Monday, October 19, 2020

မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ

 

မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ

 


လူတိုင်း ပလတ်စတစ် များကို သိလျက် နှင့် စားမည် မထင်ပါ။ သို့သော် မထင်မှတ်ဘဲနှင့် စားမိနေသည့် ပလတ်စတစ် ပမာဏ အများအပြား ရှိမည်ဆိုရင် မည်သူမျှ ယုံမည် မဟုတ်ပါ။

          စားမိနေသော ပလတ်စတစ် များမှာ မျက်စိဖြင့် မြင်နိုင်သည့် ပမာဏ မဟုတ်ဘဲ ၅ မီလီမီတာ အောက်ရှိသည့် အရွယ်အစား အလွန် သေးငယ်သော မိုက်ခရို ပလတ်စတစ် များ ဖြစ်သည်။

          ထိုသို့သော ပလတ်စတစ် များကို အလွန် ဝေးလံသော ဒေသရှိ အာတိတ် သမုဒ္ဒရာ ၏ ရေခဲပြင် များမှ တွေ့ရှိရသည်။ သို့သော် ထို ပလတ်စတစ် များမှာ မိမိတို့၏ ခန္ဓာကိုယ် အတွင်း သို့လည်း ရောက်ရှိနေသည်။


          ရောက်ရှိနေသည့် အကြောင်းရင်းမှာ ပလတ်စတစ် ပျော်ဝင် နေသည့် ရေများကို သောက်သုံးမိမှု ၊ ပလတ်စတစ် များကို အစာအဖြစ် စားထားမိသည့် ရေနေ သတ္တ၀ါများကို မိမိတို့က အစာအဖြစ် စားသောက်မိမှု တို့ကြောင့် ဖြစ်သည်။

          ထိုသို့သော နည်းအားဖြင့် မိမိတို့၏ ခန္ဓာကိုယ် အတွင်း မထင်မှတ်ဘဲ ရောက်ရှိနေသည့်  ပလတ်စတစ် ပမာဏ မည်မျှ ရှိနေနိုင် သည်ကို သုတေသန အခု ၅၀ မှ အချက်အလက် များကို စုပေါင်းပြီး ပညာရှင်များက ပုံဖော် ပေးထားသည်။

          ပညာရှင်များ ပုံဖော်ပေး ထားသော ရုပ်ပုံများကို ကြည့်ပါက မိမိတို့ အနေဖြင့် အလွန် အံ့အားသင့် ရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ထို့ပြင် အစိုးရ အသီးသီး၏ တိကျသော လုပ်ဆောင်ချက် သာမရှိပါက အနာဂတ်တွင် မထင်မှတ်ဘဲ ပလတ်စတစ် စားသုံးမိမှု ပမာဏမှာ ပိုမို မြင့်တက် လာဖွယ်ရာသာ ရှိသည်။

          မိမိတို့ လူသားများ မထင်မှတ်ဘဲ စားသုံးမိ နေသည့် မိုက်ခရို ပလတ်စတစ် ပမာဏမှာ သီတင်းပတ် တစ်ပတ်လျှင် ပလတ်စတစ် အစ ၂၀၀၀ နီးပါးရှိသည်။ ထို ပမာဏမှာ အလေးချိန် ၅ ဂရမ်နှင့် ညီမျှပြီး ခရက်ဒစ်ကတ် တစ်ကတ်၏ အလေးချိန် နှင့် အတူတူပင် ဖြစ်သည်။

          ထိုပမာဏကို ပုံဖော်ကြည့် ရမည်ဆိုလျှင် ကြွေရည်သုတ် ဟင်းရည် သောက်ဇွန်း တစ်ဇွန်း အပြည့်ဖြစ်မည် ဖြစ်သည်။ ယင်း ပလတ်စတစ် အစ ၂၀၀၀ နီးပါးအနက် ၁၇၆၉ စကို ရေမှ ရရှိခြင်း ဖြစ်ကာ ၁၈၂၈ စကို ကမာကောင် ၊ ယောက်သွား ၊ ပင်လယ်ကဏန်း ၊ ပုစွန်ဆိတ် တို့ကဲ့သို့ အခွံမာ ရေနေ သတ္တ၀ါ များကို စားသုံးခြင်းမှ လည်းကောင်း ၁၁ စကို ဆားမှ လည်းကောင်း ၊ ၁၀ စကို ဘီယာမှ လည်းကောင်း ရရှိနေခြင်း ဖြစ်သည်ဟု သုတေသန ပညာရှင်များ တွေ့ရှိသည်။

          တစ်လ အတွင်း စားသုံးမိသော ပလတ်စတစ် ပမာဏ ဆိုလျှင် ၂၁ ဂရမ် ရှိပြီး ဟင်းရည်သောက် ပန်းကန်လုံး တစ်ဝက်နှင့် ညီမျှသည်။

          ခြောက်လ သို့ ရောက်သည့် အချိန်တွင် မိမိတို့ မထင်မှတ်ဘဲ စားသုံးမိသည့် ပလတ်စတစ် ပမာဏမှာ ၁၂၅ ဂရမ်ရှိပြီး ဟင်းရည် သောက် ပန်းကန်လုံး တစ်လုံးစာ အပြည့်ဖြစ်သည်။ တစ်နှစ်ဆိုလျှင် မိမိတို့ စားမိနေသည့် ပလတ်စတစ် ပမာဏက ၂၅၀ ဂရမ် ရှိလာပြီး ထမင်းစား ပန်းကန်တစ်ချပ် မောက်မောက် ဖြစ်သည်။

          ၁၀ နှစ်ဆိုပါက စားမိသည့် ပလတ်စတစ် ပမာဏ မည်မျှ ရှိမည်ကို သိရလျှင် တော်ရုံအားဖြင့် ယုံနိုင်မည် မဟုတ်ပေ။ ထို ဆယ်စုနှစ် တစ်ခုအတွင်း စားမိသည့် ပလတ်စတစ် ပမာဏက တကယ့်ကို ၂ ဒသမ ၅ ကီလိုဂရမ် ရှိပြီး ဒီပမာဏ က စံချိန်မီ အသက်ကယ် ဘောတစ်လုံးစာ နှင့် ညီမျှနေသည်။

          လူ့သက်တမ်းကို အသက် ၇၉ နှစ်ထားပြီး တစ်ပတ်လျှင် စားမိသည့် ပလတ်စတစ် အစ ၁၉၇၂ စနှင့် တွက်ဆကြည့်လျှင် အလေးချိန် ပမာဏ ၂၀ ကီလိုဂရမ် ရှိမည်ဖြစ်ပြီး အမှိုက်ပုံး နှစ်ပုံးစာမျှ ဖြစ်နေသည်။ အင်မတန်မှပင် ထိတ်လန့်ဖွယ်ရာ ကောင်းပေသည်။

          လွန်ခဲ့သော နှစ် ၅၀ အတွင်း ပလတ်စတစ် ထုတ်လုပ်မှု မြင့်တက်လာပြီး တွင်ကျယ်စွာ သုံးစွဲမှုကိုလည်း ဖြစ်ပေါ်စေကာ ပတ်ဝန်းကျင်တွင် စွန့်ပစ် ပလတ်စတစ် များကိုသာ တွေ့ရသည် အထိ ဖြစ်လာရသည်။

          ပလတ်စတစ်သည် ဇီဝ သဘောအရ အလိုလို ဆွေးမြည့် ပျောက်ကွယ် နိုင်ခြင်း မရှိပေ။ သို့သော် အလွန် သေးငယ်သော အစိတ်အပိုင်းများ အထိ ပြိုကွဲစေနိုင် သည့်အတွက် မိမိတို့၏ အစားအသောက် များ အပါအ၀င် နေရာတကာတွင် တွေ့လာရခြင်း ဖြစ်သည်။

          သီတင်းပတ် တစ်ပတ်အတွင်း စားမိသည့် ပလတ်စတစ် ပမာဏ က သိပ်မများဘူးဟု ထင်ရသော်လည်း အချိန်ကြာ လာသည်နှင့် အမျှ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ ကောင်းသည့် ပမာဏ ထိ ရောက်ရှိ လာသည်ကို မျက်စိထဲတွင် မြင်တွေ့ရပြီး သည့်အခါ ပတ်ဝန်းကျင်တွင် ပလတ်စတစ် ကင်းစင်ရေးက အသက်တမျှ အရေးပါလာ သည်ကို မြင်တွေ့ရသည်။

          ထို့ကြောင့် လူတစ်ဦးချင်းစီက ပလတ်စတစ် သုံးစွဲမှုကို ဆင်ခြင်ပြီး အစိုးရဘက်ကလည်း တင်းကျပ်သော စည်းမျဉ်း စည်းကမ်း များကို ထုတ်ပြန် တားမြစ်မှသာ မိမိတို့၏ မျိုးဆက်သစ်များ အတွက် အကောင်းဆုံး သော ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်မည် ဖြစ်ပေသည်။ 

Ref : Mail Online

Photo – Internet


No comments: