Friday, July 27, 2018

လူသားများနှင့် ခဲဆိပ်အန္တရာယ်


လူသားများနှင့် ခဲဆိပ်အန္တရာယ်

လူ့ပတ်ဝန်းကျင်တွင် လူသားများကို အန္တရာယ် ဖြစ်စေနိုင်သော သတ္တုဓာတ်များ၌ “ခဲဓာတ်” သည်လည်းတစ်ခု အပါအ၀င်ဖြစ်သည်။ “ခဲဓာတ်”သည် မီးခိုးရောင်ရှိသော သတ္တုတစ်မျိုးဖြစ်ပြီး ထုလျှင် ဆန့်ထွက်ခြင်းနှင့် တိုက်စားမှုအား ခံနိုင်ရည်ရှိသော စွမ်းရည်များ ရှိသည်။

“ခဲဓာတ်” ကို လူသုံးကုန် ပစ္စည်းများတွင် ရှေးနှစ်ပေါင်း များစွာကတည်းက တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း ၎င်းသည် လူ့ခန္ဓာကိုယ် အတွက် ကောင်းကျိုး မရှိသော ဓာတ်တစ်ခု ဖြစ်သည်။ ခဲဓာတ်ထိတွေ့မှု အန္တရာယ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှု နည်းပါးသော နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံ များထက် ပိုမိုများပြားကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ၂၀၁၆ ခုနှစ်တွင် အဆိုပြုခဲ့သည်။


ခဲဓာတ် ထိတွေ့နိုင်သော အရင်းအမြစ် များသည် လူ့ပတ်ဝန်းကျင် ရှိလေထု၊ ရေထု၊ မြေကြီး၊ အိမ်ရှိဖုန်များ နှင့် အစားအသောက် များတွင် ပါဝင်နိုင်သည်။ ထို့ပြင် မိမိတို့နေအိမ် များတွင် နိစ္စဓူဝ အသုံးပြုလျက်ရှိသော လူသုံးကုန်ပစ္စည်း များဖြစ်သည့် အိမ်သုံး ဘက်ထရီများ၊ ကားဘက်ထရီများ၊ခဲဓာတ်ပါဝင်နေသောအိမ်သုတ်ဆေး များ၊ ဓာတ်ခဲအမျိုးမျိုး၊ ကလေးငယ်များ ပါးစပ်ဖြင့် ကိုက်လေ့ရှိသော ကစားစရာ အရုပ်များ၊ ဓာတ်ဆီများ၊ အချို့သော ဆံပင်ဆိုးဆေးများ၊ တက်တူးမင်များ၊ မျက်လုံးဆိုးဆေးများ၊ စဥ့်အိုးစဥ့်ခွက် များဖြင့် ကြာရှည် သိုလှောင် စားလေ့ ရှိသော အစားအစာများ (ဥပမာ- မျှင်ငပိ၊ ငပိရည်ကျို၊ ငံပြာရည်၊ အချဉ်ဖတ်မျိုးစုံ၊ ကြံမဆိုင်၊ တညင်းသီး ဆားရည်စိမ်) များတွင် ပါဝင်လေ့ရှိသည်။ “ခဲတံ” သည် ခဲမဟုတ်သော ဂရပ်ဖိုက်ဓာတ် တစ်ခု ဖြစ်သော်လည်း လူအများစုသည် “ခဲတံ” အား ခဲပါဝင်သော အဓိကပစ္စည်း အဖြစ် မှတ်ယူထားကြသည်။

ခဲဓာတ် ထိတွေ့မှု အန္တရာယ်သည် လူသားအားလုံး တွင်ရှိနိုင်ပြီး အဓိက အန္တရာယ်ရှိနိုင်သော လူအုပ်စု များတွင် အသက် ခြောက်နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ ကိုယ်ဝန်ဆောင်စဉ် အတွင်း အစားအစာ မဟုတ်ဘဲ အာသာပြင်းပြ သဖြင့် စားသော အချို့သော အရာများ (ဥပမာ-ဆေးလိပ်ပြာ လျက်ခြင်း)၊ ကိုယ်ဝန်ဆောင် မိခင်မှ ကလေးထံသို့ အချင်းမှ တစ်ဆင့် ခဲဓာတ် ရောက်ရှိနိုင်ခြင်း၊ စက်မှုဇုန်များ အနီးတွင် နေထိုင်သော သူများ၊ လူနေရပ်ကွက် များရှိ အိမ်တွင်း အသေးစား စက်မှုလုပ်ငန်းများ (ဥပမာ-ဘက်ထရီအိုး လုပ်ငန်း၊ ကားပြုပြင် လုပ်ငန်း) အနီးတွင် နေထိုင်သော သူများ ပါဝင်သည်။

ထို့ပြင် အချို့သော ခဲနှင့် ပတ်သက်သော လုပ်ငန်းများ (ဥပမာ-ဘက်ထရီ အမျိုးမျိုး အသစ်ထုတ်ခြင်း၊ ထုခွဲ ချေဖျက်ခြင်း၊ ကျိုချက်ခြင်း လုပ်ငန်းများ၊ မော်တော်ယာဉ်များ၊ လက်နက် ကိရိယာများ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများ၊ ဘက်ထရီ လုပ်ငန်းများနှင့် ခဲဂဟေတို့ခြင်း၊ စဥ့်အိုးလုပ်ငန်း၊ သတ္တုကျိုလုပ်ငန်း) လုပ်ကိုင်သော လုပ်သားများ ပါဝင်သည်။ ကလေးငယ် များတွင် လူကြီး များထက် ခဲဓာတ်ထိတွေ့မှု အန္တရာယ် ပိုရှိစေသော အကြောင်းအရာ အချို့မှာ ကလေးသဘာဝ ပတ်ဝန်းကျင်အား စူးစမ်းလိုခြင်း၊ လက်ကို ပါးစပ်ထဲသို့ ထည့်ကိုက် လေ့ရှိခြင်း၊ ကစားစရာ အရုပ်ကိုက်ခြင်း၊ နေရာ တစ်ခုတည်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၊ မိမိ၏ ပတ်ဝန်းကျင်အား ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း မရှိခြင်း တို့ ကြောင့်ဖြစ်သည်။ အစာအာဟာရ ဓာတ်ချို့တဲ့သော ကလေးငယ် များတွင် ခဲဆိပ်သင့်ခြင်း ပိုမိုဖြစ်စေနိုင်သည်။

အချို့သော ခဲနှင့် ပတ်သက်သော လုပ်ငန်းများ (ဥပမာ ဘက်ထရီ လုပ်ငန်းများ) တွင် လုပ်ကိုင်သော သူများသည် ချမှတ်ထားသော ညွှန်ကြားချက်များအား တိကျစွာ မလိုက်နာခြင်း၊ လုပ်ငန်းခွင် ၀တ်စုံများမှ တစ်ဆင့် ခဲဓာတ်များ နေအိမ်သို့ ရောက်ရှိခြင်း၊ စက်ရုံ၊ အလုပ်ရုံမှ လုပ်ငန်းခွင် ၀တ်စုံများအား မိသားစုဝင်များ၏ အ၀တ်အစား များနှင့်ရောနှော လျှော်ဖွပ်ခြင်း၊ စက်ရုံစွန့်ပစ် ပစ္စည်းများ စွန့်ပစ်ထားသော မြစ်၊ချောင်း၊ ပင်လယ်များမှ ရေကို အသုံးပြုခြင်း တို့မှလည်း ခန္ဓာကိုယ် အတွင်းသို့ ခဲဓာတ်များ ၀င်ရောက်နိုင်သည်။ ထို့ပြင် ခြံစိုက်ခြင်း၊ ပေါင်းသင်ခြင်း ပြုလုပ်နေစဉ် အတွင်း လက်မဆေးဘဲ အစားအစာ စားခြင်း၊ အစာမစားမီ နှင့် အစားအစာများ မပြင်ဆင်မီ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် မဆေးကြောခြင်း၊ နေအိမ်ကြမ်းပြင် နှင့် ပြတင်းပေါက် ပေါင်ရှိ ဖုန်များမှ တစ်ဆင့် ခဲမှုန့်ခဲဓာတ်များ ခန္ဓာကိုယ် အတွင်းသို့ ၀င်ရောက် နိုင်သည်။

ကလေးများတွင် ရုတ်တရက် ခဲဆိပ်သင့်လျှင် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဆိုးရွားသော တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ သွေးအားနည်းခြင်း နှင့် မောပန်းလွယ်ခြင်း၊ သတိမေ့မြော ခြင်းနှင့် သေဆုံးခြင်း တို့ဖြစ်စေနိုင်သည်။ သို့သော် အချိန်ကြာမြင့်စွာ ခဲဓာတ်များ ထိတွေ့နေလျှင် ရုတ်တရက် ခဲဆိပ်သင့်ခြင်း ကဲ့သို့ သိသာထင်ရှားသော ရောဂါလက္ခဏာ မပြသော်လည်း ဉဏ်ရည်ဉဏ်သွေး နိမ့်ခြင်း၊ ပညာသင်ကြားရန် ခက်ခဲခြင်း၊ အာရုံစူးစိုက်မှု ခက်ခဲခြင်းနှင့် ကိုယ်ကာယ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးခြင်း တို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်များတွင် လမစေ့မီ မွေးဖွားခြင်း၊ ကိုယ်အလေးချိန် လျော့နည်းသော ကလေးမွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေ မွေးခြင်းတို့ ဖြစ်စေနိုင်သည်။

လူကြီးများတွင် ရုတ်တရက် ခဲဆိပ်သင့် ခြင်းကြောင့် ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းနှင့် သေဆုံးသည် အထိ ဖြစ်စေနိုင်ပြီး အချိန်ကြာမြင့်စွာ ခဲဆိပ်သင့်လျှင် ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း၊ သွေးအားနည်းခြင်း နှင့် မောပန်းလွယ်ခြင်း၊ မှတ်ဉဏ် လျော့လာခြင်းနှင့် ကျောက်ကပ် စွမ်းရည် ယုတ်လျော့ လာခြင်းတို့ ခံစားရနိုင်သည်။ သုတေသန စမ်းသပ်ချက်များ အရ လူကြီးများတွင် အချိန်ကြာမြင့်စွာ ခဲဆိပ်သင့်လျှင် သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြော ဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများ ဖြစ်စေကြောင်း သိရသည်။

ယခုအခါ အချို့သော ခဲနှင့် ပတ်သက်သော လုပ်ငန်းများ အလုပ်ခွင်ခဲဆိပ်သင့်မှု အား ကာကွယ်ရန် စက်ရုံ ၀န်ထမ်းများအား ကာကွယ်ရေး ၀တ်စုံများ ၀တ်ဆင်စေခြင်း၊ အချိန်မှန် ဆေးစစ်ပေးခြင်း၊ ကာကွယ်ခြင်း နည်းလမ်းများ ပညာပေးခြင်း တို့အား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။ ခဲပါဝင်သော သုတ်ဆေးများကို သုံးစွဲခြင်းအား နိုင်ငံအသီးသီးတွင် ကန့်သတ်လျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တွင်ဖော်ပြခဲ့သည်။ ခဲဓာတ်ထိတွေ့မှု အန္တရာယ် ရှိစေသော အရင်းအမြစ် များသည် အလုပ်ခွင်များတွင် သာမကဘဲ မိမိနေအိမ်တွင်ပင် ရှိနေပါသဖြင့် ဂရုပြု ကာကွယ်ရန် လိုအပ်သည်။

ခဲဓာတ်သည် လူ့ခန္ဓာကိုယ်ရှိ အင်္ဂါ အဖွဲ့အစည်း များအား များစွာ အန္တရာယ်ရှိသဖြင့် ကျန်းမာရေး ရှုထောင့်အရ အရေးကြီးသည်။ ခဲဆိပ်သင့်ခြင်း အန္တရာယ်သည် လူတိုင်း ဂရုပြုရန် လိုအပ်သော ပြည်သူ့ ကျန်းမာရေး ပြဿနာ ဖြစ်သည်။ ထို့ကြောင့် ခဲဓာတ် ကာကွယ်မှုဆိုင်ရာ နည်းလမ်းများအား လူတိုင်းလိုက်နာ ကျင့်သုံးသင့်သည်။ 

ခဲဆိပ်သင့်ခြင်းအန်္တရာယ်သည် ရာနှုန်းပြည့် ကာကွယ်နိုင် သောကြောင့် မြန်မာနိုင်ငံတွင် ခဲဓာတ် ထိတွေ့မှု ကာကွယ်ခြင်း ပညာပေး အစီအစဉ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပြီး ခဲဆိပ် ထိတွေ့မှုကို ကြိုတင် ကာကွယ်ခြင်းဖြင့် မလိုလား အပ်သော ကျန်းမာရေး ပြဿနာများအား တားဆီးနိုင်မည် ဖြစ်ကြောင်း ရေးသား အပ်ပါသည်။ ။

မဇင်မင်းကျော်

No comments: