Thursday, August 29, 2019

အဆိပ်ငွေ့ကင်းစင်သည့် နေရာကို ရွေးချယ်ကြပါစို့


အဆိပ်ငွေ့ကင်းစင်သည့် နေရာကို ရွေးချယ်ကြပါစို့

   
ယနေ့ခေတ်တွင် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဆိုသော ယဉ်ကျေးမှုတစ်ခု ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားလျက် ရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်း၏ ရည်ရွယ်ချက် များလည်း ရှိသည်။ မိမိတို့ စားသောက်ချက်သည့် အစားအသောက် များကို လွယ်ကူစွာ စားသုံးနိုင် သကဲ့သို့ မိမိတို့၏ ဧည့်သည် များကိုလည်း ကောင်းမွန်စွာ ဧည့်ခံနိုင်ခြင်း စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသည်။ ထိုသို့ သွားသည့်အခါတိုင်း ပထမဆုံး ရင်ဆိုင်ရမည့် အဆိပ်ငွေ့ တစ်မျိုး ရှိသည်။ ယင်းအဆိပ်ငွေ့မှာ ကိုယ်တိုင် မသောက်သည့်တိုင် သူတစ်ပါး သောက်သော ဆေးလိပ်ငွေ့ ကို ရှူရိုက်ရခြင်း ဖြစ်သည်။

          လက်ဖက်ရည်ဆိုင် ထိုင်ခြင်းနှင့် ပတ်သက်၍ အားနည်းချက် အချို့လည်း ရှိနေကြ သည်။ ဆေးလိပ် ကင်းစင်သည့် လက်ဖက်ရည်ဆိုင် ဟုတ်၊ မဟုတ် ဂရုပြု ရွေးချယ်၍ မထိုင် ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အထက် ဖော်ပြပါ အဆိပ်ငွေ့ကို ရှူမှန်းမသိ ရှူဖြစ်နေကြခြင်း ဖြစ်သည်။ ဆေးလိပ်ငွေ့ ရှူသွင်းခြင်းကြောင့် ပထမဦးစွာ နှလုံးကို ပျက်ယွင်းစေသည်။ ၂၀၁၅ တစ်နှစ်တည်းတွင် ဆေးလိပ်ငွေ့ ရှူသွင်းမိခြင်း ကြောင့် သေဆုံးသူ ဦးရေ ၅၆ ဒသမ ၁ သန်း ရှိသည်။

          ဆေးလိပ်ငွေ့များ ရှူရှိုက်မိသော အခါ သွေးအတွင်းတွင် သွေးခဲလေးများ ဖြစ်သွားပြီး ကျဉ်းမြောင်းသော နှလုံးသွေးလွတ်ကြော များအတွင်း ၀င်ရောက်ကာ နှလုံးသွေးကြောပိတ် ခြင်း ဖြစ်ပေါ်စေသည်။ ယင်း နှလုံး သွေးကြောမှ ထောက်ပံ့နေသော နှလုံးကြွက်သား များသည် သွေးငတ်ခြင်း ၊ အောက်ဆီဂျင် ငတ်ခြင်းကြောင့် နှလုံးကြွက်သားများ ပုပ်သွား တော့သည်။ နှလုံးကြွက်သား ပုပ်ရာမှ နှလုံး၏ အရေးကြီးသော နေရာများဆီ မရောက်တော့ဘဲ နှလုံးခုန်ရပ်ကာ သေဆုံးသွား နိုင်သည်။

          ကမ္ဘာပေါ်တွင် နှလုံးရောဂါကြောင့် သေဆုံးသူများ၏ ၁၂ ရာခိုင်နှုန်းသည် ဆေးလိပ် ကိုယ်တိုင် သောက်၍လည်းကောင်း ၊ ဒုတိယအဆင့် ဆေးလိပ်ငွေ့ ရှူရသူ သို့မဟုတ် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းကြောင့် ဖြစ်နေသည်ကို သုတေသီများ၏ လေ့လာချက် အရ သိရှိရသည်။

          ဆေးလိပ် သောက်သူအချို့သည် ဆေးလိပ် သောက်ခြင်းကို ကိုယ်ပိုင် အခွင့်အရေး တစ်ခုဟု ယူဆကာ အနီးအနားတွင် လူရှိနေသည်ကို ဂရုမပြုဘဲ သောက်နေသော အကျင့်ဆိုးများ ပြုလုပ် နေကြသည်။ အခြားနိုင်ငံ များတွင် ဆေးလိပ် သောက်ခြင်းကို သတ်မှတ် ထားသော ဧရိယာ အတွင်းတွင်သာ သောက်ရမည် ဖြစ်သည်။ ထို အကျင့်ကောင်း လေးကို မိမိတို့နိုင်ငံရှိ ဆေးလိပ်သောက်သူ များအားလုံး အတုယူကာ လိုက်နာကျင့်သုံး သင့်သည်။

          တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရိုက်မိခြင်း ကြောင့် လူသားတို့၏ ကျန်းမာရေးကို နှစ်စဉ် ကိုးသိန်းနီးပါး ဒုက္ခရောက် နေသည်ကို သတိပြု စေလိုသည်။ ဆေးလိပ်ငွေ့ ရှူရှိုက်ရသော ကလေးများ တွင်လည်း ပြင်းထန်သော အဆုတ်ရောဂါ ကို ရရှိစေသည်။ သုတေသီ အချို့၏ အပြောအရ ဆေးလိပ်ငွေ့ကြောင့် သေဆုံးသူ လူတစ်သိန်းတွင် ၇ ဦးသည် ကလေးများ ဖြစ်နေကြောင်း သိရသည်။ လက်ဖက်ရည်ဆိုင် များတွင် ငယ်လွန်းသော ကလေးများ ကိုလည်း ခေါ်ဆောင်ခြင်း မပြုသင့်ပါ။ ဆေးလိပ်ငွေ့ ရှူရှိုက်ရသော ကလေးများသည် အဆုတ် အပြည့်အ၀ မဖွံ့ဖြိုးခြင်း ၊ အဆုတ်ကင်ဆာ ၊ နှလုံးရောဂါ ၊ မျက်စိတိမ်စွဲ ရောဂါတို့ ဖြစ်စေသည်။ ကလေးများသည် ဆေးလိပ်ငွေ့ ရှူရှိုက်ရ ခြင်းကြောင့် သွားပိုးစားခြင်း ၊ မျက်စိ ယားခြင်း ၊ နမိုးနီးယား ၊ နှာစေးနှာပိတ်ခြင်း တို့ ဖြစ်စေတတ်သည်။

          တစ်ပတ်လျှင် ၁၀ နာရီထက် ပိုပြီး ဆေးလိပ်သောက် သူများနှင့် ထိတွေ့ နေထိုင်ရမည် ဆိုလျှင် နှလုံးရောဂါ ဖြစ်နှုန်း ၂၇ ရာခိုင်နှုန်း ၊ လေဖြတ်နိုင်မှု ၂၃ ရာခိုင်နှုန်း ၊ ပြင်းထန်သော အဆုတ်ရောဂါ ဖြစ်ပွားနိုင်နှုန်း ၄၁ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ဆေးလိပ်ငွေ့ တွင် ပါဝင်သော ဓာတုအဆိပ် များကိုလည်း ဖော်ပြပေး လိုသည်။ ဆေးလိပ်ငွေ့ ထဲတွင် ဘင်ဇိုပိုင်ရင်း ပါဝင်သည်ကို တွေ့ရသည်။ ဘင်ဇိုပိုင်ရင်း သည် ကင်ဆုကို ဖြစ်စေသော ဓာတုပစ္စည်း ဖြစ်သည်။ ဖောမောဒီဟိုက် ဆိုသည့် လူသောကောင် များကို မပုပ်မသိုး စေရန် တာရှည်ခံအောင် သုံးသည့် ဓာတုအငွေ့လည်း ထွက်သည်။ ဆေးလိပ်ငွေ့ မှ ထွက်သော အငွေ့များတွင် ဟိုက်ဒရိုက်ဂျင်ဆိုင်ယာနက် ဆိုသော ကြွက်သတ်ဆေး အဖြစ် သုံးသော ဓာတုပစ္စည်း လည်းပါသည်။ အမိုးနီးယား ဆိုသော ကြမ်းပြင်များ ၊ အိမ်သာ များတွင် သန့်ရှင်းရေး ပစ္စည်းအဖြစ် သုံးသော ဓာတုပစ္စည်းလည်း ပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ဆေးလိပ်ငွေ့တွင် ပါဝင်သော ဓာတုအဆိပ် များသည် လူတို့၏ ကျန်းမာရေး ကို မည်မျှ ဆိုးဝါး စေနိုင်သည်ကို တွေ့နိုင်သည်။

          ကိုယ်ဝန်ဆောင်သည်များ အနေဖြင့်လည်း ဆေးလိပ်ငွေ့ ကင်းစင်သော လက်ဖက်ရည်ဆိုင် မျိုးကိုသာ ရွေးချယ်ကာ ထိုင်သင့်သည်။ အကြောင်းမှာ ဆေးလိပ်ငွေ့ ရှူရှိုက်မိ ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း နှင့် ကလေးအသေမွေးခြင်းများ ဖြစ်တတ်သည်။ ဆေးလိပ်တွင် ပါဝင်သော နီကိုတင်း ဓာတ်သည် သားဥပြွန်ကို ကျုံ့စေခြင်းကြောင့် သားအိမ်ထဲတွင် သန္ဓေသား ဖြစ်တည်မှုကို တားဆီးရာမှ သားအိမ်၏ ပြင်ပတွင် သန္ဓေတည် နိုင်သည်။ လမစေ့ ပေါင်မပြည့်သော ကလေးများ မွေးခြင်း ၊ မွေးလာသော ကလေးသည် မွေးရာပါ ကိုယ်အင်္ဂါ ချို့ယွင်းချက် ပါလာခြင်း တို့ကိုလည်း ဖြစ်စေသည်။ မွေးလာသော ကလေးတွင် အာရုံစူးစိုက်မှု အားနည်းခြင်း ၊ အိပ်ပျော်နေရင်း မှ အကြောင်းရင်း မသိဘဲ သေဆုံး နေခြင်းတို့ ဖြစ်တတ်သည်။

          ဆေးလိပ် သောက်သူများ ပတ်ဝန်းကျင် တွင် အခြား ပတ်ဝန်းကျင်ထက် ညစ်ညမ်းသော လေထုကို ဖြစ်စေပြီး အဆုတ်ကင်ဆာများ ဖြစ်ပွားနိုင် သည်ကို တွေ့ရသည်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက် ရခြင်းကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ၊ မျက်လုံး နှင့် နှာခေါင်း ကသိကအောက် ဖြစ်ခြင်း ၊ ပန်းနာရင်ကျပ် တို့ကိုပါ ဖြစ်စေသည်။ ဆေးလိပ်မီးခိုင်းငွေ့ ၏ ပါဝင်သော ပစ္စည်းများတွင် ကင်ဆ်ာကို ဖြစ်စေသော အရာများ ၊ နေမထိ ထိုင်မသာ ဖြစ်စေသောအရာများ ၊ နီကိုတင်း အငွေ့များနှင့် အခြားဓာတ်ငွေ့များ ပါဝင်သည်။ လက်တွေ့ ဓာတ်ခွဲ စမ်းသပ်ချက်များ အရ ဆေးလိပ် မီးခိုးငွေ့ကို ရှူရှိုက်မိသော သတ္တ၀ါများတွင် လည်ချောင်းကင်ဆာ နှင့် အဆုတ်ကင်ဆာ များဖြစ်ကြောင်း ပြသနေသည်။

          သို့ပါ၍ မိမိတို့ ဆေးလိပ်ငွေ့ ကင်းစင်ခြင်း မရှိသည့် လက်ဖက်ရည်ဆိုင် များသို့ သွားရမည် ဆိုလျှင် ဆေးလိပ်ငွေ့မှ ကင်းဝေးနိုင်စေရန် Mask တပ်ခြင်းကို ပြလုပ်ထား ရမည်။ ဆေးလိပ်သောက် သူများသည်လည်း လူရှင်းသော နေရာများ တွင်သာ ဆေးလိပ် သောက်ခြင်း ပြုလုပ်သင့်သည်။ Air-com ရှိသည့်နေရာ ၊ တားမြစ်ထားသည့် နေရာများတွင် ဆေးလိပ်သောက်ခြင်း ကို မပြုလုပ်သင့်ပါ။ ဆေးလိပ် သောက်သူများ အနေဖြင့် ဆေးလိပ်တွင် လူကို အန္တရာယ် ပေးသော ကတ္တရာစေး ၊ နီကိုတင်း ၊ ကာပွန်မိုနောက်ဆိုက် ၊ အက်ဆီတုန်း ၊ အမိုးနီးယား ၊ ကဒ်မီယမ် ၊ အာဆင်းနစ် ၊ ဗျူတိန်း တို့ပါဝင်ကြောင်း သိရှိထား ရမည်။ အချို့ လူများသည် ဆေးလိပ်နှင့် ပတ်သက်ပြီး မှားယွင်းသည့် အယူအဆများ ထားရှိ နေကြသည်။ အဆီခံပါသော စီးကရက်များမှာ ပိုပြီး အန္တရာယ် ကင်းသည်။ ဆေးပြင်းလိပ် ၊ ဆေးပေါ့လိပ် သည် သဘာဝအတိုင်း ထုတ်လုပ်ထား သောကြောင့် အန္တရာယ် ကင်းသည်ဆိုသော အယူအဆ များကို ထားရှိနေကြသည်။ အမှန်တော့ ဆေးလိပ်ဆိုသည် မည်သည့် ဆေးလိပ် ကိုမဆို ဓာတုပစ္စည်း များနှင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

          ဆေးလိပ် သောက်သူများ အနေဖြင့်လည်း ဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးများမှာ မှတ်ဥာဏ် အားနည်းခြင်း ၊ အိုမင်းရင့်ရော်ခြင်း ၊ သွားမည်းခြင်း ၊ သွားဖုံးရောဂါ ၊ လက်သည်း မည်းခြင်း ၊ လည်ချောင်း ကင်ဆာ ၊ အဆုတ်ပွခြင်း ၊ အဆုတ်ကင်ဆာ ၊ နှလုံးကြွက်သား အားနည်းခြင်း ၊ အသည်းကင်ဆာ ၊ အစာအိမ်နာ ရောဂါ ၊ ကျောက်ကပ် ကင်ဆာ ၊ အူနာရောဂါ ၊ သားအိမ်ကင်ဆာ ၊ သားသမီး မရနိုင်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ အရိုးပွခြင်း တို့ ဖြစ်နိုင် သည်ကိုလည်း သိရှိထား သင့်သည်။

          ဆေးလိပ် သောက်ခြင်းသည် ခံတွင်း အနံ့ဆိုးခြင်း ၊ သွားကြွေလွှာ ပျက်စီးခြင်း ၊ သွားများ ဝါခြင်းတို့လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ဆေးလိပ် သောက်ပါက သန္ဓေသား ပုံမမှန် ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ဆေးလိပ် သောက်ခြင်းကြောင့် ခြေလျက်များ သွေးမလျှောက်ခြင်း ၊ အရိုးများ ကြွပ်ဆတ် ကျိုးလွယ်ခြင်း တို့ ဖြစ်နိုင်သည်။ ဆေးလိပ် သောက်သူများသည် ဆေးလိပ် မသောက်သူ များထက် သွေးကြောပိတ် နိုင်ခြေ ၁၀ ဆ မှ ၁၆ ဆအထိ များသည်။ ထို့အတူ မျက်စိနှင့် ပတ်သက်သော ရောဂါများ ၊ ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် သွားဖုံးရောင်ခြင်း ၊ သွားဖုံး သွေးထွက်ခြင်းများ ၊ သွားပိုးစားခြင်း ၊ သွားဖုံး ကင်ဆာ ၊ အသက်အရွယ် နှင့်မလိုက်သော နှုတ်ခမ်းများပြာ၍ ရုပ်အင်္ဂါ ရင့်ခြင်းတို့သည် ဆေးလိပ် သောက်သူများတွင် ဖြစ်ပွားစေသည်။

          ဆေးလိပ်ကြောင့် သေဆုံးသူ များသည် အရက် မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ထိခိုက်မိခြင်းများ ၊ AIDS ရောဂါများထက် နှစ်စဉ် များပြားလျက် ရှိသည်ကို WHO စာရင်းများ အရ သိရှိရသည်။ နှစ်စဉ် ကမ္ဘာကြီးတွင် ဆေးလိပ်ငွေ့ကြောင့် လူခြောက်သိန်း သေဆုံး နေသည်ကိုလည်း တွေ့ရသည်။ ဆေးလိပ် သောက်ခြင်းကြောင့် လေဖြတ်ခြင်း နှင့် လေဖြတ်၍ ဦးနှောက် ကြွက်သားများ ပုပ်ဆွေးကာ သေဆုံးရလေ့ ရှိသည်။

          သို့ပါသောကြောင့် ကျန်းမာရေး ဆိုးကျိုးများစွာ ပေးသည့် ဆေးလိပ်ကို ဖြတ်သင့်သည်။ ဆေးလိပ်ဖြတ်ရန် စိတ်ပြတ်သားရန် လိုသည်။ ဆေးလိပ် ဖြတ်မည့်ရက်ကို သတ်မှတ်ထားပြီး ဆေးလိပ် သောက်ချင်စိတ် ပေါက်သည့်အခါ ခံတွင်းချဉ် သက်သာစေရန် ပီကေဝါးစား သင့်သည်။

          ဆေးလိပ် ဖြတ်လိုက်ခြင်းဖြင့် ကောင်းမွန်သော အကျိုးရလဒ်များ လက်ဆောင် ရနိုင်သည်။ ဆေးလိပ်ဖိုး အကုန်အကျ သက်သာခြင်း ၊ မိမိ ဆေးလိပ်ငွေ့ကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု ကင်းဝေးခြင်း ၊ လေထု ညစ်ညမ်းမှု ကင်းဝေးခြင်း ၊ မီးဘေး မတော်တဆ လျော့နည်းခြင်း ၊ ကျန်းမာရေး ကောင်းမွန်ပြီး အမောခံနိုင် လာခြင်း ၊ အိမ်ထောင်ရေး သုခ လျော့နည်းခြင်းမှ ကောင်းမွန်လာခြင်း ၊ နှလုံးရောဂါ ၊ ကင်ဆာရောဂါ ၊ အဆုတ်ရောဂါ များ လျော့နည်း သွားမည် ဖြစ်သည်။ သို့ပါသောကြောင့် မိမိတို့သည် ဆေးလိပ်ငွေ့ ကင်းစင်သည့် လက်ဖက်ရည်ဆိုင် များကို ရွေးချယ် ထိုင်သင့်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မုဒိတာ (တောင်သာ)
ဓာတ်ပုံ = အင်တာနက်

No comments: