Wednesday, February 21, 2018

သင် သန်ချဖို့ လိုနေပြီလား


သင် သန်ချဖို့ လိုနေပြီလား

" ဟဲ့ နင့်ကလေးဗိုက်ပူနံကားလေး ပါလား။ သန်မချပေးဘူးလား။ "
" ငါက လမ်းဘေးစာ ၊ ယင်နားစာမှ မကျွေးတာ သန်ချဖို့ လိုလို့လား။ "

ဤစကားမျိုး ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏကြား ရသည်။ သန်ကောင်ရောဂါ။ သန်ချဆေး သောက်ခြင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ကြားနေရသော စကားများပင်ဖြစ်သည်။ ထို့တူပင် " သန်ကောင်ရောဂါ ဆိုတာဘာလဲ။ သန်ချဆေး သောက်ဖို့ဘာလို့ လိုအပ်တာလဲ။ ဘယ်အချိန်မှာ သန်ချသင့်သလဲ၊ လူကြီးတွေရော သန်ချဆေး သောက်ဖို့လိုသလား။ ကလေးတော့ အသက် ၅ နှစ်ပြည့်ပြီ။ သန်ချဆေး တိုက်ရတော့ မလား။ ကလေးက ညညဆို ငိုနေတာ ဘာလုပ်ရမလဲ။ ကလေးမထွားတာ သန်ချပေးရမလား ။ " စသည့် မေးခွန်းများမှာ အရပ်ထဲတွင် အမေးများလှ သကဲ့သို့ အဖြေကလည်း အမျိုးမျိုး ကြားရမည်သာ ဖြစ်သည်။ သို့သော် ဤ ဆောင်းပါးကို ဖတ်ပြီးလျှင် သင့်အတွက် အထက်ပါအဖြေများ ရှင်းလင်းသွားမည် ဖြစ်သည်။


သန်ကောင်အကြောင်း
သန်ကောင်ရောဂါကို အင်္ဂလိပ်ဘာသာဖြင့် Worm Infestation ဟုခေါ်သည်။ သန်ရောဂါကို ဖြစ်စေသော အကောင်များမှာ Round Worm (သန်လုံးကောင်)၊ Whipworm (ကြာပွတ်ပုံသန်ကောင်၊ Hookworm ( ခေါင်းတွင် အူနံရံကိုတွယ်ချိတ်ရန် ချိတ်ပါသောသန်ကောင်)၊ Tapeworm (သန်ပြားကောင်) ၊ Fluke (တုတ်ကောင်) စသည်ဖြင့် အမျိုးအစားစုံလင်စွာ တွေ့ရှိနိုင်သည်။ Fecal-oral Route ဟု ဆေးပညာတွင် ခေါ်သော ကူးစက်နည်း (တစ်နည်းအားဖြင့်) ကျွန်တော်တို့ စားသော အစားအသောက်များ ၊ အစားအသောက်များ ထည့်၍စားသော အိုးခွက်ပန်းကန်များနှင့် ၄င်း အစားအစာ ပြင်ဆင်သူ ၊ စားသောက်သူ၏ လက်များမှ တစ်ဆင့် ကျွန်တော်တို့၏ အူလမ်းကြောင်းထဲသို့ ထိုသန်ကောင် ၊ တုတ်ကောင်ဥ များကို ရောက်ရှိစေသည်။ အစားအစာ ပြင်ဆင်ထားသော အိုးခွက် ပန်းကန်များပေါ်သို့ ယင်ကောင်နှင့် အခြားသတ္တ၀ါများ နားခြင်း၊ ကျခြင်း နှင့် သန်ကောင် ၊ တုတ်ကောင် ၏ ဥများရှိသောမြေကြီးကို ခြေဗလာဖြင့် နင်းခြင်း ၊ လက်ဗလာဖြင့် ကိုင်တွယ်ပြီး လက်မဆေးခြင်း ၊ ရောဂါကူးစက်ထားသော အသား ၊ ငါး ၊ ပင်လယ်စာများကို အစိမ်း သို့မဟုတ် မကျက်တကျက် စားခြင်းများမှလည်း ကူးစက်နိုင်သည်။ ထို့ကြောင့် သန့်ရှင်းစွာ ပြင်ဆင်ထားသော်လည်း ပင်လယ်စာများကို အစိမ်းစားခြင်း ၊ Hot Pot ၊ ဘာဘီကျူးများတွင် အသား ၊ ငါး ၊ အသီးအရွက် များကို မကျက်တကျက် စားသောက်ခြင်း သည်လည်း သန်ကောင်ရောဂါ ကို ဖြစ်ပွားစေနိုင်သည်။

ရောဂါလက္ခဏာများ
ကလေးငယ်များတွင် အစာစားလိုစိတ် လျော့နည်းခြင်း ၊ ခန္ဓာကိုယ် ကြီးထွားနှုန်းနှေးခြင်း ၊ ပိန်ခြင်း ၊ သံဓာတ်အားနည်းခြင်း ၊ သွေးအားနည်းခြင်း ၊ တုတ်ကောင်များကြောင့် ညအချိန်တွင် စအိုဝယားယံပြီး ကလေးမှာ ကောင်းကောင်း အိပ်မပျော်ဘဲ အီနေခြင်း ၊ ကလေး၏စအိုဝနှင့် ဘောင်းဘီ ၊ Diaper များတွင် တုတ်ကောင် အဖြူလေးများ တွေ့ရခြင်း စသည့် လက္ခဏာများ ရှိနေပြီဆိုလျှင် မိမိကလေး သန်ချရန် လိုအပ်ပြီ ဟု သိရပါမည်။ ၀မ်းပျက် ၀မ်းလျှောခြင်း ၊ ဗိုက်အောင့် ဗိုက်နာခြင်း ၊ သန်ကောင် ၊ တုတ်ကောင် များကြောင့် အူပိတ်ဆို့ကာ အူကိုဖြတ်တောက် ၊ ခွဲစိတ်ကုသ ရခြင်းမှသည် အသက်သေဆုံး သည်ထိလည်း ဒုက္ခပေးလေ့ ရှိသည်။ ထို တုတ်ကောက် ၊ သန်ကောင်များသည် သားလောင်းဘ၀တွင် အူနံရံကိုဖောက်ကာ သွေးကြောများမှ တစ်ဆင့် ကိုယ်တွင်း ကလီစာနေရာ အနှံ့သို့ ရောက်ရှိကာ အမျိုးမျိုးသော ရောဂါများကို ဖြစ်စေနိုင်သည်။ ဥပမာ = ဦးနှောက်ထဲသို့ ရောက်ရှိ၍ ပြင်းထန်သော ခေါင်းကိုက်ခြင်း ၊ အဆုတ်ထဲသို့ ရောက်ရှိ၍ နှာချေခြင်း ၊ ချောင်းဆိုးခြင်း ၊ အသည်း တွင် ပြည်တည်နာ ဖြစ်ခြင်း ၊ မျက်စိထဲသို့ ရောက်ရှိ၍ မျက်ကြည်လွှာ ထိခိုက်ခြင်းကြောင့် အမြင်ဆုံးရှုံးခြင်း စသည်တို့လည်း ဖြစ်စေနိုင်သည်။

ကာကွယ်ကုသခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏အဆိုအရ ကမ္ဘာတစ်ဝန်းလုံးတွင် ကလေးပေါင်း ၈၃၆ သန်းခန့် သန်ကောင်ရောဂါကို ခံစားနေရကြောင်း သိရှိရသည်။ ထို့ကြောင့် ကလေးငယ်များကို အသက်တစ်နှစ်မှ စတင်၍ တစ်နှစ်လျှင် နှစ်ကြိမ် သန်ချပေးရန် လိုအပ်သည်။ အသက် တစ်နှစ်အောက် ကလေးများကို Albandazole 200 mg ညတစ်ကြိမ် တိုက်ကျွေးနိုင်သည်။ အသက်တစ်နှစ် အထ်က ကလေးလူကြီး မရွေး Albandazole 400 mg သို့မဟုတ် Mebemdazole 500 mg ကို ညမအိမ်မီ တစ်ကြိမ် အစာနှင့်ခြားပြီး သောက်သုံးနိုင်သည်။ (အစိုးရ ကျောင်းများတွင် အစိုးရ အစီအစဉ်နှင့် တိုက်ကျွေးမှုများ ရှိတတ်သောကြောင့် မိမိတို့ ကလေးများကို သန်ချဆေး တိုက်မည်ဆိုလျှင် ကျောင်းတွင် သန်ချဆေး တိုက်ကျွေးပြီးခြင်း ရှိ-မရှိ မေးမြန်းပြီးမှ မိမိကလေးကို တိုက်ကျွေးသင့်သည်။) အသက် ၂ နှစ်အောက် ကလေးများကို သန်ချဆေး တိုက်ကျွေးမည် ဆိုပါက နီးစပ်ရာ ဆရာဝန် ဆရာမ နှင့် တိုင်ပင်ပြီးမှသာ တိုက်ကျွေးသင့်သည်။ အရွယ်ရောက်ပြီး သူများတွင်မူ သန်ရောဂါ လက္ခဏာများ မရှိပါက တစ်နှစ်လျှင် တစ်ကြိမ် သန်ချရုံဖြင့် လုံလောက်သည်။

သန့်ရှင်းရေး
သန်ကောင် ၊ တုတ်ကောင် ရောဂါကို ကာကွယ်နိုင်ရန် ဆေးသောက်ရုံမျှဖြင့် မလုံလောက်ဘဲ အောက်ပါအချက် များကိုလည်း ဂရုပြု ဆောင်ရွက်ရန် လိုအပ်သည်။
  • ၁။ ပိုးသတ်ဆေးပါသော လက်ဆေးဆပ်ပြာဖြင့် အစာမစားမီ နှင့် အိမ်သာမှ အထွက်တွင် လက်ကို သေချာစွာ ဆေးကြောခြင်း။
  • ၂။ ရေသန့် သို့မဟုတ် ကျိုချက်ထားသော ရေကိုသာ သောက်သုံးခြင်း။
  • ၃။ အတွင်းခံအ၀တ်များကို နေ့စဉ်လဲလှယ်ခြင်း ၊ သေချာစွာ လျှော်ဖွပ်ခြင်း။
  • ၄။ အိပ်ရာခင်းများ ၊ စောင်များ ၊ ခေါင်းအုံး ၊ ဖက်လုံးစွပ်များကို ပုံမှန်လဲလှယ်ခြင်း။
  • ၅။ သင့်ကလေး ဆော့ကစားသည့် အရုပ်များကို ပုံမှန် သန့်ရှင်းဆေးကြော ပေးခြင်း။
  • ၆။ လက်သည်း ၊ ခြေသည်းများကို ပုံမှန် ညှပ်ပေးခြင်း။
  • ၇။ တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုစိုက်ခြင်း။
  • ၈။ အိမ်ကြမ်းပြင်ကို ပုံမှန် သန့်ရှင်းပေးခြင်း။
  • ၉။ အသီးအနှံများ ၊ သားငါးနှင့် ဥများကို ရေခဲသေတ္တာထဲမထည့်မီ သေချာစွာ ဆေးကြောခြင်း။
  • ၁၀။ အစားအစာများကို သေချာစွာကျက်စေရန် ချက်ပြုတ်ခြင်း ၊ ချက်ပြုတ်ပြီးနောက် သန့်ရှင်းစွာ ဖုံးအုပ်ထားခြင်း။


အခြားသတင်းများ
စာဖတ်သူအနေဖြင့် ဆောင်းပါးအစတွင် ရေးသားထားော မေးခွန်းများ၏ အဖြေကို သိရှိပြီဟု မျှော်လင့်သည်။ နောက်ဆုံး အနေဖြင့် သန်ကောင်ရောဂါ နှင့် ပတ်သက်သည့် သတင်း ၂ ပုဒ်ကို ဖော်ပြပြီး ဆောင်းပါးကို နိဂုံးချုပ် ပါမည်။

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းတွင် Abby Becklecy အမည်ရှိ အသက် ၂၆ နှစ်အရွယ် အမေရိကန်သူ တစ်ဦး၏ မျက်စိအတွင်းက သေးငယ်လှသော သန်ကောင် ၁၄ ကောင်ကို ထူးဆန်းစွာ တွေ့ရှိခဲ့ရသည်။ ၄င်း သန်ကောင် များမှာ အမေရိကန် မြောက်ပိုင်းနှင့် ကနေဒါဒေသရှိ ကျွဲ ၊ နွားများတွင်သာ တွေ့ရလေ့ရှိပြီး လူတွင် တွေ့ရှိရသည်မှာ ပထမဦးဆုံး ဖြစ်သည်။ ပညာရှင်များ၏ တွေ့ရှိချက်အရ ထို သန်ကောင် အမျိုးအစား ၏ ဥကို သယ်ဆောင် ထားသော ယင်ကောင် က ထို အမျိုးသမီး၏ မျက်စိအနီး တ၀ိုက်တွင် နားရာမှ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ ကနဦးအစတွင် Becklecy သည် သူ၏မျက်စိထဲမှ သန်ကောင်တစ်ကောင်ကို တွေ့ရှိခဲ့သဖြင့် ဆွဲထုတ်ခဲ့ပြီး ၂ ပတ်အကြာတွင် မျက်စိယားယံခြင်း မသက်သာ၍ မျက်စိဆရာဝန် နှင့်ပြသရာမှ ဆရာဝန်များက နောက်ထပ် သန်ကောင် ၁၃ ကောင်ကို တွေ့ရှိခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လက ဆေးပညာဂျာနယ် တစ်စောင်တွင် ဖော်ပြချက်အရ အီသီယိုးပီးယား နိုင်ငံတွင် ကျောင်းသား ၇၀၀ ကျော်၏ ၀မ်းနမူနာများ ကို စစ်ဆေးခဲ့ရာ ကျောင်းသားများ၏ ၄၈ ရာခိုင်နှုန်းတွင် သန်ကောင် ၊ တုတ်ကောင် ကူးစက်မှုရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ၄င်း ၄၈ ရာခိုင်နှုန်းတွင် ထက်ဝက်ကျော်မှာ A. lumbricoides ဟုခေါ်သည့် သန်လုံးကောင် ဖြစ်ပြီး ဒုတိယအမျိုးအစားမှာ Tri-churis Trichiura ဟုခေါ်သော ကြာပွတ်ပုံ သန်ကောင် အမျိုးအစား ဖြစ်သည်။ ၄င်းလေ့လာမှုအပေါ် သုံးသပ်ချက်အရ ကျောင်းနေအရွယ် ထက်ဝက်ခန့်မှာ သန်ကောင် ပြဿနာရှိနေပြီး အိမ်သာတက်ပြီး လက်မဆေးသော ကျောင်းသားများတွင် တွေ့ရှိနှုန်း ၃ ဆရှိသည်။ ကျောင်းသူ များသည် ကျောင်းသားများထက် ၂ ဆခန့် သန်ကောင်ရောဂါကို ခံစား နေရသည်ဟု တွေ့ရှိရသည်။

ဒေါက်တာလင်း
ရတနာပုံနေ့စဉ်

No comments: