Monday, November 18, 2024

သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

 



သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

ဒေါက်တာ သိင်္ဂီကျော်

သွေးချိုဆီးချို ရောဂါဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသည့် မကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါ အဖွဲ့ချုပ်၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၁၀.၅ ရာခိုင်နှုန်း ခန့်သည် သွေးချိုဆီးချို ရောဂါခံစား နေကြရကြောင်း ခန့်မှန်းထားသည်။ သို့သော် ရောဂါရှိသူ အားလုံး၏ ထက်ဝက်နီးပါး ခန့်သည် သွေးချိုဆီးချို ရောဂါရှိကြောင်း သတိမပြုမိကြဘဲ အာဖရိက၊ အနောက်ပစိဖိတ်နှင့် အရှေ့တောင်အာရှ ဒေသများရှိ ဝင်ငွေနည်းနိုင်ငံ များနှင့် ဝင်ငွေအလယ်အလတ် ရှိသော နိုင်ငံများတွင် အဖြစ်အများဆုံး ဖြစ်ကြောင်း တွေ့ရှိရသည်။ သွေးချိုဆီးချို ရောဂါသည် အချိန်ကြာ လာသည်နှင့် အမျှ နာတာရှည် နောက်ဆက်တွဲ ရောဂါများဖြစ်ပွား နိုင်သည်။ သွေးချိုဆီးချို ရောဂါရှိသူ သုံးဦးလျှင် နှစ်ဦးသည် နောက်ဆက်တွဲ ပြဿနာများ ရှိနှင့်ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။


သွေးချိုဆီးချို ရောဂါ၏အဓိက နောက်ဆက်တွဲ ပြဿနာများမှာ မျက်စိထိခိုက်ခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အာရုံကြော ထိခိုက် ပျက်စီးခြင်း၊ အစာမကြေဖြစ်ခြင်း၊ ခြေထောက် ပြဿနာများ၊ အရေပြား ပြဿနာများ၊ ပိုးဝင်လွယ်ခြင်း၊ အမျိုးသားနှင့် အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ပြဿနာများ၊ သွားဖုံးရောဂါနှင့် အခြားခံတွင်း ပြဿနာများ၊ သွေးချိုဆီးချို ရောဂါနှင့် ဆက်စပ်သော ကင်ဆာများနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်းတို့ ဖြစ်ပါသည်။ သွေးချိုဆီးချို ရောဂါရှိသူများတွင် အသက်အန္တရာယ် ရှိသော အရေးပေါ် အခြေအနေများ ဖြစ်သည့် သွေးတွင်း သကြားဓာတ် နည်းလွန်းခြင်း၊ သွေးတွင်း သကြားဓာတ် များလွန်းခြင်း ကြောင့်ပြင်းထန်သော ရေဓာတ် ခမ်းခြောက်ခြင်းနှင့် သွေးချို အဆိပ်တက်ခြင်း တို့ဖြစ်တတ် ပါသည်။ ထိုအရေးပေါ် အခြေအနေ များသည် အချိန်မရွေး ဖြစ်နိုင်ပြီး နာတာရှည် နောက်ဆက်တွဲ ပြဿနာများကို ခံစားရနိုင် ပါသည်။

မျက်စိပြဿနာများ

သွေးချိုဆီးချို ရောဂါသည် မျက်စိ အမြင်အာရုံကို ထိခိုက်စေနိုင် သဖြင့် မျက်စိအထူးကု ဆရာဝန်နှင့် မျက်လုံးကို ပုံမှန်ပြသ စမ်းသပ်ခြင်းဖြင့် မျက်ကြည်လွှာ ပျက်စီးမှု၊ အတွင်းတိမ်နှင့် ရေတိမ်တို့၏ လက္ခဏာများကို စစ်ဆေးကုသ နိုင်ပြီး အမြင်အာရုံ ဆုံးရှုံးမှုကိုကာကွယ်နိုင် ပါသည်။

ခြေထောက်ပြဿနာများ

သွေးချိုဆီးချို ရောဂါရှိသူများတွင် ခြေထောက် ပြဿနာသည် ပြင်းထန်ပြီး မကုသပါက ဖြတ်တောက်ခံရ နိုင်သည်။ အာရုံကြော ပျက်စီးမှုသည် ခြေထောက်ရှိ ခံစားချက်ကို ထိခိုက်စေနိုင်ပြီး သွေးတွင်း သကြားဓာတ် များလာခြင်းသည် သွေးလည်ပတ်မှုကို ထိခိုက်စေနိုင် သဖြင့် အနာကျက် နှေးစေသည်။ ထို့ကြောင့် ခြေထောက်တွင် ခံစားရမှု တစ်ခုခုကို သတိပြုမိပါက ဆရာဝန်နှင့် ပြသရန် အရေးကြီး ပါသည်။

          ခြေထောက်ပြဿနာ များကို ကာကွယ်ရန် အရေပြား ယားယံခြင်း၊ အရည်ကြည်ဖုများ၊ အနာများ၊ ရောင်ရမ်းခြင်းနှင့် နီရဲခြင်း အတွက် ခြေထောက်ကို နေ့စဉ် စစ်ဆေးပါ။ ခြေထောက်ကို ရေစိမ်ခြင်းသည် အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ၊ ရေကြက်သီးနွေးဖြင့် နေ့စဉ် ဆေးကြောပြီး ဂရုတစိုက် အခြောက်ခံပါ။ ခြေထောက်နှင့် ခြေကျင်းဝတ် များတွင် အရေပြားပေါ် Lotion သို့မဟုတ် Petroleum jelly ဖြင့်လိမ်း၍ အစိုဓာတ်ပေးပါ။ အဆီများ သို့မဟုတ် ခရင်မ်များကို ခြေချောင်းများကြား တွင်ထည့်လျှင် အစိုဓာတ်က ရောဂါပိုး ကူးစက်မှုကို ဖြစ်စေနိုင်သည်။ ဖိနပ်မပါဘဲ အိမ်အပြင်သို့ မထွက်ပါနှင့်။ ခြေဖဝါးအနာ၊ ခြေဖနောင့် အနာ သို့မဟုတ် အခြား ခြေထောက် ပြဿနာများ ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုအပ်ပါသည်။

နှလုံးရောဂါနှင့်လေဖြတ်ခြင်း

သွေးချိုဆီးချို ရောဂါရှိသူများတွင် အချိန် အတိုင်းအတာ တစ်ခုအထိ သွေးတွင်း သကြားဓာတ် များနေခြင်းသည် သွေးကြောများကို ပျက်စီးစေနိုင်ပြီး တစ်ခါတစ်ရံတွင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေ နိုင်သည်။

ကျောက်ကပ်ပြဿနာများ

သွေးချိုဆီးချို ရောဂါသည် အချိန်ကြာ လာသည်နှင့် အမျှ သွေးတွင်း သကြားဓာတ် မြင့်မားခြင်းနှင့် သွေးတိုးခြင်း တို့ကြောင့် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပြီး ခန္ဓာကိုယ်မှ ပိုလျှံသော အရည်များနှင့် အညစ်အကြေး များကို စွန့်ထုတ်မှု လျော့နည်း စေသည်။

အာရုံကြောပျက်စီးခြင်း

သွေးတွင်း သကြားဓာတ် ပမာဏမြင့်မားခြင်း ၏ နောက်ဆက်တွဲ ပြဿနာ များကြောင့် သွေးချိုဆီးချို ရောဂါရှိသူ အချို့တွင် အာရုံကြောများ ပျက်စီးသဖြင့် ဦးနှောက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်း များကြားတွင် မက်ဆေ့ခ်ချများကို သယ်ဆောင်ရန် ပိုမိုခက်ခဲစေကာ မြင်မှု၊ ကြားမှု၊ ခံစားရမှုနှင့် လှုပ်ရှားမှုတို့ကို ထိခိုက် စေနိုင်သည်။

သွားဖုံးရောဂါနှင့်အခြားခံတွင်းပြဿနာများ

သွေးတွင်း သကြားဓာတ် များလွန်းခြင်းကြောင့် တံတွေးထဲတွင် သကြားဓာတ် များလာသဖြင့် သွားကြွေလွှာကို ထိခိုက်ပြီး သွားဖုံးများကို ပျက်စီးစေသည့် အက်ဆစ်များကို ထုတ်ပေးသည့် ဘက်တီးရီးယား များကို သယ်ဆောင်လာ ပါသည်။ သွားဖုံးရှိ သွေးကြောများ ကိုလည်း ပျက်စီးစေပြီး သွားဖုံးကို ကူးစက်နိုင်ခြေ ပိုများစေပါသည်။ ဖလိုရိုက်ပါသော သွားတိုက်ဆေးဖြင့် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် သွားတိုက်ပါ၊ တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် သွားဆရာဝန်နှင့် စစ်ဆေးပါ။ သွားဖုံးများ သွေးထွက်ခြင်း၊ နီခြင်း၊ ရောင်ရမ်းခြင်း ဖြစ်ပါက သွားဆရာဝန်နှင့် ချက်ချင်းပြပါ။

သွေးချိုဆီးချို ရောဂါနှင့် ဆက်စပ်သော ကင်ဆာများ သွေးချိုဆီးချို ရောဂါနှင့် ဆက်စပ်သော အဖြစ်အများဆုံး ကင်ဆာရောဂါ များမှာ ပန်ကရိယ၊ အသည်း၊ ရင်သား၊ သားအိမ်နှင့် အူမကြီးကင်ဆာ ဖြစ်သည်။ ကင်ဆာနှင့် သွေးချိုဆီးချို ရောဂါ ဆက်စပ်မှုသည် မျိုးဗီဇဆိုင်ရာ အချက်များ၊ ဂလူးကို့စ် မြင့်မားခြင်း၊ ဟော်မုန်းများ မညီမျှခြင်း၊ အဝလွန်ခြင်း၊ နာတာရှည်ေ ရာင်ရမ်းခြင်းနှင့် ဓာတ်တိုးဖိစီးမှုတို့ ပါဝင်သည်။ အချို့သော ကင်ဆာနှင့် ကင်ဆာကုထုံး များသည် သွေးချိုဆီးချို ဖြစ်နိုင်ခြေ တိုးလာခြင်းနှင့် ဆက်စပ်နေပြီး သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ရန် ပိုမိုခက်ခဲ စေသည်။ ထို့ကြောင့် သွေးချိုဆီးချို ဝေဒနာရှင်များတွင် ကင်ဆာ စစ်ဆေးမှုကို ပြုလုပ်သင့်ပြီး ကင်ဆာဝေဒနာရှင် များတွင် သွေးချိုဆီးချို ရောဂါအတွက် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သင့် ပါသည်။

အမျိုးသမီးလိင်ပိုင်းဆိုင်ရာပြဿနာများ

သွေးချိုဆီးချို ရောဂါကြောင့် သွေးကြောများနှင့် အာရုံကြောများ ပျက်စီးခြင်းသည် လိင်အင်္ဂါများသို့ စီးဆင်းသည့် သွေးပမာဏကို ကန့်သတ်ထား နိုင်သောကြောင့် အာရုံခံစားမှု အချို့ ဆုံးရှုံးနိုင်သည်။ သွေးတွင်း သကြားဓာတ် မြင့်မားနေပါက အမျိုးသမီးများတွင် မှက္ခရု သို့မဟုတ် ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါသည်။

အမျိုးသားလိင်ပိုင်းဆိုင်ရာပြဿနာများ

လိင်အင်္ဂါများဆီသို့ သွေးစီးဆင်းမှု ပမာဏကို ကန့်သတ်ထား နိုင်သောကြောင့် နိုးကြားရန် ခက်ခဲစေနိုင်သည်။ အမျိုးသားများတွင် တခါတရံ ပန်းသေခြင်းဟု ခေါ်သော လိင်ပိုင်းဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်သည်။

သွေးချိုဆီးချိုရောဂါနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်စေသော အကြောင်းရင်းများ

သွေးထဲတွင် သကြားဓာတ်ပမာဏ အချိန်ကြာမြင့်စွာ မြင့်မားခြင်းသည် သွေးကြောများကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။ သွေးကြောများ ကောင်းမွန်စွာ အလုပ်မလုပ်ပါက၊ ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ လိုအပ်သော သွေးများ မရောက်ရှိနိုင်ပါ။ အာရုံကြောများ ကောင်းမွန်စွာ အလုပ်မလုပ်သဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း များတွင် ခံစားမှုဆုံးရှုံး သွားသည်။ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုရှိ သွေးကြောများနှင့် အာရုံကြောများ ပျက်စီးသွားသော အခါ ခန္ဓာကိုယ်ရှိ အခြား အစိတ်အပိုင်း များတွင်လည်း အလားတူ ပြဿနာများ ရှိလာနိုင်ပါသည်။ ထို့ကြောင့် ခြေထောက်များ ပျက်စီးနေလျှင် ပြင်းထန်သော နှလုံးပြဿနာများ ဖြစ်လာနိုင် ပါသည်။

သွေးချိုဆီးချို ဝေဒနာရှင် များတွင် HbA1c စစ်ခြင်းဖြင့် လွန်ခဲ့သော သုံးလအတွင်း၏ ပျမ်းမျှ သွေးတွင်း သကြားဓာတ် ပမာဏကို တိုင်းတာနိုင်သည်။ HbA1c မြင့်မားခြင်းသည် သွေးထဲတွင် သကြားဓာတ် များလွန်းသည်ဟု ဆိုလိုပါသည်။ HbA1c အဆင့်မြင့်မားလေ၊ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ခြေပိုများလေ ဖြစ်ပါသည်။ အနည်းငယ် မြင့်မားသော HbA1c သည်ပင် သွေးချိုဆီးချို ရောဂါ၏ နောက်ဆက်တွဲ ရောဂါအန္တရာယ် များကိုတိုးမြင့် စေသည်။ သွေးတွင်း သကြားဓာတ် အပြင် သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့်သွေးတွင်း အဆီများခြင်း တို့သည် သွေးကြောများကို ပျက်စီးစေပြီး နောက်ဆက်တွဲ အန္တရာယ်များကို ဖြစ်စေပါသည်။

နောက်ဆက်တွဲပြဿနာများကိုကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ

သွေးချိုဆီးချို ရောဂါ၏ နောက်ဆက်တွဲ ရောဂါအန္တရာယ် များသည် ရှောင်လွှဲ၍ မရသော်လည်း သွေးတွင်း သကြားဓာတ်၊ သွေးပေါင်ချိန်နှင့် သွေးတွင်း အဆီများကို ပုံမှန်ဖြစ်စေရန် ကောင်းမွန်စွာ ထိန်းထားခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်နှင့် နှောင့်နှေးစေရန် အထောက်အကူ ဖြစ်စေနိုင် ပါသည်။

၁။ HbA1c ကို သတ်မှတ်ထားသော ပမာဏအတွင်း ထားရှိခြင်းသည် နောက်ဆက်တွဲ အန္တရာယ်များကို လျှော့ချရန် အတွက် အရေးကြီး ပါသည်။ သွေးတွင်း သကြားဓာတ်ကို နေ့စဉ်ပုံမှန် စစ်ဆေး စောင့်ကြည့်ပါ။ ဆေးဝါးများကို ညွှန်ကြားသည့် အတိုင်း မှန်မှန်သောက်ပါ။ သွေးတွင်း သကြားဓာတ် မြင့်တက်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သတ်မှတ်ထားသော ကုသမှု ရည်မှန်းချက်များ ဖြစ်သော

(က) မနက်စောစော အစာမစားမီ သွေးအတွင်း သကြားဓာတ် ၈၀ - ၁၃၀ mg/dl ။

(ခ) အစာစားပြီး ၂ နာရီအကြာ သွေးအတွင်း သကြားဓာတ် ၈၀ - ၁၈၀mg/dl။

(ဂ) HbA1C  ခေါ် ၃လအတွင်း ပျှမ်းမျှ သကြားဓာတ် ၇% နှင့်အောက်။

သို့ပြန်လည် ရောက်ရှိရန် ကုသမှုကို ပြောင်းလဲရန် လိုအပ်နိုင်သည်။

၂။ ဆေးလိပ် သောက်ခြင်းသည် ခန္ဓာကိုယ်မှ နှလုံးနှင့် ခြေထောက် ကဲ့သို့သော နေရာများသို့ သွေးများ စီးဆင်းရန် ခက်ခဲစေသဖြင့် ဆေးလိပ်ဖြတ်သင့် ပါသည်။

၃။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ရွေးချယ် စားသောက်ခြင်းသည် ကိုယ်အလေးချိန် ကျစေရန်၊ HbA1c ကို လျှော့ချရန်၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတွင်း အဆီများကို လျှော့ချရန် အထောက်အကူ ပြုနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်ရန် အဆီလျှော့၍ ဆားနည်းသော အစားအစာကို စားသုံးသင့် ပါသည်။

၎။ ကိုယ်လက် လှုပ်ရှားမှုကို နေ့စဉ်မိနစ် ၃၀ ခန့်ပြုလုပ်ခြင်းဖြင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင် သဖြင့် တက်ကြွ လှုပ်ရှားသော လူနေမှုဘဝ ပုံစံကို တည်ဆောက်ပါ။

၅။ အရက် အလွန်အကျွံ သောက်ခြင်းကို ရှောင်ပါ။ အရက်သည် နောက်ပိုင်းတွင် သွေးတွင်း သကြားဓာတ် ကျစေနိုင်သည်။ အထူးသဖြင့် အင်ဆူလင် ထိုးသူများ အတွက် သတိထားရန် လိုအပ်ပါသည်။

၆။ စိတ်ဖိစီးမှု လျှော့ချရန် တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ တရားစာအုပ်များ ဖတ်ခြင်း၊ တရားနာခြင်း၊ တေးသီချင်းများ နားထောင်ခြင်း၊ သီဆိုခြင်းနှင့် ကခုန်ခြင်းတို့ဖြင့် နေ့စဉ်ဘဝတွင် ပျော်ရွှင်စေရန် လေ့ကျင့်ပါ။ ပျော်စရာ ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ခြင်း၊ ရယ်မောခြင်း တို့ဖြင့် စိတ်ဖိစီးမှုများကို လျှော့ချပါ။

၇။ အရွယ်ရောက်ပြီး သူများ ညစဉ်ပုံမှန် အိပ်စက်ချိန် ၇ နာရီမှ ၉ နာရီအထိရှိရန် ဂရုပြုပါ။ နေ့စဉ် အချိန်မှန် အိပ်ရာဝင်ပါ။ အသက်ကြီးသူများ နေ့ခင်းဘက်တွင် မိနစ် (၂၀) ခန့် တစ်ရေးတစ်မော အိပ်စက် အနားယူပါ။

၈။ တစ်နှစ်လျှင် သွေးချို ဆီးချိုရောဂါ စစ်ဆေးမှု နှစ်ကြိမ်မှ လေးကြိမ် ပြုလုပ်ပါ။မျက်စိ၊ အာရုံကြော၊ နှလုံးရောဂါ၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် အခြားရောဂါများ ရှိမရှိ စစ်ဆေးသင့် ပါသည်။ ဆရာဝန်ကို တစ်နှစ်လျှင် နှစ်ကြိမ်မှ လေးကြိမ် တွေ့ဆုံဆွေးနွေးပါ။ အင်ဆူလင်ထိုးခြင်း သို့မဟုတ် သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းညှိရန် အကူအညီ လိုအပ်ပါက ဆရာဝန်ထံ မကြာခဏ သွားရောက်ရန် လိုအပ်နိုင်သည်။

၉။ ကာကွယ်ဆေး များသည် သွေးချိုဆီးချို ရောဂါရှိသူများတွင် အချို့သော ရောဂါများမှ ကူးစက်နိုင်ခြေကို တားဆီးပေး နိုင်သည်။ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးသည် တုပ်ကွေးရာသီ အတွင်း ကျန်းမာနေစေရန် အထောက်အကူ ဖြစ်စေသည့် အပြင် တုပ်ကွေး၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။ နမိုးနီးယား အဆုတ်ရောင် ရောဂါ ကာကွယ်ဆေးကို အသက် ၆၅ နှစ်မတိုင်မီ ထိုးထားလျှင် ယခင်ဆေးနှင့် အနည်းဆုံး ၅ နှစ်ခြား၍ Booster Shot ထပ်မံထိုးရန် လိုအပ်သည်။ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးကို ယခင်က မထိုးရသေးသော သွေးချိုဆီးချို ရောဂါရှိသူ များတွင် ထိုးရန် အကြံပြု ထားသည်။

အချုပ်အားဖြင့် ဆိုသော် သွေးချိုဆီးချို ရောဂါရှိသူများတွင် သွေးတွင်း သကြားဓာတ် မြင့်မားမှု၏ နောက်ဆက်တွဲ ပြဿနာသည် မျက်လုံးနှင့် ခြေထောက်များ အပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ဆိုးရွားစွာ ပျက်စီးစေနိုင်သည်။ စစ်ဆေး၍ မကုသဘဲ ထားလျှင် ပြင်းထန်သော ထိခိုက်မှုများ ဖြစ်၍ အသက်အန္တရာယ် ရှိနိုင်ပါသည်။ ထို့ကြောင့် သွေးချိုဆီးချို ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန် မှန်ကန်သော ကုသမှုနှင့် အကြံပြုထားသော နေထိုင်မှုပုံစံ ပြောင်လဲခြင်းဖြင့် ကာကွယ်တားဆီး နိုင်ကြောင်း ဖော်ပြအပ် ပါသည်။

ဓာတ်ပုံ = အင်တာနက်

 


No comments: