Friday, August 31, 2018

မျက်ကပ်မှန် ဆိုသည်မှာ


မျက်ကပ်မှန် ဆိုသည်မှာ

မျက်ကပ်မှန် များသည် မျက်ကြည်လွှာ ပေါ်တွင် အ၀န်းညီစွာ ထိကပ်လျက် သက်သောင့်သက်သာ တပ်ဆင်နိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မျက်စိ အမြင်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းဖြစ်သည်။ မျက်မှန် လိုအပ်ချက်ကြောင့် မျက်စိမှုန် သူများသည် မျက်ကပ်မှန်ကို တပ်ခြင်းဖြင့် မျက်မှန် ကဲ့သို့ပင် မျက်စိတွင်း ၀င်ရောက်လာသည့် ပုံရိပ်အလင်းတန်း များကို မြင်လွှာတွင် မှန်ကန်စွာ စုဆုံစေခြင်း အားဖြင့် ကြည်လင်သော အမြင်ကို ရရှိစေသည်။ မျက်ကြည်လွှာ၏ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေရန် ပုံရိပ်ချိန်ဆမှုကို အတိုးအလျှော့ လုပ်ခြင်းဖြင့်လည်း ကူညီပေးသည်။ အလင်းတန်းများကို မျက်ကြည်လွှာနှင့် တစ်ဆက်တည်း ဖြတ်သန်း နိုင်ခြင်းသည် မျက်ကပ်မှန် များ၏ အားသာချက် ဖြစ်သည်။


မျက်မှန်အစားထိုးမျက်ကပ်မှန်ပါဝါအမျိုးမျိုး

မျက်ကပ်မှန်များကို အမြင်အလျား တို၍ အဝေးမှုန်ခြင်း (Myopia) ၊အမြင်အလျားရှည်၍ အဝေးမှုန်ခြင်း (Hyperopia) ၊ ဆလင်ဒါ ပါဝါကြောင့် မျက်စိမှုန်ခြင်း (Astigmatism) နှင့် သက်ကြီး အနီးမှုန်ခြင်း (Prebyopia) စသည့် မျက်စိမှုန်ခြင်းများ အတွက် မျက်မှန် အစားထိုး အသုံးပြုရန် ရည်ရွယ်ထုတ်လုပ် ထားပြီး အသုံးပြုသူများ ကလည်း အမျိုးမျိုး အစားစား ရွေးချယ်၍ အသုံးပြု နေကြသည်။

အမြင်အလျား တိုသောကြောင့် အဝေးမှုန်သူများ အတွက် ထုတ်လုပ်သော မျက်ကပ်မှန် များသည် မျက်မှန်တွင် အသုံးပြုသော ရိုးရိုးမှန်များ ကဲ့သို့ပင် မျက်ကပ်မှန်၏ အလယ်ဗဟိုတွင် ပါး၍ ဘေးပတ်လည်က (မှန်ဘီလူးခွက် ကဲ့သို့) ပို၍ထူသည်။ အမြင်အလျား တိုသောကြောင့် မျက်စိမှုန်သူ များသည် အလင်းစုဆုံမှု များသောကြောင့် ကြည်လင်သော အမြင်အာရုံကို ဖြစ်ပေါ်စေသည့် မြင်လွှာပေါ်တွင် အလင်းတန်းများ စုဆုံခြင်းမရှိဘဲ မြင်လွှာ၏ရှေ့တွင် စော၍ စုဆုံသဖြင့် မျက်စိမှုန်ခြင်း ဖြစ်သည်။ အလယ်တွင်ပါး၍ ဘေးပတ်လည်တွင် ထူသော မျက်ကပ်မှန်ကို တပ်ဆင်ခြင်း ဖြင့် မြင်လွှာ၏ရှေ့တွင် စော၍စုဆုံ နေသော အလင်းတန်းများကို ခွဲဖြာစေလျက် မြင်လွှာပေါ်တွင် တစ်ထပ်တည်း ကျရောက် စေခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိစေမည် ဖြစ်သည်။

အမြင်အလျား ရှည်သောကြောင့် အဝေးမှုန်သူများ အတွက် ထုတ်လုပ်သော မျက်ကပ်မှန် များသည် အလယ်ဗဟိုတွင် ထူ၍ (မှန်ဘီလူးခုံးကဲ့သို့) ဘေးပတ်လည် တွင်ပါးသည်။ အမြင်အလျား ရှည်သောကြောင့် မျက်စိမှုန်သူ များသည် အလင်းတန်းများ ခွဲဖြာမှု များသောကြောင့် ကြည်လင်သော အမြင်အာရုံကို ဖြစ်စေသည့် မြင်လွှာပေါ်တွင် အလင်းတန်းများ စုဆုံကျရောက်ခြင်း မရှိဘဲ မြင်လွှာကို လွန်လျက် မြင်လွှာ၏ နောက်တွင် အလင်းတန်းများ စုဆုံသောကြောင့် မျက်စိမှုန်ရခြင်း ဖြစ်သည်။ အလယ်တွင် ထူ၍ ဘေးပတ်လည်တွင် ပါးသော မျက်ကပ်မှန်ကို တပ်ခြင်းဖြင့် ခွဲဖြာအားများသော အလင်းတန်းများကို စုဆုံ၍ မြင်လွှာပေါ်တွင် တစ်ထပ်တည်း ကျရောက် စေခြင်းဖြင့် ကာယကံရှင်အား ကြည်လင်သော အမြင်အာရုံကို ရရှိစေမည် ဖြစ်သည်။

ပုံမမှန် အလင်းတန်း များကြောင့် မြင်လွှာပေါ်တွင် ခြားနားသော ဆုံမှတ်များ ကျရောက်၍ မျက်စိမှုန်သူ များသည် လိုအပ်သော နေရာများ၌ အထူအပါး အားဖြည့်ထားသည့် မျက်ကပ်မှန် များကို တပ်ဆင်မှသာ ကြည်လင်သော အမြင်အာရုံကို ရရှိစေမည် ဖြစ်သည်။ ထိုသူများသည် များသောအားဖြင့် မျက်ကြည်လွှာ အခုံး မညီခြင်းကြောင့် မျက်စိမှုန်ခြင်း ဖြစ်သည်။ အမြင်အလျား တို၍ မျက်စိမှုန်ခြင်း၊ အမြင်အလျား ရှည်၍ မျက်စိမှုန်ခြင်း များနှင့်လည်း တွဲလျက်တွေ့ရ တတ်သည်။ ဆလင်ဒါပါဝါ ဟု အများကခေါ်သော ထိုမျက်ကပ်မှန် များ၏ ဖွဲ့စည်း တည်ဆောက်ပုံမှာ ရှုပ်ထွေးသည်။ မှန်အထူအပါး နေရာအမျိုးမျိုး ပါဝင်သော၊ အထူးစီစဉ် ထုတ်လုပ်ရသော အမျိုးအစားလည်းဖြစ်သည်။ ၎င်းကို အားဖြည့် မျက်ကပ်မှန် (Tonic Contact Lens ) ဟု ခေါ်သည်။ ထောင့်မှန် နှင့် ထောင့်ဖြတ် ( ၉၀- ဒီဂရီနှင့် ၁၈၀ ဒီဂရီ ) နေရာများတွင် လိုအပ်သော အလင်းတန်း ဆုံမှတ်များ ရရှိစေရန် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထား သောကြောင့် ဆလင်ဒါပါဝါခေါ် Astigmatism ရှိသောကြောင့် မျက်စိမှုန်သူ များအတွက် ကြည်လင်သော အမြင်အာရုံကို ရရှိစေမည် ဖြစ်သည်။

အသက်အရွယ် ကြီးရင့်မှုကြောင့် အနီးရော အဝေးတွင်ပါ မျက်စိမှုန်သူ များသည် သီးခြားပါဝါ နှစ်မျိုးပါသော ဘိုင်ဖိုကယ် မျက်ကပ်မှန် များကို အသုံးပြုမှသာ အဝေးကြည့်နှင့် အနီးကြည့် နှစ်မျိုးစလုံးကို ကြည်ကြည်လင်လင် မြင်နိုင်မည် ဖြစ်သည်။ မှန်တစ်ခုထဲတွင် တွဲလျက်ပုံစံ ထုတ်လုပ်ထား သောကြောင့် အနီးကြည့်နှင့် အဝေးကြည့် နှစ်မျိုးစလုံး အသုံးပြုနိုင်ခြင်း ဖြစ်၏။ ဤမျက်ကပ်မှန် အမျိုးအစားကို စာရေးသူတို့ အသိုင်းအ၀ိုင်းတွင် အလွန် အသုံးနည်းသည်။ ဈေးကွက်တွင် ပစ္စည်းရှိ၊ မရှိပင် မသေချာပေ။

အဆင့်မြင့်မျက်ကပ်မှန်များ

မျက်ကပ်မှန်ခေတ် အစောပိုင်း ကာလ၏ လိုအပ်ချက်များကို အဆင့်မြင့် မျက်ကပ်မှန်များတွင် ဖြည့်စွက် ထုတ်လုပ်ထားသည်ကို တွေ့ရ၏။ မျက်ကြည်လွှာ ပေါ်တွင် အံဝင်ခွင်ကျ ထပ်လျက် တပ်ဆင် ရသောကြောင့် မျက်ကြည်လွှာ ထိခိုက်မှု မရှိစေရန်နှင့် မျက်ရည်စိမ့်ဝင် နိုင်စေရန်အတွက် ငွေ့ရည် စိမ့်ဝင်နိုင်သော (Gas Permeable -GP ) စနစ်၊ မျက်ကြည်လွှာ အခုံးမညီ သောကြောင့် မျက်စိမှုန်သည့် ဆလင်ဒါပါဝါ (Astigmatism) ၊ မျက်ကြည်လွှာ ရှေ့သို့ ပို၍ ချွန်ထွက်လာမှုကြောင့် အမြင်အလျား တို၍ မျက်စိမှုန်သည့် အဝေးမှုန် (Myopia) စသည်များ အတွက် မျက်ကြည်လွှာကို ပြုပြင်သည့်စနစ် စသည်များ ပါဝင်လာသည်။

ထိုစနစ်များကြောင့် မျက်ကပ်မှန် တပ်သည့်အချိန် ကြာသော်လည်း မျက်ကြည်လွှာကို မထိခိုက်ခြင်းနှင့် ကြည်လင် ပြတ်သားသော အမြင်အာရုံကို ရရှိခြင်း စသည့် အကျိုးထူးများကို ခံစားရသည်။ မျက်မှောက်ခေတ်တွင် ထိုမျက်ကပ်မှန် များကို အဝေးမှုန်သူများ၊ ဆလင်ဒါပါဝါ ရှိသူများနှင့် သက်ကြီး မျက်စိမှုန်သူများ အသုံးပြုလာကြပြီ ဖြစ်သည်။

ထို့ပြင် အမြင်အလျား တိုသောကြောင့် အဝေးမှုန် သူများအတွက် မျက်ကြည်လွှာကို ပြုပြင်ရန် အထူး ထုတ်လုပ်ထားသော အဆင့်မြင့် မျက်ကပ်မှန် တစ်မျိုးလည်း ရှိပါသေးသည်။ ထို မျက်ကပ်မှန်သည် ညအိပ်ချိန်တွင် တပ်ဆင်၍ အိပ်ရပြီး နေ့အချိန်တွင် ဖြုတ်ထားရသည်။ တပ်ဆင်၍ ထားသော ညအချိန်တွင် အခုံးအခွက် ပုံမှန်မဟုတ်သော မျက်ကြည်လွှာကို ပြုပြင်ပေး သောကြောင့် နေ့ဘက်တွင် မျက်ကြည်လွှာ သည် ယာယီအားဖြင့် အကောင်းပကတိ ဖြစ်နေပြီး ကြည်လင်သော အမြင်အာရုံကို ရရှိစေမည်ဖြစ်သည်။

အများပြည်သူ ဖျော်ဖြေရေး လုပ်ငန်းများတွင် အထူးပြုလုပ်ချက် များ၌သုံးသော မျက်ကပ်မှန်များနှင့် အဖြူရောင် အမာရွတ်ရှိသည့် မျက်ကြည်လွှာကို အမြင်တင့်တယ် စေရန် ဖုံးအုပ် တပ်ဆင်သော မျက်ကပ်မှန် များသည်လည်း အဆင့်မြင့် မျက်ကပ်မှန်များတွင် ပါဝင်ပါကြောင်း ရေးသား အပ်ပေသည်။

ပြည့်အောင် (COA)

No comments: