Saturday, July 13, 2019

လေဖြတ်နိုင်ခြေ ရှေ့ပြေးနိမိတ် (၆) ချက်


လေဖြတ်နိုင်ခြေ ရှေ့ပြေးနိမိတ် (၆) ချက်

လေဖြတ်ခြင်းသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံးရောဂါ ဖြစ်သည်။ လေဖြတ်မည့် ရှေ့ပြေးနိမိတ်များ သိထားလျှင် ကြိုတင်ကာကွယ် ခြင်းဖြင့် လေဖြတ်ခြင်း ရန်မှ ကင်းဝေးနိုင်မည် ဖြစ်သည်။ လေဖြတ်ခြင်း ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သွေးကြောထဲ သွေးခဲများ စုပိတ်ကာ ဦးနှောက်သို့ သွေးစီးဆင်းမှု နည်းသွားခြင်း သို့မဟုတ် လုံးဝရပ်သွားခြင်း ကြောင့် ဦးနှောက်လုပ်ငန်း အချို့ ရပ်ဆိုင်းကာ လေဖြတ်ရခြင်း ဖြစ်သည်။ နောက်ပုံစံ တစ်မျိုးမှာ ဦးနှောက်သွေးကြော ပေါက်ကာ ဦးနှောက် အခြား အစိတ်အပိုင်း များကို သွေးမရောက် တော့ဘဲ ခန္ဓာကိုယ် လုပ်ငန်းများ ရပ်ဆိုင်း သွားခြင်း ဖြစ်သည်။ ယင်း နောက်ဆုံးအဆင့် မရောက်မီ ရုတ်တရက် ဖြစ်တတ်သော ရှေ့ပြေး လက္ခဏာများ သိထားလျှင် လေမဖြတ်အောင် ကာကွယ်နိုင်မည် ဖြစ်သည်။

မြင်ကွင်းနှစ်ထပ်ဖြစ်ခြင်း

မျက်လုံးတစ်ဖက်က ကောင်းပြီး အခြားတစ်ဖက်က မြင်ကွင်းများ နှစ်ထပ်ဖြစ်နေခြင်း ၊ေ၀၀ါးနေခြင်းများ ဖြစ်လျှင် လေဖြတ်မည့် ရှေ့ပြေးနိမိတ် ဖြစ်ကြောင်း သတိပြုသင့် ပါသည်။ အလုပ် ပင်ပန်းရုံ ၊ စာဖတ်ရုံ လောက်ဖြင့် မျက်လုံးက မြင်ကွင်းနှစ်ထပ် ဖြစ်တာမျိုး တော်တော်ပင် ရှားပါမည်။ နေရင်းထိုင်ရင်း မြင်ကွင်းများ နှစ်ထပ်ဖြစ်လာလျှင် လေဖြတ်နိုင်ခြေ လက္ခဏာပင် ဖြစ်သည်။ ဦးနှောက် သွေးကြောထဲမှာ သွေးခဲစုပိတ်ကာ သွေးစီးဆင်းမှု နည်းနေပြီဆိုလျှင် မျက်လုံး သွေးကြော များကို အောက်ဆီဂျင် အရောက်နည်း၍ အမြင်နှစ်ထပ် ဖြစ်ကာေ၀၀ါးခြင်းပင် ဖြစ်သည်။

လက်တွေပုံမှန်ထက် ကြာကြာထုံနေခြင်း

အိပ်နေတုန်း ဖိထားမိလို့ လက်တွေ ခြေတွေ ထုံနေပြီး လှုပ်မရတာမျိုး ထိတွေ့အာရုံ မသိတာမျိုး ကြုံရတတ် သည်။ ခဏနေရင် ပြန်ကောင်းသွား တတ်သည်။ ပုံမှန်ပြန်မဖြစ်ဘဲ တော်တော်ကြာအောင် ထုံနေပြီဆိုလျှင် လေဖြတ်မည့် ရှေ့ပြေးလက္ခဏာပင် ဖြစ်ကြောင်း သတိထားသင့်သည်။

ဦးနှောက် အနောက်ဖက်ခြမ်း ကနေ စီးဝင်သည့် သွေးတွေထဲမှ သွေးကြောတွေ စုပိတ်ခြင်းမျိုး သွေးယိုခြင်းမျိုး ဖြစ်ပွားလျှင် လက်နှင့် ခြေများကို ထိန်းချုပ်သည့် ဦးနှောက်အပိုင်းတွေကို သွေးအရောက် နည်းကာ ထိတွေ့မှုအာရုံ ခံနိုင်စွမ်း ကျဆင်းကာ လူလည်း ထုံနေတတ်သည်။

ပြောမယ့်စကား ပါစပ်ဖျားရောက်မှ မေ့သွားခြင်း

ပြောမယ့်စကား ပါစပ်ဖျားရောက်မှ မေ့သွားတာမျိုး မကြာမကြာ ကြုံရပြီဆိုလျှင် ဦးနှောက်အတွင်း သွေး အရောက်နည်း နေပြီဖြစ်ကြောင်း သတိပြုသင့်သည်။ သွေးကြောပိတ်ကာ သွေးစီးဆင်းမှု လျော့နည်း လာခြင်းကြောင့် မှန်ဥာဏ်ကို အထောက်အကူ ပေးတဲ့ ဦးနှောက်အပိုင်းများကို သွေး အရောက်နည်းကာ ပြောမယ် ကြံစည်လိုက် မေ့သွားလိုက် ဆိုတာမျိုး ပိုဖြစ်ပွားရသည်။ ယင်း ပြဿနာ ကြုံပြီဆိုလျှင် ကျွမ်းကျင်ဆရာဝန် နှင့်ပြသကာ လေမဖြတ်အောင် နေထိုင်မှုပုံစံ ပြုပြင်ရမည် ဖြစ်သည်။

ယိုင်တိယိုင်တိုင် ခဏခဏဖြစ်ခြင်း

လမ်းလျှောက်ရင်း မူးခနဲ ဆိုသလို ဖြစ်သွားကာ လူက ယိုင်တိယိုင်တိုင် ဖြစ်သွားသလိုမျိုး ကြုံရပြီဆိုလျှင် လေဖြတ်အန္တရာယ် သတိပြုသင့် ပါသည်။ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းထားတဲ့ ဦးနှောက် အပိုင်းများကို သွေးအရောက်နည်း တာကြောင့် ဦးနှောက် အလုပ်လုပ်နိုင်စွမ်း နည်းကာ ယိုင်တိယိုင်တိုင် ဖြစ်လာခြင်းပင် ဖြစ်သည်။ သွေးအရောက်နည်း ရခြင်းသည် သွေးကြောထဲတွင် သွေးခဲများ စုပိတ် လာခြင်းကြောင့် ဖြစ်နိုင်၍ နောက်ဆုံးအဆင့်ထိ ပိတ်သွားကာ ဦးနှောက်သွေး ရရှိမှု ရပ်ဆိုင်းသွား တာမျိုး မဖြစ်ခင် ကျွမ်းကျင်ဆရာဝန် နှင့် ပြသကာ ကုသမှုခံယူရမည် ဖြစ်သည်။

စကားပြောနေလျှင် လျှာလိပ်ပြီး ဗလုံးဗထွေးထွက်လာခြင်း

အကိုက်အခဲ ပျောက်ဆေးများ သောက်ပြီးလျှင် ဘေးထွက်ဆိုးကျိုး က လျှာလိပ်ပြီ စကားဗလုံးဗထွေး ဖြစ်တတ်သည်။ ဘာဆေးမှ မသောက်ဘဲ ဗလုံးဗထွေး ဖြစ်လာပြီဆိုလျှင် လေဖြတ်မယ့် အန္တရာယ် ရှိပါသည်။ သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးယိုစိမ့်ခြင်း ကြောင့် ဦးနှောက် အတွင်း သွေးစီးဆင်းမှု နည်းကာ စကားပြောဆိုမှု ထိန်းချုပ်တဲ့ ဦးနှောက်အပိုင်း စွမ်းရည်ကျလာခြင်း ဖြစ်နိုင်သည်။

ခန္ဓာကိုယ်မှ အာရုံကြောနာ့ဗ် (၁၂)ချောင်း ထောက်ပံ့ထားရှိပြီး လေဖြတ်ခါနီးတွင် စကားပြောသည့် အသံအိုး ၊ လျှာအထုတ်အသွင်း ၊ ပါးစပ်အဖွင့်အပိတ် ဖြစ်စေတဲ့ ဗေးဂတ်နာ့ဗ် ထောက်ပံ့မှု ပျက်ယွင်း သွားလျှင် လျှာလိပ်ပြီး စကားပြောနေစဉ် ဗလုံးဗထွေး ထွက်လာခြင်းပင် ဖြစ်သည်။ သတိထားမိလျှင် လေမဖြတ်အောင် ဆင်ခြင်နိုင်မှာ ဖြစ်သည်။ မိသားစု ဆရာဝန်နှင့် ပြသသင့်ပါသည်။ အချို့ လေဖြန်း သွားလျှင် အသံအိုးမှ အသံမထွက်ဘဲ ရှိတတ်သည်။

ခေါင်းတွေ မကြာမကြာ ကိုက်နေခြင်း

ဦးနှောက်ထဲတွင် မာဂျရင်းတွေ များနေလျှင် ခေါင်းကိုက်တာ ထုံးစံပင်ဖြစ်သည်။ မာဂျရင်း မများဘဲ ကိုက်နေပြီဆိုလျှင် လေဖြတ်နိုင်ခြင်းကို သတိထားသင့်သည်။ မာဂျရင်း များ၍ ခေါင်းကိုက်ခြင်းသည် ဦးနှောက်ထဲ သွေးမရောက်လို့ ခေါင်းကိုက်ခြင်းဟာ ပုံစံချင်း ဆင်တူတတ်သည်။ သက်ဆိုင်ရာ ကျွမ်းကျင် ဆရာဝန်နှင့် ပြသစစ်ဆေးခံမှသာ အဖြေကို တွေ့ရတတ်သည်။

လေဖြတ်ခြင်းကို ကာကွယ်ရန်

ဦးနှောက် သွေးကြောတွေထဲ သွေးခဲများ ၊ အနည်အနှစ်များ စုပုံလာခြင်းကြောင့် သွေးကြောပိတ်ကာ ဦးနှောက်ဟာ သွေးလည်မတ်မှု နှေးသွားခြင်း ၊ ယာယီရပ်ဆိုင်းခြင်း မျိုးဖြစ်စဉ်ကို လေဖြတ်ခြင်း ဟု ခေါ်သည်။ ဦးနှောက်သွေးကြော ပေါက်လျှင်လည်း ဦးနှောက်သည် သွေးမရတော့ဘဲ လေဖြတ်နိုင် ပါသည်။ အဓိက သွေးကြောကို ပိတ်ဆို့နေသည့် သွေးခဲနှင့် အနည်အနှစ်များ သွေးထဲ နည်းနိုင်သမျှ နည်းအောင် နေထိုင်ရန် လိုအပ်သည်။ ကိုလက်စထရော များစေတဲ့ အစားအစာများ ဖြစ်တဲ့ အသင့် အမြန်စား အစားအစာတွေ ဖြစ်တဲ့ ဟမ်ဘာဂါ ၊ ဆင်းဒဝှစ် ၊ ပီဇာ ၊ အာလူးချောင်းကြော် တို့သည် ဝက်ဆီ ၊ ဆီအုန်းဆီ ၊ နှစ်ခါပြန်ကြော်ဆီ တို့နှင့် စီမံထားရှိသည့် အတွက် သွေးအတွင်း ကိုလက်စထရော များစေသည်။ ဒါ့ကြောင့် ရှောင်ရှားသင့်သည်။

အိုင်တီ (IT- Information Technology) ခေတ်တွင် “အထိုင်” အလုပ်များလာတာ နဲ့အမျှ လူတွေ ကာယအားကစား နည်းပါးလာသည်။ လူတိုင်း နေ့စဉ် နာရီဝက် မှ တစ်နာရီ အပြေး ၊ လမ်းလျှောက် ၊ စက်ဘီး ၊ ရေကူး တစ်ခုခု လုပ်ပေးသင့်သည်။ ပိုလျှံနေသည့် ကယ်လိုရီ များ ချွေးအဖြစ် ထွက်သွားလို့ အဆီအဖြစ် မစုဆောင်းနိုင်တော့လို့ အ၀လွန်ခြင်း ၊ ဆီးချို ၊ နှလုံး ၊ သွေးတိုး နဲ့ လေဖြတ်ခြင်း တို့မှ ကင်းဝေးစေလို့ လူတိုင်းနေ့စဉ် တစ်နာရီလောက် အားကစား လုပ်ပေးသင့်သည်။

ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းအောင် တက်ကြွလှုပ်ရှားစွာ နေထိုင်ခြင်း ၊ နေ့စဉ် အားကစား လုပ်ပေးခြင်း ကနေ သွေးအတွင်းမှ အမှိုက်ကင်းကာ သွေးအားကောင်းပြီး လေဖြတ်ခြင်း မှ ကင်းဝေး နိုင်မှာ ဖြစ်သည်။ ဆေးလိပ် ၊ အရက် ၊ ကွမ်း ဖြတ်ရမည်။ သွေးတိုးမျိုးရိုးရှိသူများ မိသားစုဆရာဝန် ၊ နားလည် တတ်ကျွမ်းသည် ဆရာဝန်နှင့် ပြသပြီး အမြဲစွဲသောက်သင့်သော သွေးထိန်းဆေး စသည်ဖြင့် သောက်သင့်သည်။ ။
ဒေါက်တာ လွင်သန့်
ဓာတ်ပုံ = အင်တာနက်

No comments: