ဒီလိုလေးတွေ ရှိတတ်ပါတယ်
ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ အာရုံခံစားမှုတွေကို စုံလင်နေအောင် လက်ခံနိုင်စွမ်းပါတယ်။ အသံကို နားကနေကြားရတယ်။ ကြားရတဲ့ အသံဟာ သာယာ နာပျော်ဘွယ် ကောင်းတဲ့အသံ၊ ဆူညံရိုင်းစိုင်း ကြမ်းတမ်းတဲ့ အသံများ ရှိပါတယ်။ နှစ်လိုဘွယ် ကောင်းတဲ့ အသံကို လူတွေက စဉ်ဆက်မပြတ် နားထောင်လို ကြပါတယ်။ ဥပမာ သီချင်းသံ လေးတွေပေါ့။ ကြမ်းတမ်း ရုတ်ညံ့တဲ့ အသံကိုတော့ ဝေးဝေးက ရှောင်လိုကြပါတယ်။ နားမခံသာလို့ ဖြစ်ပါမယ်။ နောက် အရာဝတ္ထုတွေကို မျက်စိကနေ မြင်နေတွ့ရ ပါတယ်။ လှပချစ်စရာ ကောင်းမွန်တဲ့ အရုပ်၊ သဘာဝရှုခင်း၊ နေအိမ်တိုက်တာ အဆောက်အဦတွေကို ခံစားပြီး ကြည့်ကြပါတယ်။ အနိဋ္ဌာရုံ မြင်ကွင်းတွေ၊ သွေးသံတရဲရဲနဲ့ ဒဏ်ရာတွေ စတဲ့ မြင်ကွင်းတွေကိုတော့ မကြည့်လို၊ မမြင်လို၊ မတွေ့လိုကြပါဘူး။ ထိုအကြည့်ကိုလည်း ကြောက်ကြပါတယ်။ (စပ်စုတဲ့သူများကိုတော့ မဆိုလိုပါဘူး။) အစားအသောက်တွေ ကိုတော့ ပါးစပ်တွင်းလျှာက ခံစားပေးပါတယ်။ အပေါ့၊ အငန်၊ အစပ်၊ အခါး၊ ချဉ်ချို အရသာတွေကို လျှာက အပိုင်းလိုက် ဆုံးဖြတ် ပေးပါတယ်။ ကြိုက်နှစ်သက်တဲ့ အရသာဖြစ်မယ် ဆိုရင် စားပြီးရင်တောင်မှ ထပ်စားချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်စေပါတယ်။ မနှစ်သက်တဲ့ အရသာမျိုးဆိုရင်တော့ တစ်ဇွန်းလောက်တော့ စားကြည့်မှာပါ၊ နောက်ထပ် စားဖို့ မကြိုးစား ကြတော့ပါဘူး။ နှစ်သက်တာနဲ့ မနှစ်သက်တာကို ဖော်ပြလိုလို့ အစချီရေးမိပါတယ်။ အကောင်းနဲ့ အဆိုး တွန်တွဲနေတဲ့ သဘောလေးကို ပြောပြချင်တာပါ။
ကျွန်တော်လား စာဖတ် ၀ါသနာပါတယ်။ သူများ ရေးပြီးသားကို ဖတ်ရတာတောင်မှ ဒီစာက ဘယ်လို ဗဟုသုတရလို့ နှစ်သက်တယ်။ ဒီစာက ဒီလို အသိပညာပေးလို့ စွဲလန်းတယ်။ ဒီစာကတော့ ကျန်းမာရေးရှုထောင့်က မဖတ်မဖြစ် ဖတ်သင့်တယ် လို့ဆိုပြီး ဖတ်သမျှစာတွေကို ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြီး မှတ်သားထား တတ်ပါတယ်။ လေဘယ်လေးထိုးပြီး နောက်ပြန်ရှာရ လွယ်အောင် စနစ်တကျ သိမ်းထားတတ်မြဲပါ။ ဒီလိုလုပ်တာ ပညာတတ်လွန်းလို့ လူအထင်ကြီးအောင် လုပ်နေတာတော့ မဟုတ်ပါဘူး။ ၀န်ခံပါတယ်။ သာမန် စာရေးတတ် စာဖတ်တတ် ရုံလောက်ပဲ အရည်အချင်း ရှိပါတယ် ဆိုတာကို ကြိုပြော ချင်ပါတယ်။
နောက်အခြေအနေ ပေးတော့ အင်တာနက်ပေါ် ရောက်တယ်။ စပ်စုရင်းနဲ့ ဘလောဂ့်တွေ ဖတ်ဖြစ်တယ်။ ပိုးထလာတော့ ဘလောဂ့်တစ်ခု ဖွင့်တယ်။ ဟိုယောင်ယောင် ဒီယောင်ယောင် ရေးတယ်၊ နောက် ဘလောဂ့်မိတ်ဆွေတွေ ဖွဲ့မိတာတွေရှိတယ်။ တစ်ချို့လည်း ချက်ဖြစ်တဲ့ မိတ်ဆွေတွေရှိတယ်။ အပြင်က မိတ်ဆွေ သူငယ်ချင်း တွေထက် အွန်လိုင်းက မိတ်တွေ သူငယ်ချင်းတွေကို ပိုလို့ သံယောဇဉ် ရှိတယ်။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်တာနဲ့ လက်က အလိုလို ကွန်ပျူတာကို အွန်ပြီးသား ဖြစ်တယ်။ ဆီဘောက်မှာ ဘယ်သူက လာလည်သွားတယ်။ ဘယ်ပို့စ်မှာ ဘယ်မိတ်ဆွေက ဝေဖန်သွားတယ် ဆိုတာကို သိချင်ဇောနဲ့ နေ့တိုင်း ယဉ်ယဉ်လေး ရူးခဲ့ပါတယ်။ ဒီလို သံယောဇဉ် ရှိတာပါ။ အွန်လိုင်းပေါ် အမြဲလိုလို ရှိနေတတ်တာက ရှိသမျှဘလောဂ့်တွေကို ရောက်ခဲ့တဲ့ အိမ်တိုင်းမှာ စေ့စေ့ငင ဖတ်ရှုနေတတ်တာကြောင့် ကျွန်တော့်ချက်တိုင်ကို မြင်ရင် အမြဲမီးစိမ်းနေတတ် ပါတယ်။ ဒါကို တစ်ချို့က သိပ်စိတ်ဝင်စားပါတယ်။ ကိုဝင်းဇော်က ဘာအလုပ်လုပ်တာလဲ၊ ဘယ်နိုင်ငံကနေ ချက်တက်နေတာလဲ၊ ပညာအရည် အချင်းကရော၊ အင်တာနက်ပေါ် အမြဲတွေ့တယ်နော်၊ နားပါအုန်း၊ အညောင်းမမိဖူးလား ဆိုတာတွေ ခဏခဏပါပဲ။ အစ်ကိုရေးထားတဲ့ ပို့စ်တွေကို ကျွန်တော် သိပြီးသားတွေဗျ။ ဆိုတဲ့ သူကလည်း ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ စိတ်ဝင်စားဖော်ရလို့ ၀မ်းသာပါတယ်။ နာမည်ကတော့ ၀င်းဇော်ပါပဲ။ အလုပ်အကိုင်ကတော့ ဟိုင်းဝေးကားမောင်းတယ်။ (၁၀)ဘီးကားမောင်းတယ်။ နည်းနည်းတော့ အထင်စမောသွားပြီ။ အင်း ဗမာပြည်ကနေပဲ ချက်တက်ပါတယ် ဆိုရင် သိပ်အယုံအကြည် မရှိတော့ဘူး၊ ပိုအထင်စမော သွားတာလည်း ဖြစ်နိုင်ပါတယ်။ ပညာအရည်အချင်း ကတော့ ရေးတတ် ဖတ်တတ် ပါတယ် ဆိုတော့ အကုန်လှန်ပြေးတော့ တာပဲ ခုတော့ ဘယ်သူမှ မရှိတော့ဘူး။ တစ်ကယ်ပြောတာပါ။ နောက်ဆုံး ချက်တိုင်မှာ တစ်ယောက်ထဲကျန် ပါတယ်။ ဒီကျန်တဲ့ တစ်ယောက်လည်း ထိုနည်းနှင်နှင်ရယ်ပါ။ စကားမပြောချင်တော့ တာကြောင့် မီးစိမ်းတောင်မပြတော့ ပါဘူး။ Offline ကနေ ချက်နေပါတယ်။ ကျွန်တော့်ကို Block မလုပ်ထားတာတော့ ကျေးဇူးတင်ရမလို ဖြစ်မိပါတယ်။ သူ့ရဲ့ လိုလားချက် ပြည့်တဲ့နေ့ ကျော်သွားမယ်ဆိုရင်တော့ တာ့တာ လို့တောင် မဆိုနိုင်တော့ပဲ ထားခဲ့မှာ အသေအချာပါ။
ကိုယ်ဝါသနာပါတာကို လုပ်နေရတာမို့ ကျေနပ်ပါတယ်။ ပညာဂုဏ် မမောက်တာမို့ စာအရေးအသားတွေ ကြမ်းချင်ကြမ်းနေပါမယ်။ ဥနှောက် သေးသေးလေးမို့ လိုအပ်ချက်တွေ များနေမယ်ဆိုတာလည်း နားလည်ပါတယ်။ ကျွန်တော့် အင်တာနက်ကို ပြိုင်ကားအင်ဂျင် တပ်ထားပေမယ့် ဆိုင်းကားသာသာ သွားနှုန်းနဲ့ မောင်းနေရတာမို့ ခုတလော သူငယ်ချင်း မိတ်ဆွေတို့ဆီကို အိမ်ပေါက်စေ့ ရောက်မလာနိုင်ခဲ့ရင်လည်း ထပ်ဆင့် နားလည်ပေးဖို့ မေတ္တာရပ် ချင်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။
