ပြောင်းလဲသင့်ရင် ပြောင်းလဲလိုက်ပါ
အလေ့အကျင့်ဆိုတာ ပြောင်းလဲဖို့ တော်တော်ခက် တာပါလား။ မကောင်းတာလဲ အလေ့အကျင့်၊ ကောင်းတာလဲ အလေ့အကျင့်၊ အလေ့အကျင့်တွေ ကြာလာတော့ အလေ့အထဖြစ်၊ ဓလေ့ထုံးစံဖြစ်တဲ့ အရာတွေက ဖြစ်နဲ့ မှားနေရင်တောင် မပြင်ချင်ကြတော့ဘူး။ အဲဒီအမှားကိုပဲ လက်ခံကျင့်သုံးမိ သွားကြတော့တာ ပါပဲ။
ဂျပန်မှာ ဘိုထိုင်အိမ်သာတွေ သုံးနေကြတော့ မြန်မာတစ်ယောက်က ဘိုထိုင်အိမ်သာ မသုံးချင်ဘူး။ ပေါင်မှာအနာရှိတဲ့ သူတွေထိုင်သွားရင် ရောဂါကူးမှာ ကြောက်တယ်တဲ့။ ဘယ်လိုလုပ်ကြမလဲ။ ဂျပန်မှာကလဲ နေရာတော်တော် များများမှာ ဘိုထိုင် အိမ်သာတွေ ဖြစ်ကုန်ကြပြီ။ ဈေးမှာလဲ ဘိုထိုင်၊ ဟိုတယ်မှာလဲဘိုထိုင်၊ နေရာအတော် များများမှာ ဘိုထိုင်၊ အရင်က ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ကလွဲရင် နောက်ပိုင်းလူနေအိမ်၊ ဈေးဆိုင်ခန်း၊ ဟိုတယ်တွေအားလုံး ဘိုထိုင်နဲ့ ဖြစ်ကုန်ကြပြီ။ ဒီတော့ ကိုယ့်ကိစ္စ ရှင်းစရှာရှိရင် အောင့်သာထား ပေတော့။ ကိုယ့်အခန်းရောက်မှ ရှင်းစရာရှိတာရှင်းပေါ့လို့ ပြောလိုက်တယ်။
တကယ်တော့ ဂျပန်ဆိုတာ အိမ်သာကို တော်တော်လေး ဂရုစိုက်တဲ့နိုင်ငံပါ။ ညစ်ပတ်လာမှ သန့်ရှင်းရေး လုပ်တတ်တဲ့ လူမျိုး မဟုတ်ကြဘူး။ အိမ်သာ သန့်ရှင်းရေး နေ့စဉ်လုပ်တယ်။ အန်စရာရှိရင် ဘိုထိုင် အိမ်သာခွက်ကို မျက်နှာနဲ့အပ်ပြီး အန်ကြတာ။ တခြားမှာ အန်တာမဟုတ်ဘူး။ ဒီလောက် သန့်ရှင်းတာ။ နောက်ပြီး ဘိုထိုင်အိမ်သာ တစ်လုံးကို သိန်းဆယ်ချီ တန်တာတွေ ရှိတယ်။ အေးလွန်းတဲ့ ရာသီဥတုမှာ ဘိုထိုင်မှာ ထိုင်နေရင်း အပူထုတ်ပေး နိုင်တယ်။ ရေကို လိုတဲ့နေရာ ပက်ဖျန်းနိုင်တယ်။ အိမ်သာကို ဒီလို တန်ဖိုးထားကြတာ။ ရောဂါကူးစက်ရ လောက်အောင် ၊ မသန့်ရှင်းဘဲ ပစ်ထားတတ်တဲ့ လူမျိုးတွေ မဟုတ်ကြဘူး။
ထားတော့။ အိမ်သာအကြောင်း ပြောရင်းက လမ်းလွဲကုန်မယ်။ တစ်ရက်က ဒေါက်တာ ခင်မောင်ဝင်း (အသည်း) က " မြန်မာတွေပြင်ရမယ် " ဆိုပြီး Facebook မှာ ရေးထားတာ ဖတ်လိုက်ရတယ်။ အစားအသောက်စား တဲ့နေရာမှာ ဟင်းချိုပန်းကန် တစ်လုံးကို အလယ်မှာချ အားလုံးက ၀ိုင်းခပ်သောက် ကြတဲ့အကြောင်းပါ။ ဟင်းရည်သောက်တဲ့ သူကလဲ ဟင်းရည်ကို အားရပါးရ သောက်ရင်း ဇွန်းကိုပါပါးစပ် ထဲထည့်မိကြ တာပေါ့။ ဒီလို စားသောက်တဲ့ ဓလေ့ဟာ ရောဂါကူးစက်နိုင်တဲ့ အကြောင်းပါ။ ကျန်းမာရေး ရှုထောင့်အရ ပညာရှင် တစ်ယောက်ရဲ့ အကြံပေးချက် သာ ဖြစ်ပါတယ်။ ဒါပေမဲ့ စာဖတ်သူ အများစုက အရင်က ဒီလိုစားလာခဲ့တာပဲ။ ဒါရိုးရာ အစဉ်အလာ တစ်ခုပဲ။ အစဉ်အလာကို မဖျက်ပါနဲ့။ ဒေါင်းလန်းကြီး နဲ့စားလာခဲ့တာကို သတိရပါအုံး။ အရင်က အဘိုး၊အဘွားတွေ ဒီလိုစားလာခဲ့တာ အသက် ၉၀ ၊ ၁၀၀ ကျော်ထိ နေသွားခဲ့ရတာပဲ စသဖြင့် ပြောတဲ့သူက ပြောတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတဲ့သူက ဆဲတယ်။ ပညာရှင်တစ်ယောက် စကားက " ထောင်တန်တဲ့စကား၊ ရယ်ပေါ့ " ဆိုတာလို ဖြစ်ကုန်တော့တာပေါ့။
အစဉ်အလာ ဆိုပေမယ့်လဲ ကောင်းလား၊ မကောင်းလား ဆင်ခြင်ကြရမှာပါ။ မြန်မာ ၊ အိန္ဒိယနယ်စပ် မိုရေးဘက်က ထမင်းဆိုင်တွေမှာ ထမင်းပန်းကန် တွေကို မြေကြီးပေါ်မှာ ချထားကြတယ်။ ဒီပန်းကန်ပြား တွေကိုပဲယူလာပြီး ဧည့်သည်တွေကို ထမင်းထည့် ပေးတယ်။ ထမင်းစားပွဲခုံ မရှိရင် မြေကြီးပေါ် ခင်းထားတဲ့ဖျာပေါ်ထိုင် ဟင်းပန်းကန် အလယ်မှာ ချပြီးစားကြရတာပဲ။ ဒါကို အစဉ်အလာပဲဆိုပြီး လက်ခံနေလို့ တော့မရဘူး။
ဒေါက်တာ ခင်မောင်ဝင်း က လုပ်ကိုလုပ်ရမယ် လို့အမိန့်ပေး လိုက်တာ မဟုတ်ပါဘူး။ လုပ်ချင်လုပ်။ မလုပ်ချင်နေ။ ဒါ ကိုယ့်သဘောပါ။ လိုက်နာချင်ရင် လိုက်နာ။ မလိုက်နာချင်ရင်နေ။ ဒါကိုယ့်သဘောပါ။ ဥပဒေထုတ်တာ မဟုတ်ပါဘူး။ အကြံပေးရုံ သက်သက်သာ ဖြစ်ပါတယ်။ စာဖတ်သူမှာ ကောင်းတယ်၊ မကောင်းဘူး၊ မှန်တယ်၊ မမှန်ဘူး ဆိုတာကို ပိုင်းခြားနိုင်တဲ့ ဆင်ခြင်တုံတရား ရှိဖို့တော့လိုပါတယ်။
စာရေးသူ ဂျပန်မှာနေစဉ်က အဖြစ်အပျက်လေး ကိုသတိရမိပါတယ်။ ဂျပန်ရောက် မြန်မာအများစုက ဂျပန်မှာ နေကြပေမယ့်လဲ ကိုယ့်အခန်းထဲမှာတော့ မြန်မာလိုနေကြတာ များပါတယ်။ ထမင်းစားရင်လဲ လက်နဲ့စားကြတဲ့ သူတွေရှိတယ်။ ငံပြာရည်တို့ ၊ ငါးပိကြော် တို့ကို အလွန်စားချင်ကြ ပါတယ်။ ဒီတော့ မြန်မာနိုင်ငံက လူကြုံမရှိလို့ မစားရရင် ဂျပန်တွေ မရှိတဲ့အချိန် အနံ့မနံအောင် ငံပြာရည်ချက်ကြ ၊ ငါးပိကြော် ကြော်ကြနဲ့ စားချင်တာ လုပ်စားကြပါတယ်။
ဂျပန်စာ စားရင် တင်းတိမ်မှုမရှိတာက တစ်ကြောင်း ၊ အကုန်အကျများမှာ စိုးတာက တစ်ကြောင်းကြောင့် ကိုယ့်အိမ်၊ ကိုယ့်အခန်းမှာပဲ မြန်မာအစားအစာ ချက်ပြုတ်စားကြ ပါတယ်။ ဒီတော့အများစုက ထုံးစံအတိုင်းလက်နဲ့ပဲစားကြတာပေါ့။ တစ်ခါတလေ ခင်မင်တဲ့ ဂျပန်မိတ်ဆွေတွေ အိမ်အလည်လာလို့ မြင်သွားရင် လက်နဲ့ ထမင်းစားတာကို အလွန်ပဲ အထင်သေးကြ ပါတယ်။ တစ်သက်လုံး စားလာတဲ့ အလေ့အကျင့်မို့ ပြင်နိုင်တဲ့သူတွေ ရှိသလို မပြင်နိုင်တဲ့သူက များပါတယ်။
ဂျပန်တွေ ထမင်းစားတဲ့နေရာမှာ ကယ်လိုရီ တွက်ချက်မှုရှိတယ်။ စားလို့ ကောင်းတာကိုပဲ အများအပြား စားလေ့မရှိဘူး။ အာဟာရဖြစ်မယ့် စားစရာတွေ နည်းနည်းစီ ပန်းကန်လေး တွေနဲ့ ချထားပေးတယ်။ နည်းနည်းစီ အကုန်စားတယ်။ တူနဲ့ စားကြတယ်။ ဟင်းရည်ထည့်ထားတဲ့ ပန်းကန်လုံးကို တစ်ယောက်တစ်လုံး ပေးထားပြီး ဇွန်းတစ်ချောင်းစီ တပ်ပေးထားတယ်။ ဒါကြောင့်ထမင်းစားရင်း ဟင်းရည် သောက်ဖြစ်သွားတယ်။ အများအားဖြင့် ကုန်အောင်သောက်ဖြစ် ကြတယ်။ အလယ်မှာ ချပေးထားရင် အများစုက အကြောင်းကြောင်းနဲ့ မသောက်ဖြစ်ကြဘူး။ ဒီလို ဟင်းရည်ပန်းကန် တစ်လုံးစီ၊ ဇွန်းတစ်ချောင်းစီ အသုံးပြုလိုက်ရတဲ့ အတွက် ကုန်ကျစရိတ် များသွားစရာ အကြောင်း မရှိဘူး။ အိမ်ရှင်မ အနေနဲ့တော့ အလုပ် ပိုသွားသလို ရှိပါတယ်။ ဒါပေမဲ့ ဒါလဲ အလေ့အကျင့်ပါပဲ။ နေ့စဉ် လုပ်နေကျဖြစ်သွားရင် အလုပ်ပို မဟုတ်တော့ပါဘူး။ ကျန်းမာရေး ရှုထောင့်အရ အင်မတန်ကောင်းတဲ့ ဓလေ့တစ်ခုသာ ဖြစ်ပါတယ်။
စီးပွားရေးအရ အင်မတန်တိုးတက်နေတဲ့ ဂျပန်နိုင်ငံနဲ့ နှိုင်းယှဉ်ပြနေတာ မဟုတ်ပါဘူး။ သူများနိုင်ငံက ဘောင်းဘီရှည် ၀တ်တာ၊ ဆံပင်ဆေးဆိုးတာ တွေတောင် အတုခိုးခဲ့ကြ သေးတာပဲ။ ကျန်းမာရေးအတွက် ဒါလေး ပြောင်းလဲရမှာကို ခက်ခဲနေစရာ မရှိပါဘူး။ ပြောင်းလဲသင့်ရင် ပြောင်းလဲရမှာပါ။ ဒီနေ့ပဲစပြီး ပြောင်းလဲ ကြည့်လိုက်ပါလို့ တိုက်တွန်းပါရစေ။ ။
ဇော်နောင်ဟိန်း (Guiter)
ရတနာပုံနေ့စဉ်
No comments:
Post a Comment