Tuesday, July 24, 2018

Carcinogens များအကြောင်း သိကောင်းစရာ


Carcinogens များအကြောင်း သိကောင်းစရာ

အခု ၂၁ရာစုမှာ ကမ္ဘာနဲ့တစ်ဝန်း ကင်ဆာရောဂါ ဖြစ်တဲ့သူတွေ ပိုပြီးများလာပါတယ်။ အမေရိကန်နိုင်ငံ ကင်ဆာရောဂါ ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန် ထားသော အချက်အလက် တွေအရ အခုခေတ်တွင် ကင်ဆာဖြစ်နိုင်ချေ နှုန်းမှာ ယောက်ျားကလေး နှစ်ယောက်တွင် တစ်ယောက်၊ မိန်းကလေး သုံးယောက်တွင် တစ်ယောက် ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။


မြန်မာနိုင်ငံမှာလဲ ကင်ဆာဖြစ်ပွားမှုက၂၁ ရာစု နောက်ပိုင်းမှာ သိသိသာသာကို မြင့်တက်လာပါတယ်။ ကင်ဆာဆိုတာ ဘာလဲ။ အကြမ်းဖျင်း အနေနဲ့ ပြောရင်တော့ အကြောင်းအရာ တစ်ခုခု၊ အခြေအနေ တစ်ခုခုကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ လက်လွတ်စပယ် အထိန်းအချုပ် အကန့်အသတ်မရှိ ပွားလာတာကို ကင်ဆာလို့ ခေါ်ပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်က ဆဲလ်တွေကို အထိန်းအချုပ်မရှိ ပွားစေပြီး ကင်ဆာဖြစ် စေသော အကြောင်းအရာ၊ အခြေအနေ တွေကိုတော့ ကာစီနိုဂျင် (Carcinogens ) လို့ခေါ်ပါတယ်။

ကာစီနိုဂျင် (Carcinogens) ခေါ် ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ အခြေအနေတွေ ကတော့ အများကြီးပါ။ ကာစီနိုဂျင် (Carcinogens) တွေကို သိသလောက် အနေနဲ့ ပြောရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Carcinogens ခေါ် ဓာတုပစ္စည်းများ 

ဒီနေ့ခေတ်ဟာ ခေတ်မီတိုးတက် လာတာနဲ့အညီ လူသားတွေဟာ နေ့တိုင်းနေ့တိုင်း ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ နေရပါတယ်။ အခုခေတ်မှာ အစားအသောက် တွေကို မျက်စိပသာဒ ဖြစ်အောင်၊ အရောင်လှအောင် ကြာရှည်ခံအောင် ထည့်တဲ့ ပစ္စည်း တော်တော်များများ ဟာ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။

ငရုတ်ဆီ၊ ပုစွန်ချဉ်၊ ငါးခြောက်၊ အမဲခြောက်၊ ၀က်ပေါင်ခြောက်၊ အချဉ်ပေါင်းထုပ်၊ သကြားလုံး၊ ၀က်အူချောင်း၊ သစ်သီးခြောက်၊ အချို စည်သွတ်ဘူးတွေ၊ သစ်သီးယိုနဲ့ ဖျော်ရည်တွေ၊ လက်ဖက်စို၊ ငရုတ်သီး အရောင်တင်မှုန့် စတဲ့အရာတွေမှာ ကြာရှည်ခံအောင်၊ အရောင်လှအောင်၊ မှိုမတက်အောင် (ဆိုးဆေးတွေ၊ နိုက်ထရိုစမင်း ခေါ် ယမ်းစိမ်းတွေ) ဓာတုပစ္စည်းတွေ ထည့်လာကြပါတယ်။

ဒါ့ပြင် အခုခေတ်မှာ စပါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတဲ့ သီးပင်၊ စားပင်တွေ စိုက်တဲ့အခါမှာ အပင်ကြီးမြန်အောင်၊ အထွက် ကောင်းအောင်ဆိုပြီး ဓာတ်မြေသြဇာ ထည့်သုံးလာကြ ပါတယ်။ အဲဒါဟာ လဲ ပြဿနာ ရှိနိုင်ပါတယ်။ ဓာတ်မြေသြဇာ သုံးပြီး စိုက်ထားတဲ့ အပင်ထွက် ပစ္စည်းတွေကို ရေရှည် စားသုံးပါက ခန္ဓာကိုယ်ထဲမှာ နိုက်ထရိုစမင်း ဓာတ်တွေ များလာကာ ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားလာတယ် လို့ သုတေသန တစ်ခုက ပြောထားပါတယ်။

ဒါကြောင့် အခုကမ္ဘာကို ဓာတုပစ္စည်း ကမ္ဘာလို့တောင် ခေါ်ဆိုလို့ရနေပါပြီ။ ဓာတုပစ္စည်း အားလုံးဟာ ကင်ဆာ ဖြစ်စေတယ်လို့တော့ ယတိပြတ်ပြော လို့မရပါဘူး။ ကမ္ဘာမှာ ဓာတုပစ္စည်း အမျိုးစုံကို မရပ်မနား ထုတ်လုပ်နေပေမယ့် ထက်ဝက် လောက်ကိုပဲ ကာစီနိုဂျင် ဟုတ်၊ မဟုတ် စစ်ဆေးနိုင် ပါသေးတယ်။ ဖြစ်စေတယ်လို့ သက်သေ သာဓက ပြနိုင်တဲ့ပစ္စည်း တွေလဲရှိတယ်။ တပ်အပ်သေချာ မပြောနိုင်ဘဲ သံသယ ဖြစ်ဖွယ်တွေလဲ အများကြီးရှိတယ်။

၂။ ဆေးရွက်ကြီး (Tobacco)

ဆေးရွက်ကြီးနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေပါတဲ့ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာ ဟာလဲ ကင်ဆာဖြစ်ပွားမှုကို အားပေးတဲ့ အကြောင်းအရာ တစ်ခုပါပဲ။

ဆေးရွက်ကြီးနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေပါတဲ့ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေ လုပ်တဲ့အခါ ဆေးရွက်ကြီးမှာ ပါတဲ့ ဒြပ်ပေါင်း တွေကြောင့် နှုတ်ခမ်း၊ ခံတွင်း၊ လျှာ၊ လည်ချောင်း၊ လေပြွန်၊ အစာပြွန်၊ အဆုတ်စတဲ့ တိုက်ရိုက်ထိတွေ့ နေတဲ့ အစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်နိုင်တဲ့ အပြင် တခြားနေရာ တွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးအိမ်၊ သရက်ရွက် စတဲ့ အစိတ်အပိုင်း တွေမှာလဲ ကင်ဆာရောဂါ ဖြစ်ပွား စေနိုင်ပါတယ်။ သုတေသနတွေ အရ ဆေးရွက်ကြီးဟာ ကင်ဆာ ဖြစ်ပွားရာမှာ ၃၀ ရာနှုန်းခန့်ပါဝင် ပတ်သက်နေတာ တွေ့ရပါတယ်။

၃။ အကင်တွေ၊ ဆီကြော်တွေ

ကင်ထား ကျပ်တိုက်၊ ကျပ်တင်ထားတဲ့ အစားအစာတွေမှာ ကာဗွန်ဓာတ်တွေ ပါလို့ ထိုအစားအစာ တွေကို ရေရှည် နေ့တိုင်းနီးပါး စားသုံးတာ ဟာလဲ ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အလားတူပဲ ထပ်တလဲ ကြော်တဲ့ဆီ၊ တူးနေတဲ့ အစားအစာ တွေဟာလဲ ကာဗွန် ပါတာကြောင့် ကင်ဆာဖြစ်ဖို့ အားပေးတယ်လို့ သုတေသန တစ်ခုက ဆိုထားပြန် ပါတယ်။

၎။ ဆေးဝါးများ

ရောဂါအတွက် သုံးတဲ့ ဆေးဝါးတချို့ကလဲ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ကင်ဆာဖြစ်စေ နိုင်တယ်။ ကင်ဆာကုသရာမှာ သုံးတဲ့ ဆေးတချို့ (Melphalan, Cyclophosphamide) တို့ဟာ သုံးတာကြာလာရင် ဘေးထွက်ဆိုးကျိုး အနေနဲ့ သွေးကင်ဆာနဲ့ ဆီးအိတ်ကင်ဆာ တို့ ဖြစ်စေနိုင် ပါတယ်။ သဘာဝ မဟုတ်ဘဲ လူကဖန်တီးထားတဲ့ အမျိုးသမီး ဟော်မုန်း (အီစတိုဂျင်)ကို မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင် စဉ်မှာ စားမိခဲ့ရင် မွေးလာတဲ့ သမီးတွေမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်ဖို့ ပိုများတယ်။ ဒါက ကာစီနိုဂျင်တွေ က အချင်းကိုဖြတ်ပြီး သန္ဓေသားဆီကို ရောက်နိုင်တယ် ဆိုတာသက်သေပါပဲ။

နောက်မီးယပ်သွေးဆုံး တဲ့ဝေဒနာ ခံစားရသူတွေ သို့မဟုတ် ကိုယ်ဝန်တားဆေး စားသူတွေမှာလဲ ခုနကပြောတဲ့ အီစတိုဂျင် သောက်ရ တတ်တယ်။ သူရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ရေရှည်သုံးရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေတယ်။ ဒီတော့ ရောဂါကို ပျောက်အောင်ဆိုပြီး သုံးတဲ့ ဆေးတွေကလဲ အန္တရာယ်တွေနဲ့ ပါပဲ။ ဆေးကြောင့် ပိုလို့ ဘေးမဖြစ်အောင် ဆရာဝန် တွက်ဆချင့်ချိန်ပြီး လူနာက သာတဲ့ဘက်မှာ ရှိနေအောင် ကုရပါတယ်။

၅။ ဓာတ်ရောင်ခြည်များ

နျူကလီးယား ဓာတ်ပေါင်းဖို မတော်တဆ ပေါက်ကွဲရာက ထွက်လာတဲ့ ရောင်ခြည်၊ နေရောင်ခြည် ထဲမှာပါတဲ့ Ultraviolet Rays(UV Rays) ခေါ် ခရမ်းလွန် ရောင်ခြည်၊ စမ်းသပ် စစ်ဆေးကုသ ရာမှာသုံးတဲ့ ဓာတ်ရောင်ခြည်စတဲ့ ဓာတ်ရောင်ခြည် တွေနဲ့ထိတွေ့မှု တွေတာဟာလဲ ကင်ဆာဖြစ်ပွား နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းတစ်ခု ပါပဲ။

၆။ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှု

လေထု ညစ်ညမ်းမှုဖြစ်စေတဲ့ အကြောင်းတွေ ကတော့ ဒီဇယ်၊ ဓာတ်ဆီစတဲ့ လောင်စာဆီ တွေကိုအသုံး ပြုတဲ့ကား၊ ဆိုင်ကယ် စက်ပစ္စည်းတွေ များလာတာကြောင့်၊ စက်ရုံတွေ များလာတာကြောင့်၊ ဆေးလိပ် အသောက်များ လာတာကြောင့်၊ အမှိုက်တွေကို မီးရှို့တာကြောင့်၊ ကျောက်မီးသွေး စွမ်းအင် အသုံးပြုတာ ကြောင့်၊ သစ်တောများ ပြုန်းတီးလာမှုကြောင့်၊ တောမီးရှို့ တာကြောင့်၊ ဆောင်းရာသီမှာ ဆိုရင် ထင်းတို့ သစ်ကိုင်းခြောက်၊ သစ်ရွက်တို့ကို မီးရှို့ပြီး မီးလှုံကြ တာကြောင့်ဆိုပြီး စသည်ဖြင့် အကြောင်းတွေ အများကြီး ရှိပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ မီးခိုးနဲ့ အမှုန်အမွှား ထွက်ထွက် ထွက်လာတဲ့ မီးခိုးငွေ့နဲ့ အမှုန်အမွှားတွေဟာ ပတ်ဝန်းကျင်ရှိ လေထုကို ညစ်ညမ်းမှု ဖြစ်စေပါတယ်။

ပတ်ဝန်းကျင်လေထု မသန့်ရှင်းဘဲ ညစ်ညမ်းမှု များလာရင် နဂို ဘာရောဂါမှ မရှိတဲ့ သူတွေတောင် တဖြည်းဖြည်း အသက်ရှူကျပ် လာတာ၊ မောလာတာ၊ အသက်ရှူမ၀တာ၊ အဆုတ်ပွတာတွေ ဖြစ်လာနိုင် ပါတယ်။ ရေရှည်မှာဆိုရင် အဆုတ်ရောဂါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ ခံစားလာရနိုင်ပြီး အသက်ရှူ လမ်းကြောင်း တစ်လျှောက် ကင်ဆာဖြစ်နိုင် ခြေ ကိုလဲ မြင့်တက် လာစေပါတယ်။ ဒီအချက်တွေကတော့ ကျွန်တော် သိသလောက် Carcinogens ခေါ် ကင်ဆာဖြစ်ပွား နိုင်ခြေကိုများ စေသော အားပေးသော အကြောင်းခြင်းရာ တွေပါ။

အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ ကင်ဆာဖြစ်ပွားနိုင်ခြေ လျော့နည်းအောင် စာဖတ်ပရိသတ်များ အနေနဲ့ အစားအစာတွေကို လတ်လတ်ဆတ်ဆတ် စားပါ။ ဟင်းရွက်၊သစ်သီး တွေဆိုလဲ အော်ဂဲနစ်နည်း စနစ်နဲ့စိုက်တဲ့ ဟာတွေကို စားနိုင်ရင် ပိုကောင်းပါတယ်။ ဆေးတွေကိုလဲ မိမိသဘောနဲ့ လျှောက်မသောက်ပါနဲ့။ ဆေးလိပ်ဖြတ်ပါ။ နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို လည်း သန့်ရှင်းအောင် ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ်စီကိုယ်စီ ၀ိုင်းဝန်း လုပ်ဆောင်ကြ ပါလို့ တိုက်တွန်း ချင်ပါတယ်။

ဒေါက်တာ သက်အောင်

No comments: