Showing posts with label Forward Mail. Show all posts
Showing posts with label Forward Mail. Show all posts

Thursday, December 11, 2008

Forward Mail (ယနေ့ စီးကရက်ဖြတ်လိုက်လျှင်)


စီးကရက်သည် အဆုတ်ကင်ဆာ ဖြစ်စေသည်။
စီးကရက်သည် နာတာရှည် ရင်ကျပ်ပန်းနာရောဂါ ဖြစ်စေသည်။
စီးကရက်သည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသည်။
ဆိုသည့် အချက်များကို စာရှုသူတိုင်း ကြားဖူးကြပါလိမ့်မည်။

နောက်ပိုင်းကာလတွင်-
စီးကရက်က ပန်းသေ ပန်းညှိုးတတ်သည်။
စီးကရက်က ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် သေးငယ်သော ကလေးကို မွေးဖွားစေသည်။ ကလေးပျက်ကျ စေတတ်သည်။

စီးကရက်က ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကို ကျဆင်းစေသည်။ ခန္ဓာကိုယ်တွင်း ရောက်လာတတ်သော အဆိပ်အတောက်များကို အားပေးတတ်သည်။ စသည့်စာတန်းများ ပေါ်လာပြီးနောက် ယခုနောက်ဆုံး စီးကရက်၌ ရေဒီယိုဓာတ်ရောင်ခြည်တွေ ပါရှိသည်။ စီးကရက်ကို တစ်နေ့အလိပ် 30 သောက်သုံးသူ တစ်ယောက်တွင် တစ်နှစ်လျှင်ရရှိမည့် ဓာတ်ရောင်ခြည်သည် ရင်ဘတ်ကို ဓာတ်မှန်အကြိမ် 300 ရိုက်သကဲ့သို့ ဒဏ်ခံရလိမ့်မည်ဟု စာတမ်းတစ်ခုက အထောက်အထား များဖြင့် ပေါ်လာပြန်သည်။

သို့ကြောင့် စီးကရက်က ပေးသော ကောင်းကျိုးလုံးဝမရှိပါဟု ဆိုနိုင်ပါသည်။ သို့သော် စီးကရက်ကို စွဲနေပြီးသူ တစ်ယောက်အဖို့ ယခုမှ ဖြတ်လိုက်ခြင်းဖြင့် အကျိုးရှိပါဦးမည်လားဆိုသည့် အချက်မှာ စဉ်းစားစရာ ဖြစ်လာပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ အဖြေမှာ.... ဗြိတန်နိုင်ငံမှ ဆေးစွဲသူ ၁၇၈ ဦးအား မေးမြန်းချက်အရ ဘိန်းဖြူမီသာတုန်း စသည်တို့ထက် စီးကရက်ကို ဖြတ်ရခက်ပါသည်ဟု ဆိုကြသည်။ စီးကရက် ဖြတ်လိုက်သည့် အခါ ခံရမည့် လက္ခဏာတို့မှာ စီးကရက်စွဲခဲ့သည့် ကာလနှင့် နေ့စဉ် သောက်တတ်သည့် စီးကရက်အပေါ် မူတည်သည် ဆိုသည်။ ဆေးလိပ်ဖြတ်ပြီး ကြုံရတတ်သည့် ပြဿနာမှာ နေ့လည်နေ့ခင်း အချိန်၌ အိပ်ငိုက်နေပြီး ညအချိန်၌ အိပ်မပျော်ပဲ မျက်လုံးကြောင်နေခြင်းဖြစ်သည်။ အချို့ကျတော့ ချိုသောအစားအစာကို တမ်းတပြီး၊ အချို့အော့အန်ကာ ၀မ်းပျက်ဝမ်းချုပ်သော လက္ခဏာများ ဖြစ်ပေါ်လေ့ရှိသည်ဟု သိရသည်။

ဆေးလိပ်ဖြတ်ရာက ဖြစ်ပေါ်သောဒဏ်က ပထမ 24 နာရီတွင် အမြင့်ဆုံးဖြစ်ပေါ်၍ (ရ) ရက်လောက်တိုင်အောင် တစ်ဖြေးဖြေးလျော့သွားသည်။ ပြီးမှ နောက်နှစ်လတိုင်အောင် ဝေဒနာကို ဆက်လက်ခံစားကြရတတ်သည်။ စီးကရက်ကို ရုတ်တရက် ဓါးနှင့်ဖြတ်သလို ဖြတ်လိုက်သူများက အခံရ သက်သာတတ်သည်။ တစ်နေ့နည်းနည်းစီ စီးကရက်ကို လျှော့မည်ဆိုသူတွေက ပို၍ခံရလေ့ရှိသည်။ အောက်ပါတို့ကို အသုံးပြုသင့်သည်ဟု ဆေးလိပ် ဖြတ်ပြီးသူများ အသင်းက အကြံပြုထားပါသည်။

(၁)
ပါတီ၊ဧည့်ခံပွဲနှင့် ဆေးလိပ်သောက်နေကြ အပေါင်းအသင်းကို ရှောင်ပါ။
(၂)
စီးကရက်ဖြတ်ချိန်၌ အရက်ဖြင့်အစားထိုးတတ်သည်။ ဒါမျိုးကိုရှောင်ပါ။ စီးကရက် တမ်းတခြင်းမှာ ဒီရေအလား တက်လာတတ်သည်။ မိနစ်အနည်းငယ်သာ ကြာသည့်ဤကာလကို စိတ်ဖြင့်တင်းထားပါ။
(၃)
စီးကရက်သောက်ချင်စိတ် ပေါ်လာသည့်အခါ အခြားနေရာကို စိတ်ပြောင်းပါ။ ဥပမာ မိသားစုနှင့်အတူ ပျော်ရွှင်စွာနေခဲ့သော အချိန်ကို စဉ်းစားနေလိုက်ပါ။
(၄)
ယခုမသောက်သေးဘူး၊ ငါးမိနစ်လောက်တော့ သည်းခံကြည့်ဦးမည်ဆိုသည့် စိတ်မျိုးကိုသုံးပါ။ စီးကရက်သောက်လိုစိတ် ပျောက်ကွယ်သွားပါမည်။
(၅)
အချို့ကျတော့ စီးကရက်ကြောင့် ရမည့်ရောဂါ (ဥပမာ) အဆုတ်ကင်ဆာ၊ ရင်ကြပ်ပန်းနာ တို့ကို စဉ်းစားလိုက်ခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် ပျောက်သွားတတ်သည်။
(၆)
အသက်ကို ပြင်းပြင်းရှုလိုက်ခြင်း၊ စိတ်ဝင်စားရာ အားကစားတစ်ခုခုကို ပြုလုပ်လိုက်ခြင်း၊ လမ်းလျှောက်ထွက်ခြင်း စသည့်နည်းတို့ကို သုံးပါ။

ဆေးလိပ်ဖြတ်ပြီးသူ ၁၅%သာ လုံးဝပြတ်သွားလေ့ရှိသည်။ အများစုက စီးကရက်ပြန်သောက်တတ်ကြသည်။ ဒီလိုမဖြစ်ရအောင် ငါအောင်မြင်မှု ရပြီးသောစိတ်က အလျော့ပေးလိုက်မှာလား စသည်ဖြင့် မိမိကိုယ်မိမိ အားပေးသောစိတ်ကိုမွေးပါ။ နောက်ဆုံးပေါ် နီကိုတင်းဆေးဖြင့် ဖော်စပ်ထားသော နီကိုးရပ်ကော်သကြားလုံးက များစွာအကူအညီပေးပါမည်။ ဤသကြားလုံးကို ၀ယ်လို့ရပါက စားကြည့်ပါ။ (ဒေါ်လာနှင့်)

မည်သူမဆို စီးကရက်ဖြတ်ဖို့ နောက်ကျသွားသည် ဟူ၍မရှိပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ် (world health)စာစောင်၌ ဖေါ်ပြထားချက်မှာ---

(၁) လူ့သက်တမ်း
အသက်၂၅နှစ်အရွယ် လူတစ်ယောက် တစ်နေ့စီးကရက်နှစ်ဘူးသောက်က သူ၏သက်တမ်းသည် 8.3 နှစ်တိုသည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၂) အဆုတ်ကင်ဆာ
ဆေးလိပ်သောက်သူတွင် အဆုတ်ကင်ဆာရရန် မသောက်သောသူထက် ဆယ်ဆပိုသည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၃) လည်ချောင်းကင်ဆာ
ဆေးလိပ်သောက်သူတွင် ဆေးလိပ်ကင်ဆာ ရောဂါဖြစ်ဖို့ 2.9 မှ 17.7ဆပိုသည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၄) ပါးစပ်ကင်ဆာ၊အစာမျိုလမ်းကင်ဆာ
ဆေးလိပ်သောက်သူတွင် ၃-၁၀ဆ ပိုဖြစ်နိုင်သည်။ 10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ်မသောက်သူ အတိုင်းပြန်ဖြစ်သွားမည်။

(၅) ဆီးအိမ်ကင်ဆာ
ဆေးလိပ်သောက်သူများတွင် 7-10 ဆပိုသည်။

(၆) နှလုံးသွေးကြောကျဉ်းရောဂါ
ဆေးလိပ်ကြောင့် နှလုံးရပ်သွားသူ တစ်နှစ်လျှင် 120000 ဦးရှိသည်။10-15 နှစ်ကြာအောင် ဆေးလိပ်ဖြတ်ပြီးပါက ထိုသူ၏သက်တမ်းမှာ ဆေးလိပ် မသောက်သူ အတိုင်း ပြန်ဖြစ်သွားမည်။

(၇) နာတာရှည်၊ရင်ကြပ်ပန်းနာ
ဆေးလိပ်သောက်သူတွင် ၂၅ ဆ ပိုဖြစ်သည်။ ဆေးလိပ်ဖြတ်နိုင်က တစ်လအတွင်း ရောဂါသက်သာ လိမ့်မည်။

(၈) ကိုယ်ဝန်ဆောင်မိခင်
ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်က ကလေးများအရွယ်သေးငယ်မည်။ ပျက်ကျတတ်သည်။ ကိုယ်ဝန်လေးလမတိုင်မီ ဆေးလိပ်ကိုရပ်နိုင်က ကလေး၏ကျန်းမာရေးကို ထိခိုက်မည်မဟုတ်ချေ။

(၉) အစာမကြေ၊ရင်ညွန့်အောင့်ရောဂါ
အစာအိမ်ရောဂါရှိသူများ ဆေးလိပ်သောက်က ရောဂါတာရှည်မည်။ ဆေးလိပ်ဖြတ်က ရက်ပိုင်းအတွင်းရောဂါ အလွယ်တကူကျက်သည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ရန်မည်သူမျှ နောက်မကျဟုဆိုရမည်။

(( ဤဆောင်းပါအား ဆရာဝန်တင်ရွှေ၏ ဆေးပညာစာအုပ်မှ ဖေါ်ပြပါသည်။ စီးပွားရေးအတွက် မဟုတ်ပါက မည်သူမဆို ကူးယူဖေါ်ပြနိုင်ပါသည် ဟူ၍ ဆရာ့စာအုပ်တိုင်းတွင် ပါရှိပါသည်။ ထို့ကြောင့် စီးပွားရေးအတွက် မဟုတ်ပါက ဖြန့်ဝေပေးနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။ ကိုယ်သောက်တဲ့ စီးကရက်ရဲ့ သတင်းအချက်အလက် မှန်သမျှကို သိထားသင့်သည်ဟု ယူဆပါသည်။ အတင်းအကျပ် တိုက်တွန်းခြင်း မျိုးမဟုတ်ပါ။ သတင်းအချက်အလက် ပေးခြင်းမျှသာ လျှင်ဖြစ်ပါသည်။ ))

ဆူးလင်းသစ် ရေးသားသည်
(၁၅-၁၁-၂၀၀၈ ရက်က လက်ခံရရှိတဲ့ Forward Mail ကနေ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။)

http://suelinnthit.myanmarbloggers.org
suelinnthit@gmail.com


Monday, December 1, 2008

Forward Mail (ဘီယာကြိုက်သူများ သတိပြုဖွယ်)


ခုတလော ရာသီဥတုက ကိုယ့်ဖက်ကိုပါတယ်လို့ ဆိုရမလားပဲ။ ပြောရရင်ဖြင့် အားကစား သမားတွေ အကြိုက်ပေါ့ဗျာ။ ညနေခင်း ရောက်ရင် စိတ်ထဲ မရိုးမရွနဲ့မို့ ကိုယ်ဖာ့သာကိုယ် အထိမ်းအမှတ် တစ်ခုခုလုပ်ပြီး ဗျစ်ဆိုင် သွားဖြစ်တယ်။ နှစ်သက်လို့လည်း မဟုတ်ပါဘူး၊ စွဲလမ်းလွန်းလို့လည်း မဟုတ်ရပါဘူး၊ စတိုင်လ် ထွင်တာလည်း မဟုတ်ပါဘူး။ တည်ငြိမ်မှု ကင်းနေတဲ့ စိတ်အစုံအတွက် ထွက်ပေါက် တစ်ခုအနေနဲ့ ရောက်ဖြစ် သောက်ဖြစ်ခဲ့ပါတယ်။ သောက်ဖြစ်ဖို့ အတွက် တစ်နေ့တစ်မျိုး ခေါင်းစဉ်တပ်ပြီး ရောက်ခဲ့ပါတယ်။ တနေ့က စနေနေ့မှာ အကြောင်းမဲ့ အလုပ်များလို့ သောက်ဖြစ်တယ်။ မနေ့က တနင်္ဂနွေနေ့၊ သူငယ်ချင်း တစ်ယောက်က ကိုယ့်အပေါ် ပြုမူတာကို တလွဲဆံပင်ကောက်ပြီး ညီးငြူနေတဲ့စိတ်ကို ရှင်းသန့်ဖို့ သွားသောက်တယ်။ ကနေ့ တနင်္လာနေ့ မိုးလင်းလင်းချင်းပဲ သူငယ်ချင်းနဲ့ပဲ နားလည်မှုတွေလွဲပြီး ကတောက်ကဆ ဖြစ်တယ်။ ဒီနေ့အတွက်တော့ စိတ်ရှင်းဖို့ ခေါင်းစဉ် ရသွားပြန်တယ်။ အကြောင်းပြချက် လေးရှိမှ သွားရတာ ကောင်းတာမို့ ကိုယ့်ကိုယ်ကို ပြဿနာကောင်ကြီး လို့တောင် ထင်မိမှားတယ်။ ဘုရားမကြိုက်၊ နတ်မကြိုက် (ကိုကြီးကျော်နဲ့ အမေကြမ်းမပါ)၊ ကြင်သူ မကြိက်ပေမယ့် ခေါင်းတခါခါ လည်တမော့မော့နဲ့ ညနေခင်းတိုင်း ရောက်ဖြစ်ခဲ့တယ်။

အရင်လို နက်ပေါ် ချက်တက်နေရရင် ထမင်းမေ့၊ ဟင်းမေ့၊ အပြင်ထွက်လည်ဖို့ မေ့နဲ့ လောကကြီးနဲ့ကို အဆက်အသွယ် ပြတ်နေမိတယ်။ ပြောတာလေး၊ ဖောတာလေး၊ ကျူတာလေးကို အကျေနပ်ကြီး ကျေနပ်ပြီး နတ်သြဇာအလား နတ်ပြည် ခြောက်ထပ်ကြားက မိုးတိမ်နယ် လွှင့်ပြန့်နေမိတာ အမှန်ပါ။ ခုတော့ ဆုံးဖြတ်ထားတယ်။ ဘယ်သူ့ကိုမှ စိတ်ဒုက္ခမပေးချင်တာနဲ့ ချက်တက်တာကို လျော့ရာကနေ ပိတ်ပစ်လိုက်တယ်။ သံယောဇဉ် မပြတ်နိုင်ပေမယ့် လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ကလေးမွေးပြီး ကိုယ့်အတွက် ကိုယ်ပိုင် အချိန်ရအောင် ပြန်လုပ်ယူရတယ်။ ပထမတော့ စာဖတ်မယ်ပေါ့၊ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက် ဆောင်းတွင်းဆိုတော့ အားကစား လုပ်မယ်ပေါ့ ဒါလည်း ဝေးသော အကြောင်းပါ။ ဟိုတလောက ဘတ်စကက်ဘော ကစားရင်း တမံတလင်းပေါ် ပြုတ်ကျတာ ခါးအနာက အကင်းမသေ သေးဘူး။ ဆေးပတ်တီး စည်းထားရသေးတယ် ခုထိပါ။ ဒါနဲ့ပဲ နေ့တိုင်း ဝေလေလေနဲ့ ဗျစ်ဆိုင်ကိုပဲ ရောက်ဖြစ်ခဲ့တယ်။

မကြာမတင်ကပဲ ဘီယာသောက်တဲ့ ဆိုးကျိုးကို သူငယ်ချင်း ဆူးလင်းသစ် ရဲ့ Forward Mail ကနေ လက်ခံရခဲ့တယ်။ သူ့စာမှာ ဘီယာနဲ့ အရက် ရောနေတာ တွေ့ရပါမယ်။ အယ်လ်ကိုဟော ပါဝင်နှုန်းနည်းတဲ့ ဘီယာကို များများသောက်ရင် လည်း အရက်လိုပဲ မူးတတ်တာမို့ အတူတူပဲ ဆိုလိုချင်တာ ဖြစ်မယ် ထင်ပါတယ်။ ဆရာဝန်မပေါက်စလေးရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ Forward Mail ကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။ သိပြီးသားများဖြစ်ရင်လည်း နာလည်စွာနဲ့ ကျော်ဖတ် သွားနိုင်ကြောင်းပါ။ အားလုံးကို လေးစားလျက်ပါ။

ဘီယာကြိုက်သူများ သတိပြုဖွယ်

မီချီဂန် ယူနီဗာစီတီမှ သိပ္ပံပညာရှင်များ၏ လေ့လာချက်အရ တစ်နေ့လျှင် ဘီယာတစ်ပုလင်း သောက်တဲ့သူတွေဟာ ဘီယာဖြတ်လိုက်တဲ့ သူတွေထက် (၅) နှစ်ပိုစောပြီး မုန့်ချိုအိတ်ကင်ဆာ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ တွေ့ရှိချက်အရ အယ်လ်ကိုဟောဟာ မုန့်ချိုအိတ်ကို ရောင်ရမ်းစေကြောင်း သိရပါတယ်...။ အရက် ပိုသောက်လေလေ မုန့်ချိုအိတ် ရောင်ရမ်းလေလေဖြစ်ကာ မုန့်ချိုအိတ်ကင်ဆာ ပိုဖြစ်နိုင်လေလေ ဖြစ်တယ်လို့ မစ်ချဲအန်ဒါဆင်က ရှင်းပြလိုက်ပါတယ်...။
မေ, Ref:Men's Health ,2008 October

အောက်ပါတို့မှာ ဆရာဝန်များ မေတ္တာရပ်ခံထားသော အရက်သောက်ခြင်းနှင့် ပတ်သက်၍ လိုက်နာအပ်သော အချက်ကြီး(၁၀)ချက် ဖြစ်ပါသည်။
(၁)
ရေဆာတိုင်း အရက်ကို မသောက်လေနှင့်။
(၂)
အရက်ကို ဖြေးဖြေးချင်း အချိန်ယူ၍ သောက်ပါ။ ရေသောက်သကဲ့သို့ တစ်ချိန်တည်း မသောက်ပါနှင့် ပထမတစ်ခါသောက်ပြီး နောက်တစ်ကြိမ် သောက်လိုလျှင် နာရီဝက်ခန့် အချိန်ခြားပါစေ။ တတိယ အကြိမ်သောက်လိုသေးက အနည်းဆုံး တစ်နာရီကျော်ခြားပါစေ။ အဖော်ကောင်းသည်ဆိုပြီး စတုတ္ထအကြိမ်ဆက်ကာ မသောက်မိပါစေနှင့်။
(၃)
အရက်ကို တတ်နိုင်သမျှ ဆိုဒါရည်တို့ဖြင့် ရောသောက်ပါ။ ရေရောထားသော အရက်ကို တစ်ဖြည်းဖြည်း ဇိမ်နှင့်သောက်ပါ။
(၄)
သောက်နေကျ ရေချိန်ထက် တိုးမသောက်ပါနှင့်။ ဖြစ်နိုင်လျှင် နေ့စဉ် အချိန်မှန် သောက်ခြင်းကို ရှောင်ပါ။
(၅)
"ငါအရက်ဘယ်လောက်သောက်သောက် မမူးပါဘူး"၊ "ငါ ဒီလောက်တော့အပျော့ပေါ့ " ဆိုသော စကားမျိုးကို မပြောမိစေနှင့်။ "ကျွန်တော်သောက်တာ တော်တော်များနေပါပြီ" ဆိုသောစကားမျိုးကို ဆောင်ပါ။
(၆)
အစာစားမထားဘဲ အရက်မသောက်မိပါစေနှင့်။
(၇)
ဖြစ်နိုင်လျှင် အရက်သောက်ချိန်၌ လက်ဖက်ရည် စသည့် အခြား သောက်စရာများဖြင့် အစားထိုးပါ။
(၈)
ပင်ပန်းနွမ်းနယ် နေသည့်အခါတွင် ရေချိုးလိုက်ပါ။
(၉)
စိတ်ညစ်သည့် အခါတိုင်း အလုပ်ပင်ပန်း သည့်အခါတိုင်း အရက်သောက်ခြင်း မျိုးကို ရှောင်ပါ။
(၁၀)
အလုပ်အကိုင် မလုပ်ရသေးမီ အထူးသဖြင့် နံနက်အချိန်တွင် အရက် သောက်ခြင်းကို အထူးရှောင်ပါ။

ဒီပို့စ်လေးကို ရေးချင်ခဲ့တာက အရက် နဲ့ ဘီယာ ဆိုးကျိုးကို သိစေချင်တာပါ။ ဒါပေမယ့် ကိုယ်မကောင်းတာ လုပ်တာကို ချပြသလို ဖြစ်မိပါတယ်။ စာလာဖတ်သူတွေကို စော်ကားသလိုလည်း ဖြစ်မိတယ်လို့ ယူဆမိပါတယ်။ ဒီအတွက် အနူးအညွတ် တောင်းပန်ပါတယ်။ စာဖတ်သူ အားလုံးကိုပါပဲ ။

ဆူလင်းသစ် ရေးသားသည်

http://suelinnthit.myanmarbloggers.org

suelinnthit@gmail.com