Thursday, July 31, 2008

အချစ်များ မျှဝေနိုင်ပါစေ


အချစ် နဲ့ ကင်းဝေးသူတွေ ဆိုလို့ ကိလေသာ စိတ်ကုန်ခန်းသူ အရိယာ သူတော်စင်များနဲ့ သာသနာ့ ဘောင်အတွင်းက ပုဂ္ဂိုလ် များကလွဲရင် မရှိသလောက်ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တစ်ကယ်ပဲ အချစ်နဲ့ မကင်းနိုင်တဲ့ သူတွေဟာ လောကီ လူသား အားလုံးပဲ ဖြစ်နေကြသလား .. .. .. ?

လူပျိုကြီး၊ အပျိုကြီး ဖြစ်နေကြတဲ့ သူတွေကရော အချစ်နဲ့ မကင်းခဲ့တဲ့ သူတွေပဲလား။ ဒါမှမဟုတ် အချစ်ရဲ့ ဝေဒနာတွေကို ခံစားရမှာ စိုးကြောက်လို့ အချစ်ဆိုတာကို ဥပက္ခောပြု နေလိုက်ကြတာလား .. .. ..?

ဒီနေရာမှာ အချစ်ရဲ့ ဝေဒနာကို ခံစားရမှာ ကြောက်တယ်ဆိုပြီး ကိုယ်မျှော်မှန်းထားသလို တစ်ဖက်သားဆီက တုံ့ပြန်မှု မရခဲ့ရင် တနုံ့နုံ့နဲ့ ခံစားရမယ့် ဝေဒနာကို ကြောက်တာလည်း ဖြစ်နိုင်ပါတယ်။ ချစ်တော့ ချစ်ချင်ပါရဲ့၊ ကြောက်လို့ပါကွဲ့ ဆိုသလို ဖြစ်နေပါတယ်။ ချစ်ချင်တယ် ဆိုကတည်းက ချစ်တတ်တာပဲ ဖြစ်ပါတယ်။ အချစ်ကို ရှင်သန်ကြီးထွားဖို့ ခွင့်မပြုဘဲ ဖိနှိပ်တားမြစ် လိုက်တာကို အချစ်နဲ့ ကင်းတယ်လို့ ပြောလို့ မရနိုင် ပါဘူး။

လူအချင်းချင်း ချစ်ဖို့ အခွင့်မသာ ခဲ့ရတောင်မှ တူ၊ တူမလေးတွေ၊ ဒါမှမဟုတ် အိမ်မွေး တိရစ္ဆာန် တွေဖြစ်တဲ့ ခွေးလေး၊ ကြောင်လေး တွေကိုတော့ ချစ်ကြရသေးတယ်လို့ ထင်ပါတယ်။

အချစ်နဲ့ မကင်းနိုင်လို့ သမီးရည်းစား ဖြစ်လာကြသူတွေ၊ ဘ၀တစ်သက်သာ လက်တွဲသွားဖို့ ကြံရွယ် နေကြသူတွေ၊ လင်ရယ် မယားရယ်လို့ ပေါင်းဖက်ပြီး နေထိုင်ကြတဲ့သူတွေ အကြားမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း မတူ ခြားနား တာလေး တွေကပဲ ဆွဲဆောင်မှု ဖြစ်လာပြီး သံယောဇဉ် ငြိတွယ် လာကြရတဲ့ သူတွေအဖို့ တစ်ယောက် သဘော တစ်ယောက်အလို ကို ညှိညှိနှိုင်းနှိုင်း နဲ့ အပေးအယူမျှတ အောင်နေသွားမှသာ အိမ်ထောင်သည် ဘ၀ဖြစ်စေ၊ ချစ်သူ ရည်းစား ဘ၀မှာ ဖြစ်စေ သာယာချမ်းမြေ့မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အချစ်နဲ့ ပတ်သက်တဲ့ ပြဿနာ၊ အချစ်နဲ့ ပတ်သက်လို့ ခံစားရတဲ့ ဝေဒနာ ဆိုတာတွေ ကတော့ အသား အရောင် ခွဲခြားမှုတို့၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှုတို့၊ ပညာတတ်တာ မတတ်တာအပေါ် ခွဲခြားမှုတို့၊ လူမျိုး ဘာသာ ခွဲခြားမှုတို့ ဆိုတာတွေ မရှိပါဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အချစ်နဲ့ ပတ်သက်လာရင် ခံစားကြရတဲ့ ပူပင် သောက ဝေဒနာ တွေကတော့ အတူတူ ပဲဖြစ်ပါမယ်။ ဆုံဆည်းနိုင်တဲ့ အချစ် တွေပဲဖြစ်ပါတယ်။

မဆုံဆည်းနိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းလို ဖြောင့်ဖြောင့်ကြီး တန်းနေမယ်၊ ဒါမှမဟုတ် ရထားသံလမ်းလို ဆုံမှတ်မရှိတဲ့ အဖြစ်လို ခံစားရမယ် ဆိုရင်တောင် သူတို့ရဲ့ အချစ်ဟာ ဝေးကွာမသွား နိုင်ပါဘူး။ အမြဲတစ်စေ လက်တကမ်း အကွာမှာပဲ စုံမက် နေကြမှာပါ၊ ချစ်မြဲ ချစ်နေကြမှာပါ။

ချစ်သူတိုင်း ချစ်နိုင်ကြပါစေ၊ ချစ်တိုင်းလည်း ပျော်ရွှင်နိုင်ကြပါစေ…… ။

ဝန်ခံချက် ။ ပုံကို www.linkinn.com မှ ရယူထားပါသည်။

Wednesday, July 30, 2008

အခမဲ့ ပို့ဆောင်ပေးနေသော Web Site များ


အခမဲ့ ပို့ဆောင်ပေးနေသော Web Site များ


အင်တာနက်နဲ့ e-Commerce တို့ ပေါ်လာခြင်းအတွက် အင်တာနက်မှာ ဈေးဝယ်ယူနိုင်ခဲ့ကြ ပါတယ်။ ဒါ့အပြင် ၀ယ်ယူထားတဲ့ ပစ္စည်းများကိုလည်း အိမ်တိုင် ယာရောက် ရရှိခဲ့ပါတယ်။ ယင်းသို့ အဆင်ပြေ ချောမွေ့မှု ရှိသော် လည်း ပို့ဆောင်ခအတွက် စရိတ်ပိုပေး ရတာရှိပါတယ်။ ဝက်ဘ်ဆိုက် အတော်များများ အခမဲ့ ပို့ဆောင်ပေးတာရှိ ပေမယ့် ၄င်းတို့ရဲ့ အခြေခံဈေးနှုန်း တွေကတော့ မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။ အနည်းငယ်သော ဝက်ဘ်ဆိုက် တွေကသာ မည်သည့် စရိတ်စကမျှ မယူဘဲ ပို့ဆောင်ပေးကြောင်း လေ့လာတွေ့ရှိရပါတယ်။ အခမဲ့ ပို့ဆောင်ပေးတဲ့ အောက်ပါ ဝက်ဘ်ဆိုက် အချို့(၆-ခု)ကို မျှဝေပေး ချင်ပါတယ်။ သိပြီးသားများဖြစ်ရင် ကျော်ဖတ် နိုင်ပါစေ။ အားလုံးကို လေးစားလျက်ပါ။

ဝန်ခံချက် ။ ဖော်ပြပါပုံကို www.k-state.edu မှ ရယူထားပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၅)

www.1stAmericanFlowers.com

ပန်းဆိုင်တစ်ချို့ဟာ အခမဲ့ ၀န်ဆောင်မှု ပေးသော်လည်း အင်တာနက် အော်ဒါ အတွက် ၀န်ဆောင်မှု စရိတ် အပို ဆောင်းထား ပါတယ်။ 1stAmerican Flowers မဟုတ်တဲ့ ကနေဒါနိုင်ငံ စီးပွားရေး လုပ်ငန်းတစ်ခုက အမေရိကန် ပြည်ထောင်စု အတွင်း ပို့ဆောင် ပေးခြင်း အတွက် ရောင်းခွန် ကောက်ခံခြင်း မရှိပါ။ လက်ခံမည့် သူသည် နေမွန်း မတည့်မီ မှာကြားပါက နေ့ချင်း ပို့ဆောင်ပေး နိုင်သည်ဟု သိရှိရပါတယ်။ အနိမ့်ဆုံး တန်ဖိုးက ၂၉.၉၅ ဒေါ်လာ မှာကြားရန် ဖြစ်ပြီး ပန်းအလှ ပြင်ဆင်မှု တန်ဖိုးကတော့ ၄င်း ဈေးနှုန်းနှင့် အထက်တွင်သာ ရှိတယ်လို့ လေ့လာရ ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၄)


www.Boo.com

ဤ၀က်ဘ်ဆိုက် သည် အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ဂျာမဏီ၊ အိုင်ယာလန် နဲ့ ယူနိုက်တက် ကင်းဒမ်း နိုင်ငံများသို့ အ၀တ်အထည်နဲ့ အသုံး အဆောင် ပစ္စည်းများကို အခမဲ့ ပို့ဆောင် ပေးပါတယ်။ တခြားနိုင်ငံ မှ အမှာစာများ ကိုတော့ သွင်းကုန် အကောက်ခွန်နဲ့ တခြား အခွန်အခများနဲ့ အတူ ပေးပို့လျက် ရှိပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၃)


www.freeshipping.com

ကုန်ပစ္စည်း အမှတ်တံဆိပ် ပေါင်း တစ်သန်း ကျော်ကို ရှာဖွေ ကြည့်ရှုနိုင် ပါတယ်။ ဝက်ဘ်ဆိုက် ကိုယ်၌ကတော့ ပစ္စည်း ၀ယ်ယူလို့ မရပါဘူး။ တခြားသော လက်လီ ရောင်းချသည့် ဝက်ဘ်ဆိုက်များကို ဆက်သွယ်ပေး ပါတယ်။ ယင်းသို့ ဆက်သွယ် ၀ယ်ယူပေးခြင်းအတွက် အမြဲတမ်း ဈေးအနည်းဆုံး ဖြစ်မယ်လို့တော့ မထင်လိုက် ပါနဲ့။ ပစ္စည်း တစ်ခုကို cooking.com ကနေ ၄၂၆ ဒေါ်လာနဲ့ ၀ယ်ယူပေးလိုက်ပါတယ်။ အဆိုပါ အလားတူ ပစ္စည်းမျိုးကို p4online.com မှာ ၃၉၁ ဒေါ်လာသာ ဈေးသင့် တာကို တွေ့ရပါတယ်။ ဒါကြောင့် အခမဲ့ ပို့ဆောင်ပေးတယ် ဆိုတာကို စဉ်းစား ကြည့်စေချင် ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၂)


www.frys.com

ကွန်ပျူတာများ၊ အီလက် ထရောနစ် ပစ္စည်းများ၊ ဂိမ်း ပစ္စည်းများ၊ အိမ်နဲ့ ရုံးသုံး ပစ္စည်းတွေကို အခမဲ့ ပို့ဆောင် ရာမှာ အဆင့်တစ် နေရာမှာ ရှိပါတယ်။ ကုမ္ပဏီဟာ Airborne express next day လုပ်ငန်းမှ တစ်ဆင့် အမေရိကန် နိုင်ငံအတွင်း ညတွင်းချင်း ပို့ဆောင် ပေးနိုင်ပါတယ် လို့ ဆိုထားပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၁)


www.vitamins.com

စိတ်ခံစားမှု ကျဆင်းနေ ပါသလား။ ဤ ၀က်ဘ်ဆိုက်သို့ အမြန်သာ ဆက်သွယ် လိုက်ပါ။ ဗီတာမင်နဲ့ အခြား ခွန်အား ရှိစေမယ့် အစွမ်းထက် ခေတ်မီ ဆေးဝါးတွေကို အမေရိကန် နိုင်ငံ တစ်ဝန်း အခမဲ့ ရရှိနိုင် ပါတယ်။ ဝက်ဘ်ဆိုက် အတွင်း အထွေထွေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အဘိဓာန်များ၊ ဆေးဘက်ဝင် ပစ္စည်းများရဲ့ အန္တရာယ်တွေ၊ ဘေးထွက် ဆိုးကျိုး နဲ့ တုံ့ပြန်မှုတွေကို ဖော်ပြ ထားပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၅၀)


www.USAppliance.com

ဤ online store ဟာ ရေခဲ သေတ္တာများ၊ ပန်းကန် ဆေးစက်များ ကဲ့သို့ လေးလံသော ပစ္စည်းများကို အခမဲ့ ပို့ဆောင် ပေးသည် သာမက အလုပ်သမား များအနေနဲ့ လည်း အဆိုပါ ပစ္စည်းများကို ဖြေထုတ်၍ အဆင်သင့် အသုံးပြုနိုင် သည်အထိ ၀န်ဆောင်မှု ပေးကြောင်း လေ့လာဖတ်ရှု ရပါတယ်။

Tuesday, July 29, 2008

မွေးနေ့ဆုတောင်း


ကနေ့ ၂၉-၇-၂၀၀၈ ရက်နေ့။
အွန်လိုင်းသူငယ်ချင်း Megumi ရဲ့
Blog အိမ်လေး (၂)လပြည့်မွေးနေ့ ဖြစ်တယ်။
အွန်လိုင်းပေါ်က ရှားရှားပါးပါး သူငယ်ချင်းတွေထဲက
ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။
သူငယ်ချင်းဖြစ်တာ မကြာသေးပေမယ့်
ကျွန်တော့်ကို လက်ဆောင်ပန်းချီကားတစ်ချပ်ပေးထားပါသေးတယ်။
ကလေးဆန်လိုက်လေခြင်းလို့ အတွေးဝင်မိပါသေးတယ်။
ဒါပေမယ့်
ကျွန်တော့်အဖို့ကတော့ တစ်သက်တာမှာ
ပထမဆုံး မိန်းကလေးတစ်ယောက်ကပေးတဲ့
လက်ဆောင်လေးပါ။
သူ့လက်ဆောင်လေးက
ကျွန်တော့်လိုပဲ ကလန်ကလားနဲ့
တိုကျိုတာဝါ(TOKYO TOWER,東京タワー)ပါပဲ။



သူငယ်ချင်းမီကူးမီ ..
ဘလော့ဂ်မွေးနေ့(၂)လပြည့်မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ပျော်ရွှင်ရွှင် ၊ အောင်အောင်မြင်မြင် နဲ့ ဆက်လက် BLOGGING နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အေးချမ်းပျော်ရွှင်နိုင်ပါစေ။
မွေးနေ့ကိတ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။
ခင်တဲ့ .. ..
ဝင်းဇော်


ဝန်ခံချက် ။ ပုံကို www.thecookduke.com မှ ရယူထားပါတယ်။

Monday, July 28, 2008

အမျိုးသမီးနဲ့ အမျိုးသားများအကြား အွန်လိုင်းအသုံးပြုမှုပုံသဏ္ဍာန်ကွဲပြား

အချက်အလက်သမားနှင့် ခံစားမှုသမား

အင်တာနက်ကို လူအမျိုးမျိုးက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ အမေရိကန် အခြေစိုက် Pew Internet & American Life Project က အမေရိကန်ရှိ အမျိုးသားများနဲ့ အမျိုးသမီးများကြား အင်တာနက် အသုံးပြုမှု ပုံစံ ကွာခြားမှုကို သုတေသနပြုခဲ့ပါတယ်။

အစီရင်ခံစာအရ အမျိုးသားတွေဟာ သတင်း၊ ကုန်ပစ္စည်းသစ်၊ အားကစားနဲ့ အညှီအဟောက် တို့ကို အဓိက စိတ်ဝင်စားပြီး၊ အမျိုးသမီး အများစုကတော့ ကျန်းမာရေး၊ အလှအပ ရေးရာနဲ့ ဘာသာရေး ဆိုင်ရာ သွန်သင်ချက် များ စသည်တို့ကို ရှာဖွေကြပါတယ်။ နောက်ပြီး အင်တာနက် အသုံးပြုချိန်မှာ အမျိုးသား တွေဟာ အမျိုးသမီးတွေ ထက် အင်တာနက်ကို သဲကြီးမဲကြီး ဆက်တိုက်အသုံး ပြုမှုတို့မှာ သာလွန်ပါတယ်။ ပိုမိုမြန်ဆန်တဲ့ Broadband Connection အတွက် Access များကိုလည်း အမျိုးသားများက ပိုပြီး အသုံးပြုနိုင် ကြပါတယ်။

အမျိုးသားတွေရဲ့ အွန်လိုင်း စိတ်ဝင်စားမှုတွေဟာ ပြုမူ လှုပ်ရှားမှု (Action oriented) မှာ အခြေခံပြီး၊ အမျိုးသမီး တွေကတော့ လူမှုဆက်ဆံရေးနဲ့ မိတ်ဆွေဖွဲ့မှု (Human relationship) ကို ပိုမို အားသန်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယောက်ျားရော မိန်းမပါ အင်တာနက်ကို အပျော်သက်သက် ရှာဖွေမှုက များပြီး ယောက်ျား ၇၀ % နဲ့ မိန်းမ ၆၃ % ကအချိန်ဖြုန်းဖို့ အွန်လိုင်းကို အသုံးပြုတာလို့ ၀န်ခံပါတယ်။ Webcam တွေ စတဲ့ Digital Content တွေကို ပိုက်ဆံပေး ကြည့်ရမယ်ဆိုရင် မိန်းမတွေက လက်တွန့်တတ် ပေမယ့် ယောက်ျားတွေကတော့ အခကြေးငွေ ပေးဖို့ ၀န်မလေးပါဘူးတဲ့။

အမျိုးသားတွေနဲ့ အမျိုးသမီး user တွေကြားက တချို့ကွာခြားချက် တွေဟာလည်း တဖြည်းဖြည်း ကျဉ်းမြောင်း လာမယ့် လက္ခဏာရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးများထဲမှာ အင်တာနက်ကို အရူးအမူး စွဲလန်းမှု ပိုမိုခေတ်စား လာနေပါတယ်။ အီးမေးလ်ကို အတိုင်းထက် ပိုမိုသုံးစွဲလာတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ၀တ္ထု၊ ရုပ်ရှင်ဇာတ်လမ်း များကြောင်း ဖလှယ်ခြင်း၊ ဘ၀ပြဿနာ တွေကို ရင်ဖွင့်ခြင်း၊ မိတ်ဆွေများ၊ ဆွေမျိုးများနဲ့ သာကြောင်း မာကြောင်း ပြောခြင်း စသည်များကို တဖွဲ့တနွဲ့ မေးလ်ပို့လေ့ ရှိကြပါတယ်။

သို့သော်လည်း အင်တာနက်အသုံးပြုမှု အချိုးအစားမှာမူ ယောက်ျားနဲ့ မိန်းမ ကွဲပြားမှု သိပ်မရှိ။ ယောက်ျား ၆၈ % နဲ့ အမျိုးသမီး ၆၆ % တို့က အင်တာနက်ကို အသုံးပြုကြပါတယ်။ အသုံးပြုတဲ့ ပုံစံသာ ကွာခြားသွား ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်

အွန်လိုင်းစွန့်စားမှုများ

အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ Transaction တွေ (ဥပမာ Chat room အသစ်တွေကို ၀င်ခြင်း၊ လေလံပွဲ များကို ၀င်ဆွဲခြင်း၊ ကုန်စည် အရောင်းအ၀ယ် လုပ်ခြင်း) များကို ပိုပြီး စွန့်စွန့်စားစား လုပ်တတ်ကြပြီး မိန်းမတွေက တော့ ဒီလိုကိစ္စမျိုးကို အထူး သတိထားပြီး လက်ရှောင်ပါတယ်တဲ့။ ယောက်ျား ၂၀ % ကအညှီအဟောက် ဝက်ဘ်ဆိုက် ကြည့်တယ်လို့ ၀န်ခံပေမယ့် မိန်းကလေးတွေကတော့ အဲလိုဝန်ခံတာ ၅ % သာရှိပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးတွေဟာ အမှန်သိရဖို့ ခက်ခဲကြောင်း၊ များသောအားဖြင့် လူတွေက ၀န်ခံလေ့ မရှိကြောင်း အစီရင်ခံစာတွင် ရေးသား ဖော်ပြထားကြောင်း သိရှိရပါတယ်။ အားလုံးကို လေးစား လျက်ပါ။


INTERNET Journal
ဝန်ခံချက် ။ ပုံကို www.images.google.com မှရယူထားပါတယ်။

ပထမဆုံးအလွမ်း


ပထမဆုံးအလွမ်း

လှောင်ရီသံတစ်ချို့က
အလွမ်းခါးခါးတွေ သယ်လာပြီး
ငြင်းဆန်တဲ့စကားလုံးတွေက
မျက်ရည်စတွေ သယ်ဆောင်လာတယ် ။
အမှတ်ရခြင်းတွေ ရပ်နားဖို့
ငါ့မှာ ဘူတာမရှိဘူး ။
(နင်ကလဲ)နင့်ယုံကြည်ချက်အတွက်
(ငါကလဲ)ငါ့မာနတွေအတွက်
သံယောဇဉ် တစ်ခုကို စတေးဖြစ်တော့မယ် ။
နက်ပေါ်ရောက်တိုင်း
ငါ .. .. အကြိမ်ကြိမ် ရူးသွပ်ခဲ့
ဒီလိုနဲ့ပဲ
ငါဟာ .. ..
နောင်တတွေ ချိုမြိန်စွာ စားသုံးရင်း
အရာရာ ပြင်ဆင်ခွင့်မရ ခင်
ချစ်သူရဲ့ ဆံကေသာကို
ခွင့်ပြုချက်မဲ့
ခံစားချက်ကင်းတဲ့
အနမ်းပန်းများစွာနဲ့
လက်ပြနှုတ်ဆက် လွမ်းခဲ့ဖူးပြီ .. .. .. ။

ဝန်ခံချက် ။ ပုံကို www.embraceyourlove.com မှ ရယူထားပါတယ်။

Friday, July 25, 2008

အင်တာနက်ဖုန်း ဆော့ဖ်ဝဲ



အခမဲ့ရတဲ့ software လေး မျှဝေချင်ပါတယ်။ အင်တာနက်ဂျာနယ် အတွဲ(၉)၊ အမှတ်(၂၇) ပါဆောင်းပါးထဲကနေ ကောက်နုတ် ဖော်ပြလိုပါတယ်။ သိပြီးသားများဖြစ်ခဲ့ရင် ကျော်ခွ သွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံသို့ နာရီ (၃၀၀၀) အခမဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဖုန်း ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ ကို ဒီမှာ အလွယ်တကူ ရယူနိုင်ပါတယ်။

12.9 MB ပမာဏရှိ အခမဲ့ Oovoo 1.6.1.10 software ဟာ အမေရိကန်နိုင်ငံသို့ အင်တာနက်ဖုန်း ခေါ်ဆောင်ရာမှာ သူရဲ့ဝက်ဘ်ဆိုက် ကို ၀င်စရာမလိုဘဲ ခေါ်နိုင်တဲ့အပြင် e-Mail account တစ်ခုကို နာရီ (၃၀၀၀) အခမဲ့ ခေါ်ဆိုခွင့် ပေးထားပါတယ်။

Oovoo software ကိုအသုံးပြုရန် setup လုပ်ရန် oovoo.exe ဖိုင်ကိုသာ လိုအပ်မှာဖြစ်တယ်။ Register လုပ်ရာမှာ User Name, Password နဲ့ အီးမေးလ်လိပ်စာတွေကို ရေးသွင်းပေးရပါမယ်။ ၄င်းနောက် Login ၀င်ပြီး အသုံးပြုနိုင်ကြာင်း သိရှိရပါတယ်။

၎င်းဆော့ဖ်ဝဲသည် အခမဲ့ အသုံးပြုမှု နာရီ (၃၀၀၀)ပြည့်ပါက အခြား အီးမေးလ် account အသစ်ဖြင့် ထပ်မံ Register ပြုလုပ် သုံးစွဲနိုင်ကြောင်း ထပ်ဆင့် ဝေမျှလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က iPhone သုံးနေတာ မဟုတ်တော့ ကျန်ဒေသ နိုင်ငံတွေကိုပါ အခမဲ့ ခေါ်ဆို၍ ရနိုင်၊ မရနိုင်ကိုတော့ မသိပါဘူး။ အားလုံးကို လေးစားလျက်ပါ။

Thursday, July 24, 2008

စစ်နှင့်ငြိမ်းချမ်းရေး



ကမ္ဘာ့စာပေ လောကတွင် လီယိုတော်စတွိုင်း ၏ စစ်နှင့် ငြိမ်းချမ်းရေး သည် တုနှိုင်းမဲ့ ကျမ်းတစ်ဆူ အဖြစ် အထင် အရှား တည်ရှိခဲ့ပါတယ်။ စာပေ ကျမ်းဂန်တစ်ဆူ အဖြစ် အသိအမှတ်ပြု ခံရသော ထိုဂန္ထ၀င်မြောက် ၀တ္ထုကြီးကို လီယို တော်စတွိုင်းသည် ရုရှားစာပေ မဂ္ဂဇင်းတစ်ခုတွင် ရေးသား ထုတ်ဝေခဲ့ပါသည်။ ပထမ ဦးဆုံးသော သူ၏ စစ်နှင့်ငြိမ်းချမ်းရေး ၀တ္ထုသည် တိုပြီး အကျဉ်းချုံး ထားသဖြင့် စာရေးသူ ကိုယ်တိုင် အားမရ၊ မကျေနပ်နိုင်ခဲ့ပေ။ ၁၈၆၆ ခုနှစ်က ထိုဝတ္ထုသည် (၃)နှစ်အကြာ သူကိုယ်တိုင်၏ လေ့လာ ဖြည့်စွက်ချက် များ ကြောင့် ပိုမိုပြည့်စုံ သကဲ့သို့ ပိုမို၍ ရှည်လျားသွားသည်။ ဤသို့ ထပ်မံ ဖြည့်စွက်ထုတ်ဝေလိုက်သည့် စစ်နှင့် ငြိမ်းချမ်းရေး သည် ယနေ့ ကမ္ဘာ့စာပေပရိသတ် များသိရှိထားပြီး ဘာသာပေါင်းများစွာ ပြန်ဆို ထုတ်ဝေသည့် ကမ္ဘာကျော် ၀တ္ထုကြီးပင် ဖြစ်သည်။


လီယိုတော်စတွိုင်း ရုရှားဘာသာဖြင့် ရေးသားခဲ့သော အဆိုပါ စစ်နှင့်ငြိမ်းချမ်းရေးကို အင်္ဂလိပ်ဘာသာဖြင့် War and Peace အဖြစ် ၁၉၀၄ ခုနှစ်တွင် ကွန်စတင့်ဂါးနက် ဆိုသူ အမျိုးသမီးက စတင်ပြန်ဆိုခဲ့ရာမှ ကမ္ဘာ့ စာဖတ် ပရိသတ်တစ်ခုလုံး တစ်ဟုန်ထိုး သိရှိသွားခဲ့ လေသည်။



လွန်ခဲ့သော (၂)နှစ်က အဆိုပါ စစ်နှင့်ငြိမ်းချမ်းရေး ကို အင်္ဂလိပ်ဘာသာဖြင့် အန်သိုနီဘရစ် ဆိုသူက ပြန်ဆို ထုတ်ဝေခဲ့ရာ ယခင်ထုတ်ဝေပြီး စစ်နှင့်ငြိမ်းချမ်းရေး တို့ထက် ပိုမိုပီပြင် အောင်မြင်သည်ဟု စာပေ ဝေဖန်ရေး သမားတို့က သုံးသပ်ခဲ့ကြသည်။

၂၀၀၇ ခုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စု၌ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် နှစ်အုပ် ထွက်ပေါ် လာပြန် သည်။ တစ်အုပ်မှာ စက်တင်ဘာလ အတွင်းက အင်္ဂလိပ် ဘာသာပြန် ဆိုသူမှာ အင်ဒရူးဘရွန်ဖီး ဆိုသူ ဖြစ်သည်။ ယင်းစာအုပ် ထွက်ပြီး တစ်လအကြာ အောက်တိုဘာလ ဆန်းတွင် ရစ်ချတ်ပီဗီးယား နှင့် လာရစ္ဆာဗိုလို ကွန်စကီး တို့ ပူးတွဲပြန်ဆိုသော စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် ထပ်မံထွက်ပေါ်လာသည်။

ဤကဲ့သို့ စစ်နှင့်ငြိမ်းချမ်းရေး ကို အင်္ဂလိပ်ဘာသာ သို့ ပြန်ဆိုသူ အများအပြား ရှိပါလျက်နဲ့ အဘယ့်ကြောင့် နောက်လူများက ထပ်မံ ပြန်ဆိုနေပါသနည်း။ အဆိုပါ မေးခွန်းကို ထုတ်ဝေသူ တစ်ဦးက စစ်နှင့်ငြိမ်းချမ်းရေး ဟာ အင်မတန် ဂုဏ်ပြုထိုက်တဲ့ စာအုပ်ကြီးပါ။ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ် မတိုင်ခင်ကလည်း အဲဒီလို အဆင့်မြင့်တဲ့ ဂန္တ၀င်မြောက် စာအုပ် မထွက်ဖူးသေးပါ။ ပြီးတော့ ယခင်က ရုရှားတွေရဲ့ ဓလေ့ ထုံးတမ်းဆိုင်ရာ ဝေါဟာရ တွေဟာ အင်္ဂလိပ်ဝေါဟာရမှာ မရှိနိုင်တာတွေ၊ ဓလေ့ထုံးတမ်း မတူလို့ ပြန်ဆိုရာမှာ အံမ၀င် ခွင့်မကျမှု တွေ များစွာ ရှိနေပါတယ်။ ဒါကြောင့် ပြန်ဆိုသူတို့က သူ့ထက်ငါ ပိုကောင်းအောင် ရုရှားတွေရဲ့ ဓလေ့ စရိုက်တွေနဲ့ ပိုမို နီးစပ်အောင် ကြိုးစား လာကြပါတယ်။ ဒါကြောင့် နောက်ထပ်လည်း ဘာသာပြန်ဆိုသူ တွေရဲ့ လက်ရာ အသစ် အသစ်တွေ ပေါ်လာဦးမှာ ဖြစ်ပါတယ် လို့ ထုတ်ဝေသူက ပြောပြခဲ့လေသည်။



အခြား ထုတ်ဝေသူကလည်း ယနေ့ကမ္ဘာပေါ်မှာ စစ်ဆိုတာ ရှိနေပြီး ဟိုနေရာ၊ ဒီနေရာတွေမှာ တစ်နေရာ မဟုတ် တစ်နေရာမှာ စစ်ပွဲတွေဖြစ်နေ ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ လီယိုတော်စတွိုင်း ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး ကို ထုတ်သင့်ပါတယ် လို့ ပြောခဲ့ပါတယ်။




နှစ်ပေါင်း ၂၀၀ ကျော်ခဲ့ပြီဖြစ်တဲ့ လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး သည် နောင်တွင်လည်း ကာလ အတိုင်း အတာ မည်မျှကြာသည်အထိ အဓွန့်ရှည်ပြီး ပိုမိုပြည့်စုံတဲ့ ဘာသာပြန်ဆို ထုတ်ဝေနေကြ ဦးမည် မသိနိုင်ပါ။


ဝန်ခံချက် ။ ၂၀၀၇ နှစ်၊ အောက်တိုဘာလထုတ် Newsweek မဂ္ဂဇင်းနှင့်၊ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလထုတ် ငွေတာရီ မဂ္ဂဇင်း မှ တက္ကသိုလ်လှကြွယ် ရေး စစ်နှင့်ငြိမ်းချမ်းရေး တို့မှ ကောက်နုတ်တင်ပြပါသည်။

Wednesday, July 23, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၉)


www.w3schools.com


w3schools မှာ ဝက်ဘ်ဆိုက် တည်ဆောက် နိုင်မယ့် Language များဖြစ်တဲ့ XML, SQL, Database, HTML, Multimedia နဲ့ WAP တို့အတွက် သင်ခန်းစာတွေကို အခမဲ့ ရှာဖွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Php, JavsScript, ASP နဲ့ အခြားသော နည်းပညာတွေကိုလည်း လေ့လာနိုင်အောင် စီမံပေးထား ပါတယ်။ ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို အခြေခံကစလို့ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပြီး လုံခြုံမှု အတွက်လည်း စိတ်ချရတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ အလွယ်တကူ လေ့လာနိုင်ပေမယ့် စမ်းသပ်ဖို့ကတော့ ကိုယ် လေ့လာမည့် Language software တွေကို install လုပ်ထားရမှာ ဖြစ်ပါတယ်။

INTERNET Journal (24-8-2008)

ကွာကွာမားမား Web ကမ္ဘာ (၄၈)


http://dev.mysql.com


MySQL လေ့လာချင်သူများ အတွက် သင့်လျှော်တဲ့ ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ MySQL နဲ့ ပတ်သက် တဲ့ သတင်း အချက် အလက် တွေကို စုံလင်အောင် ရှာဖွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး MySQL က ဖြန့်ချိ ခဲ့တဲ့ ဒါမှမဟုတ် ထုတ်လုပ်ထားတဲ့ version တွေကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ MySQL ကို Windows, Mac OSX နဲ့ Linux တို့မှာ တင်ပုံတွေကို အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Php, Perl, Pyton, Ruby, Java/JDBC စတဲ့ Language တွေကိုပါ လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ software ဘာသာရပ်ကို လေ့လာ လိုက်စားနေသူတွေ အတွက် ၀င်ရောက် လေ့လာသင့်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

INTERNET Journal (24-8-2008)

Tuesday, July 22, 2008

ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက် လုပ်နေသူ




အလွန် ရိုးသားတဲ့ လယ်သမားကြီး တစ်ဦးမှာ လင်ယောက်ျားကို အလွန်အနိုင် ကျင့်တဲ့ ဇနီးမယား တစ်ယောက် ရှိပါတယ်။ အဲဒီ အမျိုးသမီးဟာ မနက်လင်း အိပ်ယာထ မှစပြီး အိပ်ရာဝင် ချိန်အထိ လင်ယောက်ျား အပေါ် ရက်ရက် စက်စက် ဝေဖန် ပြောဆိုပြီး တဖျစ် တောက်တောက် နဲ့ မြည်တွန် တောက်တီး နေလေ့ရှိပါတယ်။ လယ်သမားကြီး အနေနဲ့ နားအေးပါးအေး နေရတဲ့အချိန် ဆိုလို့ သူ့ရဲ့ မြည်းအိုကြီးနဲ့ လယ်ထွန် နေရတဲ့အချိန်ပဲ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ လယ်သမားကြီး လယ်ထွန်နေချိန်မှာ ဇနီးဖြစ်သူက ထမင်းလာပို့တယ်။ ဒါနဲ့ လယ်သမား ကြီးက မြည်းကို အရိပ်အာဝါသ ကောင်းတဲ့ နေရာကို မောင်းယူသွားတယ်။ လယ်သမားကြီး ကိုယ်တိုင် ကတော့ သစ်ငုတ်တို တစ်ခုအပေါ်မှာထိုင်ပြီး နေ့လည်စာ ထမင်းကို စားသုံးနေလိုက်တယ်။ အဲဒီအချိန်မှာပဲ ဇနီးဖြစ်သူက သူမရဲ့ ၀သီအတိုင်း ခင်ပွန်းဖြစ်သူကို တစ်ချိန်လုံး ပြစ်တင်ပြောဆို နေလေတော့တယ်။

ဗြုန်းကနဲဆိုသလိုပဲ သူမရပ်နေတဲ့နေရာကို မြည်းအိုကြီး ရုတ်တရက် ရောက်လာပြီး မြည်တွန် တောက်တီး နေတဲ့ လယ်သမားကြီးရဲ့ ဇနီးသည်ကို အနောက်ဘက်ကနေ ခွာနှစ်ဘက်နဲ့ စုံကန်လိုက်တာ ဦးခေါင်းရဲ့ ဦးအုတ်ဆက် ကိုထိမိပြီး ဇနီးဖြစ်သူခမျာ ပွဲချင်းပြီး သေသွားရှာပါတယ်။

ဇနီးဖြစ်သူရဲ့ အသုဘ ရည်လည်တဲ့နေ့မှာ တရားဟောနေတဲ့ ဘုန်းတော်ကြီးဟာ လယ်သမားကြီးရဲ့ ထူးခြား ချက်ကို မြင်တွေ့နေရတယ်။ အဲဒီ ထူးခြားချက်ကတော့ ရွာထဲ ရပ်မျိုး ဆွေမျိုး တွေထဲက အမျိုးသမီးတွေ လယ်သမားကြီးဆီ လာပြီး စကားပြောရင် နားထောင်ပြီးတာနဲ့ လယ်သမားကြီးက ခေါင်းညိတ်ပြလေ့ရှိတယ်။ အဲ အမျိုးသားတွေ စကားလာပြောပြီး စကားဆုံး သွားရင်တော့ လယ်သမားကြီးခမျာ ခေါင်းကို တွင်တွင် ခါယမ်း ပြီး အကြောက်အကန် ငြင်းဆန်လေ့ရှိတယ်။

နောက်ဆုံးမှာတော့ ခရစ်ယာန် ဘုန်းတော်ကြီးဟာ အဲဒီကိစ္စကို သိလိုစိတ် ပြင်းပြလွန်းတာမို့ လယ်သမားကြီး ကို ခေါ်မေးရတော့တယ်။ လယ်သမားကြီးရဲ့ အဖြေကတော့…….

ဒီလိုပါခင်ဗျာ၊ အမျိုးသမီးတိုင်းက တပည့်တော်ရဲ့ ဇနီးဟာ ချောကြောင်း၊ လှကြောင်း၊ အိမ်ထောင်မှု နိုင်နင်း ကြောင်း၊ ၀မ်းနည်းကြောင်း လာပြောလေ့ ရှိကြတဲ့အတွက် ကျွန်တော်က မှန်ကြောင်း ခေါင်းညိတ်ပြ ခြင်း ဖြစ် ပါတယ်။ အဲ အမျိုးသားတွေကျတော့ မြည်းအိုကြီးကို ရောင်းမလားဆိုပြီး တစ်ချိန်လုံး လာမေးနေကြလို့ မရောင်းနိုင်ဘူး ဆိုတဲ့အကြောင်းကို ခေါင်းခါပြ နေရခြင်းဖြစ်ပါတယ် လို့ ရှင်းပြပါတယ်။

( လယ်သမားကြီးက ဘာအတွက်နဲ့ သူရဲ့ မြည်းအိုကြီးကို ယောက်ျားသားတွေဆီ မရောင်းနိုင်အောင် ခါးခါး သီးသီး ကြီး ငြင်းဆန်နေရသလဲ ဆိုတာတော့ ဆက်စပ် တွေးကြည့် ပေးပါအုန်း)

Sunday, July 20, 2008

အသားစားသူ (နှင့်) အရိုးဝါးသူ


အသားစားသူ (နှင့်) အရိုးဝါးသူ

တစ်နေ့ နံနက်တွင် ကြက်သားသည် ဒေါ်ဆွဲဆိုင်သို့ ဈေးဝယ်သူ အမျိုးသမီး နှစ်ယောက် ၀င်လာသည်။

တစ်ယောက်က အသက်(၅၀)ခန့်၊ အသားဖြူဖြူ၊ ၀၀ရုပ်ရည် သန့်သန့်၊ အကောင်းစား နိုင်ငံခြားဖြစ် ပါတိတ် ၀မ်းဆက်ကို ၀တ်ထားသည်။ လက်ဝတ် ရတနာများမှာ နံနက်ခင်း နေရောင် ခြည်အောက်တွင် ဖိတ်ဖိတ် တောက် နေသည်။ သူ့နောက်မှ အသက်(၂၀)ခန့် အမျိုးသမီး ငယ်လေး တစ်ဦးက နိုင်ငံခြားဖြစ် ပလပ်စတစ် ဆွဲခြင်းကို ဆွဲပြီး လိုက်ပါလာသည်။ အိမ်ဖော်မလေး ဖြစ်ဟန်တူသည်။

နောက်ဈေးဝယ် အမျိုးသမီး တစ်ယောက်ကတော့ အသက်(၄၀)ကျော်ခန့်၊ ပိန်ပိန် မဲမဲခြောက်ခြောက်၊ အ၀တ်အစား ခပ်နွမ်းနွမ်း၊ လက်ထဲတွင် ကျွတ်ကျွတ်အိပ် တစ်လုံးကို ကိုင်လာသည်။

ဒေါ်ဆွဲ ။ လာအစ်မတို့ ကြက်သားတွေလတ်တယ်၊ ကောင်းတယ်နော်။ ဟု ဒေါ်ဆွဲက ပျူပျူငှာငှာ ခေါ်လိုက်သည်။

၀၀အမျိုးသမီးက အဲဒီကြက် တစ်လောက်လုံးရဲ့ အသားတွေကို လိုချင်တယ်။ အရိုးမပါစေနဲ့နော် ဟု ဆိုလိုက် သဖြင့် ...

ဒေါ်ဆွဲ ။ ရမယ်--ရမယ်၊ စိတ်သာချ ဟုဆိုကာ သွတ်လက်စွာဖြင့် အသားများနွှာပြီး ချိန်ပေးလိုက်သည်။

၀၀ အမျိုးသမီးကြီးသည် တစ်တောင်ခန့်ရှိ ပိုက်ဆံအိတ်ကြီးထဲမှ အနွမ်းဆုံး ပိုက်ဆံများကို ရွေးပြီးပေးကာ ပြန်ထွက်သွားသည်။ ဒေါ်ဆွဲသည် ကျန်ဈေးဝယ်တစ်ဦးကို ကြည့်လိုက်ပြီး ..

ဒေါ်ဆွဲ ။ ဒီအစ်မကကော ဟု မေးလိုက်သည်။ ပိန်ပိန် အမျိုးသမီးက

ခုနက ကျန်ခဲ့တဲ့ ကြက်ရိုးတွေ လိုချင်ပါတယ်။ ချိန်ပေးပါ ဟု ဆိုသဖြင့် ဒေါ်ဆွဲက အရိုးများကိုချိန်ပေးလိုက်သည်။ ထိုအမျိုးသမီးသည် ကျွတ်ကျွတ်အိတ် ထဲသို့ အရိုးများကို ထိုးထိုး ထောင်ထောင် ထည့်ပြီး ကျသင့်ငွေကို ပေးကာ ပြန်ထွက်သွားပါသည်။

ဒေါ်ဆွဲသည် ငွေများကို ရေတွက်ကြည့်နေရင်း ပြောလိုက်သည့်စကားမှာ

ဒေါ်ဆွဲ ။ အင်း… တစ်ယောက်ကတော့ အသားတွေချည့် စားပြီး ၀တုတ်ပြဲနေတာပဲ၊ ဟိုတစ်ယောက်ကျတော့ အရိုးတွေပဲ ၀ါးနေလို့လား မသိဘူး။ ပိန်ကပ်နေတာပဲ။ အင်း ငါကတော့ အသားရော၊ အရိုးပါ ရောင်းလိုက်ရလို့ နေ့တွက်ကိုက်ပါပြီ။ လောကကြီးဟာ ဘယ်နေရာမှ မတူညီပါလားနော် … ဟူ၍ ဖြစ်ပါသည်။

မောင်အေးနှစ်(ပညာရေး)တင်ပြသည်။

Saturday, July 19, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၇)



www.drivershq.com

Driver တွေ Up-to-date ဖြစ်နေစေဖို့ PC တစ်လုံးနဲ့ သူ့ရဲ့ Peripheral တွေအားလုံး ချောချောမွေ့မွေ့ အလုပ်လုပ် နိုင်ဖို့ Driver တွေဟာ မရှိမဖြစ် အလွန်အရေးကြီး ပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေဟာ Driver တွေကို အချိန်တိုင်း update လုပ်နေလေ့ ရှိကြပါတယ်။ နောက်ဆုံးပေါ် Driver Version တွေမရှိဘဲ Device အသစ်တွေဟာ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ Drivers Headquarters ရဲ့ Driver Detective ဟာ PC တစ်လုံးပေါ်မှာ install လုပ်ထားတဲ့ driver တွေရဲ့ စာရင်းကို ပြုစုပြီး update ဖြစ်နေတဲ့ driver တွေကို download လုပ်ပေးနိုင်ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၄၆)



www.flightarrivals.com

အဆင်ပြေပြေ ခရီးသွားရအောင် လေယာဉ်ခရီးစဉ် အမှတ်မသိတဲ့ ခရီးစဉ် တစ်ခုအတွက် ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် အချက်အလက်တွေကို ရှာဖွေနေသလား Flight Arrivals ဝက်ဘ်ဆိုက်ဟာ ကမ္ဘာအနှံ့ လေကြောင်းလိုင်း၊ လေဆိပ်တို့မှ ရောက်ရှိချိန်၊ ထွက်ခွာချိန် စတဲ့ သတင်းအချက်အလက်တွေကို အလွယ် တကူ ရနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ (လေဆိပ်တိုင်း အတွက်တော့ မဟုတ်ပါဘူး) လေကြောင်းလိုင်းနဲ့ လေဆိပ်ကို ရွေးချယ်ပေးလိုက်ရင် သင်သိချင်တဲ့အချိန် အတောအတွင်းမှာရှိတဲ့ လေကြောင်း ပျံသန်းမှု အချက်အလက်တွေ ရရှိမှာ ဖြစ်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်ဟာ လေးမိနစ်တစ်ကြိမ် အချက်အလက်တွေကို Update လုပ်ပေးနေပါတယ်။ အကြောင်းဆုံရင် လေ့လာနိုင်အောင်ပါ။

Friday, July 18, 2008

ဘ၀သက်တမ်းကို (၁၄)နှစ်ထိ ပိုရှည်အောင် ကျန်းမာရေးနှင့်ညီညွတ်သော ဘ၀၏နေထိုင်မှု


ဘ၀သက်တမ်းကို (၁၄)နှစ်ထိ ပိုရှည်အောင် ကျန်းမာရေးနှင့်ညီညွတ်သော ဘ၀၏နေထိုင်မှု

တစ်။ သင့်တင့်သော အရက် သောက်သူ၊ နှစ်။ ကိုယ်လက် လေ့ကျင့်ခန်း ယူသူ၊ သုံး။ ဆေးလိပ် မသောက်သူ နဲ့ လေး။ တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများ စားသူ များဟာ ယင်းအပြုအမူတွေထဲက ဘာတစ်ခုမှ မလုပ်သူတွေထက် အသက် (၁၄)နှစ် ပိုရှည်ကြတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တင်ပြပါ အပြုအမူ တွေက ကျန်းမာသက်ရှည်သော ဘ၀များကိုပါ ပံ့ပိုး ထောက်ကူကြောင်း အထောက်အထားတွေ တစ်ပုံတစ်ပင် ကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်က ယင်းတို့ရဲ့ ပူးပေါင်းသက်ရောက်မှုကို အမှန်တကယ် တိုင်းတာ ခဲ့ကြောင်း ဗြိတိသျှ သုတေသီတွေက ဆိုထားပါတယ်။

ဘ၀နေထိုင်မှု ပုံစံတွင် အနည်းငယ်ခြားနားခြင်းက လူဦးရေ အတွင်း ကြီးမားသော ခြားနားခြင်းကို ဖြစ်စေကာ အပြုအမူ ပြောင်းလဲမှုကိုလည်း အားပေးသည် ဟူ၍ သုတေသီများက Plos Medicine Journal ဆေးဂျာနယ် မှာ ရေးသားထားပါတယ်။

ယင်းသုတေသီများသည် ၁၉၉၃ နှင့် ၁၉၉၇ ခုများအကြား ကျန်းမာသော ဗြိတိသျှ အမျိုးသားနဲ့ အမျိုးသမီး (၂၀၀၀၀)ဦးတို့ကို ၄င်းတို့၏ ဘ၀နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ ဗီတာမင်စီ စားသုံးမှုကို တိုင်းတာရန်အတွက် ပါဝင်သူတိုင်းရဲ့ သွေးကိုလည်း စစ်ဆေးခဲ့ပါတယ်။ ဒါက သူတို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ဘယ်လောက် စားသလဲဆိုတာကို ပြသော အညွှန်းကိန်းအတွက် ဖြစ်ပါတယ်။

အသက် (၄၅)နှစ်မှ (၇၉)နှစ်ရှိ ပါဝင်သူများကို အမှတ် 0 (သုည) နဲ့ ၄ မှတ် ပေးပြီး စမ်းသပ်ခဲ့ပါတယ်။ ကျန်းမာ ရေးနဲ့ညီတဲ့ နေထိုင်မှု အပြုအမူအတွက် (၁)မှတ်ပေး ပါတယ်။ လေးချက်ညီရင် (၄)မှတ်ဖြစ်ပါတယ်။ 0 (သုည)မှတ် ရသူများဟာ နှလုံးသွေးကြော ရောဂါနဲ့ သေဖို့များတယ်လို့ သုတေသီတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆေးလိပ်မသောက်တဲ့ ဘ၀နေထိုင်မှု ပုံစံသည် ကျန်းမာရေးကို (၈၀)ရာခိုင်နှုန်း တိုးတက်စေတယ်လို့ ထို လေ့လာချက်မှာ ဖော်ပြထားပါတယ်။ ယင်းနောက်မှာ ဟင်းသီးဟင်းရွည် စားသုံးခြင်းက ဒုတိယ လိုက်ပါတယ်။ သင့်တင့် မျှတသော အရက်သောက်ခြင်းနဲ့ တက်ကြွစွာ နေထိုင်ခြင်းကလည်း အလားတူ အကျိုးတရား တွေ ဖြစ်ထွန်းစေ တယ်လို့ ကင်းဘရစ် တက္ကသိုလ်၊ ဆေးသိပ္ပံသုတေသန ကောင်စီမှ ပါမောက္ခနဲ့ လုပ်ဖော် ကိုင်ဖက် များက ပြောကြားခဲ့ပါတယ်။

ဝန်ခံချက်ဗဟုသုတအလို့ငှာ တင်ပြခြင်းဖြစ်ပါတယ်။ သိပြီးသားများဖြစ်ရင် ကျော်ဖတ်နိုင်ပါတယ်။ ပို့စ်အတွက် လိုအပ်ချက်များရှိလျှင် ဖြည့်စွက်ရေးသားနိုင်ပါတယ်။ လေးစားလျက်။

Tuesday, July 15, 2008

ကမ္ဘာမှာ အကောင်းဆုံး Blog တွေထဲက မြန်မာနိုင်ငံက Blog တစ်ခု




ကမ္ဘာမှာ အကောင်းဆုံး Blog တွေထဲက မြန်မာနိုင်ငံက Blog တစ်ခု

ကမ္ဘာတစ်ဝန်းရှိ ဘလောဂ့်များ အနက် အကောင်းဆုံး ဘလောဂ့်များကို ရွေး ချယ်ပြီး ဆုပေး လျက်ရှိတဲ့ အမေရိကန် နိုင်ငံ၊ Las Vegas အခြေစိုက် The Blog World & New Media Expo မှ ရွေးချယ် သတ်မှတ် ထားတဲ့ Best Asian Blog စာရင်းမှာ မြန်မာ နိုင်ငံမှ ဘလောဂ့် တစ်ခု ပါဝင်ကြောင်း သိရှိရ ပါတယ်။

အဆိုပါ အဖွဲ့အစည်းက ၂၀၀၇ ခုနှစ်အတွင်း အကောင်းဆုံး ဘလော့ဂ် များကို ချီးမြှင့် မည့် The 2007 Weblog Awards ဆုအတွက် စကာတင် ရွေးချယ် ခဲ့ရာမှာ မြန်မာနိုင်ငံက ဘလော့ဂ် တစ်ခုဖြစ်တဲ့ Ko Htike”s Prosaic Collection ( http://ko-htike.blogspot.com ) က Best Asian Blog စာရင်းမှာ ပါဝင်ပါတယ်။

Best Asian Blog ကိုရွေးချယ်ရာမှာ ၀င်ရောက်မဲပေးသူများက စုစုပေါင်း မဲအရေအတွက် ၁၃၃၈ မဲအနက် မြန်မာနိုင်ငံမှ ကိုထိုက်ဘလော့ဂ်က ၂၉ မဲ (၂.၂)ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဘလော့ဂ်အမျိုးအစားပေါင်း (၄၉)မျိုးအတွက် မဲအရေအတွက် ရယူခဲ့တာ ဖြစ်ပါတယ်။

Best Asian Blog စာရင်းကို http://2007.weblogawards.org/polls/best-asian-blog-1.php မှာ ၀င်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ကိုထိုက် ကိုလည်း ဒီနေရာမှ ဂုဏ်ပြုပါကြောင်း ထပ်လောင်း ပြောလို ပါတယ်။ ကိုထိုက်ရဲ့ ဘလော့ဂ်ကို သွားလည်နိုင်ဖို့ ဒီကမှော်သော့ ကိုယူသွားဖို့လည်း မမေ့ပါနဲ့အုန်း။ နောင်နှစ်မှာ ကျွန်တော်တို့ Blogger မိတ်ဆွေသူငယ်ချင်းတွေထဲက ဘယ်သူများ Best Asian Blog နဲ့ အခြား Best Blog စာရင်းဝင်မယ်ဆိုတာ စောင့်ကြည့်ကြရအောင်ပါဗျာ။

Monday, July 14, 2008

မိုဘိုင်းဖုန်းသုံးခြင်း နှင့် ဦးနှောက်ကင်ဆာ






မိုဘိုင်းဖုန်းသုံးခြင်း နှင့် ဦးနှောက်ကင်ဆာ

မိုဘိုင်းဖုန်းအသုံးပြုခြင်းဖြင့် ဦးနှောက် ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ ယူဆချက် မမှန်ကန်တဲ့ အကြောင်း မကြာသေး မီက ထွက်ပေါ်လာတဲ့ လေ့လာချက် တစ်ခုက ဖော်ပြထား ပါတယ်။ ဒီလေ့လာမှုကို လန်ဒန် အခြေစိုက် ကင်ဆာ သုတေသနဌာနခွဲနဲ့ ဗြိတိသျှ တက္ကသိုလ် (၃)ခုတို့ (၄)နှစ်ကြာ ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပြီး ကာလရှည်ကြာ မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ဦးနှောက်အကျိတ် (Glioma) ဖြစ်ပေါ်မှု တို့အကြား ဆက်စပ်မှု မရှိကြောင်း ကောက်ချက်ချ ခဲ့ကြပါတယ်။ မိုဘိုင်းဖုန်းကို ပုံမှန်အသုံးပြု သူများ၊ တစ်သက်လုံး စွဲစွဲမြဲမြဲ အသုံးပြုနေသူများ၊ နာရီပေါင်းများစွာ တစ်ဆက်တည်း အသုံးပြုသူများ စသည်ဖြင့် အုပ်စုခွဲလေ့လာ ခဲ့ပေမယ့် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာတယ် ဆိုတဲ့ အထောက် အထား မတွေ့ရကြောင်း British Medical Journal မှာ ရေးသား ဖော်ပြထားပါတယ်။ ဒီတွေ့ရှိချက်ဟာ ဗြိတိန် တစ်နိုင်ငံတည်းရဲ့ ရလဒ်မဟုတ်ဘဲ၊ အမေရိကန်နဲ့ ဥရောပတိုက်တစ်လွှား နိုင်ငံပေါင်း (၁၃)နိုင်ငံက တစ်ပြိုင်တည်း သုတေသနပြု လေ့လာမှုက ရရှိလာတဲ့ ရလဒ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်း အသုံးပြုမှု တဖြည်းဖြည်း ကျယ်ပြန့်လာပြီး မိုဘိုင်းဖုန်းက ထုတ်လွှင့်တဲ့ လျှပ်စစ်သံလိုက်လိုင်း တွေကြောင့် ခေါင်းကိုက်ခြင်းကအစ ဦးနှောက်အကျိတ် ဖြစ်ပွား ခြင်းမျိုးအထိ ကျန်းမာရေးအရ အန္တရာယ်ရှိနိုင်တဲ့ အကြောင်း စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ခိုင်မာတဲ့ သက်သေ အထောက်အထား တော့မတွေ့ရသေးပါဘူး။ ဗြိတိန်မှာ ဦးနှောက်ကင်ဆာ ဖြစ်ပွားသူပေါင်း တစ်နှစ်ကို (၄၀၀၀) နီးပါးရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ လူပေါင်း(၂၀၀၀၀)လောက် ရှိကြောင်း သိရပါတယ်။

McKinney နဲ့ Swerdlow တို့အပါအ၀င် Leeds, Manchester နဲ့ Nottingham တက္ကသိုလ်တို့က သိပ္ပံပညာရှင် တွေ အနေနဲ့ Glioma ဦးနှောက် အကျိတ် ဖြစ်ပွားနေသူ (၉၆၆) ယောက်ကို အခြား ကျန်းမာသူ (၁၇၁၆)ဦးနဲ့ နှိုင်းယှဉ်ပြီး အသုံးပြုတဲ့ မိုဘိုင်းဖုန်း အမျိုးအစား၊ ဖုန်းခေါ်ဆိုမှု အကြိမ် အရေအတွက်နဲ့ ကြာမြင့်ချိန် တွေကို အခြေခံ လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ဦးနှောက်ကင်ဆာ ဝေဒနာရှင်တွေ အနေနဲ့ ၄င်းတို့ မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဦးခေါင်းဖက် အခြမ်းမှာ အကျိတ်ဖြစ်ပေါ်တာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ ပေမယ့် သိပ္ပံ ပညာရှင် တွေကတော့ ဒါဟာ လူတွေ ထင်ယောင်ထင်မှား မှု သို့မဟုတ် အမှတ်မှားမှု သာဖြစ်တယ်လို့ ဆိုထား ပါတယ်။

ဒီသုတေသနပြု လုပ်ဆောင်ချက်အရ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် ကင်ဆာဖြစ်ပွားမှုတို့အကြား အဆက်အစပ် မတွေ့ရှိရတဲ့ အပြင် အခြားရေဒီယိုလှိုင်းနဲ့ ထိတွေ့ လုပ်ကိုင်နေသူတွေကို လေ့လာချက် အရလည်း ခိုင်မာတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရတဲ့ အကြောင်း McKinney က ပြောကြားခဲ့ ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၄၅)



www.drweil.com

ဟားဗက်တက္ကသိုလ်ထွက် နာမည်ကျော်ဆရာဝန်တစ်ဦး ဖြစ်သူ ဒေါက်တာ အင်ဒရူးဝီးလ်ရဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ သဘာဝကျန်းမာရေး၊ ပေါင်းစပ်ဆေးကုထုံး (တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး)နဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုတွေကို အခြေခံတဲ့ ကျန်းမာရေး အသိပညာတွေကို ဖြန့်ဝေပေးတဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ တချို့သော အကြံပေးချက်များဟာ သမားရိုးကျ ဆေးပညာရှုထောင့် ကနေကြည့်ပါက ထူးဆန်း နေသကဲ့သို့ ဖြစ်သော်လည်း သူ၏ နေ့စဉ် ကျန်းမာရေး အမေး အဖြေကဏ္ဍမှာ မဖြစ်မနေ စောင့်ဖတ်သင့်တဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဗီတာမင် အကြံပေးကဏ္ဍ၊ အိုမင်းခြင်း အနုပညာ၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်း စတဲ့ အခြားအကျိုး ဖြစ်ထွန်းစေတဲ့ ပုံမှန်ကဏ္ဍ တွေများစွာ ပါဝင်ပါတယ်။ TIME မဂ္ဂဇင်းကြီးက ဒီဝက်ဘ်ဆိုက်ကို ဂုဏ်ပြု ဖော်ပြခဲ့ဖူးပါတယ်။

Friday, July 11, 2008

သူနဲ့ ကိုယ်နဲ့


သူနဲ့ ကိုယ်နဲ့

သူက အချစ်အကြောင်းကို စိတ်ဝင်စားတယ်
ကိုယ်က သူ့အကြောင်းကို စိတ်ဝင်စားတယ်

သူက ကိုယ့်အကြောင်းကို အားလုံးသိချင်တယ်
ကိုယ်က သူ့အကြောင်းကို သိနေတယ်

သူက သူ့အကြောင်းကို ဇာတ်နာအောင် ပြောတယ်
ကိုယ်က မျက်ရည်မကျအောင် ထိန်းရတယ်

သူက ဒိုင်ယာရီကို ခပ်စိပ်စိပ် ရေးတယ်
ကိုယ်က ကဗျာကို ခပ်ကျဲကျဲ ရေးတယ်

သူက ပေါ်လီယာနာ ၀တ္ထုကို ကြိုက်တယ်
ကိုယ်က တော်တီလာဖလက် ၀တ္ထုကို ကြိုက်တယ်

သူက အချစ်တွေကို လွတ်ပေးချင်တယ်
ကိုယ်က အချစ်တွေကို လှောင်ထားချင်တယ်

သူက အနာဂတ်အကြောင်းကို ဆွေးနွေးတယ်
ကိုယ်က ပစ္စုပ္ပန်အကြောင်းကို ပန်းချီဆွဲပြတယ်

သူက ပုံပြောတာကို မကြိုက်ဘူး ပြောတယ်
ကိုယ်က ပုံပြောတာကို နားထောင်ချင်တယ်

သူက အခု မကြာခဏ ရစ်ချင်နေတယ်
ကိုယ်က အခု ခဏခဏ မူးချင်နေတယ်

သူက တံခါးကို အမြဲ ပိတ်ထားချင်တယ်
ကိုယ်က လေကောင်းလေသန့်ရှူချင်တယ်

သူက အခု ကျန်ခဲ့တယ်
ကိုယ်က နောက်ဆုံးထွက်လာခဲ့တယ်

(ဘိုသစ်နိုင်)
ကျွန်တော်နဲ့ခွင်ကျ မဟုတ်ပေမယ့် တော်တော်များများလောက်ကို တိုက်ဆိုင်နေလို့ မျှဝေလိုက်ပါတယ်။ ပို့စ်တင်ဖို့ စာမဖတ်အား နိုင်တာကြောင့် နှစ်သက်မိတဲ့ကဗျာလေးကို အားပေးပါအုံးလို့ .. ..

ကွာကွာမားမား Web ကမ္ဘာ (၄၄)



Fashion.about.com

ဒီဝက်ဘ်ဆိုက်ကတော့ အမျိုးသမီးတွေအတွက် အထူးပြုလုပ် တင်ဆက်ထားတဲ့ ဖက်ရှင်ဆိုက် တစ်ခု ဖြစ်ပါတယ်။ ရာသီအလိုက် အနောက်နိုင်ငံ ဖက်ရှင်၊ ဥရောပ ဖက်ရှင်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဖက်ရှင်ဆိုင်ရာ ဗဟုသုတတွေကို ဖြေဆိုနိုင်သလို ဆံပင်ပုံစံတွေ၊ အ၀တ်အစားပုံစံတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ အနုစိတ် ဖော်ပြပေးထားတဲ့ ဆိုက်ဖြစ်တဲ့အတွက် ဆွဲဆောင်မှုဖြစ်စေပါတယ်။ နှစ်ခြိုက်မှု ရှိလျှင် လေ့လာစရာတွေ များပြားလှပါတယ်။ အခြားသော ဖက်ရှင်ဝက်ဘ်ဆိုက်များကိုလည်း ညွှန်းပြီး လင့်ခ် ထားတာတွေ့ရပါတယ်။ ကြည့်ချင်တဲ့ အရာတော်တော်များများကို sign in လုပ်ပြီးမှ ၀င်ကြည့် နိုင်မှာ ဖြစ်ပါတယ်။

Thursday, July 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၄၃)


Oedb.org

Online Education Database ဆိုက်ဟာ အွန်လိုင်းပေါ်က လူတွေအတွက် ပညာရေးနဲ့ဆိုင်တဲ့ ကောလိပ်တွေ၊ တက္ကသိုလ်တွေ တက်နိုင်အောင် လမ်းညွှန်ပေးတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကောလိပ်ပေါင်း (၈၇)ခုက ပရိုဂရမ် ပေါင်း (၁၀၄၇)ခုကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဝေးရောက် တက်နိုင်တဲ့ အစီအစဉ်တွေပါ ထည့်သွင်း ပေးတား တာတွေ့ရပါတယ်။ တက်ရောက်ချင်တဲ့ ဒီကရီအဆင့်နဲ့ ဘာသာရပ် စတာတွေကို ရွေးချယ်ပြီး လေ့လာ နိုင်အောင် စီစဉ်ပေးထားပါတယ်။

အခမဲ့ တက်ချင်သူတွေအတွက် အတန်း (၂၀၀) ကိုလည်း စီစဉ်ထားပေးပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံက ကျောင်းသား တွေအတွက် အဓိကထားပြီး ဒီအခမဲ့ အတန်းတွေကို ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ နိုင်ငံ ရပ်ခြားကို သွားရောက်ပြီး ပညာသင်နိုင်သူတွေ အတွက်တော့ ရွှေအိုးကောက်ရသလို ခံစားရမည့် အချိန်တစ်ခု ဖြစ်ပါတယ်။ မိမိဘာသာ ကြိုးစားရမှာ ဆိုပေမယ့် စနစ်တကျတော့ ပိုဖြစ်စေမှာ ဖြစ်ပါတယ်။

Wednesday, July 9, 2008

ဆူးလေဘုရားလမ်းက Bus-stop Business

ဆူးလေဘုရားလမ်းက Bus-stop Business


မြို့ထဲ မရောက်ဖြစ်တာကြာလို့ပဲလား လူဦးရေကပဲ အရင်ကထက် ပိုများပြားလာ သလားတော့မသိ။ ရန်ကုန် တစ်မြို့လုံး ပလက်ဖောင်းပေါ် လျှောက်ရတာလဲ မလွတ်လပ်၊ ပလက်ဖောင်း ဈေးသည်ကလဲ နေရာအနှံ့ မျက်စိ ပဿာဒ မကျပေမယ့် ရန်ကုန်မြို့ရဲ့ ထုံးစံတစ်ရပ်လို ဖြစ်နေပါပြီ။ နိုင်ငံတကာမှာ ရေနံဈေးတွေ လှိမ့်တက်နေပေမယ့် ရန်ကုန်မြို့လည် ၆ လမ်းသွား လမ်းမ ပေါ်မှာတော့ အမျိုးအစား စုံလင်လှတဲ့ ကိုယ်ပိုင် ကားတွေ အပြင် နံပါတ်စုံ၊ အရွယ်စုံ ခရီးသည်တင် လိုင်းကား တွေကလဲ အပြည့်အသိပ်၊ ခရီးသည်တွေ ကလဲ အလုအယှက်ပါပဲ။


အလာတုန်းက taxi နဲ့ဆို ဟန်ကျပေမယ့် သူငယ်ချင်းအဆွယ် ကောင်းတာနဲ့ လိုင်းကားနဲ့ ပြန်ဖို့ ဆူးလေ ဘုရားလမ်း ကားဂိတ်မှတ်တိုင်ကို ရောက်ခဲ့တယ်။ ကားဂိတ်ရောက်တော့ ခရီးသည် ၂၀၀ ကျော်လောက် ရှိမယ်။ လိုင်းကား စောင့်နေကြတာ၊ ကျွန်တော်တို့လဲ ပလက်ဖောင်းဘေး အပင်ရိပ်အောက် ထိုင်စောင့် နေမိတယ်။ လိုင်းကားအချို့ ခရီးသည်တွေ ပြည့်နေပေမယ့် မထွက်သေးပါဘူး ..

ကဲ အားလုံးပဲ ဆင်းပြီးမှ တက်ကြပါဗျာ

ယောက်လမ်း၊ ၃-လမ်း၊ ရွှေတိဂုံ၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ

ဘားလမ်း၊ ဆူးလေ၊ သမ္ဗုဒ္ဓေ နှစ်ညအိပ်၊ သုံးရက်ခရီးမဟုတ်ဘူး၊ အခုထွက်မှာ

အစ်ကို၊ ၃၀၂၂ သွားတာ ငါးမိနစ်ပဲ ရှိသေးတယ်။ ရှေ့မှာ ကားတွေကျပ်နေတယ်။ ဒီမှာ ခဏထိုင် လိုက်ရင် အဆင်ပြေသွားမှာ၊ ၃၄၇၀ လဲ ခုနကမှ လိမ်ဖယ်၊ လိမ်ဖယ်နဲ့ တက်သွားတာ၊ ကျွန်တော် ဂျာနယ်ခဏ တက်ရောင်း အုံးမယ်နော်

ခရီးသွား လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ

နိုင်ငံကျော် အဆိုတော် ရုပ်ရှင်မင်းသမီးကြီး သီလရှင်ဝတ်မယ် ကြော်ငြာပြီးမှ .. .. အကြောင်း စုံစုံ လင်လင် သိချင်ရင်၊ တောသား လူလည်က မြို့တက်ပြီး အကြံအဖန် လုပ်တာ ရဲကင်းနဲ့ ပက်ပင်းတိုးတဲ့ အကြောင်း …..

အမှောင်ထဲမှာ အဖော်မပါဘဲ သွားတဲ့ ရှစ်နှစ်သား လူငယ်လေးရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် ဇာတ်လမ်း ကတော့ .. ..

ရှာရာဗိုဗာ ကတော့ ခွေးကိုပဲ ချစ်သတဲ့ ကမ္ဘာကြီးကတော့ ပြားသွားပြန်ပြီ

ငုံးဥပြုတ် တစ်ရာ တစ်ရာ တစ်ရာ

ဟေ့ကောင် ငုံးဥ ခဏနေအုံး

ခင်ဗျားဟာ ကြာတာကိုဗျာ

အေးပါ ပြီးတော့မယ်

ရေနံဈေးကြောင့် သမ္မတဘုရှ် ကြေကွဲနေရတဲ့ အကြောင်း

ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်း၊ ရသစုံစုံ လင်လင် ဖတ်ချင်ရင် တစ်စောင်မှ နှစ်ရာ၊ ဒီနေရာမှာပဲ ရမှာ၊ ဆိုင်တွေမှာ သွားဝယ်ရင် လေး ငါး ခြောက်ရာ .. .. ဒီမှာက အပျင်းပြေဖတ်၊ အပျော်ဖတ်၊ အိုက်ရင် ယပ်ခပ်လို့ရတယ်

ဂျာနယ် ပြီးရင် ဆင်းလေကွာ

လူကြီးမင်းတို့ အိမ်တွေမှာ အရှေ့မြောက်ထောင့် အိမ်မြှောက်စုပ်ထိုးရင် ဘာဖြစ်မလဲ၊ တောင်ပို့မြင်တိုင်း ဖွတ်ထွက်မယ်လို့ မတွေးနဲ့၊ အမွှေးတိုင်နဲ့ သောက်ရေသာ ကပ်ပေး၊ အဲဒီအိမ် စီးပွားမတက်ရင် ကျွန်တော့်ကို လာပြော

(သူ့ဟာ သူတောင် စီးပွားမတက်ဘဲနဲ့ များ)

မြေပဲလှော် ငါးဆယ်၊ ကြွပ်ကြွပ် ရွရွ လေး၊ မြေပဲလှော် ငါးဆယ် .. ..

လူကြီးမင်းတို့ ညဘက်တွေအိပ်တဲ့အခါ အိပ်မက်တွေ မက်တတ်တယ်၊ ညဦးပိုင်း မက်တဲ့ အိပ်မက်၊ ညဦးပိုင်း မက်တဲ့အိပ်မက် နဲ့ အရုဏ်တက် မက်တဲ့ အိပ်မက် ရယ်လို့ သုံးစားရှိတယ်။ ဘယ်အချိန် မက်ရင် ဘာဖြစ်မယ်၊ အိပ်မက်ရဲ့ လက္ခဏာနဲ့ နိမိတ်ကို ဗေဒင်ဆရာဆီ သွားပြီး ဆန်တစ်အိတ်၊ ငွေအစိတ် ကုန်စရာ မလိုဘူး။ ကျွန်တော့်ဆီက စာအုပ်လေးသာ ၀ယ်သွား

စာအုပ်လေးသာ ၀ယ်သွား၊ ကိုယ်တိုင် သိနားလည်လာမယ်၊ ဟိမ၀န္တာ တောကြီးက ဆရာသခင်များ ပြုစုထားတဲ့ တောင်အတိတ်ကျွန်းမှာ အောင်နိမိတ်ထွန်းစေမယ်။ အိပ်မက် နိမိတ်ကျမ်း၊ ၀ယ်လို့မရတဲ့ ပညာကို ဒါနတရားနဲ့ ရောင်းချပေးတာ။ ငွေတစ်ရာကျပ် ထဲပဲ၊ ကွမ်းစားဆေးသောက် ကျပျောက် မသွားဘူး။ တစ်ဘ၀လုံး လက်စွဲထားရမှာ အိပ်မက်နိမိတ် ကျမ်း .. ..

ဟောဒီက အစ်မက တစ်အုပ်တဲ့၊ ဒီအဒေါ်ကြီးကတော့ နှစ်အုပ်တဲ့၊ ပညာရဲ့ တန်ဖိုးကို အစစ် အမှန် နားလည်ကြသူတွေကတော့ ၀ယ်ကုန်ကြပြီဗျာ .. ..

သံချေးတွေ စွန်းတာ၊ ကွမ်းတံတွေးတွေ စွန်းတာ၊ ဘာစွန်း၊ ညာစွန်း ဘာစွန်းစွန်းပေါ့ အင်္ကျီတွေ၊ အ၀တ်အစားတွေ စွန်းတာ ပေတာ စိတ်သာချ ဂြိုဟ်တု အစွန်းချွတ်ဆေး၊ လက်ပစ်ဗုံးပေါက်ရင် ဖာလို့မရဘူး၊ အိမ်ကရေပုံးတော့ ဖာဖြစ်အောင်ဖာ၊ အိုးဖာတဲ့တိပ်၊ ဒန်အိုး၊ ဒန်ခွက် ရေပုံး ဘာပဲဖာဖာ တစ်လက်မကို ငွေတစ်ရာပဲ .. ..

ဟိုအစ်ရှေ့ နည်းနည်းတိုး၊ ဟိုအစ်ကို ဘေးလေးကပ်ပေးပါ။ ဟေ့ကောင်တွေ ဆင်းတော့၊ ကားထွက်တော့မယ် ..၊ ရောင်းချင်ရင် အောက်ကသာရောင်း၊ အစ်ကိုရေ ငါးပူး ကပ်လာပြီ၊ မောင်းတော့ .. ..

နောက်ဆုံးကားစပယ်ရာ ရဲ့ အသံကြားရတော့မှပဲ ကျွန်တော်လဲ သက်ပြင်းချ နိုင်ပါတော့တယ်။

ကွာကွာမားမား Web ကမ္ဘာ (၄၂)


Register.com

ဤဝက်ဘ်ဆိုက်သည် ဝက်ဘ်ဆိုက်မှတ်ပုံတင်ခြင်း domain registration အတွက် အဓိက ၀န်ဆောင်မှု ပေးထားပြီး မိမိ၏ ဝက်ဘ်ဆိုက်ကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ နိုင်သည်အထိ ကူညီပေးနိုင်မည့် နေရာလည်း ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွင် Web mail account များကိုလည်း ၀ယ်ယူထားရှိ နိုင်မှာ ဖြစ်ပြီး မိမိရဲ့ ဝက်ဘ်ဆိုက်ကို လူသိများလာအောင် ကြော်ငြာပေးမယ့် အစီအစဉ်မျာလည်း ပါဝင်တဲ့အပြင် data backup ၀န်ဆောင်မှုများနဲ့ ဝက်ဘ်ဆိုက်များတွင် ကြုံတွေ့ရလေ့ ရှိသော ပြဿနာရပ် များကိုလည်း ဖြေရှင်းပေးမယ့် ၀န်ဆောင်မှုကိုလည်း ပေးထားပါတယ်။ ဒါ့အပြင် domain အမည်ရိုက်ထည့်လိုက်တာနဲ့ မည်သူက လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်သည်ကိုပါ သိရှိစေနိုင်တဲ့ WHOISLOOKUP ၀န်ဆောင်မှု၊ ဝက်ဘ်ဆိုက် လိပ်စာအား forward လုပ်ဆောင်ပေးနိုင်တဲ့ ၀န်ဆောင်မှု စနစ်တို့ကိုလည်း အစုံအလင်ပါရှိပါတယ်။

Tuesday, July 8, 2008

အလကားရမယ့် အသက်ရှည်နည်း

အလကားရမယ့် အသက်ရှည်နည်း

နေပူစာလှုံတာဟာ လူတွေရဲ့ အသက်ကို နှစ်တွေတိုး သည်ထက် တိုးပြီး ရှည်စေ နိုင်ပါတယ်။ သုတေသီတွေ တွေ့ရှိထား တာကတော့ ဗီတာမင် ဒီ ကို နေ့စဉ် ဖြည့်စွက် ပေးနိုင် ရင်လည်း အသက်ရှည် နိုင်တယ် ဆိုတာပါပဲ။

ကျန်းမာရေးသုတေသီတွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၅၇၀၀၀ ဦးကို ဗီတာမင် ဒီ က ဘယ်လို အကျိုးသက်ရောက် မှုရှိစေတယ်ဆိုတာ လေ့လာခဲ့ကြပါတယ်။ ဗီတာမင် ဒီ ကို နေရောင်ခြည် လို့လဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရောင်ခြည်ကို တုံ့ပြန်တဲ့အနေနဲ့ လူ့အရေပြားက ထုတ်ပေးလို့ပါ။ ပြီးတော့ သူက ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ အသားမျှင်ခက်မာသွားမှု အမျိုးမျိုးတွေကို ကင်းဝေး စေနိုင်ပါတယ်တဲ့။

ဗီတာမင် ဒီ ကို ရိုးရိုးဖြည့်စွက် စားပေးရုံမျှနဲ့ လူအသေအပျောက်နှုန်းကိုလဲ လျော့သွားစေပုံရ ပါတယ် လို့ ပြင်သစ် နိုင်ငံ၊ လီယွန်ရှိ ကင်ဆာရောဂါ သုတေသနလုပ်ငန်း နိုင်ငံတကာ အေဂျင်စီမှ ဒေါက်တာ ဖစ်လစ် အောတီးယား နဲ့ အီတလီနိုင်ငံ၊ မီလန်ရှိ European Institute for Oncology မှ ဒေါက်တာ ဆာရာဂန်ဒီနီ တို့က သုတေသန အဖွဲ့ခေါင်းဆောင် အနေနဲ့ ပြောပြခဲ့ပါတယ်။

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်း ကိုယ်အလေးချိန် လျှော့ချမယ်

အန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေထဲမှာ တစ်ခုကတော့ ထမင်းမစားခင် နာရီဝက်၊ လေးဆယ့်ငါးမိနစ် လောက်အလိုမှာ သစ်သီး ဖျော်ရည် သောက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ သစ်သီး ထဲမှာ ပါဝင်တဲ့ ဖရုတို့စ် (Fructose) သကြားဓာတ်ဟာ ဂလူးကို့စ် ဒါမှမဟုတ် အချိုအတုတွေထက် ခံတွင်း တွေ့မှု ကိုပိုပြီး ထိန်းချုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

ယေးတက္ကသိုလ်က သုတေသီတွေ လေ့လာတွေ့ရှိတာက လူမှုဝန်ထမ်း လုပ်အားပေးတွေကို တစ်ခြားအဖျော် ယမကာ တွေသောက်ပြီးတဲ့နောက် နာရီဝက်မှာ အစာစားဖို့ ပြောပါတယ်။ အဲဒီအခါမှာ သစ်သီးဖျော်ရည် သောက်တဲ့ သူတွေက ၂၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း၊ ကယ်လိုရီ ပိုနည်းနည်းနဲ့ အဆီးနည်းနည်းကိုသာ စားကြ ပါတယ်။

ဒါပေမယ့် ဂလူးကို့စ်ခေါ် သကြားဓာတ်နဲ့ အချိုကဲထားတဲ့ ဖျော်ရည်သောက်သူတွေက အချိုတုတွေနဲ့ ပြုလုပ် ထားတဲ့ ဖျော်ရည်သောက်သူတွေ ထက် ၁၀ ရာခိုင်နှုန်း လျှော့ပြီး စားကြပါတယ်။ ဒါကြောင့်မို့လို့ ဘလော့ဂ် ဂါ မမ၊ ညီမလေး တို့လည်း ထမင်းမစားခင် သစ်သီးဖျော်ရည်သောက်ပြီးမှ အစားစားမယ်ဆိုရင် မော်ဒယ်လ် လေး တွေလို အဆီကျပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ် လှပလာမှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၄၁)


www.video.phpmyanmar.com

အခုခေတ် လူငယ်တွေ ရေပန်းစားနေတဲ့ ကိုရီးယား မင်းသား၊ မင်းသမီးတွေ အကြောင်းကို တင်ထားတဲ့ ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကိုရီးယား မင်းသား၊ မင်းသမီးများရဲ့ အကြောင်းကို တစ်ဦးချင်းကဏ္ဍ အလိုက် တင်ပြ ထားပါတယ်။ ဒါ့အပြင် ကိုရီးယားတို့ရဲ့ ဘ၀သရုပ်ဖော် အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ကိုရီးယား သီချင်း နှစ်သက်သူများ အတွက်လည်း ကဏ္ဍတစ်ခုအနေနဲ့ နားဆင်နိုင် ပါတယ်။ ကိုရီးယား ဇာတ်လမ်း တွေ ကြည့်ရှုနိုင်အောင်လည်း movie အနေနဲ့ တင်ထားပါတယ်။ ကိုရီးယားတို့ရဲ့ ယဉ်ကျေးမှု၊ အလေ့အထ၊ အနုပညာ အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုးက နေ တွေ့မြင်နိုင်ပါတယ်။ အထင်ရှာဆုံး မင်းသား၊ မင်းသမီး (၁၀)ဦး ရဲ့အကြောင်းကို ဓာတ်ပုံများနဲ့ အတူ ဖော်ပြထားပါတယ်။ ဘာသာပြန်ပြီး ဇာတ်လမ်းတွဲ များကိုလည်း ကြည့်ရှု နိုင်ပါသေးတယ်။ ဒါကြောင့် ကိုရီးယား မင်းသား၊ မင်းသမီးများ အကြောင်း ကို အသေးစိတ် သိရှိလိုသူများ ပရိသတ်များ အနေနဲ့ ၀င်ရောက် လေ့လာ ကြည့်ရှုနိုင်ပါတယ်။

Monday, July 7, 2008

ဖိုးမောင်လာပြီ

ဖိုးမောင်လာပြီ

မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ဆီးကြိုဟောင်သော်
ဖိုးမောင်လာပြီ ဆိုကြသည်။

ဟောင်သံရပ်၍
ထက်ကြပ်ပေါ်လာ ၊ အသံမှာကား
ညခါငါးထောင် ၊ မောင်ဖိုးမောင်သည်
ရွာတောင်ချောင်းက ပြန်ခဲ့ပြီ။

ဖိုးမောင်သံကြား ၊ ကင်းသမားက
တံခါးကြီးအောက် ၊ မလွယ်ပေါက်ကို
တစ်ယောက်ဝင်သာ ၊ ဖွင့်လိုက်ပါသော်
ယာတွင် အုပ်ဆောင်း ၊ ၀ဲတက်ချောင်းနှင့်
ခါးစောင်းကိုင်းကိုင်း ၊ ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ၊ ရွာကိုဝင်သည်
လူပင်လေလား ၊ တစ္ဆေလား။

တစ္ဆေမကြောက် ၊ မြွေမကြောက်ဘဲ
တစ်ယောက်တည်းပင် ၊ ညဥ့်မှောင်တွင်း၌
သူလျှင်ငါးရှာ ၊ မကျွေးပါက
ထိုရွာသူသား ၊ လူအများတို့
ငါးစိုး ငါးစိမ်း ငတ်ပေလိမ့်။

ဆောင်းတစ်ည၌
ချမ်းမြစိမ့်အေး ၊ လခြမ်းကွေး၍
ရွာဘေးကျီပျက် ၊ မှောင်နက်နက်မှ
ဇီးကွက်ကအော် ၊ တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ၊ ဂုတ်ကျားဟောင်သည်
ဖိုးမောင်လာချိန်ပါတကား။

သို့ဖြစ်သော်ငြား ၊ ခါတစ်ပါးသို့
တံခါးဝင်လို ၊ သူမဆိုဘဲ
မောင်းကိုထုပါ ၊ လူစုပါဟေ့
ရွာကိုဘေးမှ ၊ ကာကွယ်ကြလော့
ဓားပြငါ့အား ၊ ဖမ်း၍ထားဟု
စကားမဆုံး ၊ ဟစ်အော်တုန်းတွင်
ဒိုင်းဒိုင်းဒိန်းသံ ၊ ရွာလုံးညံသည်
ချောင်းယံပဲ့တင် ထပ်သတည်း။

ဖိုးမောင်နိဂုံး ၊ ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ၊ ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ၊ ဟည်းလျက်ပါတည့်
ဘယ်ခါမဆို ၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ် ၊ လူခြေတိတ်၌
ရေဆိပ်အနား ၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင် ၊ ရမ်းရော်ဟောင်သော်
ဖိုးမောင်လာပြီ ဆိုဆဲပင် ။ ။

( မင်းသုဝဏ်/၁၉၆၂၊ဒီဇင်ဘာ-၅ )

စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူသားတို့ဟာ လူသားအချင်းချင်း လူပီသစွာ စောင့်ရှောက် ကာကွယ်ပေးကြ တယ်။ အေးအတူ ပူအမျှ နေထိုင်စားသောက်ကြရင်း တစ်ဦးကိုတစ်ဦး ကူညီ ရိုင်းပင်းကြ ကုန်တယ်။ ထိုလူသား များ ရှိတဲ့ ပတ်ဝန်းကျင် သည် ငြိမ်းချမ်း သာယာခြင်း ရှိကုန်ပြီး ဖွံ့ဖြိုးတိုးတက် စည်ပင်ကုန်တယ်။ ဒါကြောင့် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ လူသားတို့ ဤလူ့လောကတွင် အများအပြားပင် လိုအပ်ပါတယ်။ လူသား အချင်းချင်း ကာကွယ်ပေးခြင်းသည် မွန်မြတ်သော မင်္ဂလာတရား ဖြစ်ပါတယ်။ ကူညီ စောင့်ရှောက် တတ် တဲ့သူကို လည်း လူအများက နှစ်လို ချစ်ခင်ကြတယ်။

ကဗျာကဝိကြီး၊ ဆရာကြီး မင်းသုဝဏ်ရဲ့ လူအချင်းချင်း စောင့်ရှောက်ကာကွယ်သူအကြောင်း ဂုဏ်ပြု ကဗျာလေး ကို ထပ်ဆင့်မျှဝေလိုက်ပါတယ်။

Friday, July 4, 2008

ကွာကွာမားမား Web ကမ္ဘာ (၄ဝ)



www.Healia.com

Healia အမည်ရှိ ကျန်းမာရေး စောင့်ရှောက်မှု search engine သစ်ဟာ ရောဂါလက္ခဏာတွေ၊ ကုထုံးတွေ စတဲ့အချက်အလက်များ filter လုပ်တာ၊ ပုဂ္ဂိုလ်ရေး ဗီဇစရိုက်တွေ အပေါ် အခြေပြုထားတဲ့ search တွေ ပေါများ နေတာတွေကို လျော့ကျစေမယ့် search တစ်ခု ဖြစ်ပါတယ်။ အသုံးပြုသူဟာ လိင်၊ အသက်၊ လူမျိုးနဲ့ အခြားသော အချက်အလက်တွေပေါ်မှာ အခြေပြုထားတဲ့ search တွေကို personalize ပြုလုပ်နိုင်ကြပြီလို့ သိရပါတယ်။ ဒါ့အပြင် Healia ဟာ ကြိုတင်ကာကွယ်မှု Prevention ၊ ဘေးထွက်ဆိုးကျိုး side effect စတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ အဖြေတွေနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အခြေအနေတွေမှာ filter အလိုလို လုပ်ပေးမှာ ဖြစ်ပါတယ်။

ပဓာနကျတဲ့ searching engine ကြီးတွေမှာ ဆေးဘက်ဆိုင်ရာ သတင်းအချက် အလက်များ ရှာဖွေရာမှာ ရရှိတဲ့ search result အများစုဟာ ရောင်းဝယ်ရေး ဝက်ဘ်ဆိုက်တွေကိုသာ ဦးတည်သွားတတ် ပေမယ့် Healia ကတော့ ယုံကြည်စိတ်ချရတဲ့ စာကြည့်တိုက်မှူးတစ်ယောက်လို ဆေးဘက် သတင်းအချက်အလက် ထောင်၊ သောင်းထဲမှာ သုံးစွဲသူအတွက် သိလိုရာကို ကွန်ရက်ပေါ်မှာ ရှာဖွေပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၃၉)



www.astrology.com

ဗေဒင်ဝါသနာရှင်များနဲ့ ဗေဒင်ပညာကို စတင်လေ့လာလိုက်စားသူများ တွင်ကျယ်စွာ အသုံးပြုကြတဲ့ ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွင် တရုပ်ရိုးရာဗေဒင်၊ တားရော့ခ်၊ ဂဏန်းဗေဒင် နှင့် ရာသီခွင်ကို ကြည့်ပြီး ဟောတဲ့ ဗေဒင် စသည့်ပညာရပ်များ စုံလင်စွာ ပါရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နှလုံးသားရေးရာ ကဏ္ဍ၊ ဆယ်ကျော်သက် ကဏ္ဍ၊ နိမိတ်ဟောကိန်း ကဏ္ဍ စသဖြင့် အထူးကဏ္ဍများလည်း ပါဝင်ပါတယ်။ မိတ်ဆွေရဲ့ နာမည်၊ မွေးလ၊ မွေးရက်၊ မွေးနှစ်ကို ထည့်သွင်းလိုက်လျှင် software ဖြင့် သင့်အတွက် နက္ခတ္တဂြိုဟ်ခွင် ဟောစာတမ်းကို ထုတ်ပေးမည် ဖြစ်သည်။ သင့်ရဲ့ အနာဂတ် စိတ်ကူး စိတ်သန်းများနဲ့ ပတ်သက်လို့လည်း ဗေဒင် အရ အတိုင်ပင်ခံသည့် ကဏ္ဍပါဝင် ပါတယ်။ လာဘ်ပွင့်သည်လို့ အရှေ့တိုင်းတွင် ယူဆကြတဲ့ ချက်ကရာ ပုံများကို လည်း ထည့်သွင်းကြတယ်။ (၇)ရက် သားသမီးများ အတွက် တစ်နှစ်စာ ဟောစာတမ်း များကိုလည်း ရာသီခွင် အလိုက် တွက်ချက်ပေးထားပါတယ်။ ၀န်ဆောင်မှုများ အနေနဲ့ နေ့စဉ် ဟောစာတမ်းများကို အီးမေးလ် နဲ့ user များထံသို့ ပေးပို့ခြင်း၊ စုဆောင်းပေးထားခြင်း၊ စိတ်ခွန်အား တိုးပွားစေမည့် အကြံပြုချက် စာသားများကို ထည့်သွင်း ပေးထားခြင်း စသည်တို့ကို Astrology.com တွင် တွေ့ရှိရပါတယ်။ ၀ါသနာပါတဲ့ ဘလော့ဂ် မောင်နှစ်မ များ သွားဖြစ်အောင်တော့ သွားလိုက်ကြပါ။

Thursday, July 3, 2008

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

ကိုယ်ပိုင်ဒိုမိန်းဖန်တီးခြင်း

အခမဲ့ဝက်ဘ် space ပေးထားသော ၀န်ဆောင်မှုများ၏ အဓိကပြဿနာမှာ မနှစ်မြို့ဖွယ်၊ ရှည်လျားသော လိပ်စာကို ရရှိခြင်းပင်ဖြစ်သည်။ ဥပမာ သူဇာ ဆိုသူက myisp.com တွင် အခမဲ့ဝက်ဘ် space ရယူပါက သူမ၏ လိပ်စာမှာ http://webspace.myisp.com/thu_zar3 ကဲ့သို့ ဖြစ်နေပေမည်။ သူမအတွက်ကတော့ www.thuzar.com ကဲ့သို့ ရိုးစင်းပြီး တိုက်ရိုက်ကျသော လိပ်စာများက ပိုမိုအဆင်ပြေမည် ဖြစ်သည်။ အကယ်၍ thuzar.com နာမည်အတိအကျကို အခြား တစ်ယောက်က လက်ဦးပြီး ဖြစ်ပါက .com အစား .net, .info စသည် တို့ကို စမ်းကြည့်ခြင်း (သို့မဟုတ်) မူလပိုင်ရှင်ထံမှ ပြန်လည် လွဲပြောင်းဝယ်ယူရန် ကြိုးစားခြင်း စသည် တို့ကို ပြုလုပ်ရတော့သည်။ မိမိစိတ်ကြိုက် ဝက်ဘ်ဆိုက် လိပ်စာများကို domain registry များတွင် အခကြေးငွေ အနည်းငယ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ထင်ရှားသော ဒိုမိန်း မှတ်ပုံတင်ဝက်ဘ်ဆိုက် များမှာ www.domaindirect.com, www.domainmonger.com နှင့် www.register.com တို့ဖြစ်ပါသည်။ ဒိုမိန်းနိမ်း မှတ်ပုံတင်ရာတွင် မိမိ သက်ဆိုင်ရာ နိုင်ငံ၏ ကတ်ကိုထည့်သွင်းလိုပါက ဥပမာ www.thuzar.com.mm မှတ်ပုံတင်ရာ ဌာနတွင် တောင်းဆို နိုင်ပါသည်။

ဒိုမိန်းနိမ်းတစ်ခု မှတ်ပုံတင်ရာတွင် ၀န်ဆောင်မှုနှင့် ပတ်သက်၍ ရွေးချယ်စရာ option များပေးထားလေ့ ရှိပါသည်။ Name registration နှင့် web space တွဲလျက်ပါ package များကို register များက ရောင်းချလေ့ ရှိပြီး များသောအားဖြင့် ကောင်းမွန်ပြည့်စုံသော ၀န်ဆောင်မှုများ ဖြစ်ကြသည်။ နောက် option တစ်မျိုးမှာ web forwarding ဖြစ်သည်။ သင်ဝယ်ယူထားသော www.thuzar.com လိပ်စာကို နဂိုရှိပြီးသား http://webspace.myisp.com/thu_zar3 သို့ ၀င်ရောက်ရာ ဂိတ်ပေါက်ဝ အဖြစ် ဆောင်ရွက်စေခြင်းမျိုး ဖြစ်သည်။ နောက်ထပ် option တစ်မျိုးမှာ DNS server များကို သုံး၍ ဒိုမိန်းနိမ်းနှင့် မိမိစိတ်ကြိုက် ၀န်ဆောင်မှု ပေးနိုင်သော host service များမှ web server များကို ချိတ်ဆက်ခြင်း ဖြစ်သည်။ သီးခြား web hosting ၀န်ဆောင်မှုများနှင့် ပတ်သက်သော နှိုင်းယှဉ်စရာ အချက်အလက်များကို www.findahost.com, www.tophosts.com နှင့် www.webhostmagazine.com စသည်တို့တွင် လေ့လာနိုင်ပါသည်။ Free server (www.freeserver.com) နှင့် Virtual Avenue (www.virtualave.net) တို့ကဲ့သို့ web hosting ကို အခမဲ့ ပေးသောနေရာများ ရှိသော်လည်း ၀န်ဆောင်မှု အမြန်နှုန်း၊ ယုံကြည်စိတ်ချရမှု၊ ရေရှည် အာမခံချက် ရှိမှု စသည် တို့တွင် အခကြေးငွေ ပေးရသော ကော်မာရှယ် ၀န်ဆောင်မှုများကို မယှဉ်နိုင်ချေ။ (YKM)

ကွာကွာမားမား Web ကမ္ဘာ (၃၈)



www.timeanddate.com

Time and date.com သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးရဲ့ အချိန် နာရီဇုန်များကို ချက်ချင်းသိနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသဇုန်များ၊ မြို့ကြီးများရဲ့ နာရီများကို အက္ခရာစဉ် အလိုက် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ နိုင်ငံအသီးသီးရဲ့ ပြက္ခဒိန်တွေနဲ့ နှစ်ငါးရာ ကဲ့သို့သော ကဏ္ဍများကိုလည်း ထည့်သွင်းပေး ထားပါတယ်။ ဒါ့အပြင် နှစ်သစ်ကူး အချိန်ကာလများ အတွက် Countdown နဲ့ အခြားအရေးပါတဲ့ နေ့ရက်များ အတွက် Counter များကိုလည်း ထည့်ထားပေး ပါတယ်။ ဝက်ဘ်ဆိုက်ကို နော်ဝေနိုင်ငံသား Steffen Thorsen က တည်ထောင်ထားတာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ လဆန်း လဆုတ် တွက်ချက်တဲ့ကဏ္ဍ၊ ရက်ထပ်နှစ် ဖော်ပြပေးတဲ့ကဏ္ဍ တို့လည်းပါဝင်ပြီး မိမိကိုယ်ပိုင် ပြက္ခဒိန် အမျိုးမျိုးကိုလည်း ရေးဆွဲဖန်တီး နိုင်ကြောင်း တွေ့ရှိ ရပါတယ်။ စိတ်ဝင်စားစရာမို့ မျှဝေပေးလိုက်ပါတယ်။

Wednesday, July 2, 2008

ကွာကွာမားမား Web ကမ္ဘာ (၃၇)



www.gettyimages.com

ဤဝက်ဘ်ဆိုက်သည် သတင်းမီဒီယာ လောကသားများ အတွက် မကုန်ခမ်းနိုင်သော ရုပ်ပုံ၊ ဓာတ်ပုံဆိုင်ရာ ဘဏ္ဍာတိုက်ကြီး တစ်ခုဖြစ်ပါတယ်။ အခကြေးငွေ ပေးစရာမလိုဘဲ မူပိုင်ခွင့်တစ်မျိုးတည်းဖြင့် ရယူနိုင်တဲ့ ဓာတ်ပုံ ပေါင်း များစွာရှိပါတယ်။ ဓာတ်ပုံများလည်း အမျိုးအစားစုံလင် လှပါတယ်။ အနုပညာမြောက် သက်ငြိမ် ဓာတ်ပုံ မှ သည် သတင်းမှတ်တမ်း ဓာတ်ပုံများ၊ ရုပ်ရှင်ဇာတ်ဝင်ခန်း ဓာတ်ပုံများအဆုံး တွေ့ရမှာ ဖြစ်တယ်။ စုဆောင်း ပေးထားတဲ ဓာတ်ပုံများဟာ အပျော်တမ်းရော၊ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများရဲ့ ပညာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ Editorial ကဏ္ဍအောက်မှာ ကမ္ဘာ့နောက်ဆုံး ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် သတင်း ဖြစ်ရပ်မှန်တွေ၊ အားကစားနဲ့ ဖျော်ဖြေရေး လှုပ်ရှားမှုတွေကို မိနစ်နှင့်အမျှ Update လုပ်ပေးထားတဲ့ သရုပ်ဖော်ပုံ များရှိပါတယ်။ ထို ဝန်ဆောင်မှုကို သတင်း မီဒီယာအတွက် သီးသန့် ပေးထားတာ ဖြစ်ပါတယ်။ အခမဲ့ ၀န်ဆောင်မှု စနစ်ကိုသုံးကာ အွန်လိုင်း ဓာတ်ပုံ ဂယ်လာရီ ဝက်ဘ်ဆိုက်များနဲ့လည်း တိုက်ရိုက်ချိတ်ဆက် လင့်ခ်ထား ပေးပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ အားသာချက် တစ်ရပ်က မည်သည့် အပျော်တမ်း (သို့မဟုတ်) ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို မဆို အဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းလုံး ဖြန့်ကျက်ထားတဲ့ Getty Images ရဲ့ အခြေစိုက် စခန်းတွေမှာ အလုပ်လုပ်ပြီး အစွမ်းပြခွင့်ရမယ့် အခွင့်အလမ်းတစ်ရပ်လည်း ပေးထားတာ တွေ့ရတယ်။

Tuesday, July 1, 2008

အတုယူထိုက်သော ဆရာများ

အတုယူထိုက်သော ဆရာများ

လူ့အဖွဲ့အစည်းများတွင် မိဘနှင့်သားသမီး၊ အလုပ်ရှင့်နှင့် အလုပ်သမား၊ ဆရာနှင့် တပည့် ဟူသော စုံတွဲ အဖွဲ့အစည်းများ ပါဝင်နေပါသည်။ ယင်းတို့ရှိရာတွင် ဆရာဟူသည် ပညာပေးသူဖြစ်၍ တပည့်ဟူသည် ပညာ သင်ယူသူဖြစ်သည်။ ဆရာသည် တပည့်ထက် အသိဥာဏ် ဗဟုသုတ အစစသာလွန်သည်။ ယင်းသို့ သာလွန် နေသည့်အခါအားလျှော်စွာ ဆရာသည် တပည့်အား ပညာသင်ပေးသူသာ ဖြစ်သင့်၍ တပည့်ထံမှ တစ်ဖန် ပညာသင်ယူသူ မဖြစ်သင့်ဟု ယူဆကြသည်။

တပည့်ဖြစ်သူ၏ ဆုံးမစကား၊ အကြံပြုစကားများကို အလေးတမူ နားမထောင်နေသင့်၊ မှတ်ယူမနေသင့် ဟု ယူဆကြသည်။ ယင်းယူဆချက်များကြောင့်ပင် အချို့ ဆရာဖြစ်သူတို့သည် တပည့်ဖြစ်သူက မှားကွက်၊ ဟာကွက် များထောက်ပြ၍ တင်ပြလာသောအခါ လက်မခံကြဘဲ ပစ်ပယ်တတ်ကြ လေသည်။
အချို့သည် ပစ်ပယ်ရုံသာမက ငါလိုဆရာမျိုးကို မင်းက ဆရာလာလုပ်ရသလား ဟု ဆရာမာန်တက်ကာ တပည့် ဖြစ်သူကို လှိမ့်၍ ဖိငေါက်တတ်သည်။ ရှက်ရမ်းရမ်းတတ်သည်။ ရိုက်နှက်တတ်သည်။

သို့ရာတွင် လောကကြီးတွင်း၌ သိစရာများ၊ အသိပညာများ များမြှောင်လှပေသည်။ မကုန်နိုင် မခန်းနိုင်ချေ။ အသိဥာဏ် ဟူသည်မှာလည်း အာသဝေါကုန်ခန်း ရဟန္တာမဖြစ်သေးသမျှ လုံးဝဥဿုံ မပြည့်စုံနိုင်သေးပေ။
သို့ဖြစ်၍ တစ်ခါတစ်ရံ သတိတရား အသိတရား ချွတ်ချော်တိမ်းပါးကာ မှားယွင်းနိုင်ပါသေးသည်။ ထိုအခါ တပည့် ဖြစ်သူက ထိုမှားကွက် ဟာကွက်ကို ထောက်ပြ၍ အမှန်တရားသို့ရောက်ရန် တင်ပြလာတတ်ပေသည်။ ထိုအခါ တပည့်ဖြစ်သူ၏ တင်ပြချက်သည် မှန်ကန်ပါက ဆရာမာန်မတက်ဘဲ ကြည်ဖြူစွာ လက်ခံသင့်ကြ ပေသည်။ မိမိ အမှားကို ရဲဝံ့စွာ ဝန်ခံသင့်ကြပေသည်။ ထိုသို့သော ဆရာမျိုးသည် အတုယူထိုက်သော ကြည်ညို ထိုက်သော ဆရာမျိုးဖြစ်လေသည်။

ကွာကွာမားမား Web ကမ္ဘာ (၃၆)



www.edufind.com

လူမျိုးခြား ဘာသာစကား တစ်ခုခုကို လေ့လာနေသူများ မကြည့်မဖြစ် ၀င်ကြည့်သင့်သော ဝက်ဘ်ဆိုက်ဖြစ် ပါတယ်။ ကမ္ဘာပေါ်ရှိ ဘာသာစကား အားလုံးနီးပါးကို လေ့လာ သင်ယူနိုင်မည့် လမ်းညွှန်ချက်များ ထည့်သွင်း ပေးထား ပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ မန်ဒရင်း စတဲ့ အဓိက ကမ္ဘာသုံး စကားများကို သင်ယူလိုသူများ အတွက် သိသင့် သင့်ထိုက်တဲ့ သတင်းအချက်အလက်များ၊ သင်ကြားရေး ဌာနလိပ်စာများ၊ သင်ရိုးစာအုပ် စာတမ်းများ၊ ခန့်မှန်းခြေ ကုန်ကျစရိတ်များ စသည်ဖြင့် စုံစုံလင်လင် ထည့်သင်းဖော်ပြထားပါတယ်။ မြန်မာ စကားကို သင်ယူလို သော နိုင်ငံခြားသားများ အတွက်လည်း လင့်ခ်တစ်ခု ပေးထားပါတယ်။ မိမိတတ်ထားတဲ့ တိုင်းတစ်ပါး ဘာသာ စကားနဲ့ မည်သို့ အလုပ်အကိုင်များ ရရှိနိုင်သည် ဟူသော သတင်းများကိုလည်း ထည့်ပေး ထားပါတယ်။ ဘာသာစကား သင်ယူရာမှာ သမားရိုးကျ နည်းလမ်းများအပြင် ဂိမ်းများ၊ interactive လေ့ကျင့်ခန်းများနဲ့ မိမိရဲ့ အဆင့်ကို စမ်းစစ်နိုင်တဲ့ စာမေးပွဲပုံစံများ ပါဝင်ပါတယ်။ ဒါ့အပြင် ပညာရေး ၀န်ဆောင်မှု လုပ်ငန်းများနဲ့ ပတ်သက်တဲ့ ကြော်ငြာများ ထည့်သွင်းနိုင်ရန် အတွက်လည်း edusearch.com က စီစဉ်ပေးနိုင် ပါတယ်။