Thursday, October 8, 2020

ဆင်းရဲတဲ့နိုင်ငံတွေ ရောဂါကာကွယ်ဆေး နောက်ကျမှ ရမယ်ဆိုရင် . . . .

 

ဆင်းရဲတဲ့နိုင်ငံတွေ ရောဂါကာကွယ်ဆေး နောက်ကျမှ ရမယ်ဆိုရင် . . . .

 


ကမ္ဘာ့ကပ်ရောဂါ ကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါက်တော့ နိုင်ငံမရွေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ဆင်းရဲ ချမ်းသာမရွေး ၊ လူကြီးလူငယ် မရွေး ကူးစက် နေပြီ ဖြစ်တယ်။ ဒါပေမဲ့ စမ်းသပ်ဆဲသာ ရှိနေသေးတဲ့ ရောဂါ ကာကွယ်ဆေး တွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှု ကြားမှာ တစ်ဖက်စောင်းနင်း ရွေးချယ်ခံနေပြီ ဖြစ်ပါတယ်။

 

အခုဆိုရင် ကမ္ဘာ့လူဦးရေ ရဲ့ အနည်းငယ် မျှသာ အစိတ်အပိုင်း ဖြစ်တဲ့ ချစ်သာတဲ့ နိုင်ငံတွေက အလားအလာ ကောင်းတွေ ရှိတဲ့ စမ်းသပ်ဆဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထက်ဝက်ကျော် ကို ၀ယ်ယူထားပြီး ဖြစ်တယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆိုရင် သူ့နိုင်ငံထဲက ပြည်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ထိုးနှံခွင့် ရတော့မယ် လို့ ဆိုထားပါတယ်။

လက်ရှိ အချိန်မှာ ထုတ်လုပ်ဖို့ အတွက် ရှေ့ပြေး နေတဲ့ ကာကွယ်ဆေး ၅ မျိုး ရှိပါတယ်။ သူတို့ အားလုံးကလည်း အရေးကြီးတဲ့ နောက်ဆုံး အဆင့် လက်တွေ့ စမ်းသပ်မှု ကို လုပ်ဆောင် နေဆဲပါ။ အဲဒီ ကာကွယ်ဆေး ၅ မျိုးရဲ့ ထုတ်လုပ်နိုင်တဲ့ ပမာဏက ဆေးအလုံး ရေ ၅ ဒသမ ၉ ဘီလီယံ ရှိတယ်လို့ ပရဟိတ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ အောက်စဖမ် အမေရိက ရဲ့ သုတေသန မှာ ဖော်ပြ ထားပါတယ်။ ဆေးအလုံးရေ ၅ ဒသမ ၉ ဘီလီယံ ဟာ လူပေါင်း ၃ ဘီလီယံ နီးပါးကို ကာကွယ်ဆေး ထိုးပေးဖို့ အတွက် လုံလောက်ပါတယ်။

          အဲဒီထဲက ၅၁ ရာခိုင်နှုန်းကို အမေရိကန် ၊ ဗြိတိန် ၊ ဥရောပ သမဂ္ဂ ၊ သြစတြေးလျ ၊ ဂျပန် ၊ ဆွစ်ဇာလန် နဲ့ အစ္စရေး တို့ အပါအ၀င် ချမ်းသာတဲ့ နိုင်ငံတွေက ကြိုတင် ၀ယ်ယူထားပြီး ဖြစ်တယ်။ အဲဒီ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ လူဦးရေ စုစုပေါင်း က ကမ္ဘာ့ လူဦးရေ ရဲ့ ၁၃ ရာခိုင်နှုန်း ပဲ ရှိပါတယ်။

ကျန်တဲ့ ဆေးအလုံးရေ ၂ ဒသမ ၆ ဘီလီယံ ကိုလည်း အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ တရုတ် ၊ ဘရာဇီး ၊ အင်ဒိုနီးရှား နဲ့ မက္ကဆီကို နိုင်ငံတို့ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ၀ယ်ယူထား ပါတယ်။ တချို့ကလည်း ၀ယ်မယ်လို့ ကတိပြုထား ပါတယ်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အွန်းဆူလာ ဖွန်ဒယ်လိုင်ယန် ကတော့ အခုလိုမျိုး ကာကွယ်ဆေး တွေကို ချမ်းသာတဲ့ နိုင်ငံတွေက အလုအယက် ၀ယ်ယူထားတာဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ရှိတဲ့ ပြည်သူတွေ အတွက် အသက် အန္တရယ် ရှိတယ်လို့ သတိပေး စကား ပြောကြား ထားပါတယ်။

တချို့ နိုင်ငံကြီး တွေကလည်း ရောဂါ ကာကွယ်ဆေး ကို နိုင်ငံရေးမှာ အသုံးချ လာတာ တွေ့လာရ ပါတယ်။ ဥပမာ အားဖြင့် အမေရိကန် နိုင်ငံပါ ။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီမှာ ပြည်သူအားလုံး ကာကွယ်ဆေး တွေရရှိမယ် လို့ အခိုင်အမာ ဆိုထားပါတယ်။

တကယ်တော့ ကာကွယ်ဆေး ကောင်းတစ်ခု ရဖို့အတွက် အရင်တုန်းက အဆင့်ဆင့် စမ်းသပ်မှု တွေလုပ်ပြီး နှစ်ပေါင်းများစွာ အချိန်ယူရ ပါတယ်။ အခုတော့ တစ်နှစ်တောင် မရှိသေးတဲ့ အချိန် အတွင်းမှာ ကာကွယ်ဆေး ရတော့မယ် လို့ ဆိုလိုက် ခြင်းဟာ ကျွမ်းကျင် ပညာရှင် တွေရဲ့ ခန်းမှန်းချက် ထက်ကို အများကြီး စောနေပါတယ်။

ပညာရှင်တွေ ခန့်မှန်းထားတာက လာမယ့် နှစ်လယ်ပိုင်း မှသာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကာကွယ်ဆေး တွေ ရှိမယ်လို့ ဆိုထားတာပါ။ ဒါပေမဲ့ ထရမ့် က လာမယ့် ရွေးကောက်ပွဲ မှာ သူ့အနေနဲ့ ထပ်မံ အနိုင် ရရှိရေး အတွက် ရောဂါ ကာကွယ်ဆေး ကို နိုင်ငံရေး မှာ အသုံးချနေပြီး အများပြည်သူ သုံးစွဲဖို့ အဆင်သင့် မဖြစ်သေးတဲ့ ဆေးကို အချိန်တို အတွင်း အတည်ပြု ပေးဖို့ ဆေးဝါး တာဝန်ရှိ သူတွေကို ဖိအားပေး နေတယ်လို့ ဒီမိုကရက်တစ် အမတ်တွေက ဆိုထား ပါတယ်။

အခုလိုမျိုး ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေး တွေကို လက်ဝါးကြီးအုပ် ၀ယ်ယူ ထားမှုက ဆင်းရဲတဲ့ နိုင်ငံတွေ အပေါ် ဘယ်လောက် အထိ အကျိုး သက်ရောက် စေလဲဆိုတာ ဆက်ပြောရရင် ဆင်းရဲတဲ့ နိုင်ငံတွေဟာ ဆင်းရဲနွံ အတွင်းမှာ နစ်သထက် နစ်သွားနိုင်တဲ့ အထိ အကျိုး သက်ရောက်စေ ပါတယ်။

ဘာကြောင့်လဲ ဆိုရင် အခုလို ကမ္ဘာ့ကပ် ရောဂါ ကာလကြီးမှာ စီးပွားရေး အင်အား တောင့်တင်း ခိုင်မာပါတယ် ဆိုတဲ့ နိုင်ငံတွေ တောင်မှ စီးပွားရေး ပျက်ကပ်နဲ့ ကြုံနေရ တာပါ။ အနီးဆုံး အဖြစ်အပျက် ကတော့ နယူးဇီလန် နိုင်ငံဟာ ဆယ်စုနှစ် တစ်ခု အတွင်းမှာ ပထမဆုံး အကြိမ် စီးပွားပျက်ကပ် နဲ့ ရင်ဆိုလိုက် ရတာကို တွေ့ရမှာပါ။ ဒါပေမဲ့ သူတို့လို နိုင်ငံတွေက လူတွေသာ ကျန်းမာရေး ကောင်းမယ် ဆိုရင် တစ်နှစ် ၊ နှစ်နှစ် အတွင်းမှာ စီးပွားရေး နာလန်ထူ အောင် လုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ 

ဆင်းရဲတဲ့ နိုင်ငံတွေ ကတော့ ရောဂါ ကာကွယ်ဆေးကို နောက်ကျမှ ရမယ်ဆိုရင် စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး ၊ ကျန်းမာရေး စတဲ့ ကဏ္ဍပေါင်းစုံ မှာ ဟိုး နောက်ဆုံးကို ရောက်သွား နိုင်ပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ကပ် ရောဂါ ကာလကြီးမှာ ပြိုလဲ မသွားစေဖို့ ကျားကန်ပြီး တောင့်ခံထား ရမယ့် အခြေအနေ ရောက်နေပြီပဲ ဖြစ်ပါတယ်။

ထက်မြက်

Ref: The Straits Times

ဓာတ်ပုံ - အင်တာနက်


No comments: