Showing posts with label အလှစာ၊. Show all posts
Showing posts with label အလှစာ၊. Show all posts

Monday, November 27, 2017

ပြောင်းလဲသင့်ရင် ပြောင်းလဲလိုက်ပါ


ပြောင်းလဲသင့်ရင် ပြောင်းလဲလိုက်ပါ

အလေ့အကျင့်ဆိုတာ ပြောင်းလဲဖို့ တော်တော်ခက် တာပါလား။ မကောင်းတာလဲ အလေ့အကျင့်၊ ကောင်းတာလဲ အလေ့အကျင့်၊ အလေ့အကျင့်တွေ ကြာလာတော့ အလေ့အထဖြစ်၊ ဓလေ့ထုံးစံဖြစ်တဲ့ အရာတွေက ဖြစ်နဲ့ မှားနေရင်တောင် မပြင်ချင်ကြတော့ဘူး။ အဲဒီအမှားကိုပဲ လက်ခံကျင့်သုံးမိ သွားကြတော့တာ ပါပဲ။



Tuesday, November 21, 2017

အရွယ်သုံးပါး ရေဆန်သွား


အရွယ်သုံးပါး ရေဆန်သွား

အရွယ်သုံးပါးတွင် ငယ်စဉ်ဘ၀သည် မိဘအပေါ် လုံးဝမှီခိုရသည့် သဘာဝရှိသဖြင့် မိမိ၏ ဖန်တီးနိုင်သော အခွင့်အရေး မိမိထံမှာမရှိပါ။ အသိဥာဏ်ရင့်ကျက်မှု မရှိသေးခြင်း ၊ အတွေ့အကြုံ နုနယ်သေးခြင်း ၊ လောက၏ အသိများ နုံချာသေးခြင်း နှင့် ခွန်အား မပြည့်စုံသေးခြင်း တို့ ရှိနေသေးသည်။ ဆည်းပူးကာလ ၊ လေ့လာကာလ ၊ ရင့်ကျက်အောင် ကြိုးစားနေသည့် ကာလဖြစ်သဖြင့် ဘ၀ဟူသော စစ်ပွဲကို ရင်ဆိုင်နိုင်ရန် အသင့်မဖြစ်သေးသော ကာလ ဖြစ်သည်။ အချို့ စိတ်ဓာတ် ညံ့ဖျင်းကြသူ များမှာ ဒုတိယအရွယ်လွန်၍ မိမိမှာပင် သားသမီးများ ရရှိစေကာမူ ဆက်လက် အမှီလွန်နေကြ သည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရမည် ဖြစ်သည်။ အချို့က ရင့်ကျက်သော အတွေးအခေါ် ကို စောစီးစွာ ရရှိကြပြီး ပညာသင်ကာလ မှာပင် လောကကြီးနှင့် မိတ်ဆွေဖွဲ့ ရင်းနှီးပြီး ဖြစ်သည်။ အတွေးအခေါ် အယူအဆများ တောက်ပြောင် နိုးကြားလာပြီး ဘ၀စစ်ပွဲကို ပြင်ဆင်နိုင်ကြပြီ ဖြစ်သည်။

Thursday, November 9, 2017

ရေမွှေးဆွတ်ခြင်း


ရေမွှေးဆွတ်ခြင်း

ရနံ့တွေမှာ မမြင်ရတဲ့စွမ်းအင်တွေ ရှိနေပါတယ်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံငါးပါးမှာ ရနံ့ကလဲ တစ်ပါးအပါအ၀င် ဖြစ်ပါတယ်။ ရနံ့တွေက လူ့စိတ်ကို လန်းဆန်းစေတယ်။ ကြည်လင် တက်ကြွစေတယ်။ နိုးကြားစေတယ်။ မိမိကိုယ်ကို ယုံကြည်ချက်ရှိစေတယ်။ ဒါကြောင့် ရနံ့ကောင်းတဲ့ရေမွှေးကို သုံးစွဲလာကြတာဖြစ်တယ်။

Monday, November 6, 2017

ဘ၀၏ အောင်မြင်မှု


ဘ၀၏ အောင်မြင်မှု

ယနေ့ခေတ်သည် အပြိုင်အဆိုင် အလွန်များသည့်ခေတ် ဖြစ်သည်။ ပညာရေးတွင် လည်းကောင်း၊ စီးပွားရေးတွင် လည်းကောင်း၊ အလှအပရေးရာ တွင်လည်းကောင်း၊ ဂီတရေးရာတွင် လည်းကောင်း စသည်ဖြင့် ကဏ္ဍစုံတွင် နေ့စဉ်နှင့်အမျှ ပြိုင်ဆိုင်နေကြ ရသည်။ အပြိုင်အဆိုင် များသည့်ခေတ်တွင် သက်လုံကောင်းရန် လိုသည်။ မလျှော့သော ဇွဲ၊ လုံ့လ ထက်သန်သော စိတ်ဓာတ် ရှိရန်လိုသည်။

အပြိုင်အဆိုင် များသည့်ခေတ်တွင် လုပ်ဆောင်မှုခြေတစ်လှမ်း နောက်ကျပါက အများ၏နောက် ကျန်နေခဲ့မည် ဖြစ်သည်။ သို့ရာတွင် အဆိုပါနောက်ကျကျန် နေခဲ့ခြင်းကို တစ်ဖန် အားသစ်လောင်းကာ ပြန်လည်ကြိုးစားမည် ဆိုပါက တစ်ချိန်ချိန်တွင် ရှေ့သို့ပြန်လည် ရောက်ရှိနိုင်သည်။ ထိုသို့ မဟုတ်ဘဲ နောက်ကျကျန် နေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်ကာ ကြိုးစားမှုအားလုံး ရပ်ဆိုင်းပစ်မည် ဆိုပါက ရည်ရွယ်ချက် မျှော်လင့်ချက် မဲ့ခြင်းဘ၀သို့ ရောက်သွားမည် ဖြစ်သည်။

Tuesday, October 31, 2017

ဆံနွယ်အလှထိန်းသိမ်းနည်း


ဆံပင်အလှနှင့် ကျန်းမာရေးကျွမ်းကျင်သူများက ပြောသော ဆံနွယ်အလှထိန်းသိမ်းနည်းများ

ဆံပင်ရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက်ဟာ ယောက်ျားလေးတွေရဲ့ အမြင်မှာ ဆွဲဆောင်မှု ရှိနေတတ်တာ သဘာဝပါ။ ကျွန်တော်တို့မှာ အဲဒီလို ဆံပင်ရှည်ရှည်မှ မရှိတာကိုး။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ ဆံပင် ပြဿနာတွေကို ထဲထဲဝင်ဝင်သာ သိရင် အဲဒီဆံပင် ရှည်ရှည်တွေကို ကျွန်တော်တို့ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒီကြားထဲ ထိုင်မရ ၊ ထမရ ၊ သွားမရအောင် ရှည်တဲ့ဆံပင် ပိုင်ရှင်တွေလဲ သူတို့ဆံပင်တွေကို ဘယ်လိုများ ထိန်းသိမ်းကြသလဲ ဆိုတာ တွေးမိသလို ခေါင်းလျှော်တာ ဆိုင်မှာ ပိုကောင်းတယ်ဆိုပြီး ထွက်ထွက်သွားတဲ့ မိန်းကလေးတွေကိုလဲ ယောက်ျားလေးတွေ နားမလည်နိုင်စွာနဲ့ ကြည့်နေတတ်ကြ ပါတယ်။ အဆိုးဆုံးကတော့ ခေါင်းဖြီးပေးပါဦး ၊ ဆီရွှဲနေအောင် လိမ်းပေးပါဦး နဲ့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး အကူအညီတောင်း လာတဲ့အခါ စိတ်ရှုပ်ရတာ ပါပဲ။

Tuesday, October 24, 2017

ဝိတ်ချရန် လေ့ကျင့်ပါ


ဝိတ်ချရန် လေ့ကျင့်ပါ

ဝိတ်ကျဖို့ အလွယ်ဆုံးနည်းက ပိုလျှံနေတဲ့ အဆီ ကယ်လိုရီတွေကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။ ၀ိတ်အမြန်ဆုံး ကျချင်သူတွေ အနေနဲ့ လေ့ကျင့်ခန်း မှတစ်ပါး တခြားမရှိဘူး။ လေ့ကျင့်ခန်းကို စနစ်တကျ လုပ်သင့်တယ်။ ၀ိတ်ချတယ် ဆိုတာ ရေတို လေ့ကျင့်ခန်း မဟုတ်ပါဘူး။ ရေရှည် လုပ်ရမယ့် အလုပ်မျိုး ဖြစ်တာကြောင့် အားအင်ကုန်ခန်း တဲ့အထိ ဆက်တိုက် မလုပ်ပါနဲ့။ ခဏနားပြီးမှ လုပ်သင့်တယ်။ ယေဘုယျ အားဖြင့် တစ်ပတ်ကို တစ်ရက်နားပြီး ခြောက်ရက်လောက်ပဲ လုပ်သင့်တယ်။

ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ လေ့ကျင့်ခန်းတွေကို Cardio Exercise ခေါ်ပါတယ်။ နှလုံးခုန်မြန်စေတဲ့ ဘယ် လေ့ကျင့်ခန်းမဆို နှလုံး လေ့ကျင့်ခန်း ( Cardio Exercise ) ခေါ်ပါတယ်။ တချို့က Aerobic Exercise လို့လဲ ခေါ်တယ်။ လမ်းလျှောက်တာ ၊ ပြေးတာ ၊ စက်ဘီးစီးတာ ၊ ရေကူးတာ ၊ ကြိုးခုန်တာ စတာတွေဟာ နှလုံးလေ့ကျင့်ခန်း တွေဖြစ်ပါတယ်။

Sunday, October 22, 2017

ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး


ကောင်းကျိုးကိုယ်၌တည်ပါစေ (သို့မဟုတ်) လူ့တန်ဖိုး

မြန်မာအဘိဓာန်တွင် တန်ဖိုးဟူသော ဝေါဟာရကို ပစ္စည်းတစ်ခုခုကို ရောင်းဝယ်ရန် သတ်မှတ်ထားသော ငွေ ၊ ကျသင့်သော အခ ဟုလည်းကောင်း ၊ ကျေးဇူးဂုဏ် ၊ အဖိုးတန်မှုဟု လည်းကောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ " မီးတိုင်ငယ်လည်း သူ့အရွယ်နှင့်အစွယ်နှင့် ၊ စံပယ်ဦးလည်း သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် " ဆိုသလို မီးတိုင်ငယ်၏ တန်ဖိုးသည် အလင်းရောင် ၊ စံပယ်ဖူး၏ တန်ဖိုးသည် သင်းပျံ့သောရနံ့ ဖြစ်ကြောင်း ပေါ်လွင်၏။ ပတ်ဝန်းကျင်ရှိ အရာဝတ္ထု ၊ ဒြပ်ရှိ ၊ ဒြပ်မဲ့များ၏ တန်ဖိုးကို တိတိကျကျ သတ်မှတ်၍ ရနိုင်သော်လည်း လူ့တန်ဖိုးကိုမူ အတိအကျ သတ်မှတ်ရန် မလွယ်ကူပေ။ လူအများက တန်ဖိုးရှိသူ ၊ တန်ဖိုးမဲ့သူ ဟူ၍ သတ်မှတ်သုံးနှုန်း နေသည့်တိုင် မည်သည့်အရာဖြင့် တိုင်းတာခြင်း ကိုမူ ဂဃနဏ မသိကြချေ။ မိမိတို့၏ လုပ်ရပ်တစ်ခုကြောင့် တန်ဖိုးရှိသူတစ်ဦး ဖြတ်တတ်သလို တန်ဖိုးမဲ့သူ အဖြစ်သို့လည်း ကျရောက်သွားတတ်သည်။ လူ့ဘ၀တစ်ခုကို ရရှိချိန်တွင် ဘ၀ အနှစ်သာရ ပြည့်ဝစေရေး အတွက်ဆိုလျှင် လူ့တန်ဖိုး ကို နားလည်ပြီး နားလည်ထားသည့် အတိုင်း ကျင့်ကြံအားထုတ် ဆောင်ရွက်ရေးမှာ လူသားအားလုံး အတွက် အခြေခံ လိုအပ်ချက်ပင် ဖြစ်ပေသည်။

Thursday, June 4, 2015

လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...



လူတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်စေဖို့ ...

သင်ဟာ ဆွဲဆောင်မှု ရှိသူလား။ ဒါမှမဟုတ် ဆွဲဆောင်မှု မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါသလား။ သင့်မျက်နှာ၊ ကိုယ်လုံး၊ အရပ်အမောင်း၊ အပိန်အဝ ဘယ်လိုပဲ ဖြစ်ဖြစ် ဆွဲဆောင်မှု ရှိနိုင်တယ် ဆိုတာ သိပါသလား။ သင်လိုက်နာရမှာ အချက် ၁၂ ချက်ပဲ ရှိပါတယ်-

၁။ စိတ်တိုတိုင်း ပြုံးလိုက်ပါ ။ ။ ကျန်တဲ့ အချိန်တွေမှာလဲ ပြုံးပါ။ စကားတစ်ခွန်း ကို စပြောတော့မယ်၊ တစ်ခုခုကို စလုပ် တော့မယ်ဆိုရင် ပြုံးပါ။ အထူးသဖြင့် စိတ်တိုပြီး မျက်မှောင် ကြုတ်တော့မယ့် အချိန်တိုင်းမှာ ရအောင် ပြုံးကြည့် လိုက်စမ်းပါ။ အများအမြင်မှာ သင့်မျက်နှာဟာ ကြည်လင်နေပြီး အလွန် ဆွဲဆောင်မှု ရှိနေပါ လိမ့်မယ်။

၂။ မျက်နှာပေါ်က အမွေးအမှင် တွေကို ထိန်းသိမ်းပါ ။ ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေး တွေရှိရင် မှန်မှန်ရိတ်တာ၊ ကြည့်ကောင်းအောင် ညှိတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ မုတ်ဆိတ် ရှည်ရှည် ထားမယ်ဆိုရင် သန့်ရှင်း သပ်ရပ်ဖို့တော့ လိုလိမ့်မယ်။ အမျိုးသမီး တွေကတော့ မျက်ခုံးကို မှန်မှန် ပုံသွင်းပါ။ ဆံပင်ဆိုတာ ခေါင်းပေါ် ရှိရမှာပါ။ သင့်မျက်နှာ ပေါ်မှာ ဝဲကျဖုံးလွှမ်း နေတဲ့ ဆံပင်ဟာ ဘယ်သူ့ကိုမှ မဆွဲဆောင် နိုင်တဲ့အပြင် စိတ်လဲ ရှုပ်စေပါတယ်။

၃။ ဆံပင်ကို အကောင်းဆုံး အနေအထားမှာ ထားပါ ။ ။ ဆံပင်ဆိုတာ ကိုယ့် သရဖူပါ။ ဂရုစိုက်ပါ။ ကြည့်ကောင်းအောင် နေတတ်တာဟာ ဆွဲဆောင်နိုင်မှု ရဲ့ပထမ အဆင့်ပါ။ ဆံပင်ကို ရှည်လို့ညှပ် ရတာ မဟုတ်ပါဘူး။ ဆံပင် ကျန်းမာရေး အတွက် ညှပ်ရတာပါ။ မှန်မှန်ညှပ်ပေးတဲ့ ဆံပင်တွေက ကျန်းမာရေး ပိုကောင်း ပါတယ်။

၎။ ကိုယ်နဲ့တော်တဲ့၊ သင့်တော်တဲ့ အဝတ်အစား တွေကို ဝတ်ပါ ။ ။ သင့်တော် သပ်ရပ်လှပစွာ ဝတ်စား တတ်သူကို လူတွေ သဘောကျ ပါတယ်။ ဒီတော့ ကိုယ်ဘာဝတ်တယ် ဆိုတာ သတိထားပါ။ ကိုယ့်ခန္ဓာကိုယ် အချိုး အစားကို အကောင်းဆုံး ပုံဖော်ပြသ နိုင်မယ့် အဝတ်အစား မျိုးကို ဝယ်ပါ။ ကြီးလွန်းတယ်၊ ကျပ်လွန်းတယ် ဆိုရင် ကြည့်လို့ မကောင်းနိုင် ပါဘူး။

၅။ မျက်လုံး အကြည့်ဟာ မှန်လဲမှန် ကောင်းလဲကောင်း ရပါမယ် ။ ။ တစ်ကိုယ်ရေတည်း နေရတဲ့ အချိန်ဖြစ်စေ၊ လူတွေနဲ့ စကားပြောဆို ဆွေးနွေးနေတဲ့ အချိန်ဖြစ်စေ မျက်လုံး အကြည့်ဟာ မှန်ကန် ကောင်းမွန် ရပါမယ်။ သင့်မျက်လုံး အကြည့်နဲ့ လူတွေကို ပျော်သွားအောင်၊ အရေးပါသူ တစ်ယောက်လို့ ခံစားရအောင် လုပ်ပေးပါ။

၆။ လမ်းလျှောက်တဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ ။ ။ ခန္ဓာကိုယ်ကို တင်းတောင့် မထားပါနဲ့။ မျက်လုံးကို ကျီးကန်း တောင်းမှောက် မကြည့်ပါနဲ့။ မေးစေ့ကို ပင့်ထားပါ။ အကောင်းဆုံး ကတော့ ကိုယ့်ကို အပေါ်ကနေ မိုးပျံပူဖောင်း တွေက ဆွဲတင် နေတယ်လို့  ယူဆလိုက်ပါ။ သင် ကြွကြွရွရွ လျှောက်တတ် လာပါလိမ့်မယ်။ ဆွဲဆောင်မှု ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှုနဲ့ တိုက်ရိုက် အချိုးကျ ပါတယ်။

၇။ အနံ့အသက် ကောင်းမွန်ပါစေ ။ ။ အမျိုးသား တစ်ဦးအတွက် ဆွဲဆောင်မှု အရှိဆုံးက အမျိုးသမီး တစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ဖြစ်သလို အမျိုးသမီး တစ်ယောက် အတွက်လဲ အမျိုးသား တစ်ယောက်ရဲ့ ကိုယ်သင်းနံ့က အလွန် ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ကိုယ်သင်းနံ့ ကနေ ခန္ဓာကိုယ် အနံ့ ဖြစ်သွားမယ် ဆိုရင်တော့ နှာခေါင်းရှုံ့စရာ ဖြစ်လာ နိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ် အနံ့အသက် ကောင်းမွန်အောင် အမြဲ ဂရုစိုက်ပါ။အမွှေးနံ့သာ အလွန်အကျွံ အသုံးပြုခြင်း ကလဲ အနံ့နံခြင်းနဲ့ ညီမျှတယ် ဆိုတာ သတိပြုပါ။

၈။ အေးဆေးလေး နေတတ်ပါ ။ ။ သင်တစ်ယောက် တည်း ပူစပ် ပူလောင် ဖြစ်နေမယ် ဆိုရင် အလွန် အရုပ်ဆိုး ပါတယ်။ ပျာယာခတ်၊ ပူလောင်၊ ဆဲဆို နေမယ်ဆိုရင် ပိုလို့တောင် အရုပ်ဆိုး သွားမှာပါ။ စကားပြော မလောပါနဲ့။ အထိုင် ၊ အထ ၊ အသွား မလောပါနဲ့။ စကားကို လွတ်လပ် ပွင့်လင်းစွာ ပြောပါ။ လူတွေနဲ့ အဆင်ပြေ လွယ်ကူစွာ ဆက်ဆံပါ။ ကိုယ့်ကို ကိုးလို့ကန့်လန့် လာလုပ်တယ် ဆိုရင်ပြုံးပြီး ကျောခိုင်း လိုက်ပါ။ စကားပြိုင် မပြောပါနဲ့။

၉။ ကိုယ်တိုင်လဲ ရယ်ပါ ။ ။ လူတွေကိုလဲ ရယ်မောအောင် လုပ်ပါ။ ရယ်မောခြင်းသည် ဆေးကောင်း တစ်ခွက်လို့ ဆိုကြတဲ့ အတိုင်း အားပါးတရ ရယ်မောလိုက်ရတဲ့အခါ သင်ကိုယ်တိုင်လဲ စိတ်နှလုံး နူးညံ့ပျော့ပျောင်း သွားမှာဖြစ်ပြီး လူတွေကို ရယ်မော စေနိုင်တဲ့ သင်ဟာ သူတို့ရဲ့ စိတ်ခံစားချက် တွေကိုလဲ ထိန်းချုပ် နိုင်လာမှာ ဖြစ်ပါတယ်။

၁ဝ။ ကိုယ်နှုတ် အမူအရာ အရေးကြီး ပါတယ် ။ ။ တချို့လူတွေက မဲ့ပြတတ်ကြ ပါတယ်။ တချို့က ခြေထောက် ရမ်းနေတတ် ပါတယ်။ အချို့က မျက်လုံးကြီး ပြူးပြတတ် ပါတယ်။ တကယ်တော့ သင့်ကိုယ်နှုတ် အမူအရာ ဟာ အလွန်အရေး ကြီးပါတယ်။ သင်က အလုပ်ရှုပ်ပြီး စိတ်တို နေဟန် ပြရင် လူတွေက သင့်ကို ချဉ်းကပ်တော့မှာ မဟုတ်ပါဘူး။ သင်က ပျော်ရွှင် အေးဆေး နေဟန်ပြမယ် ဆိုရင် လူတွေကလဲ ချဉ်းကပ်ကြ ပါလိမ့်မယ်။

၁၁။ မေးခွန်းတွေမေးပါ ။ ။ တချို့က စကားမပြောလို့ ဆွဲဆောင်မှု မရှိဘူး။ အချို့က စကား ပြောလွန်းလို့ ဆွဲဆောင်မှု မရှိဘူး။ စကားပြောတာ ၊ မေးခွန်းမေးတာ၊ သူတို့ကို ပြန်နားထောင်တာ အားလုံးကို မျှတအောင်
လုပ်တတ်ပါ။ လူတွေ ပျော်ရွှင်စွာ ဖြေချင်ကြတဲ့ မေးခွန်းတွေကို လှလှပပ မေးတတ်အောင် လေ့ကျင့်ထားပါ။

၁၂။ တောက်ပတဲ့ အရောင်တွေကို ရွေးချယ်ပါ ။ ။ သင့် အသားအရေနဲ့ လိုက်ဖက်ညီတဲ့ အရောင် တောက်တောက် ၊ အားပါပါ လေးတွေကို ရွေးချယ် ဝတ်ဆင်ပါ။ သင့်ကိုကြည့်လို့ ပိုကောင်း နေနိုင်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှု အားလဲ အတော် ကောင်းတယ်လို့ မှတ်ချက်ချကြ ပါလိမ့်မယ်။

ဒီအခြေခံ အချက်လေးေ တွကို သတိထား လိုက်မယ်ဆိုရင် သင်ဟာ ဝဝ ၊ ပုပု ၊ မည်းမည်း ၊ ဖြူဖြူ ဆွဲဆောင်မှု ရှိနေပါလိမ့်မယ် ဆိုတာကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။

Tuesday, September 23, 2014

လှပလိုသူတို့ သတိပြုစေချင်




လှပလိုသူတို့ သတိပြုစေချင်

ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့် အမျှ ယနေ့ခေတ် လူငယ်များသည် လှပမှု မျိုးစုံတို့ကို မက်မော လာခဲ့သည်။ လူငယ်တို့ သဘာဝအလျှောက် လှပလို ခြင်းသည် ဓမ္မာတာပင် ဖြစ်သော်လည်း လိုသည်ထက် ကျော်လွန်ပြီး လှပအောင် ဖန်တီးယူမှု များသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကောင်းထက် အဆိုးများ ဖြစ်လာနိုင်သည် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

တချို့ လူငယ် အမျိုးသား ၊ အမျိုးသမီးငယ် များသည် ဆံပင်၏ ပြုပြင်မှုများ ဖြစ်သော အဖြောင့်ကို ကောက်သည်။ အကောက်ကို ဖြောင့်သည်။ မူလ ဆံပင် အနက်ရောင် ကို အနီ ၊ အ၀ါ ၊ ကြောင် တောင်တောင် အရောင်များ ဆိုးသည်။ ထိုကဲ့သို့ ပြုပြင် သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ဆံပင် ဆိုးဆေးတွင် ပါဝင်သော ဓာတုပစ္စည်း များကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင် ဦးရေများ ပျက်စီးခြင်း ၊ ဆံပင်ဆဲလ်များ ပျက်စီးခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး သုတေသီ များက သတိပေး ထားသည်ကို သိရသည်။

ထို့အတူ အသားအရေ လှပမှု အတွက် မိတ်ကပ် အမျိုးမျိုး ၊ နှုတ်ခမ်းနီ အမျိုးမျိုး ၊ အလှဆီ အမျိုးမျိုး ၊ ကာနေရှင်း အမျိုးမျိုး စသည်တို့ကို လိမ်းကြ ၊ ဆိုးကြ ၊ ခြယ်သကြ သည်။ အဆိုပါ အလှကုန် ပစ္စည်း များတွင်လည်း ဓာတု ပစ္စည်းများ ပါဝင် သောကြောင့် လူတို့၏ အရေပြား များကို ထိခိုက် ပျက်စီးစေသည်။ တချို့သော မိန်းကလေး များမှာ မိတ်ကပ်တွင် ပါဝင်သော ဓာတုပစ္စည်း များနှင့် ဓာတ်မတည့် သဖြင့် မျက်နှာ အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်း ၊ နီမြန်းသော အကွက်များ ဖြစ်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။ ဒါကြောင့် လှပမှုထက် အရုပ်ဆိုး အကျည်းတန်မှု ကို ဖြစ်စေ နိုင်သည်။

ကနေ့ ဈေးကွက်တွင် ရောင်းချနေသော အလှကန် ပစ္စည်းများတွင် အစစ်အမှန်များ ရှိသော်လည်း အတုအပများလည်း များစွာ ရှိသည်။ အစစ်အမှန် ကို သုံးစွဲပါက အရေပြား ထိခိုက် ပျက်စီးမှု မရှိဟု ဆိုနိုင်သော်လည်း အတုအပ များကြောင့် အရေးပြားများ ထိခိုက် ပျက်စီးပြီး အရုပ်ဆိုး အကျည်းတန် မှုကို ဖြစ်စေမှာ အသေအချာ ပင် ဖြစ်သည်။

အရေပြား လှပ စေဖို့အတွက် လူ့ခန္ဓာကိုယ် မွှေးညှင်းပေါက် များမှ ချွေးထွက် ၊ ချွေးစို့ နေရန် လိုသည်။ ချွေးထွက်စေရန် အတွက် နေ့စဉ် ရေများများ သောက်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေး ရမည်။ မိမိ၏ မျက်နှာတွင် လိမ်းခြယ် ထားသော မိတ်ကပ် များကို အိပ်ရာ မ၀င်ခင် ဆပ်ပြာဖြင့် စင်ကြယ်အောင် မျက်နှာသစ် ပေးရမည်။ မျက်နှာတွင် မိတ်ကပ်များဖြင့် အိပ်ခြင်းသည် မျက်နှာရှိ မွှေးညှင်းပေါက်များ ပိတ်၍ မျက်နှာ၏ လှပမှုကို ပျက်စီး စေသည့် တင်းတိပ် ၊ ၀က်ခြံ နှင့် မှဲ့ခြောက် စသည်တို့ကို ဖြစ်ပေါ် စေသည်။

ဒါကြောင့် ကနေ့ခေတ် လူငယ် အမျိုးသား ၊ အမျိုးသမီး ငယ်လေးများ အလှအပ ကို အကောင်းဆုံး ဖြစ်အောင် ခြယ်မှုန်း ကြရာတွင် ကျန်းမာရေး နှင့် လိုက်လျော ညီထွေစွာ ပြုပြင်တတ် စေရန် နှင့် ဘေးထွက် ဆိုးကျိုးများ မကြုံရအောင် သတိပြု ဆောင်ရွက်ကြရန် အကြံပြု ရေးသား လိုက်ရ ပါသည်။

Tuesday, September 16, 2014

ကော်ဖီ ဒဿန


ကော်ဖီ ဒဿန

မိုးနှင်းဝေ

ဘဝမှာ အကြိုက်ဆုံး တစ်ခုကို ဖော်ပြပါ ဆိုလျှင် ''ကော်ဖီတစ်ခွက်'' ဟု ကျွန်မ ဖြေမိ ပါလိမ့်မည်။ ဟုတ်ပါသည်။ ကျွန်မ ကော်ဖီကို သိပ်ကြိုက် ပါသည်။ ဖြစ်နိုင်လျှင် နံနက်ကော်ဖီ၊ နေ့လယ်ကော်ဖီ၊ ညကော်ဖီ ကော်ဖီချည်း ကိုသာ အချိန်တိုင်း သောက်ချင် ပါသည်။ သို့ရာတွင် ''တန်ဆေး လွန်ဘေး'' ဟူသော သတိချပ် ရမည် ဖြစ်သဖြင့် မည်မျှပင် ကြိုက်သည် ဖြစ်စေ..... ကျွန်မ အနေနှင့် နံနက်တစ်ကြိမ် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်သာ ဘရိတ်ထား၍ သောက်ပါသည်။ တစ်ခါတလေ အခွင့်ကြုံ အလျဉ်းသင့် သလို စိတ်အလို လိုက်၍ သောက်မိ ပါကလည်း အများဆုံး သုံးကြိမ်လောက် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် အကြိုက်ဆုံး ဖြစ်သော ကော်ဖီကြောင့် လည်း ဥပါဒ် မဖြစ်နိုင်ချေ။

ကျွန်မ ငယ်ငယ် ကတည်းက ကော်ဖီကို ကြိုက်ခဲ့ ပါသည်။ ငယ်စဉ်က မေမေ ဖျော်ပေးသော ကော်ဖီကို ကျွန်မ တရှိုက်မက်မက် သောက်ခဲ့သည်။ ထို့ပြင် ဖေဖေ (သို့မဟုတ်) အိမ်မှ မိသားစု ဘယ်သူ ဖျော်သည့် ဘယ်လို ကော်ဖီ ဖြစ်ပါစေ၊ သူများအိမ်တွင် ဧည့်သည် လုပ်ရသည့်အခါ ... ထိုအိမ်ရှင်မှ ဧည့်ခံသော မည်သည့် ကော်ဖီ အမျိုးအစား ဖြစ်ပါစေ၊ အပြင်ဆိုင်တွင် မှာယူ သောက်သုံး ရသော ကောင်းမည်၊ မကောင်းမည် မှန်းဆ မရသည့် ဘယ်လို ကော်ဖီမျိုးပင် ဖြစ်ပါစေ.. ကျွန်မကတော့ ကော်ဖီဆိုလျှင် ကြည်နူး ရင်ခုန်စွာပင် နှစ်ခြိုက်တတ် ပါသည်။ ကိုယ်ပိုင် လုပ်ကိုင် တတ်သည့် အရွယ်ရောက် လာတော့လည်း ကျွန်မ ပထမဆုံး စိတ်ပါ ဝင်စားစွာ လုပ်ခဲ့သည့် အရာမှာ ကော်ဖီဖျော်ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ကျွန်မ ကော်ဖီများကို ဒဿန ဖွင့်ပါ တော့သည်။

ကျွန်မ မေမေ၏ လက်ရာ ကော်ဖီကတော့ အဘယ်သို့မှ ပြုပြင်စရာ မလိုအောင် အရသာ ရှိလှပါသည်။ မေမေ့ထက် ပို၍ တော်သော ဖျော်ဆရာ ကတော့ ကျွန်မ၏ ဖေဖေ ဖြစ်ပါသည်။ ဖေဖေက အကောင်း ကြိုက်သူပီပီ နက်စ်ကော်ဖီ ကိုပင် အရသာ ရှိရှိ ဖျော်တိုက်လေ့ ရှိသည်။ ဖေဖေ့ လက်ဆက မေမေ့ထက် သာသည်ဟု ကျွန်မ ထင်သည်။ သို့သော် မေမေက အမြဲ ဖျော်တိုက်သူ ဖြစ်၍ ဖေဖေက ရံဖန်ရံခါမှသာ ဖျော်တိုက်ခြင်း ဖြစ်သောကြောင့် ဖေဖေနှင့် မေမေ နှစ်ဦးလုံး၏ လက်ရာ ကော်ဖီကို ကျွန်မ ဘဝတွင် တန်ဖိုးထား ခဲ့ပါသည်။ ဘဝ၏ ထုံးတမ်းစဉ်လာ များအရ ကျွန်မ တန်ဖိုးထားသော ဖေဖေနှင့် မေမေ၏ ကော်ဖီများကို ကျွန်မ သက်ဆုံးတိုင် ထာဝရ သောက်ခွင့် ရချင် ပါသော်လည်း စောစီးစွာပင် ကျွန်မနှင့် ခွဲခွာသွားကြ ရသော ကျွန်မ မိဘနှစ်ပါး၏ ကော်ဖီ တို့သည် ကျွန်မ ၁၆ နှစ်အရွယ် အထိသာ သောက်ခွင့် ကြုံခဲ့သည်။ ဤတွင် ကျွန်မဘဝ၌ ''မတည်မြဲခြင်း'' ဟူသည့် ကော်ဖီမှ ပေးသော ဒဿန ကို သိရှိခံစားခဲ့ ရသည်။

ဆက်လက်၍ ကျွန်မ ဖွင့်ခဲ့သော ကော်ဖီ ဒဿနမှ ''ကိုယ်တိုင် ကိုယ်ကျ ဖျော်စပ်သော ကော်ဖီသည် အရသာ ရှိစွာ သုံးဆောင်ခွင့် ရရမည် '' ဟု ကျွန်မ ယုံကြည်သည်။ ထို့ကြောင့်ပင် ကော်ဖီဖျော် လေတိုင်း စိတ်အား
ထက်သန်စွာ၊ ပျော်ရွှင် ကြည်နူးစွာ ကျွန်မ ဖျော်လေ့ ရှိသည်။ သူများ ဖျော်ပေးသော ကော်ဖီသည် ပေါ့နေသည် ဖြစ်စေ (သို့မဟုတ်) ခါးလွန်း နေသည်ဖြစ်စေ၊ ကျဲနေသည် ဖြစ်စေ... ကျွန်မ စိတ်မဆိုးပါ။ ထိုသို့သော ကော်ဖီများကို ကျွန်မ ဘယ်လို ပြုပြင်ရင် ကောင်းမလဲ ဟုသာ အမြဲ စဉ်းစားပြီး အရသာ ရှိသော ကော်ဖီတစ်ခွက် ဖြစ်လေအောင် ကျွန်မ ပြုပြင် စွမ်းဆောင်လေ့ ရှိသည်။ ထို့ကြောင့် ကျွန်မ သောက်သော ကော်ဖီ များသည် အမြဲ အရသာရှိရှိ သောက်ခွင့် ရတတ်သည်။

ထိုမျှ ကော်ဖီ ကြိုက်သော ကျွန်မသည် ကော်ဖီ၏ လွှမ်းမိုးခြင်းကို ခံစား နေသည်ဟုပင် ထင်ရသည်။ ဘယ်အရာကိုပဲ လုပ်လုပ် ကော်ဖီတစ်ခွက် ကို ထည့်သွင်း စဉ်းစား နေတတ် သကဲ့သို့ပင်။ သို့သော် ကျွန်မ ကျေနပ်မိသည်။ ကျွန်မ ကြိုက်သော ကော်ဖီကပင် ကျွန်မကို သတိပေး သွန်သင်မှုများ ရှိကြသည်။ အဘယ်ကြောင့် ဆိုသော် ရှုပ်ထွေးပွေလီ လှသော လူ့ဘဝမှာ... လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ပင်... လူအမျိုးမျိုး တို့နှင့် ဆက်ဆံကြ ရာတွင် အဖုအထစ်များ၊ မညီညာမှုများ၊ မပြေလည်မှုများ၊ မကျေလည်မှုများ... များစွာ ကြုံရ တတ်သည်။ ထိုသို့သော အခါမျိုးတွင် လူပီပီ မခံချင်စိတ်များ၊ တွန်းလှန် လိုမှုများ၊ မနှစ်ခြိုက်မှုများ နှင့် ပြန်လည် တုံ့ပြန်ချင်သည့် အခါ၊ အလိုဆန္ဒ မပြည့်မှုများ၊ ဒေါသ၊ မောဟ များ ဆူဝေ လာသည့်အခါ... ဘဝသည်... အရသာ မရှိသော ကော်ဖီ တစ်ခွက်ကို ရရှိ နေသကဲ့သို့ပင်။ သို့သော်လည်း ကော်ဖီ တစ်ခွက်ကို ပြုပြင်ပါမှ အရသာ ရှိမည်ကို ကျွန်မသိ သကဲ့သို့...ဘဝကိုလည်း အတတ်နိုင်ဆုံး အကောင်းမွန်ဆုံး ဖြစ်အောင် ကျွန်မ ကြိုးစား ပြင်ဆင် ကြည့်လိုက် ပါသည်။ စိတ်ရှည် သည်းခံမှုများ၊ နှိမ့်ချ ကျိုးနွံမှုများ နှင့် ညှိနှိုင်း ဖျော်စပ် လိုက်သော အခါတွင် ဘဝသည် အရသာ ရှိသော ကော်ဖီတစ်ခွက် ပမာ ထင်လိုက် ရသည်။ ပုထုဇဉ် လူသားတစ်ဦး ပီပီ အတ္တ၊ လောဘ နှင့် မာန ဟူသည့် အရာများသည် တစ်ခါတစ်ရံ တွင် အချိုကဲ၍ အခါးပို သွားသော ကော်ဖီတစ်ခွက် ပမာ ဖြစ်တတ် ပါသေးသည်။ ထိုအခါတွင် အရသာ ဆိုးသော ကော်ဖီပမာ ကျွန်မ ခံစားရသည်။ ထို ကော်ဖီတစ်ခွက် ကို ပြင်ဆင်၍ သောက်သုံး သကဲ့သို့ ကျွန်မ၏ အတ္တ၊ လောဘ၊ မာန တို့ကို ''သတိ'' ဟူသော ရေနွေးပူပူဖြင့် အခါခါ ရောစပ်သမ ခဲ့ရပါသည်။ ထိုအခါ ဘဝသည် သတိတရားဖြင့် ငြိမ်းအေးကာ အရသာ ပြည့်စုံသော ကော်ဖီတစ်ခွက် ဖြစ်ခဲ့ရသည်။

ခွဲခွာမှုများနှင့် ကြုံဆုံရတိုင်း၊ အလိုဆန္ဒ များကို လက်လွှတ်လိုက် ရတိုင်း ပင်ပန်း ဆင်းရဲသည့် ခံစားမှု တစ်ခုသည် အလွန် အရသာဆိုးသော ကော်ဖီ တစ်ခွက်ပင်။ သို့သော်... လိုအပ်သော ပြင်ဆင်မှု များဖြင့် ဖျော်စပ်ထားသော ကော်ဖီသည် ပြီးပြည့်စုံသည့် အရသာရှိ သကဲ့သို့ပင်... ဘဝခရီး နေဝင်ချိန် အတွက် လိုအပ်သော ပြင်ဆင် ထုပ်ပိုးမှု များဖြင့် သံသရာကို ထည့်သွင်း စဉ်းစား ခြင်းသည် ရှင်သန် နေဆဲတွင် အလှပဆုံး၊ အရသာ အရှိဆုံး ကော်ဖီ တစ်ခွက်နှင့် ပမာ တူညီလိမ့်မည် ဟု ကျွန်မ ကြိုက်သော ကော်ဖီနှင့် ဘဝဒဿန များကို တူယှဉ် စဉ်းစား နေမိ ပါတော့သည်။

http://myawady-myawady.blogspot.com/2014/09/blog-post_97.html

------

ကျွန်တော်လည်း ကော်ဖီနှစ်သက်သူ ဖြစ်တယ်။

ဒါပေမယ့် ယခု စာရေးသူလိုတော့ အစပ် အဟပ် မတည့်တဲ့ ကော်ဖီ တစ်ခွက်ရဲ့ အရသာကို အကောင်းဆုံး ကော်ဖီတစ်ခွက် ဖြစ်အောင် ပြုပြင်တဲ့ နေရာက ရလာတဲ့ အတွေ့အကြုံကို နိစ္စဓူဝ ကြုံတွေ့ ရင်ဆိုင်ရမယ့် ဘ၀ သင်ခန်းစာ နဲ့ နှိုင်းယှဉ် ချင့်ချိန် နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဘာလို့လဲ ဆိုတော့ ကော်ဖီကို ကျွန်တော်ကိုယ်တိုင် ဖျော်သောက်တာထက် သူများ ဖျော်ပြီးသား ကိုပဲ သောက်လေ့ ရှိလို့ပါ။

ဒါပေမယ့် ဒီပို့စ်လေးက ၀ါသနာ ကနေ ရလာတဲ့ အမြတ်ကို ကိုယ့်ဘ၀ အတွက် အကျိုးရှိအောင် အသုံးချနိုင်တယ် ဆိုတဲ့ အတွေးသစ်ကို ရရှိစေပါတယ်။

welcome

Saturday, June 1, 2013

စိတ်ဖိစီးမှုကို ဘယ်လို စီမံကွပ်ကဲမလဲ ...?

" စိတ်ဖိစီးလိုက်တာ " ၊ " Stress " ဟူသော စကားလုံး တို့မှာ အလုပ်ခွင် နှင့် နေ့စဉ်ဘ၀ တွင် ကြားဖူး နေကျ စကားလုံးများ ဖြစ်နေခြင်း မှာ ယနေ့အခါ တွင် မဆန်းကြယ် တော့ပါ။ Stress သို့မဟုတ် စိတ်ဖိစီးမှု ကို သင်နှင့်အတူ ဆုပ်ကိုမလား ၊ လွှတ်ဖယ် မလား ဆိုသည်မှာ သင်၏ အနာဂတ် နှင့်သာ သက်ဆိုင် ပေလိမ့်မည်။ ထို့ကြောင့် စိတ်ဖိစီးမှု ကို စွန့်ပယ်ချင်သူ ၊ ဆုပ်ကိုင် ထားချင်သူများ အတွက် Stress ကို စီမံ ကွပ်ကဲ နည်းလေးများကို မျှဝေ ပေးလိုက် ပါတယ် ...



(၁) စိတ်ဖိစီးမှု ဖြစ်ရသော အကြောင်းအရင်း ကိုရှာပါ

မိမိ လှောင်ပိတ်မိ နေသော စိတ်ဖိစီးမှု ၏ အကြောင်းအရင်း ခံကို ရှာပေးပါ။ တစ်စုံ တစ်ယောက်ကြောင့် ဒေါသ ထွက်ရပါသလား ၊ မိမိကိုယ် မိမိ ဒေါသ ထွက်ရသလား စသဖြင့် မိမိ ဘာကြောင့် ဤကဲ့သို့ ခံစား နေရသော အကြောင်းအရင်း ကို ဖော်ထုတ်ပါ။ Stress ဖြစ်ရသော အကြောင်းအရင်း ပေါ်ပေါက် လာပါလျှင် အဆိုပါ ကိစ္စမှာ အမှန်တကယ် Stress ဖြစ်သင့်သော ကိစ္စ ဟုတ် မဟုတ် ပြန်လည် ဝေဖန် ဆန်းစစ်ပါ။ Stress ဖြစ်လောက်ဖွယ် ကိစ္စ ဟုတ်လျှင် လောလောဆယ် မဆုံးဖြတ် ပါနှင့် ဦးနှောက် အေးသွားမှ သေချာ ပြန်စဉ်းစား ဆုံးဖြတ်ပါ။ Stress ဖြစ်လောက်ဖွယ် ကိစ္စမဟုတ် လျှင် သီချင်း နားထောင်ခြင်း ၊ လုပ်ဖော် ကိုင်ဖက် များနှင် စကားပြောခြင်း စသဖြင့် စိတ်ထွက်ပေါက် တစ်ခုခု ပေးပြီး ဖြေလျှော့ ပစ်လိုက်ပါ။ ဥပေက္ခာ ပြုပါ။

(၂) Stress ဖြစ်နေသောအချိန် ဘာလုပ်မလဲ

ခေါင်းများပင် ကိုက်အောင် Stress ဖြစ်နေပြီ ဆိုလျှင် ပထမဆုံး လုပ်သင့်သည်မှာ လူများနှင့် ဝေးရာ ၊ ဆူညံသံများ နှင့်ဝေးရာသို့ သွား၍ အေးချမ်းစွာ နေပစ်လိုက်ဖို့ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဖြေလျှော့ နိုင်သော ထိုင်ခုံ သို့မဟုတ် ခုတင် တစ်လုံးတွင် လှဲ၍ တစ်ကိုယ်လုံး ရှိ အကြောများကို နဖူးကြော မှ ခြေမကြော အထိ တင်းထားသမျှ အကုန်လျှော့ ပစ်လိုက်ပါ။ ထိုသို့ အကြော လျှော့ရာတွင် မျက်ခုံး ၊ မျက်လုံး ၊ နှုတ်ခမ်း ၊ မေး စသဖြင့် အသေးစိတ် တစ်ခုချင်း လိုက်လျှော့ ပေးဖို့ လိုပါတယ်။ တစ်ကိုယ်လုံး အကြောတွေ လျှော့ပြီး အေးချမ်း သွားပြီ ဆိုမှ စိတ်ကို ပြင်ဆင်ပါ။ အတိတ်ကို ဥပေက္ခာ ပြု၍ လက်ရှိ အချိန်ကို အခြေတည် စဉ်းစားတတ်သော အကျင့်ကို ပျိုးထောင် သင့်ပါတယ်။ ခန္ဓာကိုယ် သာမက စိတ်ကိုပါ ဖြေလျှော့ စေပြီးပြီ ဆိုရင်တော့ အလုပ် ဆက်လုပ် နိုင်ပါပြီ။

(၃) ကျန်းမာရေး မထိခိုက်အောင် Stress ကို ဘယ်လို ကွပ်ကဲမလဲ

Stress ဖြစ်နေတဲ့ အချိန်မှာ ပြဿနာကို လက်ငင်းရှင်းဖို့ မကြိုးစားဘဲ စားစရာ ရှိက စား ၊ အိပ်စရာ ရှိက အိပ်စက်ခြင်း ဖြင့် စိတ်ထွက်ပေါက် ပေး ပေးပါ။ အိပ်ရေး မ၀လျှင် Stress ဖြစ်စေသော ဟော်မုန်း ပိုမို ထွက်ရှိ တာကြောင့် အိပ်ရေး ၀အောင် အိပ်စက် ထားသူဟာ Stress ဒဏ်ကို ပိုမို ခံနိုင်ရည် ရှိတာ တွေ့ရကြောင်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင် များက ထုတ်ပြန် ထားပါတယ်။

(၄) ကိုယ်လက် လှုပ်ရှားလုပ်ပါ

နာရီဝတ်ခန့် လမ်းလျှောက် ပေးခြင်း ၊ ယောဂထိုင်ခြင်း များကလည်း Stress ကို သက်သာ စေကြောင်းပါ။ ဒါကြောင့် Stress ဖြစ်ချိန်မှာ ခေတ္တ လမ်းလျှောက် ထွက်ခြင်း မျိုးလည်း သင့်လျော် ပါတယ်။

(၅) ဆန့်ကျင်ဘက် တွေးပါ

တစ်ခုခုကို စိတ်ပူပန် နေပါသလား။ ဥပေက္ခာ ပြုနိုင်သော စိတ်နှလုံးမျိုး မွေးရမှာပါ။ တစ်စုံ တစ်ယောက်ကို ဒေါသ ဖြစ်နေပါ သလား။ ကိုယ်ချင်းစာ တတ်သော စိတ်နှလုံး မျိုး မွေးရမှာပါ။ ပူလောင်ရတဲ့ ခံစားချက် များကို တရား သဘောဖြင့် ရှင်းထုတ် နိုင်အောင် ကြိုးစား သင့်ပါတယ်။


Tuesday, May 14, 2013

သက်ကြီးပိုင်း ရောက်သည်ထိ ဦးနှောက်စွမ်းအား ထက်မြက်နေအောင် ဘယ်လို စားသောက်မလဲ !!

ဘယ်ရီသီး စားခြင်းသည် ဦးနှောက်စွမ်းအား ကို ပိုကောင်းစေ

ဘယ်ရီသီးများ စားခြင်းဟာ အသက်ကြီး လာလို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းခြင်းကို ကာကွယ် ပေးနိုင်ရုံ သာမက ဆက်လက် အစွမ်းထက် နေအောင်ပါ ကူညီပေး နိုင်တယ်လို့ သုတေသီ များရဲ့ တွေ့ရှိချက် တွေက ဖွင့်ဆို ထားပါသည်။








ကော်ဖီလည်း ပုံမှန်သောက်ပါ

အထူးသဖြင့် ကော်ဖီသည် သက်ကြီးပိုင်းများ ဦးနှောက် စွမ်းဆောင်ရည် ထက်မြက် နေအောင် ကူညီ ပေးနိုင်သည်။ စဉ်းစား ဆင်ခြင်မှု ကောင်းအောင် ကူညီပေး နိုင်သည်။ ဦးနှောက် အတွင်း ၀င်လာသော အချက်အလက် များကို တုံ့ပြန်မှု ကောင်းအောင် ကူညီ ပေးနိုင်သည်။ တစ်သက်လုံး ကော်ဖီ သောက်လာ သူများ အတွက် သတင်းကောင်း ရှိပါသေးသည်။ ကော်ဖီကို နှစ်ကြာရှည် သောက်လာသူများ သည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွား နိုင်ခြေ ကိုလည်း နည်းသွား စေကြောင်း သုတေသီများက ထောက်ပြ ခဲ့ကြသည်။







မှတ်ဥာဏ် မကောင်းဘူးလား ၊ ငါးကိုစား

ဦးနှောက်စွမ်းရည် ထက်မြက် လိုသူများ ငါးအမျိုးမျိုး ကို စားသုံးသင့်သည်။ မှတ်ဥာဏ် ကောင်းလို သူများ ငါးအမျိုးမျိုး စားသုံး သင့်သည်။ ငါးများတွင် ပါဝင်သော အိုမီဂါ ၃ အက်ဆစ်ဓာတ် သည် မှတ်ဥာဏ် ကောင်းအောင် ထိန်းသိမ်း ရာတွင် အရေးပါသော ဓာတ်ပစ္စည်း ဖြစ်သည်။











မနက်စာ ပုံမှန် စားခြင်းသည်လည်း မှတ်ဥာဏ် ကောင်းစေသော အလေ့အထဖြစ်

ကနေဒါနိုင်ငံ ၊ တိုရွန်တို မြို့တွင် ပြုလုပ် ထားသော လေ့လာ သုတေသန အရ အသက် ၆၁ နှစ်မှ ၇၉ နှစ်အကြား သက်ကြီးပိုင်း များထဲတွင် မနက်စာ ပုံမှန် စားသူများ သည် သက်ကြီးပိုင်း ရောက်သည့် အထိ ဦးနှောက်စွမ်းရည် မကျဆင်းအောင် ထိန်းသိမ်း နိုင်ဆုံး ဖြစ်ကြောင်း တွေ့ရှိ ရသည်။ သက်ကြီးပိုင်း များတွင် သာမက ကလေးငယ် များမှာပင် မနက်စာ ပုံမှန် စားသုံးသူ များသည် စာမေးပွဲ ရလဒ်များ ပိုမို ကောင်းမွန် ကြသည်ကို လေ့လာ တွေ့ရှိရသည်။





ယမကာ တစ်မျိုးမျိုးကို ဆေးဖြစ် ၀ါးဖြစ် မှီဝဲသူများ သက်ကြီးပိုင်း ရောက်သည်အထိ ဦးနှောက်စွမ်းရည် ကောင်းမွန်

အသက် ၆၀ အထက် လူကြီးပိုင်း များကို လေ့လာသည့် အခါ တစ်ပတ်ကို ဘီယာ ( သို့မဟုတ် ) ယမကာ တစ်မျိုးမျိုး ကို ၄ - ၅ ကြိမ်ခန့် ဆေးဖြစ် ၀ါးဖြစ် မှီဝဲသူများ သည် လုံးဝ မသောက်သုံး သူများထက် ဦးနှောက် စွမ်းရည် ကျဆင်းနိုင်ခြေ ၅၄ ရာခိုင်နှုန်း ခန့်ထိ ပိုနည်းကြောင်း တွေ့ထားရသည်။ တန်ဆေး လွန်ဘေး ဆိုသော စကားရပ်ကို ဖြင့် သတိထားရမည်။ တစ်ပတ်ကို ၁၄ ခွက် နှင့် အထက် သောက်သုံးသူ လူကြီးပိုင်း များမူကား အသက်ကြီး သည့်အခါ ဦးနှောက် ယိုယွင်းမှု ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများ နေပြန်ကြောင်း တွေ့ရှိရသည်။



ရေနွေးကြမ်း သည်လည်း ဦးနှောက် စွမ်းရည် ထက်မြက်စေနိုင်

ရေနွေးကြမ်း သောက်သုံးခြင်း သည်လည်း လူကြီးပိုင်းများ ဦးနှောက် စွမ်းရည် နှင့် မှတ်ဥာဏ် ဆက်လက် ထက်မြက် နေစေရန် အထောက်အကူ ပြုနိုင်ကြောင်း လေ့လာမှု များက ထောက်ပြ နေသည်။ ရေနွေးကြမ်း သည် ဦးနှောက်တွင်း မှတ်ဥာဏ် စွမ်းအင် ကောင်းမွန်ရေး အထောက်အကူ ပြုသည့် အဆီတိုင်လင်း ဓာတ်ကို မြင့်တက် စေသည်။ အစာချေ နိုင်စွမ်းကိုလည်း မြင့်တက် စေသဖြင့် အစာ မကြေခြင်း ကြောင့် မအီမသာ ဖြစ်ခြင်းမှ ကင်းဝေး စေနိုင်သည်။



ဟင်းခတ် အမွှေးအကြိုင် မဆလာ သည်လည်း အသုံးဝင်နိုင်

အီတလီ နိုင်ငံတွင် ပြုလုပ် ထားသော လေ့လာမှု စစ်တမ်း တစ်ရပ် အရလည်း မဆလာ အပါအ၀င် အခြားသော ဟင်းခတ် အမွှေးအကြိုင် များသည် လူကြီးပိုင်း များ၏ ဦးနှောက် စွမ်းဆောင် ရည်ကို ထက်မြက် နေအောင် ထိန်းပေးထား နိုင်စွမ်း ရှိကြောင်း သိရသည်။ ဦးနှောက်ကို ယိုယွင်း ပျက်စီး စေသော အောက်ဆီဒိုက် များကို တိုက်ဖျက် နိုင်သည့် အင်ဇိုင်း များကို ဟင်းခတ် အမွှေးအကြိုင် များတွင် ပါသော ဓာတ်ပစ္စည်း များက တိုးပွား စေကြောင်း သိရသည်။





Eat for Better Memory: 7 ways to Get Sharp ( Reader's Digest )

Thursday, February 18, 2010

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကိုဖြည့်ဆည်းပါ

အမှန်တရားကို မသိနိုင် မမြင်နိုင်သူဟာ တစ်ကိုယ်ကောင်းဆန်တယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ အလိုလောဘကြီးတယ်။
  • တစ်ကိုယ်ကောင်းဆန်သူဟာ တစ်ကိုယ်ရေစည်းကမ်းမရှိဘူး။
  • တစ်ကိုယ်ကောင်းဆန်သူဟာ စကားကို ပေါ့ပေါ့တန်တန်ပြောတယ်။
  • ဒီလိုလူမျိုးကို ကိုယ်ကျင့်တရား မရှိသူလို့ ခေါ်တယ်။
  • ဒီလိုလူမျိုးကို အသိပညာကင်းမဲ့သူလို့လည်း ခေါ်တယ်။

ဆရာသမားရဲ့ ကျေးဇူးသစ္စာကို အခါခပ်သိမ်း စောင့်ထိန်းသူဟာ ဘာသာတရား စိတ်ထက်သန်သူဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ လေ့လာသင်ယူလိုစိတ် ထက်သန်သူလည်းဖြစ်တယ်။
  • ဒီလိုလူမျိုးဟာ စကားပြောရာမှာ၊ အလုပ်လုပ်ရာမှာ တစ်ဖက်သားကို ထောက်ထားစာနာတယ်။
  • ဒီလိုလူမျိုးဟာ ဆုံးမသွန်သင်တာကို ခံယူထိုက်တယ်။ အမြင့်ဆုံးသော အမှန်တရားကို ရှာဖွေသူဟာ စာပေကျမ်းဂန်ကို လေ့လာဆည်းပူးတယ်။

သင့်ကိုယ်သင် အပြစ်ကင်းစင် စေနိုင်ဖို့ သင့်အနေနဲ့ သူတစ်ပါးကို အပြစ်ကင်းစင်စေနိုင်ဖို့ အမှန်တရားကို ရှာဖွေပါ။ အမှန်တရားကို ဖြည့်ဆည်းပါ ။။

( Dr. Edith Sebnapper ရဲ့ One In All မှ )

စာရေးလိုတဲ့ စိတ်အင်အား မရှိတော့ ဘလောဂ့်ကို ပစ်ထားမိပါတယ်။ အမျိုးမျိုးသော အကြောင်းကြောင့် သံယောဇဉ်ကြီးတဲ့ ဘလောဂ်ဆီ ခြေဦးမလှည့် ဖြစ်ခဲ့ပါဘူး။ စာအသစ် မရေးနိုင်တော့ အချိန်မှန် ရောက်လာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို အားနာမိတယ်။ အကြံကုန်တော့ ကျွန်တော် ငံပြာရည်ကျိုလိုက်ပါတယ်။ အားလုံးကို လေးစားခင်မင်လျက်ပါ။