Sunday, February 4, 2018

ကောင်းသောပုံသက်သေ


ကောင်းသောပုံသက်သေ

လူငယ်များစွာသည် မိမိတို့ နှစ်သက်သော အဆိုတော် ၊ မင်းသား များ၏ အပြုအမူ ၊ အပြောအဆို ၊ အမူအရာ တို့ကို သိသိသာသာ ဖြစ်စေ ၊ မသိမသာ ဖြစ်စေ အတုခိုးတတ် ကြလေသည်။ ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်က တိုက်တန်းနစ် မင်းသားဟု နာမည်ကြီးသော လီယိုနာဒို ကို သဘောကျသည်။ သူ့ဆံပင် အတိုင်း ထားသည်။ သူ ဆေးလိပ်သောက်သည့် စတိုင် ကို သဘောကျသည်။ ထို့နောက်တွင် ကျွန်တော် ဆေးလိပ်စွားသွား သည်။ 


ခေတ်လူငယ်များသည် ရဲရင့်စွာ အတုခိုးမြန် ကြသည်။ ကျွန်တော့် သူငယ်ချင်း၏ သားဖြစ်သူ တက္ကသိုလ်ဝင်တန်း ကျောင်းသား မောင်အာကာ ကို ဖခင်ဖြစ်သူက ဆံပင်သွားညှပ် ခိုင်းသည်။ မောင်အာကာ ဆံပင် သွားညှပ်၏။ ဆံပင်ပုံစံကို ထောင်ထွက်ပုံစံ ညှပ်လာသည်။ ကျွန်တော့်ရှေ့တွင်ပင် မောင်အာကာ၏ ဖခင်ဖြစ်သူက ကြိမ်လုံးယူ၍ ရိုက်သည်။ " ဘာဖြစ်လို့ သားဒီပုံစံညှပ်လာတာလဲ " ဟု ကျွန်တော် ကပ်မေးကြည့် လိုက်သည်။ ထောင်ဖောက် ဇာတ်လမ်းတွဲ ထဲမှ ထောင်ဖောက်မင်းသား မိုက်ကယ် စကိုဖီးလ် ကို သဘောကျလို့ ဟု ဖြေလေသည်။ 

နောက်ပိုင်း ရပ်ကွက်ထဲမှ လူငယ်များ ၀မ်းဝေး ( one way ) ဟုခေါ်သည့် ဆံပင်ပုံစံများ ညှပ်လာကြ ပြန်သည်။ ဘေးဘက် အပြောင်ရိတ်၍ အလယ် တစ်မြောင်းတည်း ထောင်ထားသည်။ ဘာကြောင့် သည်လိုဆံပင်ပုံစံ ညှပ်တာလဲ ဟု ကျွန်တော် စုံစမ်းကြည့်၏။ နိုင်ငံခြား ဘောလုံးသမားများကို အားကျ၍ ညှပ်ခြင်း ဖြစ်ကြောင်း သိရလေသည်။ မျက်လုံးထဲတွင် မည်သို့မျှ အဆင်မပြေ။ သို့သော် သူတို့အချင်းချင်း တော့ဟုတ်နေကြ ပြန်သည်။ အချို့ လူငယ်များ ဘောင်းဘီ အကောင်းကြီးကို ဖြဲဝတ်သည်။ ဆံပင်ရှည်နှင့် လမ်းသရဲစတိုင် ဖမ်းကြသည်။ ပန့်ခ် တွေက သွေးမနည်းဘူး။ ရက်ပ်ပါ တွေက သွေးမကြောင်ဘူး ဟုဆိုကာ ရိုက်ပွဲများလည်း ခဏခဏ ဖြစ်လာသည်။ ဘာလဲ ဆိုသည်ကို ကျွန်တော် ကောင်းကောင်း နားမလည်။ တစ်နေ့ လက်ဖက်ရည်ဆိုင် ထိုင်ချိန် ဆိုင်မှ ရက်ပ် သီချင်း ဖွင့်ထားသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စိန်ခေါ်နေသည့် သီချင်း။ သွေးမကြောင်ဘူး ဆိုတာတွေရော ၊ မင်းအဆင့်နဲ့ တက်မလာနဲ့ ဆိုတာတွေရော ၊ မျက်ခွက်ကို ဖြတ်ရိုက်ပစ် လိုက်မယ် ဆိုတာတွေရော အဆိုတော်များ အပြင်တွင် တကယ် ရိုက်-မရိုက်တော့ မသိဘူး။ ရပ်ကွက်ထဲတွင် တကယ်ကို ချနေကြသည်။

တစ်နေ့ ရပ်ကွက်ရုံး၌ ရပ်ကွက်လူကြီးနှင့် စကားလက်ဆုံ ကျနေချိန် မိန်းကလေး ၂ ဦးနှင့် အဒေါ်ကြီးတစ်ဦး ရောက်လာပြီးနောက် လမ်းထပ်ရှိ လူငယ်များက တရားလွန် စနောက်ကြောင်း တိုင်လေသည်။ ရပ်ကွက်လူကြီး သည် ထိုလူငယ်များအား တပည့်ဖြစ်သူကို သွားခေါ်ခိုင်းသည်။ ခဏကြာ လူငယ်များ ရောက်လာသည်။ အကျိုးအကြောင်း မေးကြည့်သောအခါ လူငယ်များက သူတို့ရှေ့မှ ဖြတ်လျှောက် သွားသော မိန်းကလေး ၂ ဦးအား " မကြားဝံ့ မနာသာ " စကားလုံး ရင့်ရင့်များဖြင့် စနောက်ကြောင်း သိရလေသည်။ ရပ်ကွက်လူကြီးသည် မိန်းကလေး ၂ ဦးနှင့် အဒေါ်ကြီး ကျေနပ်အောင် လူငယ်များကို အော်ငေါက် ကြိမ်းမောင်းကာ ပြန်လွှတ်လိုက်သည်။ မိန်းကလေးများ ဘက်ကလည်း ကျေနပ်သွားသည်။ ထို့နောက် မိန်းကလေးများ ထပြန်သွား သောအခါ မိန်းကလေးငယ် ၂ ဦးကို ကျွန်တော် ကြည့်လိုက်သည်။ မိန်းကလေးများမှာ တင်ပါးလုံရုံသာသာ စကတ်တို လေးများ ၀တ်ထားကြသည်။ 

ချိုင်းပြတ်စွပ်ကျယ် အကျပ်ကိုလည်း ၀တ်ထားကြသည်။ ပွင့်လင်းစွာ ပြောရလျှင် သူတို့ အ၀တ်အစားများသည် အရှက်လုံရုံသာ ဖုံးထားကြခြင်း ဖြစ်သည်။ မည်ကဲ့သို့ သုံးသပ်ရမှန်းမသိ အောင်ပင်။ ထို့နောက် ကျွန်တော် အိမ်ပြန်လာသည်။ တီဗွီကို ဖွင့်ကြည့်လိုက်သည်။ မြန်မာ ဇာတ်ကား လာနေသည်။ မင်းသမီးကို ကြည့်လိုက်သော အခါ ရပ်ကွက်ရု့းတွင် မြင်လိုက်ရသည့် မိန်းကလေး ၂ ဦး ၀တ်စားထားသည့် အ၀တ်အစား မျိုးနှင့် သရုပ်ဆောင် နေ၏။ နိုင်ငံကျော် ရုပ်ရှင်မင်းသား ၊ မင်းသမီးများ အနေဖြင့် လူငယ်များကို ကောင်းသော ပုံသက်သေ ပြနိုင်ရန် အထူးလိုအပ်လှသည်။ နိုင်ငံကျော် မင်းသား ၊ မင်းသမီးတွေပဲလား ဆိုလျှင် မဟုတ်ပါ။ မိဘများသည်လည်း သားသမီးများ အတွက် ကောင်းသောပုံသက်သေ ပေးနိုင် ၊ ပြနိုင်ရန် အရေးကြီးသည်။

အဖြစ်မှန်လေးတစ် တင်ပြပါဦးမည်။ ကျွန်တော်၏ သူငယ်ချင်း ဘမောင် သည် နယ်မြို့လေးတစ်မြို့ရှိ အစိုးရရုံးတစ်ခုတွင် အလုပ်လုပ်သည်။ သူ့တွင် ၁၀ နှစ်အရွယ် သားတစ်ဦး ရှိသည်။ လွန်ခဲ့သော ၅ နှစ်ခန့်က သူ၏ဇနီးမှာ ရောဂါဖြင့် ဆုံးပါးသွားလေ၏။ စနေနေ့ရောက်တိုင်း သူ၏ သူငယ်ချင်းများသည် သားအဖ ၂ ဦးတည်းရှိသည့် ဘမောင်၏အိမ်တွင် အရက်ဝိုင်းဖွဲ့ကြ၏။ ထိုအချိန်မျိုးတွင် ဘမောင် ၏ သားဖြစ်သူမှာ ဘေးတွင်ထိုင်၍ အမြည်းစား လေသည်။ ဘမောင် တို့ အရက်ဝိုင်းတွင်အမြည်း ဒါမှမဟုတ် အရက် လိုလျှင် ဘေးအိမ်ရှိ မောင်ပုကို လှမ်းခေါ်ကာ ၀ယ်ခိုင်းလေသည်။ ထိုကဲ့သို့ စနေနေ့တိုင်း အရက်ဝိုင်းဖွဲ့ လာခဲ့ရာ တစ်ခုသော စနေနေ့တွင် လူမစုံသောကြောင့် အရက်ဝိုင်း မဖြစ်ပေ။ ဘမောင် သည် သားအတွက် လိုအပ်သည်များကို ၀ယ်၍ အိမ်သို့ ပြန်လာခဲ့သည်။ ခြံဝင်းထဲ ရောက်သည်အထိ သားဖြစ်သူ အရိပ်အယောင်ကို မတွေ့ရပေ။ အိမ်မကြီးတံခါးမှာ စေ့ထားသည်။ ဘမောင် သည် စေ့ထားသည့် တံခါးကြားမှ အိမ်ထဲကို ချောင်းကြည့် လိုက်သည်။ ဘမောင် မျက်လုံးပြူးသွား ရသည်။ သားဖြစ်သူနှင့် သူငယ်ချင်းများသည် ဖတ်ခွက် တစ်ယောက်တစ်ခွက်စီ ကိုင်၍ ၀ိုင်းဖွဲ့ထိုင်ပြီး အရက်သောက်တမ်း ကစားနေကြသည်။ ထို့နောက် '' ချီးယားစ် " ဟုအောက်ကာ ခွက်ချင်းတိုက်၍ သောက်ကြလေသည်။ ထို့နောက် အရက်မူးသည့် အသံဖြင့် စကားများ ပြောနေကြသည်။ ထိုဝိုင်းကို ဦးဆောင်သူများ မိမိသား ဖြစ်နေသောကြောင့် ဘမောင် တုန်လှုပ်သွား၏။ သားဖြစ်သူ ပြောနေသော စကားများမှာ မိမိတို့ အရက်သောက်တိုင်း ပြောနေကျ စကားများပင် ဖြစ်နေလေသည်။

ဘမောင် လက်ထဲတွင် ကိုင်ထားသော အထုပ်ကို လွှတ်ချကာ ဖိနပ်ချွတ်တွင် ထိုင်ချလိုက်သည်။ ထိုစဉ် အိမ်မှ သားဖြစ်သူ၏ အသံကို ကြားလိုက်ရသည်။ " အေ့ဟေ့ အိမ်ရှေ့က မောင်ပု လားအေ့ ၊ အမြည်း သွားဝယ်စမ်းကွာ ၊ တစ်လုံးပါ ဆွဲလာခဲ့ ၊ မကြာနဲ့နော် ၊ ကြာရင် နားရင်းရိုက်မှာ ၊ ဟေ့ကောင် မောင်ပု ကြားလား။ ခုချက်ချင်းသွား ပိုတဲ့ပိုက်ဆံ မင်းယူလိုက် . . . " ဟူသော ပြောဆိုနေသံကို ကြားလိုက်ရသော အခါ ဘမောင်ရင်ထဲ ဆို့နင့်ခံစား လာရသည်။ ဘမောင် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာလေသည်။ ထို့နောက် အိမ်ပေါ်တက်ကာ ဖန်ခွက်အတွင်းရှိ ရေများကို သွန်၍ သားဖြစ်သူ မောင်ပု ကိုဖက်ကာ ငိုလေတော့သည်။ ထိုနေ့မှစ၍ ဘမောင် အရက်ဖြတ်လိုက် လေတော့သည်။ 

နိုင်ငံကျော် ရုပ်ရှင်မင်းသား ၊ မင်းသမီးများ ၊ အဆိုတော်များသည် လူငယ်များအတွက် ကောင်းသောပုံသက်သေ ပေးနိုင် ၊ ပြနိုင်ရုံတင်မက ကျွန်တော်တို့ လူကြီးမိဘတွေ ကိုယ်တိုင်လည်း မိမိရင်သွေး နှင့် ပတ်ဝန်းကျင် ရှိ ကလေးငယ်များ ၊ လူငယ်လူရွယ်များကို ကောင်းသောပုံသက်သေ များပေးနိုင် ၊ ပြနိုင်ရန်လည်း အလွန်အရေးကြီးကြောင်း ရေးသားလိုက်ရပေသည်။ (အိုခေမီ)

No comments: