Monday, September 9, 2019
အထွေထွေကျန်းမာေ ရးအတွက် ပူဒီနာရွက်
အထွေထွေကျန်းမာေ ရးအတွက် ပူဒီနာရွက်
ပူဒီနာရွက်ကို ရှေးကျသော ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင် အဖြစ် လူသိများလျက် ရှိသည်။ ကမ္ဘာပေါ်တွင် ပူဒီနာပင် အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး အပူအအေး မျှတသော ဥရောပ နှင့် အာရှတိုက် ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းကြသည်။ အာရှတိုက်ရှိ ပူဒီနာ သည် ဥရောပတိုက်ရှိ ပူဒီနာထက် အရသာမှာ အနည်းငယ် ပို၍စူးရှ သည်။ ပူဒီနာပင် သည် ခရမ်းရောင် သို့မဟုတ် မရမ်းနုရောင် ပန်းပွင့်ကလေးများ ဝေေ၀ဆာဆာ ဖူးပွင့်ကာ သဲဆန်သော မြေတွင် ပိုမိုဖြစ်ထွန်း ကြသည်။ ရေအလွန် ကြိုက်သော အပင်ဖြစ်ပြီး မြေပြင် ပေါ်တွင် လျင်လျင်မြန်မြန် အမြစ်တွယ် ဖြန့်ကြက်၍ ပေါက်ရောက်လေ့ ရှိကြသည်။
          ပူဒီနာရွက် ကို မိမိနှစ်သက်ရာ ငါး ၊ ပုစွန် နှင့် အသား အမျိုးမျိုး တို့တွင် ဟင်းခတ် အမွှေးအကြိုင် အဖြစ်သော် လည်းကောင်း ၊ မြန်မာ့ရိုးရာ အစားအစာ မုန့်ဟင်းခါးဖြင့် တွဲဖက်၍ သော်လည်းကောင်း ၊ အသုပ် ၊ ချက်တနီး နှင့် ငါးပိရည် အတို့အမြုပ် အဖြစ် လည်းကောင်း မြိန်ရှက်စွာ စားသောက်လေ့ ရှိကြသည်။ ထို့ပြင် ရေနွေးဆူဆူတွင် ပူဒီနာရွက် ကို အစိမ်းလိုက် ခတ်ထည့်၍ သော်လည်းကောင်း သို့မဟုတ် အခြောက်ခံ၍ သော်လည်းကောင်း သို့မဟုတ် အရွက်ခြောက် ကို အမှုန့်ကြိတ်ခြေ၍ သော်လည်းကောင်း လက်ဖက်ရည်ကြမ်း အဖြစ် သောက်သုံး ကြသည်။
ပူဒီနာရွက် နှင့် ကျန်းမာရေး
          ကမ္ဘာပေါ်တွင် ဆေးဖက်ဝင် အပင် အမျိုးအစားပေါင်း မြောက်မြားစွာ ရှိသည့်အနက် ပူဒီနာရွက် သည်လည်း တစ်ခု အပါအ၀င် ဖြစ်ကာ အနာရောဂါ များကို သူမတူအောင် ကုသ နိုင်စွမ်းရှိသည်။ ဓာတ်ခွဲ စမ်းသပ်ချက်များ အရ ၁၀၀ ဂရမ်ရှိသော ပူဒီနာရွက် လတ်လတ် ဆတ်ဆတ် ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုစေသော ကယ်လိုရီ ၇၀ ၊ အဆီဓာတ် သုည ဒသမ ၉၄ ဂရမ် ၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၈ ဂရမ် ၊ ဗီတာမင်အေ ၁၄၁ ရာခိုင်နှုန်း ၊ ဗီတာမင်စီ ၅၃ ရာခိုင်နှုန်း ၊ ကော့ပါး ၃၆ ရာခိုင်နှုန်း ၊ သံဓာတ် ၆၃ ဒသမ ၅ ရာခိုင်နှုန်း ၊ မဂ္ဂနီစီယမ် ၂၀ ရာခိုင်နှုန်း ၊ မဂ္ဂနီးစ် ၅၁ ရာခိုင်နှုန်း ၊ ဇင့် ၁၀ ရာခိုင်နှုန်း တို့ အသီးသီး ပါရှိနေကြောင်း လေ့လာ တွေ့ရှိကြသည်။ ထို့ပြင် အရွယ်ရောက် ပြီးသူ လူတစ်ယောက် အတွက် တစ်နေ့တာ လိုအပ်သော ဖောလစ်အက်စစ် ၂၈ ရာခိုင်နှုန်း နှင့် ကယ်လ်စီယမ် ၂၄ ရာခိုင်နှုန်း တို့ကို ပူဒီနာရွက် ၁၀၀ ဂရမ် ထဲမှ အပြည့်အ၀ ရရှိနိုင်မည် ဖြစ်သည်။
          ပူဒီနာရွက် ထဲတွင် ပါရှိသော ဗီတာမင်စီ နှင့် ဗီတာမင်အေ တို့က ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ အဖြစ် စွမ်းဆောင် ပေးသည်။ ထို့ပြင် မဂ္ဂနီးစ်ဓာတ် သည် ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ် ကို တိုးတက် ကောင်းမွန် စေရုံသာမက ပူဒီနာရွက် သည် Omega 3 ဖက်တီးအက်စစ် တို့ စုဝေးရာ အရင်းအမြစ် ဖြစ်၍ ကင်ဆာရောဂါ များကို ကြိုတင် ကာကွယ်ပေး နိုင်သည်။ ပူဒီနာရွက် ထဲတွင် Phytonutrient ခေါ် perillyl alcohol ပါရှိ၍ ကင်ဆာ အဖုအကျိတ် ကြီးထွား လာမှုကို နှေးကွေးစေကာ အထူးသဖြင့် အဆုတ် ၊ အူမကြီး နှင့် အရေပြား ကင်ဆာ တို့ကို ကာကွယ်ပေး နိုင်ကြောင်း ဆေးသုတေသီ များက တွေ့ရှိထားသည်။
          ပူဒီနာရွက် သည် ခန္ဓာကိုယ်မှ အဆိပ်အတောက် များကို ဆီးအဖြစ် ဖယ်ရှား သုတ်သင် ပေးသဖြင့် ဆီးရွှင်ဆေး အဖြစ် အသုံးပြု နိုင်သည်။ အသည်း နှင့် သည်းခြေအိတ် တို့ကိုလည်း လွန်စွာ ကောင်းကျိုး ပြုသည်။ ပူဒီနာရွက် ထဲတွင် anti-spasmodic, anti- fungal နှင့် rosmarimic acid ခေါ် anti- inflammatory အစွမ်းသတ္တိများ ပါရှိနေကြ သဖြင့် သဘာဝ ပိုးသတ်ဆေး အဖြစ် မှိုပိုးများကို သေစေနိုင်သော အစွမ်းရှိသည်။ ထို့ကြောင့် ပန်းနာရင်ကျပ် ရောဂါ ၊ အအေးမိ ၊ တုပ်ကွေး နှင့် ချောင်းဆိုးချွဲကျပ် ရောဂါများကို သက်သာ လာစေနိုင်ကြောင်း ၊ နားအုံအတွင်း ရောင်ရမ်းခြင်း နှင့် နှားအတွင်း အနာများကို ကျက်စေ နိုင်ကြောင်း အိန္ဒိယဆေးပညာရှင် များက ဆိုထားသည်။ ထိုအဆိုပြုချက်ကို WHFoods နှင့် အနောက် ဗာဂျီးနီးယား တက္ကသိုလ် တို့မှလည်း အတည်ပြု ထောက်ခံ ထားသည်။
          ပူဒီနာရွက်ထဲရှိ သဘာဝ ဓာတု ဓာတ်ပေါင်းစု များက ခံတွင်းထဲရှိ ဗက်တီးရီးယားပိုး များကို သေစေပြီး ခံတွင်းရောဂါ အမျိုးမျိုး နှင့် ခံတွင်း ရနံ့ဆိုးများကို ပျောက်ကင်း စေသည်။ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ခန့် ပူဒီနာရွက်ကို မှန်မှန် ၀ါးပေးရုံဖြင့် သွားများကို ဖြူဖွေး စေရုံသာမက အသက်ရှူ လမ်းကြောင်းကို ပွင့်စေနိုင်သည်။ ထို့ကြောင့် သုံးစွဲဖူး သူတိုင်းက ပူဒီနာရွက် ဖြင့် ဖော်စပ်ထားသော သွားတိုက်ဆေး နှင့် ခံတွင်းသန့်စင် ဆေးရည် များကို လူကြိုက်များ ရေပန်းစားလျက် ရှိသည်။
          ပူဒီနာရွက် ၂၀၀ ဂရမ်ကို ရေ ၃ လီတာဖြင့် ရောစပ်၍ အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် တွင် ပြုတ်ပါ။ ထိုပြုတ်ရည်ကို ခပ်နွေးနွေး အနေအထားတွင် ရေချိုးပေး ခြင်းဖြင့် အကြောဆွဲ ခြင်းနှင့် ဒူလာပါဒရက် ရောဂါ ဝေဒနာ များကို သက်သာလာ စေနိုင်သည်။
          ပူဒီနာရွက် ထဲတွင် အမျှင်ဓာတ် အမြောက်အမြား ပါရှိသဖြင့် မကောင်းသော LDL ကိုလက်စထရော ကို လျှော့ချပေးပြီး ကောင်းသော HDL ကိုလက်စထရော ကို မြှင့်တင်ပေး နိုင်သည်။ ထို့ကြောင့် နှလုံးရောဂါ မဖြစ်စေ နိုင်ပါ။ ထို့ပြင် မဂ္ဂနီစီယမ်ဓာတ် ပါရှိ၍ နှလုံးခုန်နှုန်း ကို ပုံမှန် ထိန်းသိမ်းပေး နိုင်သည်။ သွေးသန့်စေပြီး ကာမအားကို တိုးပွားလာ စေသည်။
          ပူဒီနာရွက် ထဲတွင် ကယ်လ်စီယမ် နှင့် မဂ္ဂနီစီယမ် တို့ အလုံအလောက် ပါရှိသဖြင့် ကိုယ်ခံ စွမ်းအားကို တိုးတက် မြင့်မားစေကာ အရိုးကို သန်စွမ်းစေသည်။ မဂ္ဂနီစီယမ် အစွမ်းကြောင့် သွေးထဲရှိ သကြား ပမာဏကို ထိန်းညှိပေးခြင်း ၊ သွေးခုန်နှုန်း ကို ပုံမှန် ဖြစ်စေခြင်း ၊ ခန္ဓာကိုယ် တစ်သျှူး များကို ပြန်လည် အားဖြည့်ပေးခြင်း ၊ ကြွက်သား နှင့် အာရုံခံ အင်္ဂါ အဖွဲ့အစည်းကို ကောင်းစွာ အလုပ်လုပ် စေခြင်း စသည်ဖြင့် ကောင်းကျိုး ပြုသည်။
          လေချုပ်ခြင်း နှင့် အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ၊ ၀မ်းဖော ၀မ်းရောင်ခြင်း ၊ ၀မ်းသွားခြင်း ၊ လေထိုး လေအောင့်ခြင်း နှင့် အစာအဆိပ်သင့် ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ် ၊ အူသိမ် ၊ အူမ နှင့် အူလမ်းကြောင်း ဆိုင်ရာ ရောဂါဝေဒနာ များကို ကောင်းစွာ ကုသပေးနိုင်သည်။ ပူဒီနာရွက် အခြောက်ကို လက်ဖက်ရည် ကြမ်းခတ်၍ သောက်ခြင်းဖြင့် အစာခြေ စနစ်ကို တိုးတက် ကောင်းမွန် စေကာ အစာအိမ်နာ အမျိုးမျိုးမှ ကာကွယ်ပေး နိုင်သည်။
ပူဒီနာရွက်အဆီ နှင့် ကျန်းမာရေး
          ပူဒီနာရွက် မှရရှိသော အဆီသည် လူကို လန်းဆန်း တက်ကြွစေကာ ခွန်အား ဖြစ်စေသည်။ ထို့ကြောင့် စိတ်ပင်ပန်း နွမ်းလျခြင်း ၊ စိတ်ဖိစီးမှု များခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း နှင့် ခေါင်းကိုက် ဝေဒနာ အမျိုးမျိုး တို့အတွက် ပူဒီနာရွက် အဆီကို နားထင် နှင့် ဇက်ပိုးများတွင် ပွတ်လိမ်း ပေးခြင်းဖြင့် ဝေဒနာများ သက်သာ ကောင်းမွန်လာ စေနိုင်သည်။ လည်ချောင်းနာ ရောဂါများနှင့် အသံဝင် ၊ အသံကွဲ ၊ အသံပြာ ခြင်းတို့ အတွက် ပူဒီနာရွက် အဆီ အနည်းငယ်ကို ရေနွေးဖြင့် ရောစပ်၍ ပလုတ် (အာလုတ်) ကျင်းပေး နိုင်သည်။
          ပူဒီနာရွက် အဆီ ၅ ဂရမ်ကို အရက် ၉၅ ဂရမ်ဖြင့် ရောစပ်၍ လိမ်းကျံ ပေးခြင်းဖြင့် ဒူလာရောဂါ ကြောင့် အဆစ်အမျက် ရောင်ရမ်း ကိုက်ခဲခြင်း နှင့် ကိုယ်လက် ယားယံခြင်း တို့ကို သက်သာလာ စေနိုင်သည်။ ပူဒီနာရွက် အဆီကို အရေပြားပေါ် လိမ်းကျံ၍ အသာအယာ နှိပ်ပေးရုံမျှဖြင့် အေးမြစေကာ ချွေးထွက် လွန်ခြင်းကို သက်သာလာ စေနိုင်သည်။ အင်းဆက် ပိုးမွှားများ အကိုက်ခံရ ပါက ပူဒီနာရွက် အဆီကို လိမ်းပေးနိုင်သည်။ ကြွက်တက်ခြင်း ၊ အဆစ်လွဲခြင်း တို့ကိုလည်း သက်သာ ပျောက်ကင်း စေနိုင်သည်။
ပူဒီနာရွက် နှင့် အသားအရေထိန်းသိမ်းနည်း
          သဘာဝ အသားအရေ ပိုင်ရှင်များ အတွက် ကြိတ်ခြေထားသော ပူဒီနာရွက် ခွက်၏ သုံးပုံတစ်ပုံ ၊ သဘာဝဆား စားပွဲတင်ဇွန်း တစ်ဇွန်း တို့ကို မိမိသုံးနေကျ မျက်နှာသစ် ဆပ်ပြာရည် ထဲ ရောမွှေကာ မျက်နှာအနှံ့ စက်ဝိုင်း ပုံသဏ္ဍာန် လိမ်းကျံပေး ပြီးနောက် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။
          မကြာခဏ ၀က်ခြံပေါက်သော အသားအရေ ပိုင်ရှင်များသည် ကြိတ်ခြေ ထားသော ပူဒီနာရွက်ကို ဂျုံမှုန့်ဖြင့် ရောနယ် လိမ်းပေးပြီး နောက် မိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့် သန့်စင် ဆေးကြောပေးပါ။
          မျက်နှာပေါ်တွင် အမည်း အစက်အပြောက် ရှိသူများအတွက် ပူဒီနာရွက်ခြောက် ကို မန်ကျည်းသီး အနှစ် ၊ ရေအနည်းငယ် တို့ဖြင့် ခပ်ပျစ်ပျစ် ဖျော်ကာ အမည်းအစက် အပြောက်များ ပေါ်သို့ လိမ်းကျံပေး နိုင်သည်။
          ခန္ဓာကိုယ် အသားအရေ ညက်ညောလို သူများသည် ပူဒီနာရွက် နှင့်ဗာဒံစေ့ တို့ကို ကြိတ်ခြေကာ ရေနွေးအနည်းငယ် ရော၍ ရရှိလာသော အနှစ်ဖြင့် တစ်ကိုယ်လုံးကို လိမ်းကျံပြီး ခြောက်သွားသော အခါ ရေနွေးဖြင့် ရေချိုးသန့်စင် ပေးပါ။
          ပူဒီနာရွက်ပြုတ် ဖြင့် ရေချိုး ပေးခြင်းဖြင့် အသားအရေ ခြောက်သွေ့ခြင်း မှ ကင်းဝေးကာ စိုပြည်လှပ လာပါလိမ့်မည်။
အထူးသတိပြုရန်
          ပူဒီနာရွက် အဆီသည် ကိုယ်ဝန်ဆောင် မိခင်များ ၊ နို့တိုက်မိခင် များနှင့် ရင်ခွင်ပိုက် ကလေးငယ်များ အတွက် မသင့်လျော်ပါ။ အဆီကို သောက်သုံး၍ မရပါ။ ( External use အတွက်သာ ဖြစ်သည်။) အသားလှဆီ အဖြစ် အရေပြားကို လိမ်းကျံရာတွင် အစက် ၃၀ ထက် ပို၍ မသုံးသင့်ပါ။
          အချုပ်အားဖြင့် ဆိုသော ပူဒီနာရွက် သည် သဘာဝ ဆေးစွမ်း သတ္တိမျာစွာ စုဝေးရာ အရင်းအမြစ် ဖြစ်သောကြောင့် လူသားတို့ ကျန်းမာရေးကို များစွာ အထောက်အကူပြု စေနိုင်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ကောင်းမွန်သော သဘာဝ ဆေးဖက်ဝင် ပူဒီနာရွက် ကို လက်လွတ်မခံဘဲ အလေ့အကျင့် ကောင်းတစ်ခု အဖြစ် လုပ်ယူကာ စားသုံးပေးကြ ပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။
ပေါက်ပေါက်
ဓာတ်ပုံ = အင်တာနက်
No comments: