Sunday, August 26, 2018

လူငယ်များ ကော်ရှူခြင်းကို ဘယ်လိုကာကွယ်ကြမလဲ


လူငယ်များ ကော်ရှူခြင်းကို ဘယ်လိုကာကွယ်ကြမလဲ

ကော်ရှူခြင်း အလေ့အထသည် ၁၉၅၉ ခုနှစ် နှစ်လွန်ကာလ များက စတင်ခဲ့ပြီး ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်တို့တွင် Epidemic အသွင် Denver မှာ ပျံ့နှံ့ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စု New York နှင့် Sau Lake City မြို့များရှိ လူငယ်များကြားသို့ ရောက်ရှိခဲ့သည်။

အရှေ့တောင်အာရှ ၌ ၁၉၇၇ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ပထမဆုံး စတင် တွေ့ရပြီး ၁၉၈၇ ခုနှစ် ၀န်းကျင်တွင် ကော်ရှူသူပေါင်း ၁၁၁၂ ဦး တွေ့ရှိရ သောကြောင့် ကော်ရှူခြင်း ပြဿနာသည် အမြင့်ဆုံး အခြေအနေ ရောက်ရှိခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၏ စစ်တမ်းများအရ သိရသည်။


ကမ္ဘာတစ်ဝန်းတွင် မူးယစ်ထုံထိုင်း ဘေးဖြစ် စေတတ်သော ဆေးဝါးများ အန္တရာယ်ကို သတိထားမိကြ သော်လည်း ကော်ရှူခြင်း ကြောင့် ဖြစ်ပေါ် စေတတ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို သတိမထားမိ ကြဘဲ ယခုအခါ ကမ္ဘာတစ်ဝန်းသို့ တိတ်တဆိတ် အနေဖြင့် ပျံ့နှံ့လာကြောင်း၊ မြန်မာနိုင်ငံ၌ မူးယစ်ထုံထိုင်း ဘေးဖြစ်စေ တတ်သော အလွဲသုံးလေ့ ရှိသည့် ပစ္စည်းများမှာ အရက်၊ ဆေးလိပ်၊ ကဖိန်း၊ ဘိန်းအုပ်စုဝင် ဆေးဝါးများ၊ ဆေးဝါးအုပ်စုဝင် ဆေးများကို အလွဲသုံးခြင်း၊ ကော်၊ ဆေးခြောက်၊ ဆေး၊ ဘိန်းဟူ၍ တွေ့ရကြောင်း၊ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးပြားများနှင့် တခြားအရာများကို သုံးစွဲကြရာတွင် အဆင့်ငါးဆင့် ရှိသည်။ 

ရလွယ်သော ပစ္စည်းဖြစ်ခြင်း၊   စူးစမ်းလေ့လာ လိုစိတ်ဖြင့် စမ်းသပ်သုံးစွဲခြင်း၊ ထိုမှတစ်ဆင့် တဒင်္ဂ ရသကို စွဲမက်ခြင်း၊ နောက်ပိုင်းကာလ များတွင် ပုံမှန်သုံးစွဲသူ ဖြစ်လာခြင်း၊ ထိုမှတစ်ဆင့် မသုံးရ မနေနိုင်သော ဆေးစွဲသူများ အဖြစ် ရောက်ရှိကြရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနှင့် တိုက်ဖျက်ရေး အသင်း (MANA) မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များ အရ သိရသည်။

မြန်မာနိုင်ငံ၌ ကော်ရှူခြင်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က မြန်မာ-ထိုင်းနယ်စပ် တစ်လျှောက်တွင် စတင်တွေ့ရှိ ခဲ့ရပြီး ယခုအခါ ကော်ရှူခြင်း အလေ့အထကို မြန်မာနိုင်ငံ၌ လူငယ်ထုကြား လက်တည့်စမ်း သုံးစွဲခြင်းဖြင့် စိမ့်ဝင်ပျံ့နှံ့လျက် ရှိရာ အသက် ၁၂ မှ ၁၈ နှစ်ကြား လူငယ်များပို၍ ပြုလုပ် နေကြသည်။

ကော်ရှူသုံးစွဲမှုကို မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ် ဇွန်လက လားရှိုးမြို့ရှိ တရုတ် စာသင်ကျောင်း တစ်ခု၌ လူငယ်များ သုံးစွဲကြောင်း ပထမဆုံး သတင်းရရှိ ခဲ့ကာ ထိုမှတစ်ဆင့် လားရှိုး၊ မြ၀တီ၊ ကော့သောင်း၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် မန္တလေး စသည့် မြို့ကြီးတို့၌ ကော်ရှူသုံးစွဲမှုကို တွေ့ရှိလာရပြီး နောက်ပိုင်း တစ်နိုင်ငံလုံးရှိ လူငယ်ထုများ ကြားသို့ ပျံ့နှံ့ရောက်ရှိ လာခဲ့သည်။

ကော်ဆိုသည်မှာ Toluene? Acetone ၊ Methyl Ethyl Ketone ၊ Ethyl Acetone အက်စစ်လေးမျိုးအား Tinner နှင့် Rubber powder များဖြင့် အချိုးကျ ပေါင်းစပ်ထား ခြင်းဖြစ်ပြီး ကော်ရှူသုံးစွဲခြင်း၏ အာနိသင် များမှာ ခေါင်းမူးခြင်း၊ အာလေးလျှာလေး လာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားမှု မထိန်းနိုင်ခြင်း၊ ပြင်ပ၌ တကယ်မရှိသော အသံများကို ကြားယောင်လာခြင်း၊ ယုံမှားသံသယ စိတ်ဝင်လာခြင်း၊ လက်တွေ့ လောကနှင့် ကင်းကွာခြင်း၊  ကြောင်တောင်တောင် ဖြစ်ခြင်း၊ ထပ်တလဲလဲ သုံးစွဲပါက အသိစိတ် ကင်းလွတ်ခြင်း၊ စိတ်တိုလွယ်ခြင်း စသည်တို့ကို ခံစား ရသည်ဟု သိရသည်။

“ ကော်ရှူသုံးစွဲသူ အများစုကတော့ လမ်းပေါ်မှာ အခြေအနေမဲ့ နေထိုင်ကြတဲ့ ကလေးတွေ များပါတယ်။ သူတို့ ကော်ရှူသုံးစွဲ ရတဲ့ အကြောင်းရင်း တွေကတော့ ဆာလောင်မှု သက်သာစေဖို့နဲ့ စမ်းသပ် စူးစမ်းလိုစိတ် တွေနဲ့ သုံးကြတာ များပါတယ်။ ကော်ရှူခြင်း အလေ့အထ တားဆီး ကာကွယ်ဖို့ မကြာသေးခင်က ဒေသဆိုင်ရာ စီမံချက်နဲ့ ဖမ်းဆီးအရေးယူ ခဲ့ရာမှာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးတွေ ပါနေပါတယ်။ အသက်ပြည့်သူတွေ ကိုတော့ စီမံချက်အရ ထောင်ဒဏ် တစ်လအထိ ချမှတ်နိုင်တဲ့ ဒေသဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈) အရ တရားစွဲခဲ့ပါတယ် ” ဟု မန္တလေးတိုင်း ဒေသကြီး မူးယစ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ကော်ရှူခြင်း အလေ့အထကို အရေးယူနိုင်ရန် သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း၊ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ များက စီမံခန့်ခွဲမှုစနစ် အရ လူငယ်များအတွင်း ကော်ရှူသည့် အလေ့အထ မပြန့်ပွားစေရေး အတွက် တားဆီးခြင်းမျိုး ကိုသာ လုပ်နိုင်သေးသည်။

ကော်ရှူရာတွင် ဆာလောင်မှု သက်သာစေရန်၊ စမ်းသပ်စူးစမ်း လိုစိတ်ဖြင့် သုံးစွဲခြင်း၊ စိတ်ခံစားမှု တဒင်္ဂ တက်ကြွစေခြင်း၊ မူးယစ်ဆေးဝါး နေရာတွင် အစားထိုး သုံးစွဲခြင်း၊ အလွယ်တကူ ၀ယ်ယူရရှိနိုင်ခြင်း စသည့်တို့ကို တွေ့ရှိရမည် ဖြစ်သည်။

“ ကော်ကို အသက်ရှူလမ်းကြောင်း ကနေ ရှူသွင်းလိုက်တဲ့ အငွေ့တွေက ခန္ဓာကိုယ်တွင်း အဆီမှာ ပျော်ဝင်တဲ့ အငွေ့ဖြစ်တာကြောင့် ဆဲလ်နံရံတွေနဲ့ ဆဲလ်တွေကို ပျက်စီးစေ ပါတယ်။ ခန္ဓာကိုယ်တွင်းက လှုံ့ဆော်မှု ထိန်းချုပ်စနစ်အပေါ် သက်ရောက် ပျက်စီးနှောင့်နှေး စေသလို အာရုံခံအင်္ဂါတွေ နဲ့ လက်ခံတဲ့စနစ် GABA Neurotransmitters and its Effect on GABA- A Receptors အပေါ် သက်ရောက်နှောင့်နှေး ပျက်စီးစေပါတယ်။ ဗဟိုအာရုံကြော စနစ်နဲ့ အာရုံခံစနစ် တွေလည်း ပျက်စီးစေတယ်။ နောက်ပြီး လတ်တလော သေဆုံးနိုင်တဲ့ အကြောင်းရင်း တွေကတော့ Suffocation asphyxiation and Sudden Sniffing Death (SSD) တို့ ဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေး) မှ အထွေထွေရောဂါကု ဆရာဝန်ကြီးတစ်ဦး ကပြောသည်။

ကော်ရှူခြင်း စွဲနေသည့် လက္ခဏာများ နှင့် ဆေးပြတ် လက္ခဏာများတွင် Tremors Imtability Insomnia Delirium Tingling Sensations Seizures Muscle Cramps Anxiety  ရုပ်ပိုင်းဆိုင်ရာ ဆေးပြတ်ခြင်း လက္ခဏာများကို သုံးစွဲပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်း သိနိုင်ကြောင်း၊ (Brouette and Anton 2001) ကော်၌ပါသော Toluene ၏ ဂုဏ်သတ်္တိမှာ Aromatic Hydrocarbon Methyl Benzence ဖြစ်ပြီး စေးပျစ်မှု နည်းပါးကာ အငွေ့အဖြစ် ပြောင်းလဲနိုင်စွမ်း မြင့်မားသည့် အရည်တစ်မျိုးဖြစ်၍ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ အသက်ရှူ လမ်းကြောင်းအတွင်း စိမ့်ဝင်စုပ်ယူ နိုင်ကြောင်း၊ အရေပြားမှ စုပ်ယူမှု မြန်သော်လည်း အစာ လမ်းကြောင်းမှ စုပ်ယူမှု နှေးကွေးကြောင်း၊ တစ်ကြိမ်တစ်ခါ စုပ်ယူပြီးသည်နှင့် အဆီလွှာတွင် ပမဏာမြင့်မားစွာ စုဝေးနေတတ်ပြီး ထိုမှတစ်ဆင့် ရိုးတွင်းခြင်ဆီ၊ သက်စောင့် ဟော်မုန်းများ ထုတ်ပေးသော Adrenal Glands၊ ကျောက်ကပ်များ၊ အသည်း၊ ဦးနှောက် နှင့်သွေးများအတွင်း ကျယ်ပြန့်စွာ ရောက်ရှိ စေတတ်ကြောင်း၊ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း စုပ်ယူထားသော Toluene များသည် အသက်ရှူထုတ်သည့် အချိန်တွင် ဓာတ်ပြောင်းလဲခြင်း မရှိဘဲ စွန့်ထုတ်ပြီး ၂၄ နာရီအတွင်း ခန္ဓာကိုယ်တွင်း အဆီတွင် ပျော်ဝင်သော အငွေ့ဖြစ်သည့် အားလျော်စွာ ဆဲလ်နံရံများနှင့် ဆဲလ်များကို ပျက်စီးစေ တတ်ကြောင်း၊ ဘေးထွက်ဆိုးကျိုး အန္တရာယ် လက္ခဏာများ အနေဖြင့် စကားမပီမသ ဖြစ်လာခြင်း၊ အသက် ရှူထုတ်စဉ်နှင့် အ၀တ်အစား များတွင် ဓာတုပစ္စည်းအနံ့များ ရလာခြင်း၊ ခန္ဓာကိုယ်နှင့် မျက်နှာ၌ ကော်စက်များ တွေ့ရခြင်း၊ မျက်လုံး၊ နှာခေါင်းနီလာခြင်း၊ ကျောင်းတွင်း သင်ခန်းစာများနှင့် အားကစား လှုပ်ရှားမှုများ မလုပ်နိုင်တော့ခြင်း များအပြင် 3D ဖြစ်သော Drunk, Dizzy or Dazed Appearance ကိုပါ တွေ့ရမည် ဖြစ်သည်။

ယခု ကော်ရှူခြင်း အလေ့အထ လူငယ်များကြား ပျံ့နှံ့နေမှုကို ကာကွယ် တားဆီးသည့် အနေဖြင့် စင်ကာပူနိုင်ငံ၌ ရဲအရေးပိုင်သော ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထား သကဲ့သို့ သြစတြေးလျနိုင်ငံ ၌လည်း ကော်ရောင်းဝယ် သူများကို အမေရိကန်ဒေါ်လာ ၁၂၀၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ၁၂ လအထိ ထောင်ဒဏ်ဖြစ်စေ ကျခံရမည်ဟု Section 206 of the Western Australia Criminal Code တွင် ပြဋ္ဌာန်းထားပြီး ကလေးများအား ရောင်းချပေးသူကို ပို၍ပြင်းထန်သော ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်း ထားသည်။

မြန်မာနိုင်ငံ၌ ကော်ရှူခြင်း အလေ့အထကို အရေးယူနိုင်ရန် သီးခြားဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘဲ အနာဂတ်လူငယ် မျိုးဆက်များအတွက် တိကျသော မူဝါဒများချမှတ်၍ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဦးစားပေး လုပ်ဆောင် သင့်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မေယု-မျိုးအောင် (MANA)

No comments: