Showing posts with label သတိပေးချက်. Show all posts
Showing posts with label သတိပေးချက်. Show all posts

Tuesday, September 23, 2014

လှပလိုသူတို့ သတိပြုစေချင်




လှပလိုသူတို့ သတိပြုစေချင်

ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့် အမျှ ယနေ့ခေတ် လူငယ်များသည် လှပမှု မျိုးစုံတို့ကို မက်မော လာခဲ့သည်။ လူငယ်တို့ သဘာဝအလျှောက် လှပလို ခြင်းသည် ဓမ္မာတာပင် ဖြစ်သော်လည်း လိုသည်ထက် ကျော်လွန်ပြီး လှပအောင် ဖန်တီးယူမှု များသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကောင်းထက် အဆိုးများ ဖြစ်လာနိုင်သည် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

တချို့ လူငယ် အမျိုးသား ၊ အမျိုးသမီးငယ် များသည် ဆံပင်၏ ပြုပြင်မှုများ ဖြစ်သော အဖြောင့်ကို ကောက်သည်။ အကောက်ကို ဖြောင့်သည်။ မူလ ဆံပင် အနက်ရောင် ကို အနီ ၊ အ၀ါ ၊ ကြောင် တောင်တောင် အရောင်များ ဆိုးသည်။ ထိုကဲ့သို့ ပြုပြင် သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ဆံပင် ဆိုးဆေးတွင် ပါဝင်သော ဓာတုပစ္စည်း များကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင် ဦးရေများ ပျက်စီးခြင်း ၊ ဆံပင်ဆဲလ်များ ပျက်စီးခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး သုတေသီ များက သတိပေး ထားသည်ကို သိရသည်။

ထို့အတူ အသားအရေ လှပမှု အတွက် မိတ်ကပ် အမျိုးမျိုး ၊ နှုတ်ခမ်းနီ အမျိုးမျိုး ၊ အလှဆီ အမျိုးမျိုး ၊ ကာနေရှင်း အမျိုးမျိုး စသည်တို့ကို လိမ်းကြ ၊ ဆိုးကြ ၊ ခြယ်သကြ သည်။ အဆိုပါ အလှကုန် ပစ္စည်း များတွင်လည်း ဓာတု ပစ္စည်းများ ပါဝင် သောကြောင့် လူတို့၏ အရေပြား များကို ထိခိုက် ပျက်စီးစေသည်။ တချို့သော မိန်းကလေး များမှာ မိတ်ကပ်တွင် ပါဝင်သော ဓာတုပစ္စည်း များနှင့် ဓာတ်မတည့် သဖြင့် မျက်နှာ အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်း ၊ နီမြန်းသော အကွက်များ ဖြစ်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။ ဒါကြောင့် လှပမှုထက် အရုပ်ဆိုး အကျည်းတန်မှု ကို ဖြစ်စေ နိုင်သည်။

ကနေ့ ဈေးကွက်တွင် ရောင်းချနေသော အလှကန် ပစ္စည်းများတွင် အစစ်အမှန်များ ရှိသော်လည်း အတုအပများလည်း များစွာ ရှိသည်။ အစစ်အမှန် ကို သုံးစွဲပါက အရေပြား ထိခိုက် ပျက်စီးမှု မရှိဟု ဆိုနိုင်သော်လည်း အတုအပ များကြောင့် အရေးပြားများ ထိခိုက် ပျက်စီးပြီး အရုပ်ဆိုး အကျည်းတန် မှုကို ဖြစ်စေမှာ အသေအချာ ပင် ဖြစ်သည်။

အရေပြား လှပ စေဖို့အတွက် လူ့ခန္ဓာကိုယ် မွှေးညှင်းပေါက် များမှ ချွေးထွက် ၊ ချွေးစို့ နေရန် လိုသည်။ ချွေးထွက်စေရန် အတွက် နေ့စဉ် ရေများများ သောက်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေး ရမည်။ မိမိ၏ မျက်နှာတွင် လိမ်းခြယ် ထားသော မိတ်ကပ် များကို အိပ်ရာ မ၀င်ခင် ဆပ်ပြာဖြင့် စင်ကြယ်အောင် မျက်နှာသစ် ပေးရမည်။ မျက်နှာတွင် မိတ်ကပ်များဖြင့် အိပ်ခြင်းသည် မျက်နှာရှိ မွှေးညှင်းပေါက်များ ပိတ်၍ မျက်နှာ၏ လှပမှုကို ပျက်စီး စေသည့် တင်းတိပ် ၊ ၀က်ခြံ နှင့် မှဲ့ခြောက် စသည်တို့ကို ဖြစ်ပေါ် စေသည်။

ဒါကြောင့် ကနေ့ခေတ် လူငယ် အမျိုးသား ၊ အမျိုးသမီး ငယ်လေးများ အလှအပ ကို အကောင်းဆုံး ဖြစ်အောင် ခြယ်မှုန်း ကြရာတွင် ကျန်းမာရေး နှင့် လိုက်လျော ညီထွေစွာ ပြုပြင်တတ် စေရန် နှင့် ဘေးထွက် ဆိုးကျိုးများ မကြုံရအောင် သတိပြု ဆောင်ရွက်ကြရန် အကြံပြု ရေးသား လိုက်ရ ပါသည်။

Friday, June 14, 2013

ကော်ဖီတွင် ပါဝင်သော ကဖိန်း




ရန်ကုန် ၊ ၁၄-၆-၂၀၁၃

ကော်ဖီကို ကျွန်တော်တို့သည် ငယ်စဉ်မှစ၍ လူမမာစာ အဖြစ် စတင် တွေ့ဖူးသည်။ ရောဂါ ရှိသူများ ၊ မကျန်းမာ သူများကို လူမမာစာ အဖြစ် ကော်ဖီမှုန့် ၊ သကြား နှင့် နို့တို့ကို ရောစပ်ကာ တိုက်သည်။ ဆွမ်းကျွေးမည် ၊ အလှူအဒါန်း ပေးမည် ဆိုပါက ဆွမ်းကပ် အပြီးတွင် ဆရာတော်ကြီးများ ၊ သံဃာတော် များအား အချိုပွဲကပ် ရာတွင် ကော်ဖီဖျော်၍ ကပ်ကြသည်။ ကော်ဖီရောင်းသော ဆိုင်ကို ကာကာဆိုင် ဟု လည်း ခေါ်သည်။

ကော်ဖီကို အာဟာရ စွမ်းအင် ပေးစွမ်းနိုင်သော အာဟာရ အဖြစ် သုံးဆောင် ကြသည်။ နောက်တော့ ကော်ဖီဆိုင် ၊ လက်ဖက်ရည် ဆိုင်များ ပေါ်လာသည်။ ကော်ဖီဆိုင် သည် လူစည်ကားရာ အရပ်ပင် ဖြစ်လာသည်။ ကော်ဖီ သောက်သုံးခြင်းသည် ယဉ်ကျေးမှု တစ်ရပ် ဖြစ်လာခဲ့သည်။

ယခုတော့ ကော်ဖီတွင် လူအား အထွေထွေ အရပ်ရပ် ဒုက္ခပေး နိုင်သည့် ကဖိန်းဟူသော ဓာတ်တစ်မျိုး ပါဝင်နေသည်။ ထို ကဖိန်းဓာတ် ၏ အစွမ်း သတ္တိကိုပင် လူများ မက်မောစွာ သုံးစွဲကြခြင်း ဖြစ်သည်။ အထူးသဖြင့် အချိုရည်များ တွင်လည်း ကဖိန်းဓာတ်ကို ထည့်သွင်း၍ အဖိုးတန် စားသောက် ဖွယ်ရာအဖြစ် ထုတ်လုပ် ရောင်းချသည်။ ကဖိန်းဓာတ် သည် လူတို့၏ အာရုံကို နိုးကြား စေသည်မှာ အမှန်ဖြစ်သည်။

အခြား ဆိုးကျိုးများလည်း ရှိကြောင်း လူတို့ သိလာကြသည်။ လူကို သေစေသည် အထိ အန္တရာယ် ရှိကြောင်း သုတေသန ပြုချက်များ အရ သိရှိကာ ကမ္ဘာတွင် ကဖိန်းကို သုတေသန ပြုလုပ်သည့် လုပ်ငန်း ၄၀ ကျော် ရှိကြောင်း သိရသည်။ ကဖိန်းသည် ကော်ဖီတွင် အများအပြား ပါဝင်သည်။ ကော်ဖီကို ၁၈ ရာစု အလယ်လောက် မှစ၍ လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်း ထဲ့သို့ အဆင့်မြင့် သီးနှံထွက် စားသောက်ကုန်များ အဖြစ် ၀င်ရောက် လာသည်။ ကော်ဖီစေ့ကို အမှုန့် ပြုလုပ် အခြောက်ခံကာ ရေနွေး ၊ သကြား တို့နှင့် ရောစပ်၍ လည်းကောင်း ၊ မုန့်ဖုတ်ရာတွင် အနံ့အရသာ အဖြစ် လည်းကောင်း ၊ အဖျော်ယမက များ ချက်လုပ် ရာတွင် လည်းကောင်း အသုံးပြု ခဲ့ကြသည်။

၁၉ ရာစု အစဦးပိုင်းတွင် ကော်ဖီနှင့် လူ့အသိုင်းအ၀ိုင်း ရင်းနှီး ကျွမ်းဝင်မှု က ပိုမို ခိုင်မာလာကာ ဥရောပ ၊ အမေရိက တစ်လွှားတွင် ကမ္ဘာကျော် ကော်ဖီမှုန့် လုပ်ငန်းကြီးများ အပြိုင်းအရိုင်း ပေါ်ထွက် လာသည်။ ၁၉၂၀ ပြည့်နှစ် ၀န်းကျင်တွင် ကော်ဖီတွင် အဓိက ပါဝင်သော ဓာတ်ပစ္စည်းကို မျိုးရိုး နာမည် လိုက်ကာ ကဖိန်းဟု ခွဲထုတ်ပြီး စစ်ပွဲကြီး များတွင် ဒဏ်ရာ အနာသက်သာ စေသည့် ဆေးဝါးတစ်မျိုး အဖြစ် တွင်တွင်ကျယ်ကျယ် စတင် အသုံးပြု ခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ကဖိန်းကြောင့် ဆေးမတိုးသည့် လက္ခဏာ များကို တွေ့ရှိခဲ့သည်။ သို့သော် စစ်ပွဲကာလ အတွင်း ဖြစ်၍ ကဖိန်းက ပေးသော ဆိုးကျိုးထက် ကဖိန်း၏ အသုံးတည့်မှု ကို ပို၍ တန်ဖိုး ထားခဲ့သည်။ ထို့ကြောင့် စစ်ပွဲများ လွန်မြောက်ချိန် တွင် ဆေးပညာ အသုံးချ ကဖိန်း ထုတ်လုပ်မှု များသာမက ကော်ဖီ သောက်သုံးသည့် ဓလေ့က ခိုင်မာ သည်ထက် ခိုင်မာစွာ အမြစ်တွယ် နေပြီ ဖြစ်သည်။ ကော်ဖီ ထုတ်ကုန် အမယ်သစ်များ ၊ ကော်ဖီ ဈေးကွက်ချဲ့ထွင် မှုများ ၊ ကဖိန်းပါ အစားအစာ နှင့် ဆေးဝါးများသည် ကုန်ချော ထုတ်ကုန် အဆင့်ဖြင့် ကမ္ဘာအနှံ့ ဥဒဟို ကုန်သွယ် နေပြီ ဖြစ်သည်။

ကော်ဖီသည် ဒုတိယ ကမ္ဘာစစ် ၁၉၃၉ မတိုင်မီ ကာလအထိ ယဉ်ကျေးမှု ၊ လူ့ အဆင့်အတန်း ၊ ခေတ်မီ နေထိုင်မှု များနှင့် ကွင်းဆက် ချိတ်မိ နေပြီ ဖြစ်ကြောင်း သိသိသာသာ တွေ့ရှိရသည်။ ဂုဏ်သရေရှိ လူကြီး လူကောင်းများက အကောင်းစား ကော်ဖီနှင့် ကဖိန်းအဆီ အနှစ်ပါ စားသောက်ဖွယ်ရာ များကို ဇိမ်ခံ ပစ္စည်း တစ်ခုလို သဘောထား ကြသည်။ သူတို့၏ ကြီးကျယ် ခန်းနားမှုကို အကောင်းစား ကော်ဖီဖြင့် ဧည့်ခံကာ ထုတ်ဖော် ပြသကြသည်။ လူလတ် တန်းစားနှင့် အောက်ခြေ လူတန်းစားများ အတွက်လည်း ကော်ဖီက တန်ဖိုးကြီး အစားအစာ အဖြစ် သောက်သုံး နေကြသည်။ ထိုအချိန်တွင် ကော်ဖီ ယဉ်ကျေးမှု အစပျိုးချိန်ဟု ဥရောပ တွင် သတ်မှတ် ကြသည်။

၁၉၅၀ ပြည့်လွန်နှစ် များမှစ၍ ကော်ဖီ စီးပွားရေး ၊ ကော်ဖီ ယဉ်ကျေးမှု တို့က အရှိန် အဟုန် ကောင်းကောင်း နှင့် ဆက်လက် စီးဆင်း လာသည်။ လူတန်းစား အသီးသီး အတွက် ကော်ဖီဆိုင်များ သည် စိတ်ကူးဥာဏ် အသစ်အဆန်းများ ၊ စီးပွားရေး ၊ လူမှုရေး အမြင်သစ်များ စုဝေးရာ နေရာ တစ်ခု ဖြစ်လာ၍ လူအစုလိုက် အဝေးလိုက် အပေါင်းမိဆုံး နေရာ များထဲတွင် ကမ္ဘာ့ ကော်ဖီဆိုင် များကို " တတိယနေရာ " ဟုပင် သတ်မှတ် ခဲ့သည်။

ယမကာဆိုင် ၊ ကာစီနို လောင်းကစား ၀ိုင်း ၊ ကြေးတန်းစား လက်ဝှေ့ပွဲများ ၊ ညကလပ် ပျော်ပွဲရွှင်ပွဲ များ ၊ စတော့ရှယ်ယာ ဈေးကွက်များက " ဒုတိယနေရာ " တွင် အပြိုင်လု နေသည်။ သို့သော် ပထမနေရာမှ အားကစားပွဲများ ( အထူးသဖြင့် ဘောလုံး ) နှင့် တတိယ နေရာမှ ကမ္ဘာ့ ကော်ဖီဘားဆိုင် များက ယနေ့တိုင် အပြောင်းအလဲ မရှိ ရပ်တည်နေဆဲ ဖြစ်သည်။

FAO ၏ ၂၀၀၆ ခုနှစ် စစ်တမ်းအရ ကမ္ဘာ့ လူဦးရေ သုံးပုံနှစ်ပုံ သည် ကော်ဖီ သို့မဟုတ် ကဖိန်း ပါသော စားသောက် ဖွယ်ရာများ ကို စားသောက် နေကြောင်း သိရသည်။ ကဖိန်း ပျံ့နှံ့မှု ကလည်း နေရာအနှံ့ စိမ့်ဝင်နေပြီး မုန့် ပဲသရေစာ စားသောက်ဖွယ်ရာ ( အရက် ၊ ယမကာများ အပါအ၀င် ) ၇၀ ရာခိုင်နှုန်း တွင် ကဖိန်း အနည်းနှင့် အများ ပါဝင်နေကြောင်း တွေ့ရှိရသည်။

WHO ကမူ ကဖိန်းသည် ၂၀ ရာစု အဖျက်လက်နက် တစ်ခု ဖြစ်ကြောင်း ၊ ကဖိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး ပေါင်းများစွာ ရှိပြီး စမ်းသပ်ဆဲ ကဖိန်း သုတေသန ဌာန ၄၀ ခန့် က ဆိုသည်။ သို့သော် ကမ္ဘာအနှံ့ ကော်ဖီ သောက်သုံးသူ ဦးရေ က ပုံမှန် တိုးပွား နေဆဲပင် ဖြစ်သည်။ စားသောက် ဖွယ်ရာ အတော်များများ တွင်လည်း ကဖိန်းက တရားဝင် ကြော်ငြာ မရေးသော်လည်း ပါမြဲ ပါနေသည်။

ကဖိန်း ပါဝင်သော စားသောက် ဖွယ်ရာ အမယ်သစ် များကလည်း ရေတွက်လို့ မကုန်နိုင်အောင် ဖောင်းပွနေပြီး ကဖိန်းကြောင့် သေဆုံးသူ ဦးရေ ၊ အခြား ကျန်းမာရေး ချို့ယွင်းသူ ဦးရေက ဆယ်စုနှစ် တစ်ခုလျှင် ထက်ဝက်ချိုး မြင့်တက် လာကြောင်း WHO က သတင်း ထုတ်ပြန် ခဲ့ကြောင်း တင်ပြ လိုက်ရပေသည်။

( ချစ်စံဝင်း ၊ လမင်းအိမ် )

http://themyawadydaily.blogspot.com/2013/06/blog-post_5459.html

http://myawady-myawady.blogspot.com/2013/06/blog-post_3122.html

Thursday, December 10, 2009

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ကယောက်ကယက် ဒီဇင်ဘာနေ့မနက်

ညကတည်းက ပြင်ဆင်ထားတဲ့ ငှက်ခါးရောင်ထွက်ဆွတ်ကို ၀တ်တယ်။ Walking shoe လဲပြီး NY တံဆိပ်ပါတဲ့ သိုးမွှေးခေါင်းဆောင်းကို စွပ်တယ်။ သက္ကလပ်မာဖလာ ကိုပတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်တော့ အားကစားလုပ်မယ့်သူက လည်စည်းနဲ့ဆိုတော့ ကြည့်ကောင်းမယ် မထင်တာနဲ့ ပြန်ချွတ်တယ်။ လိုရမယ်ရ သိုးမွှေးလက်အိတ်ကိုတော့ ယူလိုက်တယ်။ ပြည့်စုံပြီ ထင်ပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး မတင်မကျ ခံစားရမိတယ်။ ဒါနဲ့ အိမ်သားတွေ မနိုးခင် အေးစက်နေတဲ့ သံပန်း ခြံဝင်းတံခါးကို အသာအယာပိတ်ပြီး လမ်းလျှောက်ဖို့ ထွက်လာခဲ့တယ်။

ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းလေး နဲနဲ လျှောက်လိုက်တာနဲ့ မင်းလမ်းမပေါ် ရောက်တယ်။ မင်းလမ်းကနေ မြို့မဈေးဘက် မျက်နှာမူလိုက်တာနဲ့ နိုင်လွန်ကတ္တရာ အတတ်လမ်းတွေက ဆီးကြိုနေတယ်။ ဒီအတတ်လမ်းက အေးသာယာမြို့သစ် အတက်ကနေစလိုက်တာ တောင်ကြီးတက္ကသိုလ် အ၀င်ဝ ကျော်သည်အထိ အတက်လမ်းတွေပဲ ဖြစ်တယ်။ တောင်ကြီးသား စစ်စစ် မဟုတ်ပေမယ့် ကျွန်တော်ရဲ့ သက်တမ်းတစ်ဝက်နီးပါးက ဒီတောင်ကြီးမှာပဲ နေထိုင် ကြီးပြင်းလာတာကြောင့် ကိုယ့်မြို့ ကိုယ့်ဌာန ကိုယ့်မွေးရပ်မြေနဲ့မခြား သံယောဇဉ် ဖြစ်မိတယ်။ မျှတတဲ့ ရာသီဥတုနဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့ဖွဲ့စည်းမှုကြောင့် ဘယ်နေရာရောက်ရောက် တောင်ကြီးမြို့လောက် စိတ်ကြိုက်မဖြစ် မပျော်ပိုက်မိတာ အမှန်ပါ။

လတ်ဆတ်တဲ့ ဆောင်းလေ အေးမြမြကို ရှုရှိုက်ရင်း ခေါင်းစွပ်ကို နားလုံအောင် ဆွဲချလိုက်တယ်။ ချိန်းထားတဲ့ ရွှေအင်းလေး တည်းခိုခန်းရှေ့ ရောက်တော့ စိုင်းနောင့်ကို မတွေ့သေးတာနဲ့ ၅ မိနစ်လောက် သွေးပူလုပ်ရင်း စောင့်နေလိုက်တယ်။ သူထွက်လာမယ့် လမ်းကြားထဲ လှုပ်ရှားမှု မတွေ့တာနဲ့ တစ်ယောက်ထဲပဲ လမ်းလျှောက်ထွက်ခဲ့တယ်။ လမ်းနဲနဲပြေရင် ပြေးတယ်။ ကုန်းမှောက်ရင် လမ်းလျှောက်တယ်။ တစ်ခါတလေ ဓာတ်တိုင် ၂ တိုင်စာပြေးပြီး ဓာတ်တိုင် ၁ တိုင်စာ လမ်းလျှောက်တယ်။ အားကစား မလုပ်ဖြစ်တာ ကြာပြီဖြစ်လို့ ခြေသလုံးကြွက်သား တွေက တင်းနေတာကြောင့် သိပ်လည်း မပြေးနိုင်ပါဘူး ဒါပေမယ့် ဂေါက်ကွင်းအ၀င်ဝထိ ရောက်အောင်တော့ လမ်းလျှောက်ဖြစ်မယ်လို့ အားခဲပြီး လမ်းဆက်လျှောက် ဖြစ်တယ်။ မင်းလမ်းတစ်လျှောက်မှာ သူလို ကိုယ်လို အားကစား လိုက်စားတဲ့သူတွေ အရွယ်စုံ အများကြီးတွေ့ရတယ်။ ရှမ်းစာပေနဲ့ ယဉ်ကျေးမှု အဆောက်အဦရှေ့ လမ်းအချိုးနေရာမှာ အနည်းငယ် မှောင်နေတာကလွဲရင် နီယွန်မီးလုံးတွေနဲ့ တစ်လမ်းလုံး လင်းထိန် နေပါတယ်။ စက်မှုလက်မှု ကျောင်းရှေ့ရောက်တော့ မြူတွေအုပ်ဆိုင်းပြီး ပိန်းပိတ်အောင် ကျလာတာကြောင့် ဒီဇင်ဘာရဲ့ ဆောင်းအလှကို ပိုအသက်ဝင်စေတယ်။ ဂေါက်ကွင်းဂိတ်ပေါက်ထိ ရောက်ခဲ့ပါတယ်။ ခြေသလုံးနဲ့ ပေါင်ကကြွက်သားတွေ တင်းပြီး အတော်လေး နာနေတာကြောင့် အပြန်လမ်းမှာ မပြေးနိုင်တော့ဘဲ မှန်မှန်လေးပဲ လမ်းလျှောက်ပြန်ခဲ့တယ်။

အိမ်မပြန်ခင် ညဈေးထဲဝင်ပြီး Breakfast အနေနဲ့ ထို့ဟူးနွေးဝင်စားတယ်။ စောလွန်းသေးတော့ စားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ထိုင်လက်စနဲ့ တစ်ခါတည်း စားသွားမှာဖြစ်လို့ အခါးရည်သောက်ရင်း စောင့်နေလိုက်တယ်။ ထို့ဟူးနွေး ၂ ပွဲ၊ ထို့ဟူးကျော် ၁ ပွဲနဲ့ ၀က်ခေါက် ၂ ထုပ် စားလိုက်တယ်။ သူ့ခေါက်ဆွဲနဲ့ သူအကြော် လိုက်ဖက်ညီတာကြောင့် အာသာမပြေ သေးပေမယ့် လျော့ပေါ့ပေါ့ပဲ စားလိုက်တယ်။ စားပြီးလို့ ငွေချေမယ်လုပ်တော့မှ ဒိန်းကနဲဆို ကျွန်တော် ခေါင်းနပန်းကြီးသွားတယ်။ ခြေဖ၀ါး လက်ဖ၀ါးတွေမှာ ချွေးစေးတွေ ပြန်လာတယ်။ ပြေးနေတုန်းက ချွေးမထွက်ပေမယ့် ခုမှ ချွေးတွေ တစို့စို့ ထွက်လာတယ်။ ကျောနဲ့ ရင်ဘတ်မှာ ချွေးတွေ စီးကျလို့တောင် နေတယ်။ အိမ်ကထွက်လာ ကတည်းက တစ်ခုခု လိုနေတယ်လို့ မသိစိတ်က နိုးဆော်နေပေမယ့် သိစိတ်က အမှတ်မရတာနဲ့ အရေးကြီးတဲ့ ပိုက်ဆံအိတ် ပါမလာမှန်း ခုမှ အသိဝင်လာတယ်။ ပိုက်ဆံအိတ်ပါမလာဘူးလို့ ပြောရင်လည်း ဆိုင်ရှင်က ယုံမှာ မဟုတ်သလို မနက် ဈေးဦးပေါက် အကြွေးနဲ့တော့ လူကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ် မထင်ပါဘူး။ ကိုယ့်ပေါ့လျော့မှုနဲ့ ကိုယ်မို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ ပလက်ဖောင်းပေါ် ဖြတ်သွားဖြတ်လာနဲ့ ဈေးဝယ်သူတွေထဲမှာ အသိတစ်ယောက်ယောက်များ ပါလေမလားဆိုပြီး မျက်လုံးကျွတ်မတတ် ရှာနေပေမယ့် ဆိုင်ရှင် အစ်မကြီး မရိပ်မိအောင်တော့ ဟန်ကိုယ့်ဖို့မို့ အခါးရည်ကိုပဲ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်နေမိတယ်။

မိနစ် ၂၀ လောက်ကြာမှ သောကဗျာပါဒတွေ နုတ်ယူပေးမယ့် ကျေးဇူးရှင် စိုင်းနောင့် ရောက်လာတယ်။ ရောက်တာနဲ့ ကိုယ်က ဦးအောင် ဆီးဟောက် လိုက်တယ်။ မင်းချိန်းထားတဲ့ နေရာကို နာရီဝတ် (အမှန်တော့ ၅ မိနစ်ပါ) ကြာအောင် စောင့်နေပေမယ့် မင်းမလာလို့ ဒီဝိုင်းကို မင်းပဲ ရှင်းလိုက်လို့ ပြောကာရှိသေး သူ့အပြစ်ကို သူဝန်ခံသွားတယ်။ ညက ချက်တင် (ခြင်၏ဦးလေး) ကိုက်လို့ မနက်မထနိုင်တဲ့ အကြောင်း ပြုံးဖားဖားနဲ့ လုပ်နေလို့ မနည်း ခွင့်လွှတ်လိုက်ရတယ်။ ငွေရှင်းမယ့်သူ ရောက်လာမှပဲ လူက နေသာထိုင်သာ ပုံမှန်ဖြစ်သွားတော့တယ်။

ဒီနေ့ ဒီဇင်ဘာ ဆောင်းမနက်ရဲ့ ရာသီအခြေအနေဟာ အေးစက်စက်ဖြစ်လိုက် ချွေးပြိုက်ပြိုက် ကျလိုက်နဲ့ လူကိုတကယ်ပဲ ကယောက်ကယက် ဖြစ်စေတာ အမှန်ပါပဲ။ သွားသတိ စားသတိနဲ့ မမေ့မလျော့ မဖြစ်စေဖို့ အားလုံးကို အသိပေးချင်ပါတယ်။ အားလုံးပဲ လှပပျော်ရွှင်တဲ့ ဒီဇင်ဘာနေ့လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။



Wednesday, March 18, 2009

အမြဲနုပျိုနေစေဖို့


ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားပုံလေးလို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ရင်တော့ ကောင်းပါတယ်။ လူတိုင်းကလည်း ဒီလို ပျော်ရွှင်မှုကို တောင့်တကြမှာ အမှန်ပါ။ တဒင်္ဂလောက် စိတ်လိုလက်ရ ရယ်မော လိုက်နိုင်ရင်တောင် တစ်ရက်ပိုပြီး အသက်ရှည်တယ်ဆိုတာ ယုံကြည်ထားကြတယ် မဟုတ်ပါလား။ အသက်တစ်ရက် ပိုရှည်ဖို့အတွက် ရမယ်ရှာပြီး ရယ်ဖြစ်ရင်တောင် စိတ်ထဲမှာ ပျော်ရွှင်မှု ဆိုတာ မရှိရင် အသက်ပါတဲ့ ရယ်မောခြင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပျော်ရွှင်မှုနဲ့ သောကကို မမျှမတ ရောမွှေထားတဲ့ ဒီဘဝထဲမှာ သောကစိတ်က ပိုများနေမှာပါ။ ကိုယ်လိုချင်တာ မရနိုင်တဲ့အခါမျိုးမှာ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်မလာ နိုင်တဲ့ အခါမျိုးမှာ တက်ရိပ်ပြနေတဲ့ သောကရဲ့ ဒီရေကို ပိုမြင်မိမှာပါ။ သောကဗျာပါဒ စိတ်များတော့ အရွယ်မတိုင်ခင် ရုပ်ရည်ရင့်တာတို့၊ ရုပ်ရည်ကျတာတို့ ဖြစ်ဖို့ အထောက်အကူ ဖြစ်နေမှာပါ။ ဒါကြောင့် လျင်မြန်စွာနဲ့ အိုမင်းခြင်းကို ရှောင်ရှားစေနိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ် ..

၁။ ဦးနှောက်ကို အလုပ်ပေးပါ ..
  • စိတ်ကို အချိန်နဲ့အမျှ အလုပ်ပေးထားတာဟာ ဦးနှောက်ရဲ့ တုံ့ပြန်မှု လျော့နည်းလာတာကို ကာကွယ်ပေးပြီး ဦးနှောက်ဆဲလ် တွေထဲမှာရှိတဲ့ အာရုံကြော မျှင်တွေကို အသစ်ဖွံ့ဖြိုး လာစေတယ်လို့ သိရပါတယ်။ ဒီအာရုံကြောမျှင်တွေက အသက်ကြီးလာတဲ့အခါ ပျက်စီးတတ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံသစ်နဲ့ စိတ်ကို လေ့ကျင့်ပေးရင် အာရုံကြောမျှင်တွေ အသစ်ပြန်ဖြစ် စေပါတယ်။ ဒါကြောင့် စာဖတ်ရင်ဖြစ်စေ၊ တီဗွီ အစီအစဉ်ကို ကြည့်သည်ဖြစ်စေ ဦးနှောက်ကို တွေးတောစရာ၊ မှတ်သားစရာတွေ ပေးတဲ့ အစီအစဉ်တွေကို ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။
၂။ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ ..
  • အသက်ကြီးလာရင် ကိုယ်လက် လှုပ်ရှားမှု နည်းလာပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်လည်း နှေးကွေး လာပါတယ်။ ကယ်လိုရီလိုအပ်မှုလည်း နည်းလာပါတယ်။ ဒီအတွက်ကြောင့် ကိုယ်အလေးချိန် လျော့ကျလာစေ ပါတယ်။ ဒါကြောင့် သင့်တင့်လျှောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။
၃။ မိတ်ဆွေ သူငယ်ချင်း များများထားပါ ..
  • ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး မိတ်ဆွေအပေါင်းအသင်း မျုားတဲ့သက်ကြီး ပိုင်းတွေဟာ ရှိရင်းစွဲ အသက်အရွယ်ထက် ပိုပြီး နုပျိုလန်းဆန်း စေတယ်လို့ သိရပါတယ်။ တစ်ဦးအပေါ်တစ်ဦး ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ကောင်းတွေက စိတ်ဖိစီးမှုကို ကာကွယ်ပေးပါသတဲ့။
၎။ ဆေးလိပ်နဲ့ မီးခိုးငွေ့တွေကို ရှောင်ပါ ..
  • ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်သုံးခြင်း မရှိပေမယ့် ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိရင်တောင် အိုမင်း ရင့်ရော်စေတယ်လို့ သိရပါတယ်။ ဆေးလိပ်ငွေ့တွေရှိတဲ့နေရာမှာ ၄ နာရီလောက်ရှိနေရင် ရှိရင်းစွဲ အသက်ထက် ၇ နှစ်စာလောက် အိုစာသွားစေပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သုံးသူရဲ့အသားအရည် ဟာ ဆေးလိပ်မသောက်တဲ့ အသက် ၆၀ အရွယ်ရဲ့ အသားအရည်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆေးလိပ်မှာ ပါဝင်တဲ့အဆိပ်ဓာတ်က အသားအရည်အတွက် အောင်ဆီဂျင်ရရှိမှုကို အားနည်းစေပြီး တစ်ရှူးတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။
၅။ အိပ်ရေး၀၀ အိပ်ပါ ..
  • မိမိရဲ့ ရုပ်ရည်အတွက်ရော၊ ကျန်းမာရေး အတွက်ပါ အချိန်မှန် အိပ်ဖို့နဲ့ အိပ်ရေး၀၀ အိပ်ဖို့ အရေးကြီး ပါတယ်။ ကောင်းမွန်တဲ့ အိပ်စက်ခြင်းက ကိုယ်ခံအားကို မြင့်တက်စေပြီး အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း အထိုက်အလျှောက် ကာကွယ်ပေးပါတယ်။
၆။ စိတ်ဖိစီးမှုကို တိုက်ဖျက်ပါ ..
  • စိတ်ဖိစီးမှုက လူကို အိုမင်းစေပါတယ်။ စိတ်ဖိစီးမှုက လူကို နှလုံးရောဂါ ဖြစ်ပွားစေနိုင်ပြီး၊ စိတ်တင်းကြပ်မှု တာရှည်လာရင် ကိုယ်ခံအားကို လျော့ပါးလာစေ ပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်း ကတော့ တရားထိုင်ခြင်းနဲ့၊ ယောဂကျင့်စဉ်လိုမျိုး စိတ်ကို တည်ငြိမ်စေမယ့် လေ့ကျင့်မှုမျိုးကို လုပ်ဆောင် ပေးသင့်ပါတယ်။
၇။ အိမ်ထောင်ရေးသုခကို ခံစားပါ ..
  • အိမ်ထောင်ရေး သုခကို အပြည့်အ၀ ရရှိတဲ့ အိမ်ထောင်သည် တွေဟာ အိမ်ထောင်ရေး သုခ အပြည့်မ၀ မရရှိတဲ့ အိမ်ထောင်သည် တွေထက် ၇ နှစ်ပိုပြီး နုပျိုစေတယ်လို့ မှတ်သားရ ပါတယ်။ (အိုမင်းရင့်ရော် တာကနေ ရှောင်လွဲနိုင်အောင် မြန်မြန် အိမ်ထောင်ထူသင့်တယ်လို့ ပြောချင် တာများလား မသိ...၊ အတွေးတွေ ပွားသွားရပါတယ်)။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ။

Sunday, January 4, 2009

မျက်ကပ်မှန်အတွက် အချိန်

မျက်မှန်တစ်လက်ရဲ့ လုပ်ဆောင်ချက်က မျက်လုံးရဲ့ အားနည်းချက်ကို အကူအညီပေး ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ပါဝါမျက်မှန်ဖြစ်စေ၊ မျက်ကပ်မှန်ဖြစ်စေ သူ့လုပ်ဆောင်ချက် တွေကတော့ မျက်လုံးရဲ့ အတွင်း မှန်ဘီလူးကို ချိန်ညှိပေးတယ်။ေ၀၀ါးနေတဲ့ အမြင်ကို ကြည်လင်စေတယ်။ အနီး အဝေး အရာအားလုံးကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ပိုမြင်ရအောင် စွမ်းဆောင်ပေးတယ်။ မျက်လုံးရဲ့ မြင်နိုင်စွမ်းအား ပိုကောင်းအောင် ကူညီပေးပါတယ်။

လူတွေရဲ့ မျက်လုံးနှစ်လုံးဟာ သိပ်ကိုစွမ်းပါတယ်။ ဒါကြောင့် လူတိုင်းက မျက်လုံးကို တန်ဖိုးထားကြတယ်။ မျက်လုံးကို ဂရုစိုက်ကြတယ်။ ဒါကြောင့် သူ့ကို ကာကွယ်ဖို့ မျက်မှန်ဆိုတာ ပေါ်လာပါတယ်။ မျက်မှန်ဆိုတာ လိုအပ်လို့ ရှိနေတဲ့ လူ့အသုံးအဆောင် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အလှပဲတပ်တပ်၊ အမြင်မကြင်လင်လို့ပဲ တပ်တပ်၊ စတိုင်လ်ထုတ်ဖို့ နေကာမျက်မှန်ပဲ တပ်တပ် ခေတ်ရေစီးကြောင်းကို ဖြည့်ဆည်းပေးတဲ့ ဇိမ်ခံပစ္စည်း ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် မျက်မှန်တပ်ပြီ ဆိုကတည်းက သူ့ကို ထိန်းသိမ်းဖို့ အတွက်တော့ နည်းနည်းရှုပ်မယ်၊ အလုပ်ပိုလာမယ် ဆိုတာ ဧကန်မလွဲပါပဲ။ မျက်မှန် တပ်နေကျမဟုတ်ရင် အိမ်ပြင် ထွက်တာနဲ့ အိမ်မှာကျန်ခဲ့ တတ်တယ်။ ဒါမှမဟုတ် လူကအိမ်ပြန်ရောက် ပေမယ့် ကိုယ့်မျက်မှန်က ဘယ်ဆီ ကျန်နေခဲ့မှန်းမသိတဲ့ ကိစ္စယဉ်ယဉ်လေး တွေကိုလည်း ကြုံတွေ့ရမှာပါ။ နောက်ပြီး ပါဝါမျက်မှန် ထူထူကြီး ကလည်း ငယ်ရွယ်တဲ့ ကိုယ့်စတိုင်လ်ကို အမြင်မလှအောင် ဂူသွင်းပေးတတ် ပါတယ်။ ဒီဒုက္ခတွေက ကင်းဝေးဖို့ မျက်ကပ်မှန် ဆိုတာ ပေါ်လာပါတယ်။

မျက်ကပ်မှန်ဟာ မျက်မှန် အထူကြီးတပ်ရတဲ့ ဒုက္ခ၊ ကိုယ့်မျက်မှန်ကို ကိုယ်ပြန်ပြန် ချိုးမိတဲ့ ဒုက္ခ၊ မကြာခဏ ပျောက်တတ်တဲ့ ဒုက္ခတွေကနေ ကင်းဝေးစေပါတယ်။ အိမ်မှာ အဒေါ်အပျိုကြီး ၂ယောက် ရှိပါတယ်။ မျက်စိအမြင် ချို့ယွင်းခြင်း ဘာမှ မရှိပါဘဲနဲ့ မြန်မာ မော်ဒယ်လ်ကောင်မလေး တစ်ယောက်ရဲ့ မျက်လုံးပြာပြာ လေးကို အားကျပြီး ၂ ဦးသား အတိုင်အဖောက် ညီညီနဲ့ မျက်ကပ်မှန် ပြာပြာလေးကို တပ်ခဲ့ကြပါတယ်။ အမြင်တော့ ကြည့်လို့လှသွားပါတယ်။ အသက်လည်း ၀င်တယ်။ ဒါပေမယ့် နောက်ဆက်တွဲ လုပ်ဆောင်ရတဲ့၊ လိုက်နာရမယ့် စည်းကမ်းချက်တွေက များတော့ အလုပ်ပိုစေခဲ့ပါတယ်။ ဒါကြောင့် အမြင်မကြည် လို့ပဲတပ်တပ်၊ အလှပဲတပ်တပ်၊ မျက်ကပ်မှန်က အလွန်ဂရုစိုက်ရပါတယ်။ မျက်ကပ်မှန်ကို ဂရုမစိုက်မိရင် မျက်ကြည်လွှာ ကိုထိခိုက်စေခြင်း၊ ပိုးဝင်ခြင်း၊ အမြင်အာရုံေ၀၀ါးစေခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မျက်ကပ်မှန် တပ်သူများအနေနဲ့ အောက်ပါအချက် တွေကိုလိုက်နာ သင့်ကြောင်း ဖော်ပြလိုက်ပါတယ်

  • အိပ်ရာမ၀င်ခင် မျက်ကပ်မှန်ကို ချွတ်ပါ .. .. ။ မျက်ကပ်မှန်ကို အိပ်နေချိန်မှာ တပ်ထားခြင်းဟာ မျက်လုံးဆီကို သွားမယ့် အောက်ဆီဂျင်နဲ့ အစိုဓာတ်တွေကို လျော့နည်း စေပါတယ်။ ဒါဟာ မျက်လုံးမှာ ရောဂါပိုးတွေ ၀င်အောင် လုပ်ဆောင်သလို ဖြစ်နေပါမယ်။

  • မျက်ကပ်မှန်ကို ပုံမှန်ဆေးကြောပါ .. .. ။ မျက်ကပ်မှန်ကို ချွတ်တိုင်း ဆေးကြောရပါမယ်။ နောက်တစ်ကြိမ် ပြန်အသုံးမပြုခင်မှာ ပိုးမွှားကင်းရှင်းအောင် လုပ်ဆောင်ရပါမယ်။

  • မျက်ကပ်မှန်ထားတဲ့ ခွက်ကို သန့်ရှင်းပါစေ .. .. ။ မျက်ကပ်မှန်ကို အသုံးပြုဖို့ ထုတ်ပြီးတာနဲ့ မျက်ကပ်မှန် ထည့်တဲ့ခွက်ကို ဆေးကြောပြီး ခြောက်သွေ့သန့်ရှင်းအောင် ထားရပါမယ်။ မျက်ကပ်မှန် ထည့်ခွက်ကို ၆ လ တစ်ကြိမ် လဲလှယ်ပေးရပါမယ်။

  • ကောင်းမွန်တဲ့ မျက်ကပ်မှန် ဆေးရည်ကိုသုံးပါ .. .. ။ မျက်ကပ်မှန် အားလုံးအတွက် သန့်ရှင်းပြီး အမျိုးအစား ကောင်းတဲ့ မျက်ကပ်မှန် ဆေးရည်ကို အသုံးပြုရပါမယ်။

  • မျက်ကပ်မှန်ကို တံတွေးနဲ့ မစိုပါစေနဲ့။ ပါးစပ်ထဲ မထည့်မိပါစေနဲ့ .. .. ။ တံတွေးထဲမှာ ဘက်တီးရီးယား တွေ ပါတတ်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်ကို တံတွေးဆွတ်ပြီး အစိုဓာတ်ရအောင် မပြုလုပ်မိအောင် သတိထား ရပါမယ်။

  • ရေကူးလျှင် မျက်ကပ်မှန် ချွတ်ထားပါ .. .. ။ ရေကူးကန်ထဲမှာ ရှိတဲ့ အမှိုက်များ၊ ဓာတုပစ္စည်းများ၊ ပိုးမွှားများက မျက်လုံး၊ မျက်ကပ်မှန်ထဲကို အောင်းပြီး မျက်စိကို အန္တရာယ်ပေးနိုင်ပါတယ်။

မျက်ကပ်မှန်ကြောင့် အမြင်လှပ စေနိုင်ပေမယ့် မျက်ကပ်မှန်ကို အချိန်ပေး ယုယရသည်ကလည်း ဒုက္ခ သေးသေးလေးတော့ မဟုတ်တာကို မျက်မြင် ကိုယ်တွေ့ပါ။ မျက်ကပ်မှန်ကို တပ်ဖို့ ချွတ်ဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်ထဲကနေ ဖဲ့ပေးရမှာကိုလည်း သိထားရပါမယ်။ အခန့်မသင့်ခဲ့ရင်တော့ နားလည် တတ်ကျွမ်းတဲ့ မျက်မှန်ဆိုင်ကိုသာ ပြေးပေတော့ လို့ပဲ ရေးသား တင်ပြလိုက်ပါတယ်။

Wednesday, May 14, 2008

မုန်တိုင်းဒဏ်ခံ ဒေသများသို့


မရွှေပြည်သူ ထံမှတစ်ဆင့် ကူးယူဖော်ပြပါသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ


** အမှန်တကယ် အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိဘဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်။
** အမြဲတမ်း သတိရှိပါ။ (လှေစီးလျင် မီးကြိုးများ ရေထဲထိနေခြင်း ရှိမရှိစသည်။)
** ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟု ထင်လျှင် လုံးဝ မ၀င်ပါနှင့်။
** ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ဘဲနှင့် လုံးဝ မသွားပါနှင့်။ ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ များအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
ရေစီးကြောင်းများ၏ အနက်နှင့် ရေစီးအရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်း များအတွင်း ကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
** တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။ ခြံစည်းရိုးအစရှိသည် နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
______________________________________________________________
အစားအသောက် ပေးလှူလိုသည်ဆိုလျှင် အောက်ပါအချက်များအား စဉ်းစားပါ။


** ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
** လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
** ကယ်လိုရီနှင့် ပရိုတိန်း များများပါသော အစားအစာများ
** ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

(ဥပမာပေးထားသည့် အစားအစာများမှာ - စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင်များစွာပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွပ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုး ဆေးပြားများကိုလည်း ပေးပို့နိုင်ပါသည်။)
______________________________________________________________
ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။


** စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများအား ချေဖျက်ရန် ရေဓာတ်များစွာ လိုအပ်ပါသည်။
** ပုလင်းသွတ်ထားသည့် အစားအစာများ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်။)
** အစေ့မှရသည့် အစားအစာများ (ဆန်နှင့်ပဲအစရှိသည်)
** သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသူများအနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
______________________________________________________________
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။


** နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
** အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
** ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
** ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
** လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
______________________________________________________________
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

** ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံး အောက်ပါပစ္စည်းများ လိုအပ်ပါသည်။

*** အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
*** ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
*** ကလိုရင်း ဆေးရည်
*** ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
*** အိမ်သာသုံးစက္ကူ
*** အိမ်သာဘယ်လိုဆောက်မလဲ - ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ်အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံး အပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင် စွန့်ပစ်ရန်သတိပြုပါ။
______________________________________________________________

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများ ရှာဖွေရန် လိုအပ်ပါသည်။



ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ -


** အရက်ပျံနှင့် ပွတ်သပ်သန့်စင်ခြင်း
** အရက်ပျံပါသည့်လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
** ရေပတ်တိုက်ခြင်း
** Towelette များ အသုံးပြုသန့်စင်ခြင်း
** မျက်နှာလိမ်းသည့်ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
** စပရေးဘူးများအတွင်းသို့ ရေထည့်ကာ ပက်ဖြန်းရေချိုးခြင်း တို့ဖြစ်သည်။