Monday, October 15, 2018

ကမ္ဘာ့လက်ဆေးနေ့


ကမ္ဘာ့လက်ဆေးနေ့


နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့သည် ကမ္ဘာ့လက်ဆေးနေ့ ( Global Handwashing Day ) ဖြစ်သည်။ လက်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး ကလေး ဘ၀ကတည်းက စိမ်းလှသည် မဟုတ်ပေ။ ငယ်စဉ် ကလေးဘ၀ ကတည်းက အိမ်တွင်ရော ကျောင်းတွင်ပါ လူကြီးမိဘများ၊ ဆရာသမားများက လက်ဆေးကြရန် ပြောသည်ကို ကြုံဖူး၊ ကြားဖူးကြပါမည်။ 

လူကြီးများက အစာမစားမီ လက်ဆေးရန်၊ အိမ်သာအသုံးပြုပြီး လက်ဆေးရန် စသည်ဖြင့် ခိုင်းသည်ကို ငယ်စဉ်က လူတိုင်း ကြုံဖူးပါမည်။ ကလေးဘ၀တွင်မူ လက်ဆေးခြင်းသည် အပိုအလုပ်တစ်ခု အဖြစ်၊ ကစားချိန်၊ စားချိန်ကို အနှောင့်အယှက် ပေးသော အလုပ်အဖြစ် ကလေးတိုင်း တွေးဖူးပါမည်။ ထို့ကြောင့် မိဘက လက်ဆေးပြီး မှ မုန့်စားရမည် ဆိုသဖြင့် ရေပုံးထဲလက်နှိုက်ပြီး လက်ကိုရေဆွတ်ရုံ ဆွတ်ကာ ကလေးတိုင်း မုန့်ညာစားဖူးကြသည်။


လက်သန့်ရှင်းရေးတွင် လက်ကို နည်းစနစ်မှန်မှန် နှင့် စနစ်တကျဆေးကြရန် အရေးကြီးသည်။ လက်ကို ရေဆွတ်ရုံဆွတ်ခြင်းသည် နည်းစနစ်တကျ လက်ဆေးနည်း ဖြစ်လိမ့်မည်မဟုတ်ပေ။ လက်ကို ရေနှင့် ဆပ်ပြာအသုံးပြုပြီး စနစ်တကျ လက်ဆေးခြင်းကို လူအများသိရှိစေရန် နှစ်စဉ် အောက်တိုဘာ ၁၅ ရက်တွင် Global Handwashing Day Campaign ပြုလုပ်ခြင်းဖြစ်သည်။

ကမ္ဘာ့လက်ဆေးနေ့ရာဇ၀င်

ကမ္ဘာ့လက်ဆေးနေ့ ဖြစ်ပေါ်လာပုံမှာ ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဆွီဒင်နိုင်ငံ စတော့ဟုန်းမြို့၌ ကျင်းပသော Annual World Water Week  (ကမ္ဘာ့ရေရက်သတ္တပတ်)မှ အစပြုခဲ့ခြင်း ဖြစ်သည်။ ၎င်း ရက်သတ္တပတ်တွင် ကမ္ဘာ့လက်ဆေးနေ့ကို အောက်တိုဘာ ၁၅ ရက်နေ့တိုင်းတွင် နှစ်စဉ် ကျင်းပရန် သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ်တွင် FHI 360 (အမေရိကန်နိုင်ငံ အခြေစိုက် NGO တစ်ခု)၊ အမေရိကန် ပြည်ထောင်စု ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနနှင့် United States Agency for International Development တို့က ဦးဆောင်ပြီး ကျင်းပခဲ့ကြသည်။

၂၀၀၈ ခုနှစ်က စတင်ကျင်းပခဲ့ချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်မှ ကျောင်းများ၌ ကျင်းပပြီး ကလေးများကို ရေနှင့်ဆပ်ပြာ အသုံးပြုပြီး စနစ်တကျ လက်ဆေးတတ်စေရန် ကျောင်းသား၊ ကျောင်းသူ ပေါင်း သန်း ၁၀၀ ကျော်ကို သင်ပြပေးခဲ့သည်။ ၂၀၁၄ခုနှစ်တွင်လည်း အီဘိုလာရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်ရေးအတွက်ပါ ကမ္ဘာ့လက်ဆေးနေ့ကို အသုံးချပြီး နိုင်ဂျီးရီးယားနိုင်ငံ တွင် ကျင်းပခဲ့သည်။

ကမ္ဘာ့လက်ဆေးနေ့ ကျင်းပရခြင်းမှာ ကလေးငယ်များ သေဆုံးမှုကို လျှော့ချနိုင်ရန်နှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာနှင့် ၀မ်းရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်ရန် ဖြစ်သည်။ ထိုသို့လျှော့ချနိုင်ရန် အရိုးရှင်းဆုံး နည်းလမ်းမှာ ရေနှင့်ဆပ်ပြာကို အသုံးပြုပြီး လက်ကိုစနစ်တကျ ဆေးကြောရန် ဖြစ်သည်။ ထိုသို့ရိုးရှင်းသော နည်းလမ်းသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှုနှုန်းကို ၂၅ ရာခိုင်နှုန်းလျှော့ချနိုင်ပြီး ၀မ်းပျက်ဝမ်းလျှော ရောဂါများကြောင့် သေဆုံးမှုနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်သည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို အဘယ်ကြောင့် လက်ဆေးခြင်းဖြင့် လျှော့ချနိုင် ပါသနည်း။ အဖြေမှာ ရှင်းလင်းပါသည်။ ရောဂါရှိသူက သူ၏မျက်နှာကို လက်ဖြင့် ပွတ်ခြင်း၊ နှာချေချောင်းဆိုး ခြင်းများကို လက်ဖြင့်ကာခြင်း စသည်တို့ကြောင့် ရောဂါပိုးများသည် လက်တွင် ကပ်နေသည်။ ထိုမှတစ်ဆင့် ရောဂါပိုး ရှိနေသူလက်ဖြင့် ကိုင်တွယ်ခဲ့ သော ပစ္စည်းများ (ဥပမာ- တံခါးလက်ကိုင်၊ ရေခွက်၊ ရေပိုက်ခေါင်းစသည့်) ကို နောက်လူများက ကိုင်တွယ် အသုံးပြုခြင်းဖြင့် လက်မှတစ်ဆင့် မျက်နှာ၊ နှာခေါင်း တို့မှသည် အသက်ရှူ လမ်းကြောင်းသို့ ရောဂါပိုးများ ရောက်ရှိကူးစက် စေပည်။

စနစ်မှန်မှန် လက်ဆေးရန်

လေ့လာချက်များအရ လက်တွင် ရောဂါပိုး အများဆုံး ပေါက်ဖွားသည့် နေရာများမှာ လက်မအောက် ဂြိုဟ်ခုံ၊ လက်ချောင်းများ၏ အရင်းကြား နေရာများ၊ လက်ထိပ်နှင့် လက်သည်းများ အောက်တို့ ဖြစ်သည်။ ထို့ကြောင့် လက်ဆေးရာတွင် အဆိုပါနေရာ များကို ပါဝင်အောင် သေချာစွာ ဆေးကြောရန် လိုအပ်သည်။ စနစ်ကျသော လက်ဆေးနည်းတွင် ရေ၊ ဆပ်ပြာ တို့ကို အသုံးပြုပြီး အောက်ပါ အဆင့်များအတိုင်း အနည်းဆုံး နှစ်မိနစ်ကြာအောင် ဆေးကြောရပါမည်။
  • လက်ကိုရေဆွတ်ပါ။ သင့်တင့်သော ဆပ်ပြာပမာဏယူပါ။ အမြှုပ်ထွက်အောင် ပွတ်ပါ။
  • လက်ဖ၀ါးနှစ်ဖက်ကို အရင်ပွတ်ပါ။ (လက္ခဏာ အရေးအကြောင်း များကို သေချာစွာ တိုက်ချွတ်ပါ)။ လက်ဖမိုးကို သေချာစွာပွတ်ပါ။
  • လက်ကြားများ၊ လက်သည်းထိပ်များနှင့် လက်မတစ်ချောင်းလုံးကို သေချာစွာပွတ် ဆေးပြီးပါက လက်ကောက်ဝတ်ကိုပါ ဆပ်ပြာနှင့် ပွတ်ဆေးပါ။
  • ထို့နောက် ဆပ်ပြာအမြှုပ်များ စင်အောင်ရေ ဆေးချပြီးနောက် သန့်စင်ခြောက်သွေ့သော အ၀တ်စ သို့မဟုတ် တစ်ခါသုံးစက္ကူဖြင့် ရေစင်အောင်သုတ်ပါ။

ထိုသို့လက်ဆေးနည်း အဆင့်ဆင့်ကို မှတ်သားရ လွယ်ကူစေရန် " ဖ၀ါးဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား လက်မ မကျန်စေရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်တွင် အဆုံးသတ်ပါ " ဟူ၍ မှတ်သားထား နိုင်ပါသည်။ အထက်ပါ အဆင့်များအတိုင်း အစာမစားမီ၊ အိမ်သာမှအထွက်၊ အစားအစာ များကို မချက်ပြုတ်မီ၊ ချက်ပြုတ်ပြီး အစားအစာ များကို မကိုင်တွယ်မီနှင့် မိမိလက် မသန့်ရှင်းဟု ထင်သည့် အခါတိုင်းတွင် စနစ်တကျ ဆေးကြောရန် လိုအပ်သည်။ ထို့ပြင် လူနာအနီးသို့ မသွားမီ၊ မွေးကင်းစ နှင့် လသား ကလေးငယ်များကို မကိုင်တွယ်မီ၊ ဆေးရုံ ဆေးခန်းများသို့ မသွားမီနှင့် ပြန်ရောက်လျှင် ရောက်ချင်း လက်ကို စနစ်တကျ ဆေးကြောရန် လိုအပ်သည်။ ကျန်းမာရေး ၀န်ထမ်းများ အနေဖြင့်လည်း လူနာတစ်ဦးနှင့် တစ်ဦးကြားတွင်လည်း လက်ဆေးရန် အရေးကြီးသည်။ အပြင်မှ ပြန်ရောက်ရောက် ချင်းတွင်လည်း လက်ဆေးရန် လိုအပ်ပါသည်။

အိမ်များတွင် သတိပြုရန်မှာ လက်သုတ်အ၀တ် ပိုင်းများကို မကြာမကြာ လျှော်ဖွပ်ရန်နှင့် ခြောက်သွေ့စွာထားရန် ဖြစ်သည်။ သို့မဟုတ်ပါက ၎င်း အ၀တ်တွင် ပိုးမွှားများ ပေါက်ဖွားနေပြီး စနစ်တကျ လက်ဆေးခြင်းမှာ ၎င်း လက်သုတ်အ၀တ်ကို သုတ်မိသည်နှင့် အကျိုးမဲ့ ဖြစ်သွားတတ်ပါသည်။

အကယ်၍ ရေနှင့်ဆပ်ပြာ အလုံအလောက် မရှိပါက အရက်ပြန်ကို အခြေတည်ကာ ပြုလုပ်ထားသော လက်ဆေးဂျယ်များ အသုံးပြုပြီး အထက်ပါ နည်းစနစ် အတိုင်း လက်ကိုပွတ်၍ ၎င်းင်းဂျယ်များ အငွေ့ပြန်ခြောက်သွေ့ သည်ထိ လက်ကိုပွတ်တိုက် ဆေးကြောရမည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက်လည်း အိပ်ဆောင်ဂျယ်ဘူး လေးများကို ဈေးကွက်တွင် ၀ယ်ယူနိုင်သည်။ လက်ဆေးဂျယ် များမှာမူ နေရာတိုင်းတွင် အလွယ်တကူ မရရှိနိုင်သောကြောင့် ရေနှင့်ဆပ်ပြာ ကိုသာ အသုံးပြုသည့် အကျင့်ကို ရရှိစေရန် ကမ္ဘာ့ လက်ဆေးနေ့ Campaign ကြီးမှတစ်ဆင့် တိုက်တွန်း ရခြင်းဖြစ်သည်။

ကမ္ဘာ့လက်ဆေးနေ့ သိမှတ်ဖွယ်ရာများ

အထက်တွင် ဆိုခဲ့သလိုပင် ကမ္ဘာ့လက်ဆေးနေ့ကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ် အောက်တိုဘာ ၁၅ ရက်တွင် စာသင်ကျောင်းများ၌ အဓိကထားပြီး ကမ္ဘာနှင့်တစ်ဝန်း ကျင်းပသည်။ ထိုသို့ ကျင်းပခြင်းကို နှစ်စဉ် လူသန်းပေါင်း ၂၀၀ ကျော် ပါဝင်ကျင်းပ ကြသည်။ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • လူမျိုးပေါင်းစုံတို့၏ ဓလေ့ထုံးစံများတွင် လက်ဆေးခြင်းကို အမူအကျင့်တစ်ရပ် အနေဖြင့် လေ့ကျင့်မွေးမြူနိုင် စေရန်၊
  • နိုင်ငံတိုင်းတွင် လက်ဆေးခြင်း၏ အရေးပါပုံကို သိသာထင်ရှားအောင် ဆောင်ရွက်ရန်၊
  • လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်း၏ အရေးကြီးပုံများကို လူအများ ပိုမိုသတိပြုမိစေရန် တို့ဖြစ်သည်။

ကမ္ဘာ့ လက်ဆေးနေ့ကို အောက်ပါအတိုင်း ကျင်းပခဲ့သည်များလည်း ရှိသည်။
  • ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် မတူညီသော နေရာပေါင်း ၅၁ နေရာမှ ကလေးပေါင်း ၁၂၇၆၄၂၅ ဦးတို့ဖြင့် လက်ဆေးသူ အများဆုံးပါဝင်သော အစီအစဉ်အနေဖြင့် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ သည်။
  • တစ်ခါတစ်ရံတွင် အချို့အသင်းအဖွဲ့များ အနေဖြင့် အခြားရက်များတွင် ကျင်းပသည်လည်း ရှိသည်။ ဥပမာ- ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် အီသီယိုးပီးယားနိုင်ငံ မြို့တော်တွင် လူပေါင်း ၃၀၀ က ကမ္ဘာ့လက်ဆေးနေ့ ကို ကျင်းပခဲ့ကြသည်။
  • ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံရှိ စာသင်ကျောင်း တစ်ကျောင်း၌ အတန်းမစတင်မီတွင် လက်ဆေးနည်း မှန်မှန်ကန်ကန် ဖြင့် ဆေးကြော စေခြင်းဖြင့်လည်း ကမ္ဘာ့လက်ဆေးနေ့ ကို ကျင်းပခဲ့သည်။


လက်ဆေးခြင်းသည် တစ်ကိုယ်ရေ သန့်ရှင်းရေးတွင် အဓိကအကျဆုံး အခြေခံပင်ဖြစ်သည်။ ရောဂါဘယ ကင်းစင်ရေးအတွက် နည်းစနစ်ကျနသော လက်ဆေးနည်းကို မိမိတို့၏ ပတ်ဝန်းကျင်ကို မျှဝေပေးရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်လည်း ဖြစ်သည်။ ထိုသို့ ကျန်းမာရေးအတွက် အခြေခံ ကျနလှသော လက်ဆေးခြင်း အလေ့အကျင့် ကောင်းများကို ပတ်ဝန်းကျင်နှင့် အနာဂတ် မျိုးဆက် ကလေးငယ်လေးများကို လေ့ကျင့်ပျိုးထောင်ခြင်း အားဖြင့် ကျန်းမာသော၊ ကူးစက်ရောဂါများ ကင်းစင်သော ပတ်ဝန်းကျင်ကို တည်ဆောက် နိုင်ပါမည်။ ထို့ကြောင့် ကမ္ဘာ့ လက်ဆေးနေ့အတွက် ယခုနှစ်ဆောင်ပုဒ်ကို Clean hands – a recipe for health (သန့်ရှင်းသောလက် - ကျန်းမာရေးအတွက် ဆေးတစ်ခွက်) ဟု ချမှတ်ထားပါသည်။

လက်ဆေးခြင်းဖြင့် ကျန်းမာသော လူ့ပတ်ဝန်းကျင်ကို တည်ဆောက်ကြပါစို့။

ဒေါက်တာလင်း

No comments: