Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Sunday, November 29, 2020

မဲဇလီဖူးသုပ် နှင့် ကျန်းမာရေး

 

မဲဇလီဖူးသုပ် နှင့် ကျန်းမာရေး

 


ကျွန်တော်တို့    မြန်မာလူမျိုး များဟာ တန်ဆောင်မုန်း လပြည့်ညမှာ မဲဇလီဖူးသုပ် စားလေ့ရှိပါတယ်။ ကျီးမနိုးပွဲမှာ ဖမ်းဖို့လား ၊ ဆေးပေါင်းခဖို့လား၊    နှစ်မျိုးစလုံး အကျိုး ရစေဖို့ လားပေါ့။ ဒါပေမဲ့ ရှေးအယူ ကတော့ တန်ဆောင်မုန်း လပြည့်ညဟာ ဆေးပေါင်းခ တယ်လို့ ဆိုပါတယ်။ ကြတ္တိကာ နက္ခတ်နဲ့ စန်းယှဉ်တဲ့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဆေးပင်အပေါင်း တို့ကို စောင့်ရှောက်ရတဲ့  နတ်အပေါင်းတို့က မဲဇလီပင် စောင့်နတ်ကို တညီတညွတ်တည်း လာရောက်ခစား ရပါတယ်။ ဒါကြောင့် ဒီအချိန်အခါ သမယဟာ ဆေးပေါင်းခတဲ့ ည ဖြစ်ပေမပေါ့။  အဲဒီလို ဆေးပေါင်းခတဲ့ မဲဇလီဖူးသုပ် ကိုစားရင်ဖြင့်  ၉၆ ပါးရောဂါ ကင်းတယ်၊ အသက်ရှည်မယ် လို့ ယုံကြည်ထားကြ ပါတယ်။ အချို့ကလည်း  ကြတ္တိကာနက္ခတ် ကိုစောင့်တဲ့ မီးနတ်ကြီးက တန်ဆောင်မုန်း လပြည့်နေ့မှာ လူ့ပြည်လူ့ရွာ အလည်လာ ပါသတဲ့။   မိတ်ဆွေဖြစ်တဲ့ မဲဇလီနတ်မင်း ထံမှာ တည်းခိုပါတယ်။ ဒီအချိန်မှာပဲ လူ့ပြည်မှာရှိတဲ့ အာကာသစိုး နတ်မင်းကြီးနဲ့ တကွသော နတ်အပေါင်း တို့က မီးနတ်ကြီးကို လာရောက် နှုတ်ဆက် ဂါရ၀ပြကြပါတယ်။ စိန်နားကပ်ရောင်နဲ့ ပါးပြောင် ဆိုသလိုပေါ့။ မီးနတ်ကြီးနဲ့ အတူ တန်ခိုးကြီး နတ်တွေ လာရောက် စံပျော်ရာ ဖြစ်တဲ့ မဲဇလီပင်ဟာ အညွန့်အဖူး တွေပါမကျန် တန်ခိုးသတ္တိ ထူးတွေနဲ့ ပြည့်စုံနေကြ ပါတယ်။  ပုံပြင်ဆန်ဆန် ဆိုပေမယ့်  ကျွန်တော်တို့ ဘိုးဘွား လက်ထက် အဆင့်ဆင့် လက်ဆင့်ကမ်း လာတဲ့   ရိုးရာအမွေ၊ ဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။

Sunday, June 24, 2018

သောကကင်းကွာ ငြိမ်းချမ်းပါစေ


သောကကင်းကွာ ငြိမ်းချမ်းပါစေ

လူ့ဘ၀သည် ရခဲလှ၏။ လူ့ပြည်က အပ်တစ်စင်း နှင့်နတ်ပြည်က အပ်တစ်စင်း အချင်းချင်း ထိတွေ့ရန် လွယ်ကူကောင်း လွယ်ကူပေမည်။ လူဖြစ်ရန်ခက်ခဲ လှသည်ဟု အဆိုရှိသည်။ " မနုဿတ္တဘာဝေါ ဒုလ္ဘဘော " ဟူ၍လည်း မှတ်သားရသည်။ သို့ဖြစ်ပေရာ ရခေါင့်ရခဲ လူ့ဘ၀ထဲဝယ် ရောက်ရှိလာရ ထိုခဏတွင် လူဖြစ်ကျိုး နပ်စေရန်၊ လူကောင်းလူတော် ဖြစ်စေရန် အလွန် အရေးကြီးသည်။

လောကသုံးပါးတွင် လူသည်သာလျှင် အသိဉဏ် အရှိဆုံး၊ စွမ်းဆောင်ရည် အရှိဆုံး၊ အမြင့်မြတ်ဆုံး နှင့် အထက်မြတ်ဆုံး သော သတ္တ၀ါဟု ဆိုရပါမည်။ သုံးလောက ထွတ်ထား ဗုဒ္ဓမြတ်စွာဘုရား သည် သာမန် လူသားတစ်ဦးပင် ဖြစ်လင့်ကစား၊ သဗ္ဗညုတ ရွှေဉဏ်တော် ရရှိသော၊ သတ္တ၀ါအားလုံး အပေါ်တွင် မေတ္တာ ထားရှိသော၊ ရန်အပေါင်းကို အောင်မြင်သော၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိမြင်၍ လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးရွက်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ညွှန်ပြ သွန်သင်ပေး တတ်သော၊ စိန်ရောင်ခြည် နေတစ်နုန်းကဲ့သို့ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင် အရှင်သူမြတ် ကြီးလည်း ဖြစ်တော်မူသည်။

Friday, December 26, 2014

တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုပါမယ် ...



တစ်နှစ်ပတ်လုံး လိုက်နာကျင့်သုံးမည့် ကိုယ်တိုင်ပေး ကတိများဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ရှိ

၂၀၁၄ နှစ်ကုန်ပိုင်းကို ရောက်ရှိလို့ လာပါပြီ။ နှစ်စဉ်လိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ နှစ်သစ်ကို ကြိုကြဦး မှာပါ။ အများရှေ့မှာ ကိုယ့်ရဲ့ နှစ်သစ် အဓိဋ္ဌာန် တွေကို ရွတ်ပြကြ ပါလိမ့်မယ်။ အများစု ကတော့ နှစ်သစ်မှာ ကျန်းမာရေးကို အထူး ဦးစားပေး ဆောင်ရွက် သွားမယ်လို့ ပြောတတ် ကြပါတယ်။ ကျွန်တော် ကတော့ ခန္ဓာကိုယ် ကျန်းမာရေး အပြင် စိတ်ကျန်းမာရေး ကိုလည်း ဦးစားပေး သွားမယ်လို့ နှစ်သစ် အဓိဋ္ဌာန်ပြု သွားမှာပါ။

တကယ်တော့ စိတ်ကျန်းမာရေးဟာ အလုံးစုံ ကျန်းမာရေးရဲ့ ဗဟိုချက် ပါပဲ။ စိတ် ကျန်းမာရေး မကောင်းဘဲ နဲ့တော့ ဘယ် ကျန်းမာရေး မှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်မှာ နှလုံးနဲ့ ကင်ဆာရောဂါ တွေကို ဖြစ်ပွား စေနိုင်သလို ရေတိုမှာ ဆိုရင်လဲ ကျား-မ ခွဲခြား ဆက်ဆံခြင်း ၊ လူမှု အသိုင်းအ၀ိုင်း ကနေ ဖယ်ကြဉ်ခံ ရခြင်း ၊ ကြမ်းတမ်း ခက်ထန် လာခြင်း ၊ ပြစ်မှု ကျူးလွန်ခြင်း နဲ့ ကျန်းမာရေး ကို ထိခိုက်စေတဲ့ နေထိုင်မှု ပုံစံတွေကို ခံစားရနိုင် ပါသည်။

ဒါဖြစ်ရင် စိတ်ကျန်းမာရေး ကောင်းမွန်တယ် ဆိုတာကို ဘယ်လို အနက် အဓိပ္ပာယ် ဖွင့်ကြမလဲ။

လူတစ်ဦးက ကိုယ်စွမ်းကိုယ်စ ရှိသလောက် လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူး ကို ခွဲခြား သိမြင်မယ်၊ ဘဝမှာ ကြုံတွေ့ရလေ့ ရှိတဲ့ စိတ်ဖိစီးစရာ တွေကို ကျော်လွှားနိုင်မယ်၊ အကျိုး သက်ရောက်မှု ကောင်းမွန်တဲ့ အလုပ်တွေကို လုပ်နိုင်မယ်၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ လူ့အသိုင်း အဝိုင်း ကိုလဲ အကျိုးပြု နေနိုင်မယ် ဆိုရင် ဒီလူရဲ့ စိတ်ကျန်းမာရေး ဟာလဲ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့ပြင် ကိုယ်ဟာ အပြုသဘော၊ အပျက်သဘော ခံစားချက် နှစ်ရပ်လုံးကို မျှမျှတတ ခံစား သိမြင်ကိုင်တွယ် တတ်သလား၊ လူတွေဆီကနေ ကောင်းတာကို သင်ယူတတ်ပြီး မှားယွင်းတာကို သင်ခန်းစာ အဖြစ်  မှတ်သား တတ်သလား ဆိုတာကလဲ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်း ရှိ၊မရှိ ဆင်ခြင်သုံးသပ် လို့ရတဲ့ ထင်ဟပ် ပုံရိပ်တွေ ဖြစ်ပါတယ်။ ဒီတော့ ၂ဝ၁၅ ခုနှစ်မှာ စိတ်ရောကိုယ်ပါ ကျန်းမာနိုင်ဖို့ ကျွန်တော် ကျင့်သုံးသွားမှာ လေးတွေကို ဖော်ပြ သွားပါမယ်။

ကျန်းမာရေးကို ကောင်းမွန်စေမယ့် အစားအစာတွေကို ရွေးချယ် စားသောက်ပါမယ်။ ခန္ဓာကိုယ်အတွက် ကောင်းမွန်သလို ကိုယ်အလေးချိန် ကိုလဲ ထိန်းထား ပေးနိုင်ပြီး ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ရောဂါ ဝေဒနာတွေ ဖြစ်ပွားနိုင်ခြေလဲ နည်းသွားမှာ ဖြစ်သလို နာတာရှည် နှလုံး၊ ကင်ဆာရောဂါ တွေရဲ့ ခြိမ်းခြောက်မှု ကိုလဲ လျော့ပါးစေ ပါတယ်။ ဒါ့ပြင် အာဟာရ ပြည့်ဝစုံလင်စွာ စားသောက် ပေးနိုင်မယ်ဆိုရင် ဦးနှောက် ကျန်းမာရေး ကိုလဲ အထောက်အကူ ပြုတာမို့ စိတ်ကျန်းမာရေး ကိုလဲ အကျိုး သက်ရောက် စေနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှား အားကစား မှန်မှန်လုပ် ပါ့မယ်။ ကိုယ်၊ စိတ် နှစ်ရပ်လုံးရဲ့ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားမှုက အရေးကြီး ပါတယ်။ အရွယ်ရောက် သူတွေ အနေနဲ့လဲ ခပ်ပျော့ပျော့ အားကစား ကို တစ်ပတ်ကို မိနစ် ၁၅ဝ လောက်ရအောင် ကစားပေး သင့်ပြီး နည်းနည်း ပြင်းတဲ့ အားကစားမျိုး ဆိုရင်တော့ ၇၅ မိနစ် အနည်းဆုံး ကစားပေးသင့် ပါတယ်။

မှန်မှန်ကန်ကန် အိပ်စက်ပါမယ်။ အိပ်ရေးဝတာနဲ့ မှန်မှန်ကန်ကန် အိပ်စက်တာနဲ့ မတူပါဘူး။ လူတစ်ဦးဟာ တစ်နေ့အိပ်ချိန် ၈နာရီ လိုတယ်ဆိုပြီး နံနက် ၂ နာရီကနေ ၁ဝ နာရီထိ အိပ်တယ်ဆိုရင် အိပ်ရေးဝ တယ်လို့ ဆိုနိုင်ပေမယ့် အိပ်စက်ပုံ မှန်ကန်တယ် လို့တော့ မဆိုနိုင်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ရဲ့ သဘာဝ လိုအပ်ချက် ကိုက ညအချိန် အိပ်စက်ဖို့ ဖြစ်ပါတယ်။ ညသန်းခေါင် မတိုင်ခင် အိပ်ရာဝင်နိုင်မယ် ဆိုရင်အကောင်းဆုံးပါပဲ။ ဒီလို အိပ်နိုင်အောင် ကြိုးစားသွား ပါမယ်။

စိတ်ဖိစီးမှုနဲ့ အလိုက်သင့် လိုက်ပါ သွားပါမယ်။ စိတ်ဖိစီးမှု ဖြစ်ပြီဆိုရင် အဲဒီ စိတ်ဖိစီးမှုကို မေ့ပစ်ဖို့၊ ဖျောက်ပစ်ဖို့ ကြိုးစားနေတာ ကိုက စိတ်ဖိစီးမှု ထပ်ဖြစ်စေ ပါတယ်။ စိတ်ဖိစီးမှု ကို ဖြစ်စေတဲ့ အကြောင်းရင်းဟာ ပြင်လို့ ရနိုင်သလား၊ ပြင်လိုက်ပါ။ ပြင်လို့ မရဘူးလား၊ အလိုက်သင့် လိုက်ပါ သွားလိုက်ပါ။ အရှိန်နဲ့ ပြေးနေတဲ့ ကားပေါ်က ခုန်ဆင်းပြီး အလိုက်သင့် လိုက်သလိုပါပဲ။ တစ်ချိန်ချိန်မှာ ရပ်လိုက် နိုင်မှာပါ။ ချက်ချင်းရပ်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ကိုယ်ပဲ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျ မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါတွေက နေ့တိုင်းကြုံ နေရတဲ့ကိစ္စ တွေပဲ။ အထွေအထူး အဓိဋ္ဌာန်ပြုပြီး လုပ်နေဖို့ လိုလို့လားလို့ တွေးမိ နေတယ်ဆိုရင် သင်ဟာ ဒါတွေကို အမြဲမှားယွင်း ဖောက်ဖျက် နေသူပဲ ဖြစ်ပါတယ်။ အလုပ်လုပ်တယ် ဆိုတာ ကောင်းကောင်း နေရဖို့ပါ။ ဒီအလုပ်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ ဖြစ်နေတယ်ဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ ဒါကြောင့် ၂ဝ၁၅ နှစ်သစ်ကို ထူးဆန်းတဲ့ အဓိဋ္ဌာန်တွေနဲ့ မဖွင့်ဘဲ ရိုးရှင်းပြီး ကိုယ်တကယ် ပြုပြင်ဖို့ လိုအပ်တဲ့ အစားမှန်၊ အအိပ်မှန်၊ ကစားနည်းမှန် တွေကို လေ့ကျင့်ပြီး စိတ်ဖိစီးမှုကိုလဲ ကိုင်တွယ်တတ် လာအောင် ကြိုးပမ်းတာ ကပဲ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် လို့ လေ့လာ ရေးသားတင်ပြ လိုက်ရပါ တယ်။(TMK)

Thursday, December 31, 2009

အနာဂတ်လှပနိုင်ကြပါစေ

အနာဂတ်လှပနိုင်ကြပါစေ

ပန်းတွေ ဖူးရာကနေ ပွင့်ကြတယ်၊ အစွမ်းကုန် လှသွေးကြွယ်ပြီး အချိန်တန်တော့ ညှိုးမယ်။ ကျွန်တော်တို့လည်း နှစ်ဟောင်းကို နှုတ်ဆက်လိုက်တာနဲ့ တစ်နှစ်တော့ ထပ်အိုသွားကြတယ်။ ဒါကြောင့် ဘယ်အရာကမှ ထာဝရ ဆိုတာ မရှိပါဘူး။ မတည်မြဲတဲ့ ကျွန်တော်တို့ လူ့လောကထဲမှာ ရောက်စဉ်ခဏ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ရင်ပဲ အလှတရား ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီ အလှတရား တွေကသာလျှင် ဘဝကို ရှည်ကြာစေပြီး နေပျော်တဲ့ ရှင်သန်မှုကို ဖြစ်စေမှာ အမှန်ပါ။ အဆိုးတွေရော အကောင်းတွေနဲ့ပါ ရောပြွန်းနေတဲ့ နှစ်ဟောင်းကို ပျော်ရွှင်စွာနဲ့ပဲ ဖြတ်ကျော်လာခဲ့တယ်။ ရှေ့မှာ စောင့်နေတဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ရမယ့် နှစ်သစ်ကို လှပပြီး အောင်မြင်တဲ့ နေ့သစ်တွေပဲ ဖြစ်စေချင်တာ ဆန္ဒမှန်ပါ။ ဒါကြောင့် နှစ်သစ်မှာ အောင်မြင်လိုသူတွေ အတွက် ရှောင်ကျဉ်ရမယ့် အချက်တွေကို မျှဝေ ပေးလိုက်ပါတယ်။

(၁) စွန့်စားရန် သတ္တိမရှိခြင်း ( Unwillingness to take risks )
(၂) ဇွဲမရှိခြင်း ( Lack of persistence )
(၃) ချက်ချင်းစိတ်ကျေနပ်မှုကိုသာကြည့်ခြင်း ( Instant gratification )
(၄) ဦးစားပေးရွေးချယ်မှုမရှိခြင်း ( Lack of priorities )
(၅) ဖြတ်လမ်းလိုက်တတ်ခြင်း ( Looking for shortcuts )
(၆) တစ်ကိုယ်ကောင်းဆန်ခြင်း၊ လောဘကြီးခြင်း ( Selfshness and greed )
(၇) ခိုင်မာစွာ ယုံကြည်မှု မရှိခြင်း ( Lack of conviction )
(၈) သဘာဝ၏ ဥပဒေသများ (သဘာဝနိယာမများ)ကို နားမလည်ခြင်း ( Lack of understanding of nature's laws )
(၉) ကြိုတင်ပြင်ဆင်ရန် စိတ်မပါခြင်း ( Unwillingness to plan and prepare)
(၁၀) အကြောင်းပြခြင်း၊ ဆင်ခြေပေးခြင်း ( Rationalizing)
(၁၁) အတိတ်က အမှားများကို သင်ခန်းစာ မယူခြင်း ( Not learning from past mistakes )
(၁၂) အခွင့်အလမ်းကို မမြင်ခြင်း ( Inability to recognize opportunity )
(၁၃) ကြောက်စိတ် ( Fear )
(၁၄) ဗီဇစွမ်းရည်များကို အသုံးမချတတ်ခြင်း ( Inability to use talents )
(၁၅) စည်းကမ်းမရှိခြင်း ( Lack of discipline )
(၁၆) ကိုယ့်ကိုယ်ကိုယ် မြတ်နိုးလေးစား တန်ဖိုးထားမှု မရှိခြင်း ( Lack of self-esteem )
(၁၇) ဗဟုသုတမရှိခြင်း ( Lack of knowledge )
(၁၈) ဒုက္ခရောက်မယ့် ခံယူချက်သဘောထား ရှိခြင်း ( Fatalistic attitudes )
(၁၉) ရည်ရွယ်ချက် ကင်းမဲ့ခြင်း ( Lack of purpose )
(၂၀) သတ္တိမရှိခြင်း ( Lack of courage )

ရှင်သန်နေရသမျှ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။ မွန်မြတ်တဲ့ လူမှုရေး လုပ်ငန်းတွေကို စိတ်အား ထက်သန်စွာနဲ့ တတ်အားသရွေ့ ကူညီဆောင်ရွက် နိုင်သူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။ နှစ်သစ်မှာ စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆန္ဒပြုပါတယ်။


ဘ၀အမောတွေ ကြားမှာ ဆင်ခြင်လို့ ပြုံးပျော်နိုင်ကြပါစေ ....

Sunday, December 6, 2009

အချိန်တွေ နှမြောတတ်ပါစေ

အချိန်တွေ နှမြောတတ်ပါစေ

ကျွန်တော်တို့ရဲ့ ရခဲလှတဲ့ လူ့ဘ၀ဆိုတာ အလွန်ပဲ တိုတောင်းလွန်းတဲ့ အချိန်ကာလလေး ဖြစ်ပါတယ်။ ဒီတိုတောင်းလှတဲ့၊ ရခဲလှတဲ့၊ တန်ဖိုးရှိလှတဲ့ အချိန်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေတတ်ဖို့ နဲ့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်မမြင်တတ်ဖို့ အလွန်မှ အရေးကြီးပါတယ်။ နောက်ပြီး တစ်ယောက်အပေါ် တစ်ယောက် စိတ်ကောင်း စေတနာကောင်း ထားတတ်ဖို့လည်း အထူး လိုအပ်ပါတယ်။ စိတ်စေတနာကောင်း ရှိဖို့ အဓိကကျတာကို ဒီလို လေ့လာထားဖူး ပါတယ်။

(၁) စိတ်ကောင်းရှိဖို့က (ပထမ)
(၂) ၀ိနည်းလေးစားတတ်ဖို့က (ဒုတိယ)
(၃) ကျန်းမာဖို့က (တတိယ)
(၄) သန့်ရှင်းဖို့က (စတုတ္ထ)
(၅) အ၀တ်အစား ၀တ်တတ်ဖို့က (ပဉ္စမ)
(၆) အနေအထိုင်တတ်ဖို့က (ဆဋ္ဌမ)
(၇) အသွားအလာတတ်ဖို့က (သတ္တမ)
(၈) အပြောအဆိုတတ်ဖို့က (အဋ္ဌမ)
(၉) စည်းကမ်းလိုက်နာဖို့က (န၀မ)
(၁၀) စာတတ်ဖို့က (ဒသမ) ဆိုတာ ဖြစ်ပါတယ်။

လူတိုင်းကိုယ်စီ စိတ်ကောင်းရှိနေဖို့ ပဓာနကျတယ်ဆိုတာ ဘယ်အခါမှ သံသယ မဖြစ်မိပါဘူး။ လူတစ်ယောက်ဟာ စိတ်ကောင်း နှလုံးကောင်း ရှိနေမယ်ဆိုရင် ကျန်တဲ့အရာတွေမှာ အလိုက်သင့် ပြည့်စုံလာမှာ ဖြစ်ပါတယ်။ စိတ်ကောင်းရှိသူ တစ်ယောက်ဟာ ကိုယ်ကျင့်တရားပါ ကောင်းမွန်နေမယ်ဆိုရင် ကျန်လိုအပ်ချက် တွေကို ကြိုးစားဖြည့်ဆည်း လိုက်ရုံနဲ့ လူတော်တစ်ယောက် ဖြစ်လာမှာ ဧကန်အမှန်ဖြစ်ပါမယ်။

အမြဲပဲ မိမိစိတ်ဟာ ကောင်းတဲ့စိတ်လား၊ မကောင်းတဲ့စိတ်လား ဆိုတာကို မကြာမကြာ ပြန်လည်ဆန်းစစ် ကြည့်ဖို့လိုပါတယ်။ တကယ်လို့ လမ်းလွဲရောက်နေတဲ့ အတွေးအခေါ်၊ အယူအဆ၊ အသိတွေဖြစ်နေခဲ့ရင် ဆင်ခြင်တုံဥာဏ်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ရင်းနဲ့ စိတ်ကောင်းသူ တစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ယူနိုင်ရပါမယ်။ မိမိရဲ့ စိတ်နှလုံး ဖြူစင်နေမယ်၊ ငြိမ်းချမ်းနေမယ် ဆိုရင် သူတစ်ပါးကို ကြည့်တဲ့အခါ အပြစ်တွေကို မြင်မိမှာ မဟုတ်ပါဘူး။ မိမိရဲ့စိတ်က ညစ်နွမ်းနေမယ်၊ မကြည်မလင်ဖြစ်နေမယ် ဆိုရင် ဘယ်အရာကို ကြည့်ကြည့် အပြစ်တွေပဲ မြင်နေမိမှာ သဘာဝပါ။ ဒါကြောင့် မိမိရဲ့စိတ်အစဉ်ကို သန့်ရှင်းကြည်လင် နေစေဖို့ အမြဲမွေးမြူပါလို့ ပြောချင်ပါတယ်။ ဒီလိုဆိုရင် လောကကြီးဟာ အကြည်းတန် မနေတော့ဘဲ သာယာလှပပြီး ပျော်ရွှင်စရာအတိနဲ့ အပြစ်ကင်းစင်နေတဲ့ မိမိပတ်ဝန်းကျင်ကို ထာဝရ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

တခဏတာ ရရှိထားတဲ့ ဘ၀သေးသေးလေး အချိန်တွေကို တစ်ယောက်အပေါ်တစ်ယောက် ရန်စောင် ငြူစူ စောင်းမြောင်း ကောက်ကျစ် ၀န်တိုမှုတွေ နဲ့အဓိပ္ပာယ်မဲ့ မကုန်ဆုံးကြပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါတယ်။



Wednesday, December 2, 2009

မနာလို ၀န်တိုမှု ကင်းပါစေ

မနာလို ၀န်တိုမှု ကင်းပါစေ

ပုထုဇဉ် လူသားတွေရဲ့ သဘော သဘာဝဟာ သူတကာတွေထက် တော်ချင်တယ်၊ တတ်ချင်တယ်၊ ထင်ပေါ်ချင်တယ်၊ ကျော်စောချင်တယ်၊ အချီးမွမ်းခံ ချင်တယ်၊ အရေးပါ အရာရောက်သူ ဖြစ်ချင်တယ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ် မိမိသည်သာ နံပါတ်တစ် ဖြစ်ချင်တယ်။ လောဘစိတ် မွှန်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ကြောင့် မိမိက နံပါတ်တစ် ဖြစ်မလာခဲ့ရင်၊ အရေးမပါ အရာမရောက်ဘဲ မှေးမှိန်သွားခဲ့ရင်၊ အပြစ်တင် ဝေဖန်ပုတ်ခတ် ခံရင် ထိုထိုသော တစ်ဦးတစ်ယောက် အပေါ် မကျေမနပ် ဖြစ်လာတတ်ပါတယ်။ မိမိရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းဘဲ ငြင်းပယ်ခံရတဲ့ အခါ အငြိုးအတေး ကြီးစွာနဲ့ လက်တုန့်ပြန်ဖို့ အခွင့်ကောင်း အချိန်အခါကောင်းကို စောင့်နေတတ်ပါတယ်။

ဖြစ်တည်လာတဲ့ မကျေနပ်စိတ်ကို အရင်းခံပြီး မနာလိုစိတ် ၀န်တိုစိတ်တွေ တိုးလာတယ်။ အဆိုးမြင်လာတယ်၊ အပြစ်တင်ချင်လာတယ်၊ မကောင်းပြောလာမယ်၊ ချောက်တွန်းတာ အဆုံး ပြုမူလာတတ်တယ်။ သူတစ်ဦးတစ်ယောက်ကို မကောင်းကြံတဲ့ စိတ်မွေးပြီး သူ့အကျိုး ပျက်စီးအောင် နည်းမျိုးစုံနဲ့ ကြံဆောင်လာ တတ်တဲ့ အမှောင်ထဲက ရန်သူတွေမို့ ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။

ကျွန်တော်တို့ ခင်တွယ်နေတဲ့ ဘလောဂ့်ရပ်ဝန်းမှာ ဘလောဂ်ဂင်း နေကြတဲ့ ဦးရေပမာဏဟာ မပြောကောင်း မဆိုကောင်း လက်ချိုး ရေတွက်နိုင်အောင်ပဲ နည်းပါးလှတဲ့ အစုအဖွဲ့လေးပါ။ ဒီဘလောဂ်ရပ်ဝန်း ငယ်လေးကို ခိုင်မြဲအောင် တိုးပွားအောင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိအောင် အပြုသဘောနဲ့ တစ်ဖက်တစ်လမ်း ကနေ ကြိုးစား ကြံဆောင်နေကြတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ ၀မ်းသာ ဂုဏ်ယူစရာပါ။ ဒါပေမယ့်လဲ တစ်ဦးတစ်ယောက်ရဲ့ ပယောဂကြောင့် ဘလောဂ်လောကကနေ ပျောက်ကွယ်သွားရတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ်။ လတ်တလောဆို မေ၊ ရုံလေးနဲ့ ဂျပန်မလေး တို့ဖြစ်ပါတယ်။ နှမြောတသ ဖြစ်မိတာတော့ အမှန်ပါ။ အပေါ်က ပြောခဲ့သလို မိမိရဲ့ မကျေနပ်စိတ် တစ်ခုတည်းနဲ့ ပျော်ရွှင်နေတဲ့ တစ်ပါးသူရဲ့ဘ၀ကို ညစ်နွမ်းအောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လောက်အောင် မလုပ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ ကိုယ့်ဘလောဂ်ကို အဝေဖန်ခံနိုင်တဲ့ စွမ်းအားရှိကြပေမယ့် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်လာရင်ဖြင့် အရှက်ကြီးတဲ့ မိန်းမသားတွေမို့ မမြင်နိုင်တဲ့ အွန်လိုင်း မျက်နှာစာပေါ်မှာတောင် ဆက်လှုပ်ရှားဝံ့မှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

မိမိကြံစည်ခဲ့သလို အောင်မြင်ပြီး မိမိ မနာလိုဝန်တိုတဲ့သူတွေ ထိခိုက်ပျက်စီးသွားပေမယ့် ကဖျက်ကယက် လုပ်သူတွေအတွက် ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ အကျိုးအမြတ် မရနိုင်သလို သူကိုယ်တိုင်လဲ စိတ်ပန်းကိုယ်နွမ်း ဖြစ်ရတာပဲ အဖတ်တင်ကျန်ခဲ့မှာပါ။ တစ်ပါးသူ ထိခိုက် ပျက်စီးသွားမှုမှာ သူလဲပဲကြာရှည် ၀မ်းသာနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အကျိုးမရှိတဲ့ မနာလိုခြင်းအမှုကို သတိနဲ့ဆင်ခြင် ရှောင်ကျဉ်နိုင်ကြ ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Monday, October 19, 2009

စိတ်ရင်းအမှန်

စိတ်ရင်းအမှန်

စိတ်အေးလက်သာနဲ့ အေးအေးလူလူ နေထိုင်နိုင်တဲ့အချိန်ကို တစ်ခါတလေ တောင့်တမိပါတယ်။ နေလို့ မရဘူးလားလို့ မေးလာရင် နေနိုင်ပါတယ် လို့ပဲ ရိုးရိုးသားသား ဖြေမိပါမယ်။ ဒါပေမယ့်လည်း သမုဒ္ဒရာ ၀မ်းတထွာအတွက် သွားလာလှုပ်ရှား ရုန်းကန်နေရတာကလည်း လူ့သဘောသဘာဝ မဟုတ်လား။ တစ်ကိုယ်ရေ တစ်ကာယဆိုပေမယ့် အချိန်ရှိတုန်း အလုပ်လုပ်နိုင်တုန်း အခြေအနေအချိန်အခါ ပေးတုန်း လုပ်ငန်းအပေါ် အာရုံစူးစိုက် လုပ်ကိုင်ချင်တာ လူငယ်တစ်ယောက်ရဲ့ စိတ်အား ထက်သန်မှုပဲ မဟုတ်ပါလား။ ဒါကြောင့် လောဘတက်တတ်တဲ့ လောကီသားရဲ့ စရိုက်အတိုင်း အလုပ်ပြီးအလုပ် ဇောကပ်လုပ်နေမိတယ်။ ပြန်ဆန်းစစ်ကြည့်ရင် ရလဒ်ကတော့ ကျန်တယ်၊ ဒါပေမယ့် ရှုံးတယ်။ ရှုံးတယ် ဆိုတာက လူမှုရေးနဲ့ ကျန်းမာရေးအပိုင်းပါ။

ခရီးပြီး ခရီးသွားနေရတဲ့ ကျွန်တော့်အတွက် အထိုင်များပြီး ဆီးလေမမှန်၊ အလုပ်များတဲ့ဒဏ် ပိတယ်လို့ပဲ ဆိုရမလား။ ခရီးမဆုံးခင် အိမ်ကိုပြန်ရဖို့ အကြောင်းဖန်လာတယ်။ ပထမတော့ ခါးနာတယ်လို့ပဲ ကိုယ့်ကိုကိုယ် လွယ်လွယ်ပဲ ထင်ထားမိပါတယ်။ အိမ်ကလူကြီးတွေကတော့ ကျောက်ကပ်လို့ ပြောတယ်။ နောက် ခါးမှာ အာရုံကြောညှပ်တယ် လို့လဲ ခြောက်ပြန်တယ်။ တစ်ဆင့်ပိုပြီး Medical checkup လုပ်ဖို့ အတန်တန် တွန်းအားပေးတာကြောင့် တစ်ရက်တော့ အချိန်ပေးသွားခဲ့တယ်။ လူကြီးတွေရဲ့ အတွေ့အကြုံနဲ့ မှတ်ချက်တွေကြောင့် စိုးရိမ်စိတ်တွေ ကြီးခဲ့ရပြီး စိတ်လက်မသက်မသာ ဖြစ်မိတာတော့ အမှန်ပါ။ လူတစ်ယောက်အတွက် ကျန်းမာရေးက အဓိကမို့ လူကြီးတွေရဲ့ စကားကို နာခံဖို့ပဲ စိတ်ထဲ ပြင်ဆင်ထားလိုက်ပါတယ်။

ပါရဂူဆရာမ ဆိုပေမယ့် ကျွန်တော်နဲ့အသက်ချင်းက မတိမ်းမယိမ်းရယ်ပါ။ လူနာတွေက ပါရဂူဆရာမကို ဒေါက်တာ၊ ပါရဂူ ဆိုပြီ ခေါ်ကြပေမယ့် ကျွန်တော်က အစ်မလို့ ရင်းရင်းနှီးနှီးခေါ်လိုက်တော့ ကျေနပ်တဲ့ပီတိအပြုံးကို သူမရဲ့ ပါဝါမျက်မှန်ကတစ်ဆင့် ဖောက်ပြီး မြင်လိုက်မိတယ်။ Medical checkup မလုပ်ခင် ကျွန်တော်ရဲ့ နေထိုင် သွားလာ စားသောက်တဲ့ အလေ့အထကို မေးတယ်။ သူမရဲ့ ဘ၀င်မကျစေတဲ့ ကောက်ချက်ကတော့ အသင့်စားသုံးနိုင်တဲ့ ကျွန်တော်ရဲ့ စားသောက်စာရင်းတွေပဲ ဖြစ်ပါတယ်။ ကြာရှည်အထားခံအောင် စီမံထားတဲ့ အဆင့်မြင့် အသင့်စား အစားအစာ တွေကြောင့် ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်တာကို ကျန်းမာရေး အသိအနေနဲ့ သြ၀ါဒစကားချွေခဲ့ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ အမူအကျင့်တွေကို ရိုးရိုးရှင်းရှင်း နေထိုင်ပြီး ရှောင်ရှားနိုင်ဖို့ ဗဟုသုတအနေနဲ့ နားထောင်ကြည့်ပါအုန်း။ ပါရဂူရဲ့ အဆိုအရ ကင်ဆာအားလုံးရဲ့ သုံးပုံ တစ်ပုံက လေထုမသန့်ရှင်းတာရယ်နဲ့ ဆေးလိပ်ကြောင့် ဖြစ်ရတယ်လို့ ပြောပါတယ်။ ဆေးလိပ်သောက်တာကို ဖြတ်နိုင်မယ်ဆိုရင်တော့ ကင်ဆာဖြစ်မှု သုံးပုံတစ်ပုံကို ကာကွယ်ပြီးသားဖြစ်တယ်လို့ ဆိုတဲ့သဘောပါ။ ကျွန်တော်က ဆေးလိပ်သောက်တတ်သူ မဟုတ်တာကြောင့် စိုးရိမ်စိတ်တော့ နည်းနည်း ကျသွားပါတယ်။ ဆက်ပြောတာကတော့ ကိုယ်လက်လှုပ်ရှားတာ နည်းမယ်၊ ခွန်အားတိုးစေတဲ့ အစာတွေ (ယမ်းစိမ်းများတဲ့ ၀က်အူချောင်း၊ အသားခြောက်၊ အသားကင်) အရောင်ပါတဲ့ အားဖြည့် အချိုရည်တွေနဲ့ တာရှည်ခံအောင် စီမံထားတဲ့ အစားအသောက်တွေ (အထူးသဖြင့် ခေါက်ဆွဲခြောက်) လွန်လွန်ကျွံကျွံ စားသောက်ရင်တော့ ကင်ဆာဖြစ်စေတဲ့နှုန်း ပိုမြင့်စေတယ်လို့ သိရပါတယ်။

နောက်ဆုံး ပါရဂူအကြံပြုတာကတော့ ကိုယ်လက်လှုပ်ရှားတာ တစ်နေ့ ၂ ကြိမ်လုပ်ရမယ်။ စနစ်ကျတဲ့ လေ့ကျင့်ခန်းကို အချိန်မှန် လုပ်ပေးရမယ်။ လမ်းများများ လျှောက်ပေးရမယ်။ အစားအသောက်ဆိုရင် အဆီ အဆိမ့် အငန် လျော့ပြီး ဖြစ်နိုင်ရင် ၀မ်းတွင်းသား၊ အသားစိမ်း ကို ရှောင်ရမယ်။ ပင်လယ်စာနဲ့ သစ်သီးများများ စားပေးရမယ်။ သားကြီးငါးကြီးထက် ဟင်းသီးဟင်းရွက်ကို ပိုစားပေးရမယ်။ ဒါဆိုရင် ကင်ဆာ ၁၂ မျိုးဖြစ်တဲ့ ပါးစပ်ခံတွင်း၊ လည်မျို၊ အစာမျိုပြွန်၊ အဆုပ်၊ ပန်ကရိယ၊ အစာအိမ်၊ အူ၊ သည်းခြေ၊ အသည်း၊ ရင်သား၊ သားအိမ်နံရံ၊ ဆီးကျိတ်နဲ့ ကျောက်ကပ် ကင်ဆာတွေကို တင်ကြိုကာကွယ်နိုင်တဲ့အကြောင်း စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တယ်။ ကျေးဇူးတင်ရှိစွာနဲ့ ပြန်မယ်လုပ်တော့ သူ့ဆလင်းဘတ် ထဲကနေ ရွှေရောင် လိပ်စာကတ်လေး တစ်ခုထုတ်ပေးပါတယ်။ စိတ်ထဲ ကျိတ်ကျေနပ်မဆုံးခင်လေးပဲ ရှစ်မိုင်မှာ သူ့အမျိုးသားဖွင့်ထားတဲ့ Fitness Center မှာ Member ၀င်ပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တစ်ကိုယ်လုံး နင်သလိုလို ခံစားလိုက်ရပေမယ့် ဟုတ်ကဲ့ သွားပါမယ်လို့ ကတိပေးခဲ့ရတယ်။ အိမ်နဲ့လည်း သိပ်မှ မဝေးတာ အမှန်ပဲ သွားဖြစ်မှာပါ။

ဆေးခန်းမှာ ၂ ညတက်ခဲ့တယ်။ Medical Checkup ရဲ့ အဖြေကို မသိရသေးခင်မှာ လူက ပေါ့ပါးလန်းဆန်းခြင်းတော့ မရှိသေးပါဘူး။ သို့လော သို့လော အခြေအနေမှာ နက်ပေါ်လည်း အရင်လို အညောင်းခံပြီး အချိန်ပြည့် ထိုင်နေနိုင်မယ် မထင်ပါဘူး။ ဘလောဂ့်ထဲ လွန်လွန်ကျူးကျူး အလည်လွန်တတ်တဲ့ ကျွန်တော့်ရဲ့ခြေလှမ်းကိုလည်း နည်းနည်းတော့ ထိန်းချုပ်ရအုန်းမှာဆိုတော့ မိတ်ဆွေသူငယ်ချင်းတွေရဲ့အိမ်ကို ခဏခဏ ရောက်မလာနိုင်တာကို နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။ ခရီးသွားနေတဲ့ အချိန်အတောအတွင်း အခင်မင်မပျက် အချိန်မှန် လာလာလည်တဲ့ မိတ်ဆွေတွေရဲ့ မှတ်ချက်စကားလေးတွေကို ပြန်ဖတ်ရတော့ အမှန်ပဲ မျက်ရည်လည်မိတယ်။ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ ကျွန်တော့် အပေါ်ထားရှိတဲ့ သံယောဇဉ်တွေကို အလေးမထားလို့ မရပါဘူး။ ကျွန်တော်ခဏခဏ ပြောဖြစ်တဲ့ စကားကတော့ အပြင်မှာထက် နက်ပေါ်မှာက စိတ်ရင်းမှန်နဲ့ ခင်မင်တဲ့ မိတ်ဆွေရောင်းရင်းတွေ အများကြီး ရှိနေတာကိုပါပဲ။ ဘာဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှလုံး ရွှင်လန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။







Saturday, May 23, 2009

ခဏလေးပေမယ့် ကျေးဇူးကမ္ဘာ ပါ ..

  • ချွေးစိုလက်နဲ့ အိမ်ခန်းတံခါးကို ဖွင့်အ၀င်မှာ မှိန်ဖျော့ဖျော့ မီးရောင်ကြောင့် တစ်ခန်းလုံး ပိုလို့ ငြိမ်သက်ပြီး တိတ်ဆိတ်လွန်းတယ် လို့ ခံစားရမိတယ်။ 
  • အိမ်ရှင် မရှိတဲ့ အခိုက်အတန့်မှာ အိမ်လည်လာတဲ့ ဧည့်သည်တွေကို အိမ်ရှင်ကိုယ်စား တစ်စုံတစ်ယောက် သောသူကို ရည်ရွယ်ထားတဲ့ လေးဖြူရဲ့ သီချင်းသံလေးက ဆီးကြိုမြဲ ရှိနေမှာပါ။ 
  • မိတ်ဆွေ သူငယ်ချင်းတွေရဲ့ သံယောဇဉ်နွယ်တဲ့ နှုတ်ဆက်စကား တွေကြောင့် ရင်အမောကို ပြေပျောက်စေတဲ့ အတွက် အတိုင်းမသိ ကြည်နူးရပါတယ်။ အလုံးစုံသော သံယောဇဉ်တွေနဲ့ အချိန်တိုင်း အိမ်လည် ရောက်ရောက် လာတတ်တဲ့ အတွက်လည်း ရင်နဲ့အမျှ ၀မ်းသာမိပါတယ်၊ ကျေးဇူးလည်း တင်မိပါတယ်။ တစ်ဦးချင်းစီရဲ့ နွေးထွေးတဲ့ စေတနာကို အလေးအနက် ထားတယ်၊ တန်ဖိုးထား လေးစားတယ်လို့ ထပ်လောင်း ပြောချင်ပါတယ်။
  • သွားသုတ်သုတ် လာသုတ်သုတ် ဘ၀သမားမို့ အားလုံးသော သူငယ်ချင်းတွေကို အိမ်ပေါက်စေ့ နှုတ်ဆက်ဖို့ အချိန်မပေး နိုင်သေးတာကို နားလည်ပေးဖို့ မေတ္တာရပ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းနိုင်ကြပါစေ ..

Saturday, April 11, 2009

သင်္ကြန်ရေဖြင့် အေးချမ်းကြပါစေ

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မျက်စိထဲ မြင်မိတာက ရေပက်မယ် ရေကစားကြမယ် ဆိုတာပဲ ဖြစ်ပါတယ်။ လုပ်နေတဲ့ အလုပ်တွေကို လက်စသတ်ပြီး သင်္ကြန်မှာ ပျော်ပါးဖို့ အားခဲတတ် ကြတယ်။ သင်္ကြန်မရောက်သေး ပေမယ့် သင်္ကြန်အကြို သီချင်းတွေတော့ နေရာတိုင်းမှာ လှုံ့ဆော်နေသလို ခံစားရတယ်။ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ထဲက သီချင်းတွေက လွှမ်းမိုးတုန်းဖြစ်တယ်။ ခေတ်သစ် rap သင်္ကြန်သီချင်း တွေလည်းပဲ ဆန်းပြားတဲ့ ကကွက်၊ တက်ကြွတဲ့ တီးလုံးနဲ့ နေရာအနှံ့ အပြိုင်းအရိုင်း ကြားနေရတယ်။ ကလေးတွေကအစ သင်္ကြန်မှာ ကစားဖို့ လေဖိအားသုံး ရေသေနတ်တွေ ကိုယ်စီနဲ့ သင်္ကြန်မှာ ပျော်ဖို့အသင့် ဖြစ်နေကြပါပြီ။ အရင့်အရင် နှစ်တွေကလောက် ရေကစားမဏ္ဍပ်တွေ မများပေမယ့် အစီအရီတော့ တွေ့နေရပါပြီ။ ပြည်တွင်းဖြစ် ဂျစ်ကားတွေ၊ ပါပလေကာနဲ့ ဟိုင်းလက်ကား တွေတော့ အမိုးတောင် ဖြုတ်ပြီးနေကြပါပြီ။ ရိုးရာသင်္ကြန်ရဲ့ အငွေ့အသက် ကတော့ ပိုပြီးရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။

နှစ်သစ်ကို ကြိုဆိုတဲ့ ရိုးရာသင်္ကြန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံတင် ကျင်းပတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ အာရှနိုင်ငံအတော် များများကလည်း သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါတယ်။ ယိုးဒယား မှာက ဆောင်ကရန် ၊ လာအိုမှာက Bpee Mai ၊ ကမ္ဘောဒီးယား မှာက Chaul Chnam Thmey ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မလေးရှား၊ နောက် တောင်အာရှက ဘင်္ဂါလီ၊ ပန်ဂျပ်၊ သီရိလင်္ကာ တမီးလ်လူမျိုး နဲ့ မြန်မာတွေ ရှိတတ်တဲ့ နိုင်ငံတိုင်းမှာလည်း အစုအဖွဲ့လေးနဲ့ နှစ်သစ်ကူး ပွဲတော်လေးကို ဆင်နွှဲကြပါသေးတယ်။ သင်္ကြန် ဆိုတဲ့ စကားလုံးဟာ သက္ကတဘာသာ စကား သင်္ကန္တ ကနေ ဆင်းသက်လာပြီး ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်း ဟု အဓိပ္ပာယ် ရပါတယ်။ မြန်မာပြက္ခဒိန် ကောဇာသက္ကရာဇ် အရ ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းခြင်းလည်း ဖြစ်ပါတယ်။

သင်္ကြန်လို့ ဆိုလိုက်တာနဲ့ မပါမဖြစ်တာကတော့ သိကြားမင်း နဲ့ ဗြဟ္မာကြီး ဇာတ်လမ်း ဖြစ်ပါတယ်။ သင်္ကြန်၊ သက္ကရာဇ် အကြောင်းများနဲ့ ပတ်သက်ပြီး သိကြားမင်းနဲ့ အာသီ အမည်ရှိတဲ့ ဗြဟ္မာမင်းတို့ အငြင်း အခုန် ဖြစ်ခဲ့တယ်။ အငြင်းပွားမှုကို လူ့ပြည်မှာ က၀ါလမိုင်း ဆရာကြီးထံသွားပြီး အဆုံးအဖြတ် ခံယူရာ ဗြဟ္မာကြီး ရှုံးသွားတယ်လို့ သိရပါတယ်။ ခေါင်းဖြတ်ကြေး လောင်းခဲ့ကြ တာကြောင့် ဗြဟ္မာကြီးက ခေါင်းဖြတ်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။ အဲဒီ ဗြဟ္မာဦးခေါင်းကြီးကို ရေထဲလည်း ချလို့မရ၊ ကုန်းပေါ်လည်း တင်ထားလည်း မဖြစ်တာကြောင့် နတ်သမီး (၇)ပါးက တစ်နှစ်တစ်ယောက် ကိုင်ထားပေး ကြရတယ်လို့ အဆိုရှိပါတယ်။ ဒီနှစ်တော့ ဃောရဿ အမည်ရှိတဲ့ နတ်သမီးက မှောက်ခုံ အနေအထားနဲ့ ဗြဟ္မာဦးခေါင်းကို လှမ်းလင့်သည် လို့ သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာက ဖော်ပြထားပါတယ်။ နောက်ပြီး သင်္ကြန်ကာလမှာ သိကြားမင်းက လူပြည်ဆင်းလေ့ရှိတယ် ဆိုတဲ့အယူလည်း ရှိပါတယ်။ ဒီနှစ် သင်္ကြန်စာမှာတော့ ဘာနုရာဇာ အမည်ရှိတဲ့ တနင်္ဂနွေဂြိုဟ်မင်း က ဂဠုန်ကိုစီးပြီး သန်လျက်နဲ့ သံစဉ်ကို ကိုက်ကာ မြောက်ဘက်အရပ်ကနေ အရှေ့တောင်ထောင့်ကို ၀င်တယ်လို့ သိရပါတယ်။

သင်္ကြန်မှာ နှစ်ဟောင်းက ဓလေ့တွေကို နှစ်သစ်မရောက်အောင် ဆေးကြောကြတဲ့ အယူရှိကြပါတယ်။ သက်ကြီး ၀ါကြီးတွေကို ခေါင်းလျှော်ပေးတယ်၊ ခြေသည်း လက်သည်း လှီးပေးတယ်၊ သင်္ကြန်မတိုင်ခင် ရှင်ပြု ၊ ရဟန်းခံတဲ့ ဓလေ့လည်း ကနေ့အထိ အခြေတည်လျက် ရှိတယ်။ လူငယ်တွေကတော့ အရင်က အမွေးနံ့သာ ထည့်ထားတဲ့ ငွေဖလား ဒါမှမဟုတ် ကြေးဖလား ထဲကနေ သပြေခက်နဲ့ ရေပက်တဲ့ အလေ့ရှိခဲ့ပေမယ့် ခုတော့ တိမ်ကောနေပြီ ဖြစ်ပါတယ်။ ခေတ်အလိုအရ ရေခွက်၊ ရေပုံး၊ ရေပိုက်နဲ့ အားရပါးရ ပက်လိုက်ရမှာ စိတ်ထဲ နေသာထိုင်သာ ရှိသွားတဲ့သဘော ဖြစ်ပါတယ်။ ရုပ်အဆင်း ပိုလှတဲ့ အပျိုလေးတွေတော့ ရေပိုစိုမယ့် သဘောပါ။

သင်္ကြန်တွင်း သင်္ကြန်သံချပ်ထိုးကြတဲ့ အလေ့အထလည်း တဖြည်းဖြည်း တိမ်ကော ကွယ်ပျောက်စပြု နေပြီဖြစ်ပါတယ်။ ညဘက် သင်္ကြန်အလှပြကားတွေ လှည့်လည် ပြသမှုကလည်း ငွေကုန်ကြေးကျတာကို အကြောင်းပြုလို့ အနာဂတ်မျိုးဆက်တွေ မြင်တွေ့ရဖို့ ခဲယဉ်းသွားပြီ ဖြစ်ပါတယ်။ သင်္ကြန် သံချပ်တွေ နေရာမှာ စကားပြော Hip Hop သီချင်းတွေ၊ သံစဉ်မြန် Remix သီချင်းတွေ နဲ့ တွန့်ကျေကွေးနေအောင် ကပြနိုင်တဲ့ Disc Jockey - DJ တွေက အလျင်အမြန် နေရာယူလာ ပါတယ်။ ရှေးက ဓလေ့ထုံးတမ်းများဟာ ခေတ်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် အသွင်ကွဲလာတာ ဖြစ်ပါတယ်။

နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်တဲ့ သင်္ကြန်သည် ၁၃၇၀ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ပြောင်းလဲခြင်း သက်သက်မဟုတ်ဘဲ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲခြင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးရဲ့ ကောင်းကျိုးကို ဖော်ဆောင်တဲ့ ပြောင်းလဲခြင်း ဖြစ်ပါစေလို့ ဆန္ဒပြုရင်း နှစ်သစ်မှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ရှိကြပါစေ .. .. ။

Thursday, April 9, 2009

လေမဖြတ်အောင် အခါးရည်ကို ဆောင်

ခုနှစ်ရန်ကုန်နွေက မတ်လဆန်း ကတည်းက ပြင်းပြစွာနဲ့ လူတိုင်းကို ပူလောင်စွာ ခံစားစေခဲ့တယ်။ မိုးလင်းကနေ မိုးချုပ်အထိ အပူဒဏ်ကို လူးလူးလှိမ်းလှိမ့် ထိတွေ့နေရတယ်။ အပူဒဏ်ကာကွယ်ဖို့ လူလုပ် ဇိမ်ခံ ပစ္စည်းတွေဖြစ်တဲ့ အဲကွန်းနဲ့ ပန်ကာကလည်း ချစ်ဖေကြီး မီးကမလာတော့ ဆွေးရတယ်။ မီးမလာတော့ ချစ်သမီး ရေက မလာပြန်ဘူး ဒါနဲ့ လွမ်းစရာလေး ထပ်ပြန်ရော။ ဆွေးတာတွေ လွမ်းတာတွေ ကင်းဝေးဖို့ ရေသန့်ဘူးကို အဖော်လုပ်ပြီး ဆိုက်ဘာဆိုင် ဆီကိုပဲ ခြေဦးလှည့် နေမိတယ်။ တစ်ရက် နှစ်ရက်ဆို ဆိုင်ရှင်က ကြည်ဖြူစွာနဲ့ ကြိုဆိုပါရဲ့။ သုံးရက် လေးရက်ကြာရင် ဆိုင်က သိပ်မကြည်တော့ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က လှေကား ရှည်ရှည်နဲ့ မသွားရဘူးဆိုပြီး ကာဖြူးထုတ်ထားတဲ့ ဘလောဂ့်ရွာတွေကို အကုန်လျှောက်သွား နေလို့လေ။ ဒါကြောင့် သူ့စီးပွားရေးကို တုတ်နဲ့ အထိုးခံရမှာကြောက်တာနဲ့ ဆိုင်ရှင်က ကျွန်တော့်ကိုတွေ့ရင် လှန့်နေတာ။ မကောင်းကြံတာ မဟုတ်ပေမယ့် ကိုယ်မှာ သွားလည်စရာ ဒီဘလောဂ့် အိမ်လေးတွေပဲ ရှိတာကြောင့် နားလည်ပေး စေချင်ပါတယ်။ ဥတုပူလို့ ရေခဲစိမ် ရေသန့်ဗူးတွေ တအားသောက်တော့လည်း အစာအိမ် ရောင်သလို ဖြစ်ပြီး တနေ့က ၀မ်းပျက်တာ ခံစားရတယ်။ ဆေးအလျင်မီလို့ ခုလို ပြန်တွေ့နိုင်တာပါ။ ဆေးခန်းဒေါက်ဒေါက်က မှာလိုက်တယ် ဒီလို ရာသီမှာ ရေသန့်ဗူး သောက်တာထက် ရေကျက်အေး ဖြစ်ဖြစ် ရေနွေးကြမ်း (အခါးရည်) ဖြစ်ဖြစ် သောက်တာ ပိုကောင်းတယ်လို့ အကြံပေးခဲ့တယ်။

လဖက်ရည်ကြမ်း တစ်နေ့ သုံးခွက် သောက်သုံးဖြစ်မယ် ဆိုရင် လေဖြတ်ခြင်း အန္တရာယ်ကနေ သိသာထင်ရှားစွာ လျော့နည်းစေတယ်လို့ သိရပါတယ်။ လူကြီးပိုင်းမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိတဲ့ လက်ဖက်ရည်ကြမ်း ထဲမှာ ကမဲလီးယားအပင်ကနေ ပြုပြင်ထားတဲ့ လက်ဖက်ရည်ကြမ်း ဖြစ်တယ်လို့ သိရပါတယ်။ လူတွေက လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့အထ ကနေ လေဖြတ်တဲ့ ရောဂါဆိုးကို ကာကွယ်နိုင်ကြောင်းကို သိသူ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ များသောအားဖြင့် လေဖြတ်ဝေဒနာ ခံစားလာကြတဲ့ အခါမှသာ ဆေးဝါးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းသည် အလွန်လျင်မြန်စွာ ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပြီး လေဖြတ်ဝေဒနာရှင်တွေ အနေနဲ့ ဆေးဝါးကုသမှု ခံယူရာမှာ အလွန် နောက်ကျတတ်ကြ ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် အနည်းဆုံး လက်ဖက်ရည်ကြမ်း သုံးခွက် သောက်သုံးခြင်းဖြင့် လေဖြတ်ခြင်း ဝေဒနာကို ကာကွယ်နိုင်မှာ ဖြစ်တဲ့အပြင် လေဖြတ်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း တင်ကြို ကာကွယ်မှု ပြုရာရောက်တယ်လို့ သိရှိပါတယ်။

ရှမ်းပြည် တောဘက်မှာတော့ အိမ်လည်က မီးဖိုဘေးမှာ မြေအိုးလေးထဲ လက်ဖက်ခြောက်ခပ်ပြီး တနေကုန် သောက်နေတတ်တဲ့ တောင်သူတွေကို တွေ့ဖူးတယ်။ ပင်လောင်းဘက်က အရွက် သေးမျှင်မျှင်နဲ့ စော်ဘွားနှုတ်ခမ်းမွှေး လက်ဖက်ခြောက်တွေဆို နာမည်ကြီးတယ်။ တာရှည် သိုလှောင်ထားလဲ မှိုမတက်ဘူး။ နောက် ဟဲဟိုးဘက်က ပလောင် လက်ဖက်ခြောက်လဲပဲ ရေနွေးထဲမှာ စိမ်းဖန့်ဖန့်နဲ့ မို့ သောက်ရတာ ခံတွင်းတွေ့စေတယ်။ အင်းသားတွေကျတော့ လက်ဖက်ခြောက်ကို လှော်ပြီးမှ သောက်ကြတယ်။ ထူးခြားတဲ့ လက်ဖက်ရည်ကြမ်း အရသာကို ဖြစ်စေတယ်။ နောက် နှမ်းလှော်ပြီး လက်ဖက်ခြောက်နဲ့အတူ ထည့်သောက် ကြသေးတယ်။ ကောက်ညှင်းရွက်မွေး ပါထည့်သောက်လို့ကတော့ ဆွေမျိုးတောင် ရေထားရလိမ့်မယ်။ မြောက်ပိုင်းက ရွှေဖီမိုးလွတ် လက်ဖက်ခြောက်တွေလဲ နာမည်ကြီးတယ်။ ဒီဘက်ခေတ်မှာတော့ လက်ဖက်ခြောက် အနံ့ကို စပယ်ပန်းအနံ့နဲ့ ပြုပြင်ပြီး လှပသေသပ်တဲ့ သံဗူးတွေနဲ့ ပြည်ပပို့ကုန်အနေနဲ့ တရုတ်ဘက်က ၀င်လာတာ များတယ်။ စပယ်ပန်းအနံ့နဲ့မို့ လက်ဖက်ရည်ကြမ်း သောက်တဲ့အလေ့ကို ပိုစွဲမက်စေပါတယ်။ အ၀ါရောင် Auramine O ဆိုးဆေးကြောင့် လက်ဖက်အစိုတွေ ဈေးကွက်ပျက်ချိန်မှာ လက်ဖက်ခြောက်ပွဲရုံ ပိုင်ရှင် သူငယ်ချင်း စိုင်းနောင့် အတွက် အခမဲ့လက်ဖက်ခြောက် ကြော်ငြာ ၀င်ပေးလိုက်ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ .. ဆန္ဒပြုလိုက်ပါတယ်။


လက်ဖက်စိုက်ခင်းတွင် လက်ဖက်ခူးနေကြစဉ်



( ပုံတွေကို google image ကနေ ယူထားတယ်နော် )

Sunday, March 22, 2009

တောင်ငူရောက်တုန်း ခဏတဖြုတ် အချိန်ရတာနဲ့ နက်ကဖီးဆိုင်ကို နေရာစုံစမ်းပြီး နက်ပေါ် တက်ဖြစ်တယ်။ ping ကြည့်လိုက်တော့ connection က 20 ms နဲ့ 30 ms ကြားပဲ ပြေးနေတာကြောင့် လိုင်းကတော့ သိပ်မကောင်းပါဘူး။ ဘလောဂ့်စပေါ့ ထဲတော့ ၀င်လို့ ရမယ်မထင်ပါဘူး။ ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ ဂူဂဲလ်ကိုတောင် မမှတ်မိချင်ဘူး။ ခရီးထွက်နေပေမယ့် ဘယ်နေရာကို ရောက်ရောက် ကိုယ်ဖန်တီးထားတဲ့ ဘလော့ဂ်လေးကိုတော့ သံယောဇဉ် ရှိတယ်။ ဒါနဲ့ google reader ကနေပဲ သူငယ်ချင်းတွေရဲ့ ဘလောဂ့်တွေကို ဖတ်ဖြစ်တယ်။ Tag ထားတဲ့ သူငယ်ချင်းတွေရဲ့ အဖြေကို ဖတ်ဖြစ်ခဲ့ပေမယ့် ကျေးဇူးတင်ကြောင်း စကားလေးတစ်ခွန်းမှ မပြောဖြစ်ရလို့ စိတ်မကောင်းတာတော့ အမှန်ပါ။ နားလည်ပေး နိုင်မယ်ထင်ပါတယ်။ ရန်ကုန်ပြန်ရောက်မှ အသေအချာ ပြန်နှုတ်ဆက်ပါမယ်၊ အားလုံးကိုပါပဲ။ ခုစာလေးကိုလည်း igoogle ကနေ တင်လိုက်တာပါ။ အဆင်ပြေ မပြေ နောက်မှ ပြန်ကြည့်ပါမယ်။ အားလုံးပဲ ပျော်ရွှင်နိုင် ပါစေ။

Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Monday, March 16, 2009

သူ့အတွက် ရိုးဂုဏ်မျှသာ


ဖုန်ထနေတဲ့ မြေနီလမ်းပေါ် ကလေးငယ်တစ်သိုက် လွတ်လွတ်လပ်လပ် ပြေးလွား ဆော့ကစားနေကြတယ်။ ပျော်ရွှင်နေတဲ့ ကလေးငယ်တွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အပူအပင်ကင်းတဲ့ ဘ၀လေးကို အားကျမိခဲ့တယ်။ လောဘတွေ မောဟတွေ မာနတွေ ကင်းစင် နေတာကြောင့်လဲ သူတို့ရဲ့ ဘ၀လေးတွေ ဖြူစင်တယ်။ လိုချင်တပ်မက်မှု ဆိုတာလည်းဘာမှ မရှိသေးတာမို့ သူတို့ အတွေးလေး တွေလည်း စင်ကြယ်တယ်။ ဆာရင်စားမယ်၊ ပျော်စရာတွေ့ရင် ရယ်မောမယ်၊ ၀မ်းနည်းစရာတွေ့ရင် အမေ့ကို တမ်းတပြီး ငိုမယ်။ နေညိုလို့ အိပ်ချိန်တန်ရင် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ငွေ့အိပ်ယာက အသင့်မို့ လိုလေးသေးမရှိ ပြည့်စုံပါတယ်လို့ ပြောနိုင်ပါတယ်။

ကြောင့်ကျမဲ့ ကလေးဘ၀ကို ပြန်တမ်းတလို့ မရနိုင်မှန်းသိပေမယ့် ပြန်ရောက်ချင် မိပါတယ်။ ကလေးသဘာဝ ဘာပဲ လိုချင်လိုချင် ပူဆာလိုက်ရုံနဲ့ ရနိုင်တယ် မဟုတ်ပါလား။ ရောက်နေတဲ့ လက်ရှိဘ၀လေးကို ကျေနပ်တင်းတိမ် နိုင်ပေမယ့် တခါတလေ အားငယ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုချင်နေတာ ကိုယ်ဖြစ်ချင် နေတာတွေ ထင်သလို ဖြစ်မလာလို့ပါ။ အားငယ်စရာ မဟုတ်ပေမယ့် အားငယ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လိုချင်လွန်းတဲ့ အရာက ပင်မြင့် တော်ဝင်ပန်း ဖြစ်နေလို့ပါ။

အဆုံးစွန်မှာတော့ လူတစ်ယောက်မှာ ပညာမရှိရင် အသိဥာဏ်ရှိမယ်။ အသိဥာဏ်မရှိရင် ဆွေမျိုး အသိုင်းအ၀ိုင်းရှိမယ်။ ဆွေမျိုး အသိုင်းအ၀ိုင်းမရှိရင် မိတ်ကောင်း ဆွေကောင်းတွေ ရှိမယ်။ ဘာမှ မရှိတော့ရင်တောင်မှ ဘာများ အားငယ်နေမှာလဲနော်။ အမေပေးထားတဲ့ ဦးနှောက်ရှိသေးတယ်။ နောက် ခြေနှစ်ဖက်၊ လက်နှစ်ဖက် ရှိသေးတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် အာမခံပေးနိုင်မဲ့ ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားလဲ ရှိသေးတယ်။ ဒါဆို လူဖြစ်ရကျိုးတော့ နပ်ပါသေးတယ် မဟုတ်ပါလား။ ရိုးသားမှုကိုတော့ ကမ္ဘာပေါ်မှာ ဈေးအချိုဆုံးနဲ့ အမြတ်အစွန်း အများဆုံး ရရှိစေတဲ့ အရင်းအနှီး တစ်မျိုး ဖြစ်တယ်လို့ ထင်မိပါတယ်။ မိမိနဲ့ ဆက်သွယ်လာသူ မှန်သမျှ အပေါ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ရိုးသားမှုကို ပြသပါ။ ရိုးသားမှုကို ပြသဖို့အတွက် အချိန်တော့ လိုပါမယ်။ ရိုးသားမှုအတွက် အချိန်ပေးဆပ်မှုကတော့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါမယ်။ ရိုးသားခြင်းဟာ အင်မတန် ရှားပါးတဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ လူတိုင်း လိုအပ်တဲ့ ပေးဆပ်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ ရိုးသားပြီး သိမ်မွေ့တဲ့လူကိုတော့ ဘယ်သူမှ ဥပေက္ခာမပြုနိုင်ဘူးလို့ ထင်မိပါတယ်။ အသိအမှတ် မပြုဘဲလည်း နေလို့ မရနိုင်ပါဘူး။ ကျွန်တော့်မှာက ရိုးသားမှုတစ်ခုပဲ ပေးနိုင်စွမ်းသေးလို့ပါ။ အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ .. .. ။


Monday, March 9, 2009

သံယောဇဉ်အမျှင် တန်းတယ် .. ..

တိမ်တောက်နေတဲ့ ကောင်းကင်ကို မြင်တော့ ရင်ကို ပိုအိုက်လာစေတယ်။ ဒီလို ပြိုးပြက်တဲ့ အလင်းရောင်ဟာ လွမ်းကျန်ခဲ့တဲ့ ကိုယ့်အဖို့ ဘယ်လိုမှ ခံနိုင်ရည် မရှိဘူးဆိုတာ မင်းလေး ယုံနိုင်မလားပဲ။ မင်းနဲ့ အတူရှိနေခဲ့တဲ့ ခဏတာ အချိန်လေးမှာ ရာသီဥတုလေးက တကယ့်ကို ထာဝရ အိုအေစစ်လေးပါ။ ဒီအချိန်လေးကိုပဲ ဖမ်းဆုပ်ထားနိုင်မယ် ဆိုရင် ကိုယ့်အတွက် အတိုင်းထက် အလွန် ကျေနပ်မှုကို ဖြစ်မစေမှာ အမှန်ပါ။ နွေးနေတဲ့ ရေမှုန်လေးတွေရယ်၊ မြေသင်းရနံ့လေးရယ်၊ တိမ်ကင်းတဲ့ ကောင်းကင်ပြာပြာ ကြီးရယ်က မင်းလေးကို ဒီနွေရက်မှာ ပြောပြ ပါလိမ့်မယ် .. ကိုယ်မင်းကို သံယောဇဉ် ရှိနေတယ် ဆိုတာကိုပါ။

မဟာဆန်တဲ့ မျက်နှာလေးနဲ့ အပြုံးတွေ ဝေနေတဲ့ မင်းလေးကို မျက်စိထဲကနေ မထွက်နိုင်ခဲ့ဘူးလေ။ မင်းလေးရဲ့ ဂုဏ်ပုဒ်တွေက အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း တွေနဲ့ အတူ အမျက်ဒေါသ ကင်းသူလည်း ဖြစ်တယ်။ အလွန်နူးညံ့သိမ်မွေ့ တတ်သူတစ်ဦးဖြစ်ပြီး နှုတ်ထွက် စကားတွေတိုင်းက တစ်ပါးသူအတွက် ပျားသကာလို ချိုမြိန်စေတယ်။ မင်းလေးရဲ့ ဂရုတစိုက် လုပ်ကိုင်ပေးတတ်မှုတွေ အမြဲပဲ တစ်ဘက်လူအပေါ် အကာအကွယ် ပေးတတ်မှုတွေနဲ့ ကျေနပ်မှုတွေကြောင့် လူချစ်လူခင် ပေါများသူဖြစ်တယ်။ ဒါပေမဲ့ လည်း ကိုယ်တိုင်မှာတော့ အမြဲခံစားကျိုးပဲ့ လွယ်တတ်တဲ့  စိုးရိမ်ပူပန်ခြင်းတွေနဲ့  ချစ်စရာ အလွန်ကောင်းသူ တစ်ဦးပါတဲ့။ ဒီလို စိုးရိမ် ကြောင့်ကျစိတ် ကြောင့်ပဲ ကိုယ့်ကို အပြည့်အ၀ မယုံကြည်ခဲ့ တာလေလားပဲနော်။

ကိုယ်မင်းကို လွမ်းတယ်။ နှုတ်ခမ်းနဲ့ လွမ်းတာမဟုတ်ပါဘူး။ ရင်မှာဖြစ်တဲ့ နှလုံးသားနဲ့ လွမ်းတယ် ဆိုတာကို ယုံစေချင်တယ်။ တစ်နေ့နေ့ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မင်းလေးကို စောင့်နေမိတယ်။ မင်းဆီက နူးညံ့တဲ့ အပြုံးတစ်ပွင့်နဲ့အတူ နွေးထွေးတဲ့ လက်တစ်စုံရဲ့ အင်အားကို ကိုယ်တမ်းတ နေမိတယ်။ ကိုယ်ညည်းဖို့ မင်းလေး ပေးထားတဲ့ သီချင်းလေးတွေကို ကောင်းကင်ပေါ် ကြယ်တွေစုံတဲ့ ညမှာ မင်းလေးရှိနေမယ့် နေရာကို ရော်ရည်မှန်းပြီး ညည်းချင်းထပ် နေမိတယ်။ ကိုယ့်သံယောဇဉ်တွေဟာ အဖော်မပါတဲ့ လမ်းမပေါ် ရှင်သန်လျက်ပါ။ အလွမ်းတွေနဲ့ ဝေးစေမယ့် နေရာသစ်ဆီကို ခေါ်သွားနိုင်မယ့် သူဟာ မင်းလေးပဲ ဖြစ်တယ်ဆိုတာ ကိုယ်ယုံကြည်တယ်။

အဖြူသက်သက် ကိုယ့်နှလုံးကို ပုံရိပ်ထင်စေတာ မင်းလေးပဲဆို ယုံမှားသံသယ မဖြစ်မိပါဘူး။ အလတ်ဆတ်ဆုံး နဲ့ အသန့်ရှင်းဆုံး ရင်ခုန်သံတွေကို ပထမဆုံး ဖြစ်ပေါ် စေခဲ့တာလည်း မင်းလေးပဲ ဖြစ်တယ်ဆို ၀န်ခံပါရစေ။ မင်းလေးကို သံယောဇဉ်ရှိ တယ်ဆိုတာကို ကိုယ် အပွင့်လင်းဆုံး ၀န်ခံခဲ့ပါပြီ။ ပကတိ ရိုးသားတဲ့ စကားလုံးတွေရဲ့ နောက်မှာ အစစ်မှန်ဆုံး ရင်ခုန်သံတွေကို မင်လေး မေ့နိုင်မှာလား။ ကိုယ့်ဘ၀မှာ အမြတ်နိုးဆုံး ဆိုတဲ့ နေရာလေးမှာ ရှိနေစေဖို့ ရည်ရွယ်ရင်း၊ မျှော်လင့်ရင်း မင်းလေးနဲ့ ဝေးရမှာ ကြောက်မိတဲ့ ကိုယ့်ရဲ့ စိုးရိမ်စိတ်နဲ့အတူ မင်းလေး ပြောဖို့ကျန်နေသေးတဲ့ စကားလေး တစ်ခွန်းကို စောင့်မျှော်နေလျက်ပါ။






Monday, December 15, 2008

Congratulations ပါ .. ..


မိမိရဲ့ ကျန်ရှိနေမဲ့ ဘဝတစ်လျှောက်လုံး အတွက် လက်တွဲဖော်ကို ရွေးချယ်တဲ့ အခါမှာ တစ်ချို့က မိမိတို့ချင်း စုံမက်ချစ်ခင်ကာ နှလုံးသား အရေးကို ဦးစားပေးပြီး ရွေးချယ်ကြပါတယ်။ တစ်ချို့ကျတော့ အဖေအမေ မိဘတွေ သင်ထားပေးတဲ့အတိုင်း၊ မိဘများက ထိမ်းမြားပေးတဲ့ အတိုင်း ဦးနှောက်နဲ့ ဆုံးဖြတ်ပြီး ရွေးချယ်ခဲ့ကြ ပါတယ်။ လက်ထပ်ဖို့ ဘယ်လိုပဲ ဆုံးဖြတ်ခဲ့ကြ ပါစေပါ။ အဓိကပန်းတိုင်ကတော့ တူနှစ်ကိုယ် ရွှေလက်တွဲရဖို့ပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီး တာကတော့ တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် ထားရှိရမယ့် နားလည်မှုပါပဲ။ တစ်ဦးအပေါ် တစ်ဦး နားလည်မှုတွေ ကြည်ကြည်လင်လင် ဖလှယ်နိုင်ပါမှ အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်စုတစ်ခု မိသားစုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် အိမ်ထောင်စု တစ်ခုရဲ့ ပြယုဂ်ဖြစ်တဲ့ မင်္ဂလာပွဲ အခမ်းအနားကို နားလည်မှု အပြည့်ရှိတဲ့ မင်္ဂလာပွဲတစ်ခု ဖြစ်သင့်ပါတယ်။ ကြီးကျယ်ခမ်းနားပြီး ပကာသန ဆန်တဲ့ မင်္ဂလာပွဲကြီးတွေရဲ့ နောက်ကွယ်မှာ ဂုဏ်သိက္ခာတွေ၊ မာန်မာနတွေရဲ့ကြားမှာ နားလည်မှု ဆိုတာ ရှာတွေ့နိုင်ဖို့ မလွယ်လှပါဘူး။

ရှေးတုန်းကတော့ ပုဆိုးတန်းတင်ရင် အကြင်လင်မယား ဖြစ်တယ်။ အရှေ့(၇)အိမ်၊ အနောက်(၇)အိမ် အသိပေးလိုက်တာနဲ့ အကြင်လင်မယား အရာမြောက်တယ် လို့ ဆိုခဲ့ကြပါတယ်။ ဒီဖက် တိုးတက်လာတဲ့ လူနေမှု အခြေအနေအရ ဒီစနစ်တွေဟာ မှေးမှိန်ပျောက်ကွယ် နေပြီဖြစ်ပေမယ့် အခုထိ လက်ခံ ကျင့်သုံးနေသေးတဲ့ မဖွံ့ဖြိုးသေးတဲ့၊ ရှေးထုံးကို မပယ်နိုင်သေးတဲ့ ကျေးလက်နေ ပြည်သူတွေ အများအပြား ကျန်ရှိပါသေးတယ်။

မိမိတစ်သက်မှာ တစ်ခါသာ ကျင်းပရတဲ့ မင်္ဂလာပွဲမို့လို့ မင်္ဂလာမောင်နှံတို့ဟာ မိမိတို့ရဲ့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာနဲ့ ကျင်းပချင်ကြမှာပါ။ ငွေကြေးချမ်းသာ တဲ့အသိုင်းအ၀ိုင်း တွေကတော့ နာမည်ကြီး ဟိုတယ်ခန်းမတွေမှာ ငှားရမ်းပြုလုပ်ကြပါတယ်။ တစ်ချို့ကျတော့လည်း အိမ်ရှေ့မှာ မဏ္ဍပ်လေးထိုးပြီး မင်္ဂလာဆောင် ကြပါတယ်။ တစ်ချို့ကျတော့လည်း ရပ်ကွက်ဓမ္မာရုံမှာ ဧည့်ခံပွဲလုပ်ပြီး မိမိတတ်စွမ်းသမျှ စွမ်းအားလေးနဲ့ မင်္ဂလာအခမ်းအနား လေးကို အခမ်းနားဆုံး ဖြစ်အောင် လုပ်ကြလေ့ရှိပါတယ်။ မြန်မာတို့ရဲ့ ဓလေ့ထုံးတမ်းအရ တစ်ဦးနဲ့ တစ်ဦး စုံဖက်လက်ထပ် ကြတဲ့နေရာမှာ မင်္ဂလာမောင်နှံ နှစ်ဦးနဲ့တင် မပြည့်စုံဘဲ သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး အသိုင်းအ၀ိုင်းများပါ ပါဝင်ပတ်သက် နေတဲ့အတွက် မင်္ဂလာပွဲကို ခမ်းနားစွာနဲ့ ကျင်းပပြုလုပ်ခြင်းဖြင့် တစ်သက်သာ အတွက် ဂုဏ်ယူစရာ အမှတ်တရလေး ဖြစ်စေတဲ့အပြင် နှစ်ဘက်ဆွေမျိုး တွေအတွက်လည်း ဂုဏ်ယူစရာ ၊ ဂုဏ်တက်စရာ၊ အမှတ်ရစရာ အဖြစ် ထင်ကျန်ရစ် နေမှာပါ။ ဒါကြောင့် ဘဝတစ်သက်တာ အတွက် တစ်ကြိမ်သာ ကျင်းပရတဲ့ လက်ထပ်မင်္ဂလာပွဲကို ခမ်းခမ်းနားနား ပြုလုပ်ကြတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် ဒီခေတ်ကာလကြီးမှာ၊ ဒီစီးပွားရေး အခြေအနေကြီးမှာ ခမ်းနားမှုနဲ့ ငွေကြေးပမာဏဟာ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် များပြားလှတဲ့ ငွေကြေး တွေကို ရက်ပိုင်းအတွင်း ကျင်းပတဲ့ မင်္ဂလာပွဲမှာ မကုန်ကျသင့်ပါဘူး။ တစ်သက်လုံး ထိန်းသိမ်းသွားရမယ့် အိမ်ထောင်ရေး သာယာလှပဖို့ အတွက် လိုအပ်တဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံ ထားသင့်ပါတယ်။ အောင်မြင်ပျော်ရွှင်ပြီး ပြည့်စုံသာယာတဲ့ မိသားစုဘ၀တစ်ခု ပိုင်ဆိုင်နိုင်ဖို့က အိမ်ထောင်ရှင်တိုင်းရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်စုတစ်ခု ထူထောင်ရာမှာ တစ်ဦးပေါ်တစ်ဦး ရာနှုန်းပြည့် နားလည်မှုတွေ ပေးနိုင်မယ့် ပကာသနကင်းတဲ့ သာမာန် မင်္ဂလာပွဲလေးနဲ့လည်း လုံလောက်ပါတဲ့ အကြောင်းတင်ပြ လိုက်ရပါတယ်။

( လုပ်ငန်းတူ သူငယ်ချင်း တစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ကရ၀ိတ်ခန်းမမှာ ရေခဲမှုန့်၊ ကိတ်မုန့်နဲ့ ဧည့်ခံပါတယ်။ ဧည့်ခံပွဲက ခမ်းနားတယ် ဆိုပေမယ့် အဆွေအမျိုးတွေ နဲ့ပဲ မင်္ဂလာပွဲ ပြီးသွားပါတယ်။ ဧည့်သည်တွေ အလာနည်းပါတယ်။ တစ်ရက်ထဲပဲ နောက်တစ်ခုက ရွှေတိဂုံဘုရားလမ်း၊ ကျားတိုက်ဓမ္မရုံမှာ ကျင်းပတဲ့ သူငယ်ချင်း နှစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေး အခမ်းအနားလေးပါ။ ကုသိုလ်လည်းရ မင်္ဂလာလည်းဖြစ်မို့ သဘောကျမိပါတယ်။ လူတွေ တော်တော် စည်တာမို့ နောက်ကျလို့ နေရာတောင် မရခဲ့ပါဘူး။ လူတွေက ရှုပ်နေတာမို့ မနေတတ်တာမို့ နှုတ်ဆက်သင့်သူတွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့ ပါတယ်။ မင်္ဂလာမောင်နှံ နှစ်ဖော်တို့ အိုအောင်မင်းအောင် ပျော်ရွှင်စွာနဲ့ အေးချမ်းတဲ့ မိသားစုဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနိုင်ကြ ပါစေလို့ ဆုတောင်းလိုက် ပါတယ်။)



Monday, December 8, 2008

There is no hand to catch time


မကြာမတင် အချိန်မှာ ၂၀၀၈ ခုနှစ် ဆိုတာကို အရေခွံခွာချပြီး ၂၀၀၉ ခုနှစ်ကို ကြိုဆို ထွေးပွေ့ရပါတော့မယ်။ ခရစ်တော် မွေးတဲ့ ခုနှစ်ကို မူတည်ပြီး သက္ကရာဇ်ကို ကာလပိုင်းခြား ခဲ့တယ်။ ခရစ်တော် မမွေးဖွားမီ ရှေ့ကာလကို B.C ( Before Chirst) ဟုလည်းကောင်း၊ ခရစ်တော်မွေးပြီး နောက်ပိုင်း အချိန်ကာလကို A.D (Anti Domini) (After Chirst) ဟုလည်းကောင်း သတ်မှတ်ခဲ့ကြ ပါတယ်။

မြန်မာပြက္ခဒိန် မှာတော့ ကောဇာ သက္ကရာဇ်နဲ့ သာသနာ သက္ကရာဇ် (၂) မျိုးရှိပါတယ်။ ယခု ကောဇာ သက္ကရာဇ်က ၁၃၇၀ ထဲ ရောက်ရှိ နေပါပြီ။ သာသာ သက္ကရာဇ်ကတော့ ၂၅၅၂ နှစ် ရှိနေပါပြီ။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီးနောက် ရှင်မဟာ ကဿပမထေရ် နဲ့ အဇာတသတ်မင်း တို့ သံင်္ဂါယနာတင်နှစ်ကို ဗုဒ္ဓဘာသာနာနှစ် (၁)ခုလို့ သုံးစွဲခဲ့ပါတယ်။ သာသနာ သက္ကရာဇ် (၆၂၄)ခုနှစ်မှာ သုမုန္ဒြီမင်းက ဒေါဒေါရသကိန်း (၆၂၂)ကိုဖြိုပြီး သက္ကရာဇ်ကို (၂)ခု အကြွင်းထား သုံးစွဲခြင်းဖြင့် သာသာနာ နှစ်နဲ့ ကောဇာသက္ကရာဇ် (၂)မျိုး ပေါ်ပေါက်လာကြောင်း ဆရာဖြိုးရဲ့ နှစ်တစ်ရာ ပြက္ခဒိန်မှာ ဖတ်ရှု ရပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဘိုးတော် အဉ္စနမင်းလက်ထက် ရှိရင်း သက္ကရာဇ် (၈၆၄၇) နှစ်မှ (၈၆၄၅)နှစ်ကိုဖြိုပြီး ကျန်(၂)နှစ်ကို အဉ္စနာသက္ကရာဇ် အဖြစ်လည်းကောင်း၊ အဇာတသတ်မင်း လက်ထက် အဉ္စနာသက္ကရာဇ် (၁၄၈)ခုနှစ်ကိုဖြိုပြီး ဗုဒ္ဓသာသနာနှစ် သက္ကရာဇ် (၁)ခုအဖြစ် လည်းကောင်း၊ သုမုန္ဒြီမင်း လက်ထက် သာသနာ သက္ကရာဇ် (၆၂၄)ခုနှစ်မှ (၆၂၂)ကိုဖြိုပြီး ကျန်(၂)ခုကို (သရေခေတ္တရာ) သက္ကရာဇ် အဖြစ်လည်းကောင်း၊ ပုဂံဘုရင် ပုပ္ပားစောရဟန်းမင်း လက်ထက် သရေခေတ္တရာ သက္ကရာဇ် (၅၆၂)ကို (၅၆၀)ဖြိုပြီး ကျန်(၂)ခုကို ပေါကံ္ကသက္ကရာဇ် အဖြစ် ယနေ့အထိ ဆက်လက် သုံးစွဲနေကြောင်း မှတ်သား ဖတ်ရှုရပါတယ်။

မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့သည် သက္ကရာဇ်ရထားကြီး ကိုစီးပြီး ခရီးသွားနေကြသူများ ဖြစ်ကြပါတယ်။ အတိတ်ကို ငဲ့စောင်းကြည့်လျှင် ပျော်ရွှင်စရာများ၊ ၀မ်းနည်းစရာများ၊ အောင်မြင်မှုများနှင့် ကြေကွဲဝမ်းနည်းမှုများ အသီးသီးကိုယ်စီနဲ့ပါ။ ရှေ့ဘူတာရော ဘယ်လို ဘူတာမျိုးဖြစ်မလဲ။ ကျွန်တော်တို့ရဲ့ လူ့ဘ၀ ခရီးစဉ် ရထားလက်မှတ်တွင် ရှေ့ဘူတာဟူ၍ ကြိုရေးမထားပါ။ အိန္ဒိယစကားပုံ တစ်ခုက " အချိန်ကို လက်ဖြင့် ဖမ်းဆီး၍ မဖြစ်နိုင် " ( There is no hand to catch time ) ဟုဆိုခဲ့ပေသည်။ နှစ်သစ်မှာ လူတိုင်းလူတိုင်း ချမ်းမြေ့မှု အပေါင်းနဲ့ ပျော်ရွှင်နိုင်ပါစေ .. .. ။

Friday, December 5, 2008

ဒီလိုလေး နှုတ်ဆက်ချင်ပါတယ်


သူငယ်ချင်းတွေရဲ့ အိမ်ကို ရောက်ခဲ့ရင် " မင်္ဂလာပါ " ဆိုပြီး အလျင် နှုတ်ဆက်မိတာ ကိုယ်ပိုင်ဟန်ပန် လိုဖြစ်နေပါပြီ။ နောက် "ချမ်းမြေ့ပါစေ"၊ "ရွှင်လန်းပါစေ"၊ "ပျော်ရွှင်နိုင်ပါစေ" စသဖြင့် အပိတ် နှုက်ခွန်းဆက်ပြီးမှ ပြန်လာတတ်ပါတယ်။ မမြင်နိုင်တဲ့၊ မတွေ့ဖူးတဲ့ အွန်လိုင်းပေါ် က သူငယ်ချင်းတွေကို ညီအစ်ကို မောင်နှမလို၊ မိတ်တွေစစ်တွေလိုပဲ ခင်မင် ရင်းနှီးစွာနဲ့ နှုတ်ဆက် ဖြစ်ပါတယ်။ ခင်မင်စိတ်နဲ့ အာလုတ်ပြုတဲ့ စကားလေးပါ။ ပြင်ပလောကမှာ ကျတော့ "လှလို့ ၀လို့ ပါလား" ဆိုပြီး ဥပကာရ ပြောဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အစစ အရာရာ အဆင်ပြေနေပါမှ စိတ်ချမ်းသာပြီး လှပ နေနိုင်တာပေါ့နော်။ ဒီလို လှပနေမှ ပြည့်ပြည့်၀၀ စိုစိုပြည်ပြည် ဖြစ်မယ်လေ။ စေတနာအရင်းခံနဲ့ လူတွေ အဆင်ပြေကြပြီး စိုပြည်လှပနေဖို့၊ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ကျော်လွှား နိုင်ကြဖို့အတွက် လှလို့ ၀လို့ ပါလားလို့ နှုတ်ဆက်လိုက်ရင် တော်တော်များများက အကျေနပ်ကြီး ကျေနပ်ပြီး ရယ်မောနိုင်တာကို တွေ့ရပါတယ်။

စိတ်လက်ပေါ့ပါးစွာနဲ့ ရယ်မောနိုင်တာဟာ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ပြုနိုင်ပါတယ်။ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာကိစ္စလေးပါ။ ရယ်မောလိုက်ခြင်းဖြင့် မျက်နှာပြင်မှရှိတဲ့ အကြောအချင်တွေ ဘယ်မျှ ဘယ်၍ ဘယ်လို လှုပ်ရှားစေပြီး ဘယ်အတိုင်း အတာအထိ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာကိုတော့ ဆေးပညာရှင်တွေက ပိုသိ၊ ပိုနားလည်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ရယ်မော ပျော်ရွှင်နေတာက စိတ်ညစ် ငိုယိုနေရ တာထက်တော့ ပိုကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ မဟုတ်လား။

ဒါကြောင့် ရယ်မောနိုင်ကြပါစေ၊ ကျန်းမာပျော်ရွှင်နိုင်ပါစေ၊ ဒီကနေတစ်ဆင့် ၀၀လှလှ လေးတွေ ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့ကြတာ ဖြစ်ပါလိမ့်မယ်။ မနှစ်သက် သူတွေအတွက် အဓိပ္ပာယ်ကောက်လွဲတာ၊ အမြင်လွဲတာတွေ ဖြစ်နိုင်ပေမယ့် မလွဲနိုင်တာကတော့ လူတစ်ဦးအပေါ်မှာ ထားရှိတဲ့ စေတနာတရားပါပဲ။ ကိုယ့်သူငယ်ချင်း မိတ်ဆွေ ရယ်မောပျော်ရွှင်နိုင်ဖို့ ဘ၀မှာ စိုစိုပြည်ပြည် လှလှပပ ဖြစ်ဖို့ထားတဲ့ စေတနာကတော့ ဘယ်လိုမှ မလွဲမမှားနိုင်တာကို တပ်အပ် ပြောနိုင်ပါတယ်။ ဘုရားဟော ရှိပါတယ်။ " အာရောဂျံ ပရမံ လာဘံ " ဖြစ်ပါတယ်။ အာရောဂျံ - အနာရောဂါ ကင်းရှင်း ကျန်းမာခြင်းသည်၊ ပရမံ - မြတ်သော၊ လာဘံ - လာဘ်တစ်ပါး ဖြစ်သည် လို့ ဆိုထားပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်ပါမှ မိမိဘဝရဲ့ တိုးတက်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုကို ရရှိနိုင်ပါမယ်။ ဒါမှလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ စိုပြည်လှပ နေမှာပါ။

လူတိုင်းကိုယ်စီ ရယ်မောပျော်ရွှင် နိုင်တဲ့ဘဝ၊ ပူပင်ကြောင့်ကျမှု ကင်းတဲ့ဘဝ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ဘဝ၊ စိတ်ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ဘဝ တွေကို မက်မောကြတာ ဓမ္မတာပါ။ ငွေရှိပေမယ့် စိတ်မချမ်းသာတဲ့ သူတွေ၊ ရာထူးဂုဏ်သိန် တွေရှိပေမယ့် ကိုယ် မကျန်းမာတဲ့ သူတွေ ကျွန်တော်တို့ ခင်ဗျားတို့ ဘေးနားမှာ ရှိနေကြတာ၊ ရှိနေတာကို တွေ့မြင်နေရပါလိမ့်မယ်။ တစ်ဖက်က ပြည့်စုံပြီး တကယ့်လိုအပ်ချက်က ချို့တဲ့နေတဲ့ ချိန်ခွင်လျှာ မညီမှုမျိုး တွေကိုလည်း တွေ့ဖူးကြမှာပါ။ ဒါကြောင့် လူတိုင်း အနေမခက်၊ မသေမခက်ဘဲ ဘဝကို ခင်တွယ် မက်မောစရာ၊ ပျော်မွေ့စရာ အဖြစ် ခံယူရှင်သန် နိုင်အောင် အားလုံးပဲ ရယ်မောနိုင်ကြပါစေ၊ ပျော်ရွှင်နိုင်ကြပါစေလို့ ပြောရတာဖြစ် ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ သက်ပြင်းတွေချ၊ ငိုကြွေးပြီး စိတ်သောက ရောက်နေရတာထက် ရယ်မော ပျော်ရွှင်နေတာက ပိုမကောင်းဘူးလား။ တပိန်ပိန် တလိန်လိန်နဲ့ အရိုးပေါ် အရေတင်ပြီး ကမ္မဋ္ဌာန်း ရုပ်ပေါက်နေတာထက် စာရင်တော့ စိုပြည်လှပပြီး ၀နေကြက ပိုမကောင်းပေဘူးလား။ ဒါကြောင့် လူတိုင်းကိုပဲ "လှလို့ ၀လို့ပါလား" လို့ပဲ နှုတ်ဆက်ချင်ပါတယ်။ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ။

Monday, November 24, 2008

သံသယစိတ်တွေ ဖြေဖျောက်လိုက်ပါ


လူ့လောကကြီးမှာ ယုံကြည်မှုဟာ လွန်စွာ အရေးပါလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်ယူဖို့ ခက်ခဲတယ် မှန်ပေမယ့် ထိုယုံကြည်မှုက တစ်ခဏသာ မျက်စိတစ်မှိတ် အတွင်းမှာလည်း ရုတ်ခြည်း ပျောက်ကွက်သွားတတ် တာလည်း ရှိတတ်ပါတယ်။ ဘဝနဲ့ရင်းပြီး အချိန်ကြာမြင့်စွာနဲ့ ခိုင်မြဲခဲ့တဲ့ ယုံကြည်မှုဟာ လူတစ်ချို့ရဲ့ စိတ်လိုက် မာန်ပါ ဆုံးဖြတ်တတ်မှုကြောင့်ပဲ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးနဲ့တင် အဆုံးသတ် သွားရတာ နှမြောစရာရယ်ပါ။

ယုံကြည်မှု ပျက်ပြားသွားတယ် ဆိုရင် နောက်ဆက်တွဲ အဖြစ်နဲ့ သံသယစိတ်က အစားထိုး ၀င်ရောက် လာတတ်တာ သဘာဝပါ။ ဒီသံသယစိတ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ယုံကြည်မှု ကင်းသွားတာဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဖြစ်ပေါ်လာနိုင် စွမ်းပါတယ်။ ယုံကြည်မှုကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်တော့ အန္တရာယ် အသွယ်သွယ်ကနေ ကျော်ဖြတ်နိုင်မှာ ဖြစ်သလို ပြဿနာမျိုးစုံကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်စိတ်ချစွာနဲ့ ဆက်ဆံနိုင်မှ သာလျှင် အောင်မြင်မှုနဲ့ ကောင်းကျိုးချမ်းသာ အဖြာဖြာကို ရရှိနိုင်မှာ ဧကန်မလွဲပါပဲ။

စိတ်နဲ့ကိုယ် ကပ်မနေပေမယ့် အများအမြင်မှာတော့ အောင်နိုင်သူအဖြစ် ဂုဏ်ယူဝင့်ကြွားလိုစိတ်နဲ့ ယုံကြည်မှုကို ဖျက်ဆီး ရိုက်ချိုးခဲ့သူများရဲ့ ရင်ထဲမှာတော့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက် တွေရှိမှာ အသေအချာပါပဲ။ တစ်ချို့ကျတော့ စိတ်ထင်တိုင်း ဇွတ်တရွတ် ဖန်းတီးယူတတ်တာကြောင့် ဘဝတက်လမ်း နှောင်းနှေးသွားရတတ် တာလည်း ရှိပါတယ်။ ဇွဲကြီးလွန်းပေမယ့် ထိုဇွဲကို စနစ်တကျ အသုံးမချတတ်တာကြောင့် ဆိုးကျိုးကိုသာ ရရှိတတ်ပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးသွားတတ်ကြ ပါတယ်။

လူရယ်လို့ ဖြစ်လာမှတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့၊ အဆင်ပြေ ချောမွေ့စွာ ပြောဆို ဆက်ဆံတတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူကို လူအများက ချစ်ခင် ယုံကြည် ကြသလို လောကကို အရွဲ့တိုက်ပြီး စိတ်ထင်ရာစိုင်း နေကြသူတွေကိုလည်း ဖွယ်ခွာ ရှောင်ရှားနေတတ် ကြပါတယ်။ လူ့အသိုင်း အဝိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေမို့ အကောင်းမြင် သဘောထားရှိသူ၊ အရာရာကို အဆိုးဘက်ကနေ ကြည့်မြင်တတ်သူ စသဖြင့် လူပေါင်းစုံနဲ့ ထိတွေ့ ပြောဆိုနေကြရပါတယ်။ ဖြူစင်တဲ့ နှလုံးသားနဲ့ တစ်ဖက်သားအပေါ် ယုံကြည်မှု အပြည့်အဝထား ဆက်ဆံ တတ်သူတွေ အတွက်တော့ ကမ္ဘာလောကကြီးဟာ နေချင့်စဖွယ် ပျော်ရွှင်ကြည်နူးစဖွယ် အတိဖြစ်နေပါမယ်။ သူတစ်ပါးအပေါ် သံသယစိတ်နဲ့ မယုံမကြည် ဆက်ဆံတတ်မှုကနေ ရှောင်ဖယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Thursday, November 20, 2008

ပုလဲဧကရီ



သူငယ်ချင်း
သူငယ်ချင်းကို ပုလဲဧကရီ လို့တင်စားခေါ်ချင်ပါတယ်
ပုလဲဟာ ကျက်သရေရှိတယ်။ ပုလဲအရောင်ဟာ လူသားတွေရဲ့ နှလုံးသားကို ချမ်းမြေ့မှု အပေးနိုင်ဆုံး ဖြစ်တယ်
သူငယ်ချင်းကို မြင်ရရင် ရင်ကို အေးချမ်းပြီး ကျက်သရေရှိတဲ့ သူလေးတစ်ယောက်လိုပဲ မြင်မိတယ်
မဟုတ်ခဲ့ရင်တောင် အဲဒီလိုဖြစ်အောင် စိတ်ထဲအမြဲ မွေးနေမိပါတယ်
သူငယ်ချင်းကကို ပုလဲဧကရီ လို့ တင်စားခေါ်ဝေါ်နိုင်အောင် ပုလဲဋီကာကို ပြောပြချင်ပါတယ်

ပုလဲဟာ တစ်ခြားကျောက်မျက်ရတနာတွေလို မဟုတ်ပါဘူး
လူတိုင်းနဲ့ လိုက်ဖက် တင့်တယ်တယ်
ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး ပုလဲကို ၀တ်ဆင်ထားရင် အားလုံးဟာ တူညီတဲ့ ကျက်သရေကိုဆောင်တယ်
တစ်ခြားကျောက်မျက်တွေက
တန်ဖိုးအလိုက် ကြွားဖို့ ၀ါဖို့ ဂုဏ်ရှိဖို့ ဂုဏ်တုဂုဏ်ပြိုင်ဖို့ အတွက်သာ အဓိပ္ပာယ်ဆောင်ပေမယ့်
ပုလဲကတော့
တည်ကြည်ခြင်း ငြိမ်သက်ခြင်း မေတ္တာတရား သက်ဝင်ခြင်း စတဲ့
ကျက်သရေ အရိပ်အယောင်တွေနဲ့သာ နိမိတ်ဆောင်နေပါတယ် .. ..


ကမ္ဘာပေါ်မှာရှိတဲ့ ဣတ္ထိယတို့ အလှအပအတွက် ဖက်ရှင်အမျိုးမျိုး တီထွင်သုံးစွဲခဲ့ပြီး
ရေစီးကြောင်းတွေ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းခဲ့ပေမယ့် ပုလဲဝတ်ဆင်မှုကတော့
ခေတ်အဆက်ဆက် မပြောင်းလဲခဲ့ပါဘူး ရိုးသွားတယ်ရယ်လို့ မရှိခဲ့ဘူးဆိုတာ သူငယ်ချင်း သိမှာပါ
အဲဒါ ဘာကြောင့်လဲဆိုတော့ ပုလဲဟာ မိန်းမသားတို့ရဲ့နှလုံးသည်းပွတ်မှာ
မြတ်နိုးတွယ်တာ ခုံမင်စရာ ရတနာတစ်ပါးအဖြစ်နဲ့ ထာဝရ ကိန်းအောင်းနေလို့ပါပဲ
ဒါကြောင့်
ပုလဲကို ရတနာလောကရဲ့ ဘုရင်မ The Queen of Gems လို့ သတ်မှတ်ထားခဲ့ကြတယ်
ပုလဲဟာ လှပရုံသာမက စန်းပွင့်တယ် နိမိတ်ကောင်းတယ် ဆိုပြီး နှစ်နှစ်ကာကာ ၀တ်ဆင်ခဲ့ကြတယ် .. ..

ပုလဲဟာ ရှေးအကျဆုံး ရတနာတစ်ပါးဖြစ်ပြီး
တစ်ခြား ကျောက်မျက်ရတနာတွေလို သွေးစရာလည်းမလို
အကွက်ဖော်စရာလည်းမလို အသင့်ဝတ်ဆင်နိုင်တာကြောင့် ကျောက်သွေးပညာ မပေါ်ခင်ကတည်းက ခေတ်စားခဲ့တယ်
ခရစ်ယာန်တို့ရဲ့ ဓမ္မကျမ်းစာမှာပဲ ကြည့်ကြည့်
ဂျူးလူမျိုးတို့ရဲ့ ရဟူဒီဓမ္မကျမ်းမှာပဲ ကြည့်ကြည့်
မူဆလင်တို့ရဲ့ ကုရ်အာန် ကျမ်းမှာပဲ ကြည့်ကြည့်
ပုလဲရတနာကို ကြွယ်ဝချမ်းသာခြင်း အဖြစ် တင်စားဖော်ပြထားတာတွေ့ရမယ် .. ..



မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို ဘက်စုံ ထောင့်စုံကနေ အချက်အလက်ပေါင်းစုံနဲ့ တန်ဖိုးဖြတ်ကြသလို
ပုလဲတွေရဲ့ တန်ဖိုးကိုလည်း အချက်(၇)ချက်နဲ့ ဆုံးဖြတ်ကြတယ်
ပထမအချက် အရောင် Colour ဖြစ်တယ် Body Colour နဲ့ ရောင်ပြေး Over Tone ကိုကြည့်ရတယ်
ဒုတိယအချက်က တောက်ပမှုစွမ်းအား Lustre
တတိယ ပုလဲရဲ့ မျက်နှာပြင်မှာ အပြစ်အနာအဆာ ကင်းစင်မှု
စတုတ္ထ ပုလဲရဲ့ သဏ္ဍာန် Shape
ပဉ္စမ အရွယ် Size
ဆဋ္ဌမ အချက်က ပုလဲရဲ့ သီကုံးပုံ Make
သတ္တမနောက်ဆုံးအချက်က ပုလဲရည် အထူအပါး Nacre Thickness တို့ပဲဖြစ်တယ် .. ..

သဘာဝပုလဲရဲ့ အရောင်တွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ ရွှေရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ ခရမ်းဖျော့ရောင်၊ လိမ္မော်ရောင်၊ ကြေးဝါရောင် ရှိကြတယ်
မွေးပုလဲတွေကတော့
အဖြူရောင်၊ နို့နှစ်ရောင်၊ နှင်းဆီရောင်၊ ပန်းရောင်၊ အ၀ါရောင်၊ ငွေရောင်နဲ့ မီးခိုးရောင် တွေရှိတယ်
ပုလဲ အစစ်နဲ့ အတုကို လွယ်လွယ်ခွဲခြားတဲ့နည်းကို သူငယ်ချင်း မှတ်ထားပါဦး
ပုလဲသားကို လူရဲ့ ရှေ့သွားနဲ့ ပွတ်ကြည့်ရတယ်
ပုလဲအစစ်က သွားကို သဲနဲ့ရှသလို အာရုံမျိုး ခံစားရလိမ့်မယ်
ပုလဲအတုကတော့ သွားမှာ ဘာအာရုံမှမရဘဲ ချောနေပါမယ်

ပုလဲနဲ့ ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်နဲ့ သတိထားရမှာတွေကတော့
ပုလဲကို အက်စစ်နဲ့ လုံးဝမထိမိပါစေနဲ့
အက်စစ် မပြောပါနဲ့
အပြင်းစား အလှဆီ၊ အပြင်းစား ရေမွှေး၊ အပြင်းစား Hair Spray များနဲ့ ထိလို့မရဘူး
ပုလဲကို ၀တ်ဆင်ထားရင် ရေမွှေးဆွတ်ထာ သတိထားပေါ့နော်
ပုလဲကို မဝတ်ဆင်ဘဲ သိမ်းထားမည်ဆိုရင်တောင် (မာဆင့်များတဲ့)
ကျောက်မျက်ရတနာတွေနဲ့ ရောနှောသိမ်းဆည်းထားလို့ မရပါဘူး၊ ပုလဲကို ပွန်းပဲ့ ပျက်စီးစေတယ်
အကောင်းဆုံးကတော့ နူးညံ့ပျော့ပြောင်းတဲ့ ကတ္တီပါဘူးများနဲ့သာ သိမ်းထားသင့်ပါတယ်
ကြိုးနဲ့သီသွယ်ထားတဲ့ ပုလဲလည်ဆွဲဆိုရင်လည်း ခြောက်လ တစ်ကြိမ်ကြိုးအသစ်လဲပေးရမယ် .. ..

ပုလဲကို ဝတ်ဆင်တဲ့အခါမှာလည်း ပုလဲဟာ ပေါ်လွင်ပြီးသားမို့
ဝတ်ဆင်သူတို့နဲ့ လိုက်ဖက်အောင် စီစဉ်ရတာလည်း အဆင်ပြေလွန်းပါတယ်
မျက်နှာကျ ရှည်သွယ်တဲ့သူဆိုရင် လည်ပင်းအရင်းမှာကပ်ပြီး
ပုလဲလည်ဆွဲကို ဝတ်ဆင်မယ်ဆိုရင် ရှည်သွယ်တဲ့ မျက်နှာကို ပေါ်လွင်စေတယ်
ဝိုင်းတဲ့ မျက်နှာနဲ့ လေးထောင့်ပုံမျက်နှာပိုင်ရှင် ဣတ္ထိယတို့ အနေနဲ့
ရင်ညွန့်နဲ့ ရင်ညွန့်အောက်အထိရောက်တဲ့ ပုလဲထပ်ကုံးရှည်ကို ဝတ်ဆင်ပေးရမယ်
ဒါမှ ရှိပြီးသားအလှကို ပိုပေါ်လွင်စေပါတယ် .. ..



အဖြူရောင်ဟာ လူသားတွေကို ချမ်းမြေ့မှု အပေးနိုင်ဆုံးအရောင် ဖြစ်တယ်
အဖြူရောင်ရှိနေတဲ့ ပုလဲဟာလည်း ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မင်္ဂလာသင်္ကေတ ပဲဖြစ်တယ်
လူ့ယဉ်ကျေးမှု ခေတ်ဦးကတည်းကနေ ကနေ့တိုင်
သန့်စင်ခြင်း စင်ကြယ်ခြင်း အပြစ်ကင်းစင်ခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ပုလဲဟာ
အပျိုစင် အပျိုမတို့ ဆင်မြန်းထားမယ်ဆိုရင်
ဒိုင်ယာနာနတ်သမီး ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရတယ်လို့ ယုံကြည်မိရင်း
မကြာမတင် ကျရောက်မယ့် သူငယ်ချင်းရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
စဉ်ဆက်မပြတ်စီးဆင်းနေတဲ့ တော်ဝင်အလှတစ်ပါး ပုလဲရတနာများနည်းတူ
သူငယ်ချင်းရဲ့ ဘဝလည်း အစွမ်းကုန် လှပ ချမ်းမြေ့ ပျော်ရွှင် နိုင်ပါစေလို့ .. .. .. ဆန္ဒပြုလိုက်ပါတယ်

(ပင်လောင်းမှာ ရှိနေစဉ်တုန်းက ရေးထားခဲ့တဲ့ စာလေးဖြစ်ပါတယ်။ မူရင်းစာအုပ်ကို code မဖော်ပြပေးနိုင်တဲ့ ပျက်ကွက်မှုအတွက် ဒီနေရာကနေ အနူးအညွှတ် တောင်းပန်ပါတယ်။ အားလုံးကို လေးစားလျက်ပါ။)