Friday, October 16, 2020

သင့်လက်တစ်ကမ်းမှာ . . . စွမ်းဆောင်ပါ

 

သင့်လက်တစ်ကမ်းမှာ . . . စွမ်းဆောင်ပါ 

(အဆစ်ရောဂါ)

 


အဆစ်အမျက် ရောင်ရမ်းခြင်းတွင်  အဆစ်အမျက် များ ရောင်ရမ်းခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ တောင့်တောင့် တင်းတင်း ဖြစ်ခြင်းနှင့် မိမိ ပုံမှန်လုပ်ငန်း ဆောင်တာများ မစွမ်းဆောင် နိုင်ခြင်းတို့ပါဝင်သည်။ ကိုက်ခဲ ရောင်ရမ်းသော အဆစ်အမျက် တို့မှာ  ရောင်ရမ်းခြင်း ကြောင့် လက်နှင့် စမ်းသပ်ကြည့်လျှင် ခပ်နွေးနွေး၊ ခပ်တင်းတင်း ဖြစ်နေတတ်သည်။  ပုံမှန်လှုပ်ရှားမှု၊ သာမန် ထိတွေ့မှုတွင်ပင် နာတတ် သေးသည်။ 

လူတိုင်း လူတိုင်းသည် မွေးစမှနေပြီး ခန္ဓာကိုယ် သေဆုံးချိန်အထိ အများဆုံး ခံစားရသည့် ဝေဒနာသည် အဆစ်အမျက် ကိုက်ခဲနာကျင် ခြင်းဖြစ်သည်။ အဆစ် အမျက် ကိုက်ခဲခြင်းက  ရှိတတ်စမြဲ ဖြစ်သည်။   လူ့သက်တမ်း တွင် အနည်းဆုံး ၁၀ ကြိမ်တော့ ခံစားခဲ့ရ တတ်သည်ဟု မှတ်သား ဖူးသည်။ အဘယ်ကြောင့် ဆိုသော် လူဆိုသည်မှာ ခြေထောက် နှစ်ချောင်းနှင့် နေ့စဉ်လှုပ်ရှား သွားလာနေရ၍ ဖြစ်သည်။ ခြေနှစ်ချောင်း ထောက်ပြီး ခန္ဓာကိုယ်ကို နေ့စဉ် သယ်ဆောင် နေရခြင်းသည် ခြေလေးချောင်းဖြင့် ခန္ဓာကိုယ် သယ်ဆောင် သည့် တခြားသက်ရှိ သတ္တ၀ါတွေထက် အဆစ်အမျက် ကိုက်ခြင်းသည် မဆန်းကြယ်ချေ။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ  WHO ၏ ၂၀၁၉ စစ်တမ်းများ အရ ကမ္ဘာ့ လူဦးရေ၏ သုည ဒသမ ၃ မှ ၁ ရာခိုင်နှုန်း သည် နာတာရှည် အရိုးအဆစ် ရောဂါတစ်ခု ဖြစ်သည့် သွေးလေးဖက်နာ ရောဂါ ဖြစ်ပွားလျက် ရှိသည်။ အသက်  ၆၀ ကျော်သည့် ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့ အမျိုးသမီးထုနှင့် ၁၀ ရာခိုင်နှုန်း သော ကမ္ဘာ့ အမျိုးသားထု တို့သည် ကျီးပေါင်းရောဂါ ရှိနေကြပြီး နာကျင် ကိုက်ခဲမှု ဝေဒနာကို ခံစားနေကြ ရသည်။ 

အဆစ်အမျက် ကိုက်ခဲခြင်းနှင့် အဆစ်အမျက် ကိုက်ခရောင်ရမ်းခြင်း ဆိုပြီး ယေဘုယျ အားဖြင့် နှစ်မျိုး ရှိသည်ဟု မှတ်ယူနိုင်သည်။ အဆစ်အမျက် ကိုက်ခဲမှုတိုင်း၊ နာကျင်မှုတိုင်း တော့ စိုးရိမ်စရာ မလိုပေ။ သို့ပေမယ့် ပေါ့ပေါ့ဆဆ လည်း မနေသင့်ပေ။  အဆစ်အမျက်များ ကိုက်ခဲကာ ရောင်ရမ်းခြင်း ပါလာပါက  ပိုမိုဂရုပြစိုးရိမ်သင့်သည်။ အဆစ်အမျက် ရောင်ရမ်း ကိုက်ခဲတာ အနည်းငယ် ကြာလာလျှင်တော့ စိုးရိမ်ရသည်။ စောစောစီးစီး ရောဂါအဖြေရှာ သင့်သည်။ အရိုး အကြော အဆစ် ဆေးပညာ ဘာသာရပ်အရ အဆစ်အမျက် ရောင်၊  နာကျင်ကိုက်ခဲ ရသော အကြောင်းရင်းမှ ရောဂါအရေ အတွက် ၁၀၀ မျိုးအထိ ဆက်စပ်ဖြစ်ပွား နိုင်သည်။ 

အဆစ်အမျက် နာကျင်ကိုက်ခဲ ခြင်းသည်  အရွယ်သုံးပါး မရွေး၊ ကျားမ မရွေး ဖြစ်နိုင်သည်။ အသက်အရွယ် ရလာသည်နှင့် အမျှ အဆစ်အမျက် နာကျင် ကိုက်ခဲမှုက သဘာဝ အားဖြင့် ပိုဖြစ်လာ နိုင်သည်။  အဆစ်အမျက် ကိုက်ခဲမှုသည် ရောဂါများစွာနှင့် ဆက်စပ်နိုင် သကဲ့သို့ နာကျင်ခြင်းသည် ရောဂါများ၏ အစ ရှေ့ပြေး နိမိတ်လည်း ဖြစ်နိုင် သေးသည်။

အဆစ်အမျက် ကိုက်ခဲရောင်ရမ်း ခြင်းက ဘယ်အဆစ်အမျက် လဲဆိုတာ သတိထား မှတ်သားထားပါ။ လက်ဆစ်တွေ ပိုကိုက်သလား သို့မဟုတ် ခြေဆစ်တွေ ကပဲ ပိုဆိုးနေလား။ အခြားသော အဆစ်အမျက် ကြီးတွေ ထပ်ပါ နေသလား။ ခါးဆစ်ရိုး၊ ကျောရိုးပါတာ  မပါတာနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေ ရှိသော  ရောဂါအမျိုးမျိုး ကွဲသွားနိုင် သေးသည်။ တချို့သော အဆစ်အမျက် တွေက ငြိမ်ငြိမ်လေး မလှုပ်ရှားဘဲ နေပါက သက်သာ နေတတ်ကြပြီး တချို့က အိပ်ရာမှ နိုးနိုးချင်း ပိုနာ ပိုတင်း နေတတ်သေးသည်။ မတူညီပါ။ မိမိခံစားနေရ သည်ကို သေသေချာချာ မှတ်သားထား သင့်သည်။ 

အဆစ်အမျက် ကိုက်ခဲမှုနှင့် ဆက်စပ်ပြီး အတွေ့ရ အများဆုံး ရောဂါမှာ   ကျီးပေါင်း ဟုခေါ်သော Osteoarthritis ဖြစ်သည်။ ဒုတိယ အတွေ့ရ အများဆုံးမှာ သွေးလေးဖက်နာ ရောဂါဖြစ်သည်။ တခြားအဖြစ် များသော ရောဂါများမှာ ဂေါက်ရောဂါ၊  အရေပြား လေးဖက်နာ ရောဂါ၊ နာတာရှည် အကြောတက်နှင့် အဆစ်ကို ပိုးစွဲခြင်း တို့ဖြစ်သည်။ 

ထို့ပြင် နောက်ထပ် အရေးကြီးသည်မှာ  အဆစ်အမျက် နာကျင်ကိုက်ခဲခြင်း အပြင် ဘာတွေများ ထပ်ခံစား နေရသနည်း။ ဆံပင်ကျွတ်ခြင်း၊ အဖျားငွေ့ငွေ့ ရှိခြင်း၊ ပါးစပ်နှင့် လိင်အင်္ဂါတွင် အနာပေါက်ခြင်း၊ မျက်စိ ရဲခြင်း၊ နာခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိမ့် ထွက်ခြင်း၊ အာသီးရောင်ခြင်း၊   ပြန်ရည်ကြော အကျိတ်များ ရောင်ရမ်းခြင်း၊ ၀မ်းပျက် ၀မ်းလျှောခြင်း စသည်တို့ နှင့် တစ်ခုခု တွဲလာမည် ဆိုပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွင် တတ်ကျွမ်း နားလည်သည့်  ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အစားအသောက် မစားနိုင် အောင်နှင့် အိပ်မပျော် နိုင်လောက်အောင်  အဆစ်အမျက်များ နာကျင်ပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်သည်။

အဆစ်အမျက် ကုသမှုအတွက်  ဥရောပ အရိုး အကြော အဆစ်  ဆေးပညာရှင် အဖွဲ့ကလည်း မိသားစု ကျန်းမာရေး ဆရာဝန်နှင့်  အထွေထွေ ရောဂါအထူးကု ဆရာဝန်တို့ကို အကြံပြထားသည်။ ခြောက်ပတ်ကြာ အထွေထွေ ကုထုံးနှင့်  အဆစ်အမျက် နာကျင်ခြင်း ကုသမှုမှာ မသက်သာပါက သို့မဟုတ် ရောဂါအမည် တစ်ခု တိတိကျကျ မသတ်မှတ် နိုင်သေးသော အခြေအနေ ဖြစ်ခဲ့လျှင် အရိုး အကြော အဆစ် ဆေးကုသမှု အထူးကု ဆရာဝန်ထံသို့   လွှဲပြောင်း အကြံဥာဏ် ရယူရန်  အကြံပြထားသည်။ 

စောစောစီးစီး လွှဲပြောင်း စေလိုခြင်းမှာ စောစောသိ၊ စောစော အဖြေရှာ၊  မြန်မြန်ကုထုံး ရစေလိုခြင်း ဖြစ်သည်။  ဥပမာအားဖြင့်  အဖြစ်များသော   အရိုးကျီးပေါင်း ရောဂါသည် အရွယ်ကြီးရင့်ခြင်း နှင့် ရောင်ရမ်းခြင်း တို့ကြောင့် ဖြစ်ရသည်။ ပျက်စီးလွယ်သော အခြေအနေ တစ်ခုကို ကုထုံးနှင့် မြန်မြန် ကျားကန် လိုက်လျှင် ပျက်စီးမည့် အဆစ်အမျက်ကို အချိန်မီ ကယ်တင်နိုင် ပြီး ကျန်ရှိသော လူ့ဘ၀အချိန်ကို နာကျင်မှု ကင်းကင်း နှင့် ဖြတ်သန်းရန် အထောက်အကူ ပြသည်။ 

သွေးလေးဖက်နာ ရောဂါသည်လည်း သက်လတ် အပိုင်းအခြားတွင် ဖြစ်ပွားသည့်  ခုခံမှုစံ လွဲသော ရောဂါဖြစ်သည်။ မိမိခုခံအား က မိမိကိုယ်ကို ကာကွယ် ရမည့်အစား မသိဘဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။ သွေးလေးဖက်နာ ရောဂါသည်လည်း စောစောစီးစီး အဖြေရှာ၊ ဆေးကုသမှု ခံယူလျှင် နောက်ပိုင်းတွင် အဆစ်အမျက်များ ပုံပျက်ခြင်းနှင့် အခြားသော အတွင်း ကလီစာတို့ ပျက်စီးခြင်းမှ ကာကွယ်နိုင်သည်။ ထို့ကြောင့် စောစောသိ၊ စောစော အဖြေရှာ၊ စောစောကု စေလိုခြင်း ဖြစ်သည်။ တခြားသော  အရိုးအကြော အဆစ်ရောဂါ တို့သည်လည်း ထိုနည်း အတိုင်းပင် ဖြစ်သည်။ 

ရောဂါကို ဆောလျင်စွာ သိရှိပြီး  အချိန်မီကုသ နိုင်ခြင်းက များစွာ အကျိုးရှိသည်။ နာခြင်းသည် သတိပေး ခေါင်းလောင်းဖြစ်သည်။ သတိပေး ခေါင်းလောင်း တီးချိန်တွင်မှ  သတိမမူလျှင် အရာရာ နောက်ကျကာ အရှုံးနှင့်သာ ရင်ဆိုင်ကြရမည်။ အချိန်မီ ကုသပြီး နာကျင်ခြင်း ကင်းဝေးပါက နေ့စဉ် လူမှုဘ၀ကို မထိခိုက်ဘဲ အပြုံးနှင့် နေနိုင်ပေမည်။ ရောဂါနှောင်းမှ၊  ရောဂါကြောင့်  မသန်စွမ်း ဖြစ်ခါမှ သိရှိကုသလျှင်  မိမိအတွက် တခြားသူ၏ အကူအညီ ထပ်မံ လိုလာပေမည်။ မိမိ၏ လုပ်နိုင်စွမ်းအား ကျရှုံးရုံမျှ မက အခြားသူသည် မိမိကို ကူနေရ၍ ၎င်း၏ လုပ်နိုင် စွမ်းအားကိုလည်း ထိခိုက်စေ နိုင်ကြောင်း သတိပြရပေမည်။ 

တခြား အရေးကြီးသည်မှာ ကိုယ်ခန္ဓာ အလေးချိန် များခြင်း သည်လည်း  အဆစ်အမျက် နာကျင် စေနိုင်သည်။ ပုံမှန်သင့်တင့် မျှတသော ကိုယ်အလေးချိန်ရှိ ရန်လည်း အရေးကြီးသည်။ အရိုး အကြော အဆစ်များ ကြံ့ခိုင် သန်စွမ်းရန်၊ သက်တမ်းစေ့ စွမ်းအင်ပြည့် အလုပ်လုပ် နိုင်ရန် ပုံမှန် အားကစား တစ်ခုခုကို အချိန်ပေး လုပ်သင့်သည်။ နေ့စဉ် တက်ကြွစွာ နေထိုင်သင့်သည်။ အရိုးများ သန်မာစေရန်၊ အရိုး သိပ်သည်းမှုကို အပြည့်အ၀ တည်ဆောက် နိုင်ရန် အစားအသောက် လည်း အရေးပါသည်။   နို့နှင့် နို့ထွက် ပစ္စည်းများကို ပုံမှန် စားသောက်ခြင်း၊ နံနက်ခင်း နေရောင်ခြည် ရသော အချိန်တွင် ကိုယ်လက် လှုပ်ရှား အားကစား ပြလုပ်သင့်သည်။ ထိုသို့ ကျန်းမာ သန်စွမ်းသော လူနေမှုဘ၀က အရိုးအဆစ်များ နာကျင်ကိုက်ခဲမှု ဝေဒနာကိုလည်း ကင်းဝေး စေသည်။ 

ယခုအခါ ရောဂါကုထုံး အသစ်အဆန်းများ များစွာ ပေါ်ထွန်းလျက် ရှိသည်။ ခေတ်မီ ဇီဝကုထုံး များဖြင့် ကျွမ်းကျင်ရာ နယ်ပယ် အသီးသီးမှ အထူးကု ဆရာဝန်များ စုပေါင်း ညှိနှိုင်းကာ ကုသစေသော ခေတ် ဖြစ်လာသည်။ မိသားစု ကျန်းမာရေး ဆရာဝန်များ၊ ပြန်လည် သန်စွမ်းရေး ဆိုင်ရာ အထူးကု ဆရာဝန်များ၊ အရိုး ခွဲစိတ် အထူးကု ဆရာဝန်များ၊ အထွေထွေ ဆေးကုသမှု သမားတော် များနှင့် အရိုး အကြော အဆစ် ဆေးကုသမှု ဆိုင်ရာ အထူးကု ဆရာဝန်များ ပေါင်းစပ် ညှိနှိုင်းပြီး  အရိုးအဆစ် နာကျင်မှုနှင့်  ပြဿနာ အမျိုးမျိုးကို ဘက်ပေါင်းစုံမှ အတူတကွ လက်တွဲ၍ ကုသနိုင် လေသည်။ 

နှစ်စဉ် အောက်တိုဘာ ၁၂ ရက်ကိုလည်း ကြီးမားသော ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်သည့် အဆစ် နာခြင်းကို ပိုမို သတိပြုစေရန် '' ကမ္ဘာ့အဆစ်ရောင်ရောဂါနေ့'' World Arthritis Day အဖြစ်သတ်မှတ် ခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ပိုမို သတိပြစေရန် ကြိုးပမ်းလျက် ရှိသည်။ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ အဆစ်ရောင် ရောဂါနေ့၏ ဆောင်ပုဒ်မှာ  ''သင့် လက်တစ်ကမ်းမှာ... စွမ်းဆောင်ပါ''  It’s in your hands . . .  Take Action ဖြစ်သည်။ ကျွန်ုပ်တို့၏ ခံစားရ တတ်သော အဆစ်နာ၊ အဆစ်ရောင် ဝေဒနာများကို မပေါ့လျော့ဘဲ စောစောစီးစီး ရောဂါ အခြေအနေ မှန်ကိုသိရှိပြီး ကုထုံးကို မြန်မြန်ဆန်ဆန် ရအောင် တတ်ကျွမ်း နားလည်သော ဆရာဝန်များနှင့် လက်တွဲကာ  စွမ်းဆောင်ရမည် ဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။ အဆစ် နာကျင်ခြင်း ကင်းသော၊  ဝေဒနာ ကင်းရှင်းသော လူ့ဘောင်ဆီသို့.....။      

မင်းလှိုင်ထော

ဓာတ်ပုံ - အင်တာနက်


No comments: