စိတ်တိုလွယ်မယ်။ စိတ်ဓာတ်ကျ လာမယ်။ ခေါင်းမကြည်ဘူး။ အာရုံစိုက်ဖို့ ခက်မယ်။ ကားမောင်းရင် ငိုက်မယ်။ ယာဉ်မတော်တဆ မှုတွေ ဖြစ်မယ်။ ခန္ဓာကိုယ်ရောဂါ ခုခံစနစ်တွေ အားလျော့သွားမယ်။ လိင်စိတ် အားနည်းမယ်။ ဒီတော့ အိပ်ရေး၀၀ အိပ်ဖို့တော့ လိုပါမယ်။ အိပ်ချိန် နာရီပြည့်ရုံ မဟုတ်။ စအိပ်ချိန်နဲ့ အိပ်ရာထိချိန်ပါ နေ့တိုင်း တူနေရင် အကောင်းဆုံးပါ။ ညက ၂ နာရီ အိပ်ရေးပျက်လို့ မနက် ၂ နာရီ ထပ်ဖြည့်အိပ် လိုက်မယ် ဆိုတာမျိုး လုပ်လို့ မရပါဘူး။

ဒီအထိ ဖတ်လာပြီးပြီ ဆိုရင်တော့ ပြောပြရမှာပါ။ စက္ကန့် ၆၀ အတွင်း အိပ်ပျော်နည်းပါ   ။ ကျွန်တော့် ကိုယ်တွေ့မို့ မယုံမရှိ ပါနဲ့။ ပြီးတော့ နိုင်ငံတကာ ယောဂအသင်း ကလဲ ထောက်ခံ ထားတဲ့ နည်းဖြစ်ပါတယ်။ အိပ်လို့ မရတဲ့အခါတိုင်း ယုံကြည်စိတ်ချစွာ လုပ်ပါ။

ပထမဆုံး အိပ်ရာထဲမှာ သက်သောင့်သက်သာ ဖြစ်အောင် နေလိုက်ပါ   ။ ပြီးရင် အသက်ကို ၄-၇-၈ နည်းနဲ့ ရှူပါ။ ရှူသွင်းတာ ၄ စက္ကန့် ကြရပါမယ်။ အသက်ကို အောင့်ထားတာ ၇ စက္ကန့် ကြာရပါမယ်။ ပြီးတော့ အသက်ရှူထုတ်တာ ၈ စက္ကန့် ကြာရပါမယ်။ ဒါပဲလားဆို ဟုတ်ကဲ့။ ဒါပါပဲ ခင်ဗျာ။ အိပ်ပျော်တဲ့ အထိကို ၄-၇-၈ နည်းနဲ့ အသက်ရှူ နေပါ။ ဒီနည်းကို အိန္ဒိယ ယောဂီတွေက အရင်ဆုံး ကျင့်သုံးခဲ့ပါတယ်။ နှစ်ပေါင်း ရာနဲ့ချီနေပါပြီ

အထူးသဖြင့် စိတ်ဖိစီးမှု ဖြစ်နေတဲ့အခါ ၊ စိတ်ဓာတ်ကျနေတဲ့ အခါ သိပ်သုံးလို့ ကောင်းတဲ့ နည်းဖြစ်ပါတယ် ။   ။ မအိပ်လဲ နေ့လည်နေ့ခင်း အဲဒီလို အပ်ရှူပြီး စိတ်ကိုငြိမ်အောင် ထိန်းထားနိုင် ပါတယ်။ အသက်ရှူတဲ့ နှုန်းနဲ့ ရှူထုတ်တဲ့နှုန်းကို ဖြည်းဖြည်းချင်း လျှော့ချပေး ခြင်းဟာ သဘာဝ အိပ်ဆေးကြီး ဖြစ်ပါတယ်။

          ကိုယ်က အသက်ရှူတဲ့ နှုန်းကို တမင်တကာ လျှော့ပေးရင်းနဲ့ ခန္ဓာကိုယ်ရဲ့ အာရုံကြော စနစ်ကြီးကလဲ အဲဒီစည်းချက် အတိုင်း ဖြည်းဖြည်းချင်း လိုက်လာတဲ့အခါ သင်ဟာ ကလေးလေး တစ်ယောက်လို နှစ်ခြိုက်စွာ အိပ်မောကျ သွားပါလိမ့်မယ်လို့ လေ့လာ ရေးသား လိုက်ရပါတယ်။

TMK ဘာသာပြန်သည်။


No comments: